အရင်းအမြစ် ရှာရပြီ
Vol. 12 Ch. 134
နောက်တစ်နေ့တွင် စုန့်ဝမ်သည် သားရဲဘုရင်ဂိုဏ်းမှ ဖွင့်လှစ်ထားသော ဝိညာဉ်ဆေးပင်ဆိုင်သို့ ဝင်ရောက်ခဲ့သည်။ လှပသော အမျိုးသမီးဝန်ထမ်းက ကြိုဆိုနှုတ်ဆက်သည်။
“စီနီယာ၊ ဘာများ ဝယ်ယူချင်လို့လဲရှင်”
“မင်းတို့ဆိုင်ရဲ့ တာဝန်ခံကို ခေါ်ပေးလို့ ရမလား။ ငါ သူ့နဲ့ ဆွေးနွေးစရာကိစ္စ ရှိလို့ပါ”
အမျိုးသမီးဝန်ထမ်းက စုန့်ဝမ်ကို လျင်မြန်စွာ အကဲခတ်လိုက်သည်။ လေလွင့်ကျင့်ကြံသူကဲ့သို့ ဝတ်ဆင်ထားပြီး၊ ချီစုစည်းခြင်း အလယ်အလတ်ခန့်သာ ရှိသည်ဟု သူမ ထင်လိုက်သည်။
အမျိုးသမီးငယ်မှာ စိတ်ထဲမှ အထင်သေးသော်လည်း ယဉ်ကျေးသော အပြုံးကို ထိန်းသိမ်းရင်း ပြောလာသည်။
“စီနီယာ၊ တောင်းဆိုစရာ ရှိရင် ကျွန်မကိုပဲ တိုက်ရိုက်ပြောလို့ ရပါတယ်ရှင်”
စုန့်ဝမ်က ဘာမှမပြောဘဲ ဆိုင်ထဲမှ လှည့်ထွက်လာခဲ့သည်။ ဤရလဒ်မှာ သူ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။
…….
စုန့်ဝမ် ဆိုင်ဝကအထွက် ခံ့ညားသော အသွင်ရှိသည့် သက်လတ်ပိုင်း အမျိုးသားကျင့်ကြံသူတစ်ဦး ဆိုင်ထဲသို့ လှမ်းဝင်လာသည်။ ထိုလူ ဝင်လာသည်နှင့် အမျိုးသမီးဝန်ထမ်းများက ရိုသေစွာဖြင့် နှုတ်ဆက်ကြသည်။
“နှုတ်ခွန်းဆက်ပါတယ် အုပ်ချုပ်ရေးမှူးချင်”
အုပ်ချုပ်ရေးမှူးချင်မှာ မောက်မာသော အမူအရာရှိပြီး အမျိုးသမီးဝန်ထမ်းများ၏ ကြိုဆိုမှုကို ဂရုမစိုက်ဘဲ ဆိုင်၏ နောက်ဖက်ခြံဝင်းသို့ ဝင်သွားရင်း အသံကျယ်ကျယ်ဖြင့် ပြောသည်။
“တာဝန်ခံဝမ် ဘယ်မှာလဲ။ သူ့ကို ဝိညာဉ်ဆေးပင်တွေ ယူလာခိုင်းလိုက်။ ငါက အရမ်းအလုပ်များတယ်၊ ဒါပြီးရင် ဂိုဏ်းကို ချက်ချင်း ပြန်ရမှာ”
......
