← Chapters

အဆင့်မြင့်ကူပိုးကောင်

Vol. 12 Ch. 133

အဆင့်မြင့်ကူပိုးကောင်

Vol. 12 Ch. 133

စုန့်ဝမ်တစ်ယောက် အေးချမ်းစွာ ကျင့်ကြံရင်း၊ ဆေးဖော်စပ်ရင်း အချိန်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး ခဏတာအတွင်း လဝက်ခန့် ကုန်လွန်သွားခဲ့သည်။

ဤအတောအတွင်း စုန့်ဝမ်သည် ကူပိုးကောင်များကို ငွေရောင်ဦးချိုမြက်နှင့် သားရဲသန့်စင်ဆေးလုံးများ ကျွေးနေခဲ့သည်။ ငွေရောင်ဦးချိုမြက် စားသော ကူပိုးကောင်မှာ စုစုပေါင်း ၁၂ ပင်ကို စားသုံးခဲ့ပြီး ဖြစ်သည်။ ၁၃ ပင်မြောက် စားပြီးနောက် ထိုကူပိုးကောင်မှာ ရုတ်တရက် လှုပ်ရှားမှု နှေးကွေးသွားပြီး ၎င်း၏ ဝိညာဉ်စွမ်းအားများမှာ လျင်မြန်စွာ တိုးလာတော့သည်။

စုန့်ဝမ်မျက်လုံးများ ဝင်းလက်သွားသည်။ နောက်ဆုံးတော့ အပြောင်းအလဲတစ်ခု ဖြစ်လာခဲ့ပြီ။ မျှော်လင့်ထားသလို အဆင့်မြင့်ကူအဖြစ် အဆင့်တက်သွားမလားဆိုတာ သူမသိသေးပေ။ ခဏအကြာတွင် ကူပိုးကောင်၏ အပြောင်းအလဲများက စုန့်ဝမ်မေးခွန်းကို အဖြေပေးလိုက်သည်။

ထိုကူပိုးကောင်သည် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များကို စတင် စုပ်ယူတော့သည်။ လျှို့ဝှက်ခန်းငယ်လေးအတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာ လျင်မြန်စွာ ကုန်ခမ်းသွားသည်။ စုန့်ဝမ်လည်း ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို ချက်ချင်း ထုတ်ယူပြီး ချေမွလိုက်ရာ အခန်းထဲတွင် သန့်စင်သော ဝိညာဉ်စွမ်းအင်များ လျင်မြန်စွာ ပြန်ပြည့်သွားသည်။

သို့သော် ဝိညာဉ်ကျောက်တုံး အနည်းငယ်မှာ ကူပိုးကောင်၏ စုပ်ယူမှုအတွက် မလောက်ငပေ။ စုန့်ဝမ်လည်း ဝိညာဉ်ကျောက်တုံးများကို အဆက်မပြတ် ချေမွနေရသည်။

အလုံး ၅၀ …

အလုံး ၁၀၀…

အလုံး ၂၀၀…..

ဝိညာဉ်ကျောက်တုံး ၂,၀၀၀ ခန့်ကို စုပ်ယူပြီးနောက်တွင်မှ ကူပိုးကောင်သည် စုပ်ယူခြင်း ရပ်တန့်သွားသည်။

ခဏအကြာတွင် ကူပိုးကောင်၏ အမြီးမှ ပိုးချည်များ စတင် ထွက်ပေါ်လာပြီး ဖြည်းညှင်းစွာပင် ပိုးအိမ်တစ်ခုအဖြစ် ဖုံးအုပ်လိုက်တော့သည်။

ကျန်ရှိသော ကူပိုးကောင် ၄ ကောင်မှာလည်း သားရဲသန့်စင်ဆေးလုံး ၁၀ လုံးစီ စားပြီးနောက် ခွန်အားများ လျင်မြန်စွာ တိုးတက်လာသည်။ မူလက ချီစုစည်းခြင်း အဋ္ဌမအဆင့်ရှိသော ၃ ကောင်မှာ နဝမအဆင့်သို့ ရောက်ရှိသွားပြီး၊ နဝမအဆင့် ရှိနှင့်ပြီးသား နောက်တစ်ကောင်မှာမူ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

စုန့်ဝမ်သည် ပိုးအိမ်ဖြစ်သွားသော ကူပိုးကောင်နှင့် ကျန်ရှိသော ၄ ကောင်ကို သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်ပြီး လျှို့ဝှက်ခန်းမှ ထွက်ခွာခဲ့သည်။ ထို့နောက် ညအမှောင်ကို အခွင့်ကောင်းယူကာ သူ့အိမ်သို့ ပြန်လာခဲ့တော့သည်။

……..

နောက်တစ်နေ့၊ နံနက်စောစောတွင် စုန့်ဝမ်သည် ရုပ်ဖျက်၍ ဈေးသို့ သွားခဲ့သည်။ သွေးချီဆေးလုံးအတွက် လိုအပ်သော ဝိညာဉ်ဆေးပင်များကို ဝယ်ယူပြီးနောက်၊ လူသူကင်းဝေးရာ နေရာတစ်ခုသို့ သွားကာ ရုပ်ဖျက်ထားသည်များကို ဖယ်ရှားပြီး အိမ်သို့ ပြန်လာခဲ့သည်။

ဈေးလမ်းမကြီးအတိုင်း လမ်းလျှောက်လာစဉ် တစ်နေရာတွင် နဂါးနှင့် ဖီးနစ်ရုပ်များဖြင့် တန်ဆာဆင်ထားကာ ရွှေရောင်ဝင်းလက် တောက်ပနေသည့် ဆယ်ထပ်မြင့် အဆောက်အအုံကြီးတစ်ခုကို ရုတ်တရက် သတိပြုမိလိုက်သည်။ ထိုအဆောက်အအုံပေါ်တွင် ဆိုင်းဘုတ်ကြီးတစ်ခု ချိတ်ဆွဲထားသည်။

ကောင်းကင်စမ်းရေဂေဟာ …..

ထိုအဆောက်အအုံရှေ့တွင် အမျိုးသားကျင့်ကြံသူများဖြင့် အလွန်စည်ကားနေသည်။ တံခါးဝတွင် ညို့အားပြင်းသော တူညီဝတ်စုံ အပြည့်အစုံဖြင့် မိန်းမချောလေးများက ဧည့်သည်များကို ပြုံးရွှင်ပျူငှာစွာဖြင့် ကြိုဆိုနှုတ်ဆက်နေကြသည်။

စုန့်ဝမ်ကို ဆွဲဆောင်နေသော မြင်ကွင်းမှာမူ ဆံပင်များ ဖြူစပြုနေပြီဖြစ်သော အိုက်ခွင်းကို အဝတ်အစား ဝတ်သည်ဆိုရုံ ဝတ်ထားသော အသက် ၁၇၊ ၁၈ ခန့် အမျိုးသမီးငယ် နှစ်ဦးက တွဲကူလျက် ထွက်လာသည်ကို တွေ့ရခြင်းပင် ဖြစ်သည်။ အိုက်ခွင်းမှာ အလွန်တရာ ပင်ပန်းနွမ်းနယ်နေဟန်ဖြင့် တစ်ကိုယ်လုံး တုန်ယင်နေသည်။

အိုက်ခွင်းကို တံခါးအပြင်ဘက် လမ်းမပေါ် ပို့ဆောင်ပြီးနောက် ထိုအမျိုးသမီးငယ် နှစ်ဦးမှာ လှည့်ပြန်သွားကြသည်။ ထွက်ခွာသွားစဉ် တစ်ဦးက အထင်အမြင်သေးစွာဖြင့် မကြားတကြား ပြောသွားသည်။

“အဖိုးကြီးက ဒီလောက်အားကုန်နေတာတောင် ငါတို့ ညီအစ်မ နှစ်ယောက်လုံးကို တပြိုင်တည်း ပြုစုခိုင်းချင်နေသေးတယ်။ တကယ်ပဲ သေလမ်းရှာတာလား မသိဘူး”