ဆယ့်ငါးမိနစ်ခန့်အကြာတွင် အုပ်ချုပ်ရေးမှူးချင်သည် ဆိုင်ထဲမှ ပြန်ထွက်လာခဲ့သည်။ ဤအချိန်တွင် သူသည် လေလွင့်ကျင့်ကြံသူကဲ့သို့ ဝတ်စုံလဲဝတ်ထားပြီး ဖြစ်သည်။ ဈေးထဲတွင် ခဏမျှ လှည့်ပတ်သွားလာပြီးနောက် ကောင်းကင်စမ်းရေဂဟာထဲ ဝင်သွားသည်။
နာရီဝက်အကြာတွင် အုပ်ချုပ်ရေးမှူးချင်သည် ဂေဟာထဲမှ ပြန်ထွက်လာရာ သူ့ခြေလှမ်းများမှာ အနည်းငယ် ယိုင်နဲ့နေသည်။
အတန်ကြာ သွားပြီးနောက် ဈေးအရှေ့ဘက်ရှိ လူနေရပ်ကွက်သို့ ရောက်ရှိလာသည်။ ဤနေရာတွင် ခြံဝင်းငယ်တစ်ခု၏ ငှားခမှာ တစ်လလျှင် ဝိညာဉ်ကျောက်တုံး နှစ်ဆယ် ဖြစ်သည်။ ဤမျှကြီးမားသော ငှားခကို အစွမ်းထက်သော လေလွင့်ကျင့်ကြံသူများနှင့် သားရဲသခင်ဂိုဏ်းမှ မိသားစုဝင်အချို့သာ တတ်နိုင်ကြသည်။
အုပ်ချုပ်ရေးမှူးချင်က ခြံဝင်းငယ်တစ်ခုအတွင်းသို့ ဝင်သွားသည်နှင့် အသက် ၄၀ ကျော်ခန့်ရှိပြီး မိတ်ကပ်များ ထူပြစ်နေအောင် လိမ်းခြယ်ကာ ဈေးကြီးသော အဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက ဝမ်းသာအားရ ပြုံးပြကာ ကြိုဆိုသည်။
“ယောက်ျား .. ဒီနေ့ တောင်ပေါ်က ဆင်းလာတာလား။ ငါ့ကို ကြိုမပြောဘူး၊ ကြိုပြောရင် အသားဟင်းကောင်းကောင်းတွေ ပြင်ဆင်ထားမှာပေါ့”
ထိုအမျိုးသမီး၏ နွေးထွေးသော ကြိုဆိုမှုကို အုပ်ချုပ်ရေးမှူးချင်က ဂရုမစိုက်ဘဲ အေးစက်နေဆဲ ဖြစ်သည်။
“ချင်ရှီ .. ချင်ကော ဘယ်မှာလဲ .. သူ ဘယ်သွားလဲ”
ချင်ရှီဆိုသူ အမျိုးသမီးက အုပ်ချုပ်ရေးမှူးချင်ကို ခြံထဲရှိ ထိုင်ခုံတစ်ခုတွင် နေရာချပေးပြီး၊ လက်ဖက်ရည် ငှဲ့ပေးကာ ပြန်ဖြေသည်။
“ချင်ကောက ဟူယွမ်ဆီမှာ အကြွေးသွားတောင်းတာလေ”
“ဟူယွမ်ဆီက ကြွေးမြီတွေ ခုထိ ပြန်မရသေးဘူးလား”
“ဟူယွမ်က နာမည်ကြီး လောင်းကစားသမားလေ။ ဝိညာဉ်ကျောက်တုံးတွေ အများကြီး အကြွေးတင်နေတာ၊ နောက်ဆုံး သူ့မိန်းမကိုတောင် လောင်းကစားထဲမှာ ရှုံးခဲ့တဲ့သူ။ သူ့ဆီက ကြွေးတောင်းရတာ မလွယ်ဘူး။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ သူ့မှာ အိမ်ထောင်ပြုလို့ရတဲ့အရွယ် အရမ်းလှတဲ့ သမီးတစ်ယောက် ရှိတယ်။ ငါ့သားက အဆက်အသွယ်ရပြီး အဲဒီကောင်မလေးကို သားရဲသခင်ဂိုဏ်းဆီ ရောင်းဖို့ လုပ်ထားတယ်။ ဂိုဏ်းထဲက ဘိုးဘေးတွေနဲ့ လူကြီးတချို့က အဲဒီလို မိန်းကလေးငယ်လေးတွေကို အရမ်း သဘောကျကြတာ”