အိုက်ခွင်း၏ ယိုင်နဲ့နဲ့ပုံစံ မြင်သောအခါ စုန့်ဝမ်သည် ကောင်းကင်စမ်းရေဂေဟာ သေချာကြည့်လိုက်မိသည်။ ဤနေရာမှာ အနားယူ အပန်းဖြေရာ နေရာတစ်ခု မဟုတ်ဘဲ၊ မကောင်းသော နည်းလမ်းများဖြင့် လူတို့၏ အသက်ဓာတ်ကို စုပ်ယူသည့် နေရာတစ်ခုသာ ဖြစ်သည်။

စုန့်ဝမ်သည် အလျင်အမြန် ရှေ့သို့တိုးကာ အိုက်ခွင်း၏ ညာဘက်လက်ကို တွဲကူလိုက်သည်။

“ဒါက ခင်ဗျားပြောပြောနေတဲ့ လောကနိဗ္ဗာန်လား”

အိုက်ခွင်းလည်း စုန့်ဝမ်ကို မြင်သဖြင့် မျက်နှာတစ်ပြင်လုံး နီရဲသွားသည်။ သူ၏ လက်ရှိအခြေအနေမှာ အမြဲကြွားဝါနေကျဖြစ်သော “ခြံဝင်းတစ်ခုလုံးကို သိမ်းကျုံးနှိမ်နင်းခြင်း ဆိုသည့် ဂုဏ်ပုဒ်နှင့် အလှမ်းဝေးလှသည်။

အိုက်ခွင်းက စိတ်မလျှော့၊ ဖျော်ဖြေရေးဂေဟာကို ဇွဲမလျှော့သေးဟန်ဖြင့် ပြန်လှည့်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

“ဒီကို တစ်ခါလောက် ရောက်ဖူးတာနဲ့တင် ဒီဘဝအတွက် တန်ပါပြီ။ မသေမျိုးကျင့်စဉ် ကျင့်ကြံရကျိုးနပ်ပါတယ်”

“ဘိုးတော် စိတ်လျှော့ဦး။ ဒီကို ခဏခဏ လာနေရင် နောက်တစ်ခါကျ ထမ်းစင်နဲ့ ပြန်ရလိမ့်မယ်”

“ပန်းပွင့်လေးတွေအောက်မှာ သေရတာ ဝမ်းနည်းစရာ မရှိပါဘူး။ အဲဒီ အရသာကို မင်း နားမလည်ပါဘူး။ အရိုးထဲအထိ စိမ့်ဝင်သွားတဲ့ စားပွဲသောက်ပွဲကြီး တစ်ခုလိုပဲ”

“အခေါင်းထဲ ဝင်ဖို့တော့ အားချန်ထားပါဦး”

အိုက်ခွန်းက ရယ်မောပြီး လက်ချောင်းတစ်ချောင်း ထောင်ပြလိုက်သည်။

“ဝိညာဉ်ကျောက်တုံး တစ်တုံးတည်း”

စုန့်ဝမ် အံ့သြသွားသည်။ သာမန် ပြည့်တန်ဆာအိမ်များမှာ ဝိညာဉ်ကျောက်တုံး ၃ တုံး ယူသော်လည်း၊ ဤဂေဟာက တစ်တုံးတည်းသာ ယူသည်တဲ့လား။

“အဲဒီလောက်ပဲလား”

အိုက်ခွန်းက ရှင်းပြသည်။

“ပုံမှန်စျးက မြင့်ပါတယ်။ ငါက အားအရမ်းကုန်ခမ်းနေလို့ ဝိညာဉ်ကျောက်တုံး တစ်တုံးပဲ ရတာ”

စုန့်ဝမ်မှာ အိုက်ခွင်း ဆိုလိုသည်ကို နားမလည်သကဲ့သို့ ဇဝေဇဝါ ဖြစ်နေသည်။

စုန့်ဝမ် ခေါင်းရှုပ်နေသည်ကို သတိပြုမိသဖြင့် အိုက်ခွင်းက သေချာရှင်းပြသည်။

“တစ်ခါသွားရင် ဧည့်သည်ကို ဝိညာဉ်ကျောက်တုံး တစ်တုံး ပြန်ပေးတာ”

ပိုက်ဆံပြန်အမ်းတာ …. စုန့်ဝမ် မျက်လုံးပြူးသွားပြီး ကောင်းကင်စမ်းရေဂေဟာကို အထင်ကြီးလေးစားသော အကြည့်ဖြင့် ပြန်ကြည့်လိုက်သည်။ လူကို အပန်းဖြေခိုင်းပြီး ပိုက်ဆံပြန်အမ်းသဖြင့် လမ်းမှန်ဂိုဏ်းတစ်ခုမှ ဖွင့်လှစ်သည့် ဖျော်ဖြေရေးဂေဟာဆိုသည့် နာမည်နှင့် လိုက်ဖက်ပေသည်။ ကုန်ခန်းသွားသော အသက်စွမ်းအင်အတွက် လျော်ကြေးပေးသော သဘောပင်။

နတ်ဆိုးဂိုဏ်းများဆိုလျှင် တန်ရာတန်ကြေး ပေးဖို့ဝေးစွ၊ ရသမျှအားလုံး ညှစ်ထုတ်ယူတတ်ကြသည် မဟုတ်ပါလား။

......

ဆယ်ရက်ကျော် ကြာပြီးနောက်တွင် အဆင့်တက်နေသော ကူပိုးကောင် ပိုးအိမ်ထဲမှ ထွက်လာခဲ့သည်။ အရွယ်အစားက နှမ်းစေ့ခန့်သာ ရှိပြီး တစ်ကိုယ်လုံး နက်မှောင်ကာ ကူမွေးမြူနည်းကျမ်းထဲရှိ ဖော်ပြချက်နှင့် ထပ်တူကျသော အဆင့်မြင့်ကူပိုးကောင်လေး တစ်ကောင် စုန့်ဝမ် ရှေ့တွင် ပေါ်လာသည်။

စုန့်ဝမ် ဝမ်းသာသွားပြီး အဆင့်မြင့်ကူပိုးကောင်ကို လက်ဖဝါးပေါ် တင်ကာ အနီးကပ် ကြည့်ရှုလိုက်သည်။ အဆင့်မြင့်ကူ၏ အော်ရာမှာ အလွန် သိမ်မွေ့လှသည်၊ အခြေတည် နှောင်းပိုင်းအဆင့်ရှိ သူ့ဝိညာဉ်အာရုံဖြင့်ပင် ၎င်း၏ တည်ရှိမှုကို ခက်ခဲစွာ အာရုံခံနေရသည်။ စုန့်ဝမ်အနေဖြင့် ဝိညာဉ်ချင်း ဆက်သွယ်မှုမှတဆင့် ၎င်း၏ တည်နေရာနှင့် ခွန်အားကို အလွယ်တကူ သိနိုင်သည်။

အဆင့်မြင့်ကူမှာ ဒုတိယအဆင့်၏ အစဦးပိုင်းသို့ ရောက်ရှိသွားပြီဖြစ်ပြီး၊ ခွန်အားမှာ အခြေတည်အဆင့် အစောပိုင်း ကျင့်ကြံသူတစ်ဦးနှင့် နှိုင်းယှဉ်နိုင်သည်။ ကြည့်နေရင်း လက်ဖဝါးပေါ်တွင် နားနေသော အဆင့်မြင့်ကူသည် ရုတ်တရက် အစွယ်များကို ထုတ်ကာ ဂနာမငြိမ် ဖြစ်လာသည်။

အဆင့်တက်ပြီးစ ဝိညာဉ်စွမ်းအင် လိုအပ်နေခြင်းဖြစ်ကြောင်း စုန့်ဝမ် နားလည်လိုက်သဖြင့် သားရဲသန့်စင်ဆေးလုံး တစ်လုံးကို ပိုးမွှား၏ ရှေ့တွင် ချပေးလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း ရိပ်ခနဲ အရိပ်တစ်ခု ဖြတ်သွားပြီး လက်တစ်ဆစ်ခန့်ရှိသော သားရဲသန့်စင်ဆေးလုံး ပျောက်ကွယ်သွားသည်။