အုပ်ချုပ်ရေးမှူးချင်၏ မျက်နှာတွင် ဒေါသအငွေ့အသက် ပေါ်လာသည်။
“ဂိုဏ်းက ဘိုးဘေးတွေနဲ့ လူကြီးတွေဆိုတာ အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်တွေ။ မင်းလို မိန်းမတစ်ယောက်က သူတို့ကို ဝေဖန်ရဲတယ်ပေါ့။ သေလမ်းရှာနေတာလား”
ချင်ရှီမှာ ကြောက်ရွံ့သွားသဖြင့် မျက်နှာ ဖြူဖျော့သွားပြီး သူ့ပါးသူတစ်ချက် ရိုက်လိုက်သည်။
“ကျွန်မ စကားမှားသွားပါတယ်”
အုပ်ချုပ်ရေးမှူးချင်က နှာခေါင်းတစ်ချက် ရှုံ့ရင်း ပြောသည်။
“ဒီလအတွက် စာရင်းစာအုပ်နဲ့ ဝိညာဉ်ကျောက်တုံးတွေကို ယူခဲ့။ လူကြီးတွေကို ဂါရဝကြေး ပေးရမယ့် အချိန်ရောက်ပြီ”
ချင်ရှီက အုပ်ချုပ်ရေးမှူးချင်အား သိုလှောင်အိတ်တစ်ခု ပေးလိုက်သည်။
“ဒီလအတွက် စုစုပေါင်း ဝင်ငွေက ဝိညာဉ်ကျောက်တုံး ၃၂၀၀ ရတယ်။ ငါးရာကိုတော့ အရေးပေါ်အတွက် ဖယ်ထားပြီး ကျန်တာက ဒီမှာပါ”
၎င်းကို ကြားသောအခါ အုပ်ချုပ်ရေးမှူးချင် မျက်မှောင်ကြုတ်လိုက်မိသည်။
“ဘာလို့ ဒီလောက် နည်းနေတာလဲ။ ငါတို့မှာ လောင်းကစားရုံ သုံးရုံနဲ့ ပြည့်တန်ဆာအိမ် နှစ်အိမ် ရှိတာလေ။ ဒီလောက် နည်းနည်းလေးနဲ့ လူကြီးတွေကို ငါ ဘယ်လို မျက်နှာပြရမလဲ”
ချင်ရှီ၏ မျက်နှာတွင် စိတ်ပျက်သော အမူအရာ ပေါ်လာသည်။
“ဟယ်ဟွမ်ဂိုဏ်းရဲ့ ပြည့်တန်ဆာအိမ် ဖွင့်လိုက်ကတည်းက တခြားပြည့်တန်ဆာအိမ်တွေ အားလုံး စီးပွားရေး တော်တော် ကျဆင်းကုန်တာ။ ဟယ်ဟွမ်ဂိုဏ်းက အရှက်မရှိတဲ့ ဟာမတွေက လူတွေနဲ့ အတူအိပ်ရုံတင်မကဘဲ ပိုက်ဆံတောင် ပြန်ပေးကြသေးတယ်၊ ဒါက တကယ့်ကို သိက္ခာမဲ့တဲ့လုပ်ရပ်ပဲ။ ငါ ငယ်ငယ်တုန်းကလည်း ပြည့်တန်ဆာအိမ်မှာ ခဏ အလုပ်လုပ်ခဲ့ဖူးတာပဲ၊ ဒါပေမဲ့ ဒါက မတတ်သာလို့ လုပ်ခဲ့ရတာ။ အခုလိုမျိုး အရှက်မရှိတဲ့ အပြုအမူမျိုး တစ်ခါမှ မကြားဖူးဘူး...”