စုန့်ဝမ်ပင် အံအားသင့်ပြီး အမြင်မှားသလားဟုပင် သံသယဝင်သွားသည်။ အဆင့်မြင့်ကူသည် ရုတ်တရက် ကြက်ဥအရွယ်ခန့်အထိ ကြီးထွားသွားပြီး ဆေးလုံးကို တစ်လုပ်တည်းဖြင့် ဝါးမြိုလိုက်သည်ကို သူ မြင်လိုက်ရခြင်း ဖြစ်သည်။ အဆင့်မြင့်ကူသည် ၎င်း၏ အရွယ်အစားကို ပြောင်းလဲနိုင်သလော။ ဤအချက်မှာ ကူမွေးမြူနည်းကျမ်းတွင် ဖော်ပြမထားသော အချက်ဖြစ်သည်။

စုန့်ဝမ်သည် အဆင့်မြင့်ကူကို စိတ်ချင်းဆက်သွယ်၍ ပြန်လည် ကြီးထွားလာရန် ခိုင်းစေကြည့်သည်။ သို့သော် ပြန်ရလာသော တုံ့ပြန်မှုမှာ “ဗိုက်ဆာတယ်၊ သွေးအဆီအနှစ် စားချင်တယ်” ဟူသော ရိုးရှင်းသည့် သတင်းစကားသာ ဖြစ်သည်။ ဘာမျှမတတ်နိုင်သဖြင့် ကျောက်စိမ်းပုလင်းကို ထုတ်ကာ အထဲမှ သွေးအဆီအနှစ် တစ်စက်ကို ချပေးလိုက်သည်။

နောက်တစ်ကြိမ် အရိပ်တစ်ခု ဖြတ်ပြေးသွားပြန်သည်။ ဤတစ်ကြိမ်တွင်တော့ စုန့်ဝမ် သေချာမြင်လိုက်ရသည်။ အဆင့်မြင့်ကူ၏ ခေါင်းငယ်လေးကသာ ကြီးထွားလာပြီး ခန္ဓာကိုယ်မှာမူ မပြောင်းလဲဘဲ ပုံမှန်အရွယ်သာ ရှိနေသည်။

သွေးအဆီအနှစ်များကို ဆက်လက် တိုက်ကျွေးရာ၊ အဆက်ပေါင်း ၄၀ ကျော် ပုလင်းဝက်ခန့် သောက်ပြီးနောက်တွင်မှ ဗိုက်ပြည့်သွားပုံ ရသည်။ ၎င်းသည် အတောင်ပံကို ခတ်ကာ စုန့်ဝမ်၏ ပါးစပ်မှတဆင့် သွေးကြောထဲသို့ ဝင်သွားပြီး ဆေးလုံးနှင့် သွေးများကို အစာခြေဖျက်တော့သည်။ ၎င်းမှာ အဆင့်တက်ပြီးစ ဖြစ်သဖြင့် ကျင့်ကြံမှုအဆင့် တည်ငြိမ်ရန် အချိန်ယူရဦးမည် ဖြစ်သည်။

ခုနစ်ရက်အကြာတွင် အဆင့်မြင့်ကူ၏အော်ရာ တည်ငြိမ်သွားပြီး၊ စုန့်ဝမ်၏ ခန္ဓာကိုယ်ထဲမှ ထွက်လာကာ “ဗိုက်ဆာတယ်” ဟူသော သတင်းစကားကို ထပ်မံ ပို့လာပြန်သည်။

စုန့်ဝမ်လည်း တောက်ပြောင်သော ငွေရောင်ကျောက်တစ်ခုကို ထုတ်၍ ရှေ့တွင် ချပေးလိုက်သည်။ ငွေရောင်ကျောက်မှာ အဆင့်မြင့်ကူအတွက် အကောင်းဆုံး အစာဖြစ်ကြောင်း ကူမွေးမြူနည်းကျမ်း ထဲတွင် မှတ်တမ်းတင်ထားသည်။ သို့သော် အဆင့်မြင့်ကူမှာ အနည်းငယ် မကျေမနပ် ဖြစ်နေပုံရသည်။ ၎င်းသည် ယခင်က စားခဲ့သော သားရဲသန့်စင်ဆေးလုံးကို ပိုမို နှစ်သက်နေပုံရသည်။