ချင်ရှီသည် သူမ စကားလွန်သွားမှန်း သိသဖြင့် ရုတ်တရက် ရပ်လိုက်သည်။
“ဟွန်း”
အုပ်ချုပ်ရေးမှူးချင်သည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ထိုအမျိုးသမီးကို ဂရုမစိုက်တော့ပေ။
ခဏအကြာတွင် ရက်စက်ကြမ်းကြုတ်သော အသွင်ရှိသည့် လူငယ်တစ်ဦး ခြံထဲသို့ ဝင်လာသည်။ ထိုလူသည် အုပ်ချုပ်ရေးမှူးချင်ကို မြင်သောအခါ “အဖေ၊ ရောက်နေတာလား” ဟု နှုတ်ဆက်သည်။ ဤလူမှာ အုပ်ချုပ်ရေးမှူးချင်၏ သား ချင်ကောပင် ဖြစ်သည်။
အုပ်ချုပ်ရေးမှူးချင်က ခေါင်းညိတ်ပြလိုက်ပြီး ယခင်က တင်းမာနေသော မျက်နှာမှာ အနည်းငယ် ပြုံးယောင်သန်းလာသည်။
“လာထိုင်။ ဟူယွမ်ဆီက လောင်းကစားကြွေး သွားတောင်းတာ ဘယ်လိုလဲ”
ချင်ကော်က စားပွဲပေါ်ရှိ လက်ဖက်ရည်ကို တစ်ငုံသောက်ပြီး ပြောသည်။
“ပြီးခဲ့တဲ့လက ဟူယွမ်က လောင်းကစားရုံကနေ ဝိညာဉ်ကျောက်တုံး ၇ တုံး ချေးခဲ့တာ။ တစ်လကြာတော့ သူ ကျောက်တုံး ၁၅ တုံး ပြန်ဆပ်နိုင်ပေမယ့်၊ အတိုးနဲ့ဆိုတော့ အခုထိ ၉၈ တုံး ကျန်သေးတယ်။ ၁၅ တုံးကတော့ မလုံလောက်ဘူးလေ။ ဒါနဲ့ သူ့သမီးကို ဖမ်းပြီး ဂိုဏ်းက လူကြီးဟွမ်ဆီကို ပို့လိုက်တယ်”
အုပ်ချုပ်ရေးမှူးချင်က မျက်မှောင်အနည်းငယ် ကြုတ်ပြီး မေးသည်။
“ဟူယွမ်ကရော၊ မင်း သူ့ကို လွှတ်ပေးလိုက်တာတော့ မဟုတ်ပါဘူးနော်”
“အားလုံး ရှင်းခဲ့ပါတယ်။ စိတ်မပူပါနဲ့ … အလုပ်လုပ်ရင် အမြစ်ပြတ်အောင် လုပ်ရမယ်ဆိုတာ အဖေ ကျွန်တော့်ကို ငယ်ငယ်တည်းက သင်ပေးခဲ့တာလေ၊ ဘယ်လိုလုပ် မေ့ပါ့မလဲ”
ချင်ကောက သူ့ခါးရှိ ဝိညာဉ်သားရဲအိတ်ကို ညွှန်ပြရင်း “ဟူယွမ်ရဲ့ ခြေလက်တွေကို ချိုးလိုက်ပြီး ဝိညာဉ်သားရဲ ဝံပုလွေပြာကို အစာကျွေးလိုက်ပြီ”ဟု ဆက်ပြောလိုက်သည်။
“ကောင်းတယ်။ ဈေးထဲ သွားလာလှုပ်ရှားတဲ့အခါ သတိထားရမယ်။ ငါက ဂိုဏ်းကလူတွေ စောင့်ကြည့်တာကို ထိန်းထားနိုင်ပေမယ့်၊ တစ်ကိုယ်တော်ကျင့်ကြံသူတွေထဲမှာ လက်စွမ်းထက်တဲ့သူတွေ ရှိနေနိုင်တယ်”
“ဟုတ်ကဲ့ .. အဖေ။ ကျွန်တော် နားလည်ပါပြီ”
ချင်ရှီက စားပွဲပေါ်သို့ ဟင်းလျာများကို ယူဆောင်လာသည်။
“ယောက်ျား .. ကောအာ၊ ထမင်းစားရအောင်”
ထမင်းစားပြီးနောက် အုပ်ချုပ်ရေးမှူးချင်က မှောင်စပြုနေသော ကောင်းကင်ကို ကြည့်ကာ ပြောသည်။
“နောက်ကျနေပြီ။ ငါ ဂိုဏ်းကို ပြန်ရမယ်”
ပြောပြီးသည်နှင့် လှေပျံကို ဆင့်ခေါ်ကာ ကောင်းကင်သို့ ပျံတက်ပြီး လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
……
ညသန်းခေါင်အချိန်တွင် လှေပျံသည် ဈေးမြို့နှင့် မိုင်ပေါင်း ၃၀၀ ကျော် ခရီးသို့ ရောက်ရှိလာခဲ့သည်။ ထိုအခိုက်အတန့်တွင် အုပ်ချုပ်ရေးမှူးချင်၏ ဦးခေါင်းနောက်၌ ပြင်းထန်သော နာကျင်မှုတစ်ခု ခံစားလိုက်ရပြီး၊ အမြင်အာရုံများ ဝေဝါးသွားပြီး သတိမေ့သွားပါတော့သည်။
အချိန်မည်မျှ ကုန်လွန်သွားသည် မသိရသော်လည်း အုပ်ချုပ်ရေးမှူးချင် တဖြည်းဖြည်း သတိပြန်လည်လာခဲ့သည်။ သတိရသောအခါ မှောင်မည်းနေသော လိုဏ်ဂူတစ်ခုအတွင်း ရောက်ရှိနေကြောင်း သိလိုက်ရပြီး ခန္ဓာကိုယ်တွင်လည်း ပွန်းပဲ့ဒဏ်ရာအချို့ ရှိနေသည်။ ဦးခေါင်းနောက်ဘက်မှာ ပြင်းထန်သော ရိုက်ချက်ကြောင့် ကိုက်ခဲနေသော်လည်း အသက်အန္တရာယ်တော့ မရှိပေ။
သူ့ရှေ့တွင် အမှောင်ထုထဲ၌ ဝိုးတဝါး လူရိပ်တစ်ခု မတ်တတ်ရပ်နေသည်။ သူ သတိရသည်နှင့် ထိုလူ့ထံမှ စကားသံကို ကြားလိုက်ရသည်။
“အုပ်ချုပ်ရေးမှူးချင်၊ စိတ်မဆိုးပါနဲ့။ ဒါက ရန်ငြိုးကြောင့် လုပ်တာ မဟုတ်ပါဘူး။ ခင်ဗျားနဲ့ ဆွေးနွေးစရာ စီးပွားရေး ကိစ္စတစ်ခု ရှိလို့ပါ”
အုပ်ချုပ်ရေးမှူးချင် ခပ်ဖြည်းဖြည်း ထရပ်လိုက်သည်။ ထိုသူသာ သူ့ကို သတ်ချင်လျှင် အလွယ်လေးဖြစ်ကြောင်း သိထားသဖြင့် လောလောဆယ် အန္တရာယ်မရှိသေးကြောင်း နားလည်လိုက်သည်။
“မင်းက ငါ့ကို ဖမ်းထားမှတော့ ... ဘာအလိုရှိသလဲ ဆိုတာ ပြောပါဦး”
“အုပ်ချုပ်ရေးမှူးချင်က ပွင့်လင်းသားပဲ၊ ကောင်းတယ်၊ လိုရင်းကိုပဲ ပြောတာပေါ့။ ငါက ငွေရောင်ဦးချိုမြက်နဲ့ သားရဲသန့်စင်ဆေးလုံးတွေ လိုချင်တယ်။ မင်းဘက်က ပေးနိုင်သလောက် လိုချင်တာ”
အုပ်ချုပ်ရေးမှူးချင်သည် မျက်မှောင်ကြုတ်ကာ ခဏမျှ စဉ်းစားလိုက်သည်။