စုန့်ဝမ်သည် မျက်ခုံးပင့်လိုက်မိသည်။ အဆင့်မြင့်ကူ၏ အဆင့်တက်ခြင်းအတွက် သားရဲသန့်စင်ဆေးလုံးမှာ ငွေရောင်ကျောက်တုံးထက် ပိုမို ထိရောက်ပုံရသည်။ ကံမကောင်းသည်မှာ စုန့်ဝမ်ထံတွင် သားရဲသန့်စင်ဆေးလုံး ၄၀ ခန့်သာ ကျန်တော့သဖြင့် ရေရှည်တိုက်ကျွေးရန် မလုံလောက်ပေ။ ထို့ပြင် သားရဲသခင်ဂိုဏ်းသည် ဒုတိယအဆင့်နှင့် အထက်ရှိသော ဝိညာဉ်သားရဲ အစားအစာများကို ထိန်းချုပ်ထားသဖြင့် ထိုဆေးလုံးများကို ရရှိရန် ခက်ခဲလှသည်။

ပိုးမွှားကို ဆေးလုံးတစ်လုံး ထပ်ကျွေးပြီးနောက်၊ အဆင့်မြင့်ကူကို မဟူရာသံချပ်ကာကူနှင့် မိတ်လိုက်ပေးပြီး အဆင့်မြင့်ကူများကို တိုက်ရိုက် မွေးမြူနိုင်မလားဟု တွေးမိပြီး စမ်းသပ်ကြည့်သည်။

လဝက်ခန့် ကြာအောင် အကြိမ်ကြိမ် ကြိုးစားပြီးနောက် စုန့်ဝမ် လက်လျှော့လိုက်ရသည်။ အဆင့်မြင့်ကူနှင့် အခြားကူများကြား မျိုးပွားခြင်းဆိုင်ရာ ခြားနားချက် ရှိနေပုံရသည်။ မျိုးဆက်သစ်ကူများ မွေးမြူရန် မဆိုထားနှင့် မိတ်လိုက်ရန်ပင် မဖြစ်နိုင်ပေ။

ထိုသို့ဆိုလျှင် အဆင့်မြင့်ကူများ ပေါက်ဖွားရန်အတွက် အနည်းဆုံး ကူအမတစ်ကောင်ကို အဆင့်မြှင့်တင်ပြီးမှသာ လက်ရှိ အဆင့်မြင့်ကူ အထီးကောင်နှင့် မိတ်လိုက်ပေးနိုင်မည် ဖြစ်သည်။ သို့သော် ငွေရောင်ဦးချိုမြက် ၂ ပင်သာ ကျန်တော့သဖြင့် နောက်တစ်ကောင်ကို အဆင့်မြှင့်တင်ရန် မလုံလောက်ပေ။

စုန့်ဝမ်လည်း ငွေရောင်ဦးချိုမြက် ရှာဖွေရန် လျှို့ဝှက်ခန်းထဲမှ ထွက်ပြီး ဈေးသို့ ဦးတည်ခဲ့သည်။ တစ်နေ့လုံးနီးပါး အချိန်ဖြုန်းပြီး ဈေးထဲရှိ ဝိညာဉ်ဆေးပင်ဆိုင်များနှင့် ဆိုင်ခန်းအားလုံးနီးပါးကို လိုက်ရှာသော်လည်း ရောင်းရန်ရှိသော ငွေရောင်ဦးချိုမြက် တစ်ပင်မျှ မတွေ့ရပေ။

၎င်းက စုန့်ဝမ်ကို အလွန်ပင် အံ့အားသင့်စေသည်။ သားရဲသခင်ဂိုဏ်းသည် သူတို့ထုတ်လုပ်သော ဒုတိယအဆင့်နှင့် အဆင့်မြင့်ပစ္စည်းများကို ထိန်းချုပ်ထားသည်မှာ နားလည်နိုင်သော်လည်း၊ မြက်ပင်တစ်မျိုးကိုပါ ဤမျှ ထိန်းချုပ်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ သားရဲသခင်ဂိုဏ်းက သူတို့စိုက်ပျိုးထားသော ငွေရောင်ဦးချိုမြက်များကို ဈေးကွက်သို့ မတင်ရန် ထိန်းချုပ်ထားနိုင်သော်လည်း၊ တောထဲတွင် အလိုအလျောက် ပေါက်သော ငွေရောင်ဦးချိုမြက်များကိုတော့ ဝယ်ယူနိုင်သင့်သည် မဟုတ်ပါလား။