“ငါ့သိုလှောင်အိတ်ကို စစ်ပြီးပြီမလား။ အဲဒီထဲမှာ မင်းပြောတဲ့ပစ္စည်း နှစ်မျိုးလုံး မပါဘူးလေ။ အမှန်အတိုင်း ပြောရရင် ငွေရောင်ဦးချိုမြက်နဲ့ သားရဲသန့်စင်ဆေးလုံးတွေက တန်ဖိုးရှိသလို ဈေးလည်း အရမ်းကြီးတယ်။ ငွေရောင်ဦးချိုမြက် တစ်ပင်ကို ဝိညာဉ်ကျောက်တုံး ၅၀ ရှိပြီး၊ သားရဲသန့်စင်ဆေးလုံး တစ်လုံးကို ဝိညာဉ်ကျောက် ၄၀ ပေးရတယ်။ နောက်ပြီး ဂိုဏ်းက ဒါတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားလို့ ဝယ်ဖို့ မလွယ်ဘူး”
စုန့်ဝမ်ထံမှ မသိမသာ သတ်ဖြတ်လိုစိတ် အငွေ့အသက်တစ်ခု ထွက်ပေါ်လာပြီး အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
“အုပ်ချုပ်ရေးမှူးချင်မှာ သေချာပေါက် နည်းလမ်းတစ်ခု ရှိလိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်”
အုပ်ချုပ်ရေးမှူးချင်၏ စိတ်လေးသွားပြီး မချိပြုံး ပြုံးလိုက်ရသည်။
“မစိုးရိမ်ပါနဲ့။ ငါ ဂိုဏ်းထဲက လူကြီးအချို့နဲ့ ရင်းနှီးပါတယ်။ အများကြီး မဟုတ်တောင် ပမာဏတစ်ခု ရအောင် စီစဉ်ပေးပါ့မယ်”
“အနည်းဆုံး ငွေရောင်ဦးချိုမြက် ၁၅ ပင်နဲ့ သားရဲသန့်စင်ဆေးလုံး ၁၀ လုံးထက်မနည်း ယူလာပေး။ မင်းပြောတဲ့ ဈေးထက် ၂၀ ရာခိုင်နှုန်း ပိုပေးမယ်”
အုပ်ချုပ်ရေးမှူးချင်၏ မျက်နှာတွင် ဝမ်းသာသော အရိပ်အယောင် ပေါ်လာသည်။
“ခင်ဗျား တကယ်ပြောတာလား”
“သေချာတာပေါ့” ဟု စုန့်ဝမ်က ပြောသည်။ “အပေးအယူ ချောချောမွေ့မွေ့ ဖြစ်သွားရင် နောက်နောင်လည်း သားရဲသန့်စင်ဆေးလုံးတွေကို ဆက်ဝယ်ဦးမှာ”
“ကောင်းပြီ .. ခင်ဗျားပြောသလို လုပ်ကြတာပေါ့။ ငါ့ကို ခုနစ်ရက် အချိန်ပေးပါ၊ ပစ္စည်းတွေ ငါ ယူလာခဲ့မယ်”
“ခုနစ်ရက်မြောက်နေ့ သန်းခေါင်ယံမှာ ဒီနေရာမှာပဲ ပြန်တွေ့မယ်။ အဲဒီအချိန်ကျမှ ဝိညာဉ်ကျောက်တုံးနဲ့ ပစ္စည်းတွေကို လဲလှယ်ကြတာပေါ့”
အုပ်ချုပ်ရေးမှူးချင်က “ခင်ဗျားက ပွင့်လင်းတာပဲ။ ဒါဆို သဘောတူပြီနော်” ဟု ဆိုသည်။
ထို့နောက် ဂူအဝင်ဝကို တစ်ချက်ကြည့်လိုက်ပြီး “ငါ သွားလို့ရပြီလား” ဟု မေးသည်။
စုန့်ဝမ်က ခေါင်းညိတ်ပြလိုက်ပြီး ဘာမျှထပ်မပြောပေ။
အုပ်ချုပ်ရေးမှူးချင် စိတ်သက်သာရာ ရပြီး ဂူအဝင်ဝသို့ လျှောက်သွားစဉ်မှာပင် သူ၏ နောက်ကွယ်မှ အသံကို ကြားလိုက်ရပြန်သည်။
“အုပ်ချုပ်ရေးမှူးချင်၊ ကတိကို မမေ့ပါနဲ့ဦး။ ဒါနဲ့ စကားမစပ် ပြောရဦးမယ်။ စျေးမြို့ အရှေ့ပိုင်းရပ်ကွက် အမှတ် ၁၀၉ မှာ နေတဲ့ လူနှစ်ယောက်ကို အရမ်းမုန်းတီးနေတဲ့ လေလွင့်ကျင့်ကြံသူတွေ မနည်းဘူး။ သူတို့က အဲဒီနှစ်ယောက်ကို အရှင်လတ်လတ် အရေခွံခွာချင်နေကြတာ၊ သတိထားဦးနော်”
အုပ်ချုပ်ရေးမှူးချင် လှေပျံပေါ်သို့ တက်ရန် ပြင်လိုက်စဉ် သူ့ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ယင်သွားသည်။ အရှေ့ပိုင်းရပ်ကွက် အမှတ် ၁၀၉ ဆိုသည်မှာ သူ့ဇနီးနှင့် သားဖြစ်သူတို့ နေထိုင်ရာအိမ်ပင် ဖြစ်သည်။ အုပ်ချုပ်ရေးမှူးချင်သည် ထိတ်လန့်သွားပြီး ကြောက်ရွံ့မှုနှင့် ဒေါသ ရောပြွမ်းသွားသည်။ ဤလူရိပ်သည် သူ့ကို ဖမ်းဆီး၊ အကျပ်ကိုင်ရုံသာမက သူ့မိသားစုအကြောင်းကိုပါ စုံစမ်းထားခြင်း ဖြစ်သည်။
အုပ်ချုပ်ရေးမှူးချင်လည်း ဒေါသကို ထိန်းချုပ်ရင်း “မစိုးရိမ်ပါနဲ့။ ငါ အချိန်မှန် ရောက်လာပါ့မယ်။ မင်းလည်း ဝိညာဉ်ကျောက်တုံးတွေကို ပြင်ထားလိုက်ပါ” ဟု ပြောပြီး ထွက်ခွာသွားသည်။
………
စုန့်ဝမ်လည်း ဈေးသို့ ပြန်ရောက်သည်နှင့် ကူပိုးကောင်တစ်ကောင် စေလွှတ်ကာ အုပ်ချုပ်ရေးမှူးချင်၏ ဇနီးနှင့် သားကို အချိန်ပြည့် စောင့်ကြည့်စေခဲ့သည်။
ထို့နောက် အိမ်တွင်းအောင်းကာ ကျင့်ကြံခြင်းကို ဆက်လက် ပြုလုပ်သည်။ ပိုမိုအစွမ်းထက်သော သွေးချီဆေးလုံးများ၏ အထောက်အပံ့ဖြင့် သက်ရှည်ကျင့်စဉ်မှာဟအရှိန်ရလာပြီး ချီစုစည်းခြင်း ဆဋ္ဌမအဆင့်သို့ ရောက်ရှိရန် နီးကပ်နေပြီ ဖြစ်သည်။ သို့သော်လည်း အဆင့်မြှင့်ထားသော သွေးချီဆေးလုံးများကိုပင် တဖြည်းဖြည်း အားမရ ဖြစ်လာသည်။
လမ်းမှန်ကျင့်ကြံခြင်းလောကတွင် နတ်ဆိုးနည်းစနစ်များကို ထုတ်မသုံးနိုင်သဖြင့်၊ အသုံးချနိုင်သော နည်းစနစ်များမှာ မလုံလောက်သလို ခံစားနေရသည်။ ထို့ကြောင့် သက်ရှည်နည်းစနစ်ကို အရှိန်မြှင့်ပြီး ကျင့်ကြံမှုကို လျင်မြန်စွာ မြှင့်တင်ရမည် ဖြစ်သည်။