လက်မလျှော့သေးဘဲ တစ္ဆေဈေးသို့ သွားရှာသော်လည်း တစ်ပင်မျှ ရှာမတွေ့ခဲ့ပေ။ တစ္ဆေဈေးရှိ ဆိုင်ရှင်တစ်ဦးထံမှ ငွေရောင်ဦးချိုမြက်သည် သားရဲသခင်ဂိုဏ်းတွင်သာ ရှိကြောင်း သိလိုက်ရသည်။

ထျန်းယွမ်တိုက် အလယ်ပိုင်းတွင် အဆုံးမဲ့သဲကန္တာရဟု လူသိများသော အဆုံးမရှိသော သဲကန္တာရကြီး ရှိသည်။ ဤသဲကန္တာရသည် ထျန်းယွမ်တိုက်ကို အရှေ့မြောက်ပိုင်းနှင့် အနောက်တောင်ပိုင်း နယ်မြေနှစ်ခုအဖြစ် ပိုင်းခြားထားသည်။ အဆုံးမဲ့သဲကန္တာရအတွင်း၌ ဝိညာဉ်စွမ်းအင် လုံးဝမရှိဘဲ၊ သတ္တဝါများ အသက်ရှင်ရန် မဖြစ်နိုင်သလောက် ခက်ခဲသော နေရာဖြစ်သည်။

သို့သော်လည်း ကောင်းကင်အောက်တွင် အမြဲတမ်း မျှော်လင့်ချက်အလင်းရောင် ရှိနေတတ်စမြဲပင်။ ခြောက်သွေ့သော သဲကန္တာရကြားတွင် ဟိုတစ်စ ဒီတစ်စ ပျံ့ကျဲနေသော အိုအေစစ်လွင်ပြင်ငယ်များ ရှိသည်။ ထိုအိုအေစစ်များတွင် သန့်ရှင်းသော ရေအရင်းအမြစ်များ ရှိရုံသာမက အချို့သော နေရာများတွင် ဝိညာဉ်စွမ်းအင် ပေါကြွယ်ဝသည်။

ငွေရောင်ဦးချိုမြက်မှာ အဆုံးမဲ့သဲကန္တာရရှိ အိုအေစစ်များတွင် ပေါက်ရောက်သော ဝိညာဉ်ဆေးပင် အမျိုးအစား ဖြစ်သည်။ ၎င်းကို သားရဲသခင်ဂိုဏ်းမှ စီနီယာတစ်ဦးက ပထမအဆင့် သားရဲများ အဆင့်တက်ရာတွင် ကူညီနိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့ပြီးနောက် မျိုးယူစိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် ထျန်းယွမ်တိုက် အရှေ့မြောက်ပိုင်းတွင် သားရဲသခင်ဂိုဏ်း တစ်ခုတည်းမှာသာ ငွေရောင်ဂျိုမြက် ရှိတော့သည်။

အခြားဂိုဏ်းများအတွက်မူ ဤမြက်ပင်က အသုံးမဝင်လှပေ။ လိုအပ်သူများသည် သားရဲသခင်ဂိုဏ်းထံမှသာ ဝယ်ယူပြီး ကိုယ်တိုင် မစိုက်ပျိုးကြပေ။ အကြောင်းမှာ ငွေရောင်ဦးချိုမြက်သည် သဲကန္တာရထဲတွင် ပေါက်သဖြင့် ၎င်းနှင့် ကိုက်ညီသော ပတ်ဝန်းကျင်ကို ဖန်တီးစိုက်ပျိုးရန်မှာ အလွန်ပင် ကုန်ကျစရိတ် များပြားသလို၊ ကျွမ်းကျင်မှုလည်း လိုအပ်သောကြောင့် ဖြစ်သည်။

……….

All Chapters