စုန့်ဝမ်သည် ပိုမိုပြင်းထန်သော သွေးချီဆေးလုံးအသစ် ဖန်တီးရန် စမ်းသပ်မှုများ စတင်ပြုလုပ်သည်။ အဆင့်မြှင့်သွေးချီဆေးလုံး ဖန်တီးခဲ့သည့် အတွေ့အကြုံအရ ဝိညာဉ်ဆေးပင်များကို တပြိုင်တည်း ပိုမိုထည့်သွင်းလေလေ၊ ဆေးလုံး၏ အာနိသင် ပိုမိုပြင်းထန်လေလေ ဖြစ်သည်။
စုန့်ဝမ်သည် ဤနည်းလမ်းကို စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ဆေးဖိုအတွင်းသို့ ဆေးပင်ပမာဏကို အဆပေါင်းများစွာ တိုးထည့်ကာ အဆီအနှစ်များကို ထုတ်ယူပြီးနောက် ၎င်းတို့ကို ပေါင်းစပ်ရန် ပြင်လိုက်စဉ် …
“ဂျိမ်း …”
ဆေးမီးဖို ပေါက်ကွဲသွားပြီး အပိုင်းပိုင်း၊ အစစ ပြတ်ထွက်သွားတော့သည်။
ကံကောင်းသည်မှာ အခန်းအတွင်း၌ ဝိညာဉ်ပိတ်ဆို့အစီအရင် ခင်းထားသဖြင့် အိမ်ပါ မပျက်စီးသွားခြင်း ဖြစ်သည်၊ မဟုတ်လျှင် တစ်အိမ်လုံး ပြိုကျသွားနိုင်ပေသည်။ လူကတော့ အတော် မသက်မသာ ခံစားလိုက်ရသည်။
ပထမဆုံး ပေါက်ကွဲမှုမှ သင်ခန်းစာယူ၍ စုန့်ဝမ်သည် နောက်တစ်ကြိမ် ဆေးလုံးဖော်စပ်ရာတွင် ပိုမို ဂရုစိုက်ခဲ့သည်။ ဦးစွာ အဆင့်မြင့် ဆေးမီးဖိုအသစ်ကို ဝယ်ယူခဲ့သည်။
ဤတစ်ကြိမ်တွင် ဆေးပင်များကို အဆပေါင်းများစွာ တပြိုင်တည်း မထည့်ဝံ့တော့ပေ။ နှစ်ဆသာ တိုးမြှင့်ပြီး စတင်ခဲ့သည်။ သို့သော်လည်း မျှော်လင့်ထားသည့်အတိုင်း ကျရှုံးခဲ့ပြန်သည်။ ဆေးဖော်စပ်နည်း အသစ်တစ်ခုကို ရှာဖွေဖော်ထုတ်ခြင်းမှာ ထင်သလောက် မလွယ်ကူပေ။ နောက်ထပ် တတိယနှင့် စတုတ္ထအကြိမ် စမ်းသပ်မှုများလည်း ကျရှုံးခဲ့သည်။
အကြိမ်ပေါင်း ဒါဇင်နှင့်ချီ ကျရှုံးပြီးနောက်တွင် ဆေးဖော်စပ်ခြင်းဆိုင်ရာ အမြင်သစ်အချို့ ရရှိလာသော်လည်း သွေးချီဆေးလုံးအသစ် ဖန်တီးမှုမှာမူ တိုးတက်မှု မရှိသေးပေ။ ထိုညတွင် စုန့်ဝမ် ဆေးဖော်စပ်နေစဉ် ခြံပြင်၌ စောင့်ကြည့်နေသော ကူပိုးကောင်က ကျိရူရွှယ် ညအချိန်တွင် အပြင်ထွက်သွားကြောင်း သတင်းပို့လာသည်။
စုန့်ဝမ်က ကျိရူရွယ်ကို အမြဲစောင့်ကြည့်နေခဲ့သည်၊ ဤလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် ညဉ့်သန်းခေါင်ယံအချိန်တွင် အပြင်သို့ မကြာခဏ ထွက်သွားတတ်သည်။ တစ်ခါက ကူပိုးကောင် သုံး၍ နောက်ယောင်ခံလိုက်ခိုင်းရာ၊ သူမသည် လီမိသားစု၏ ရတနာခန်းမသို့ တိတ်တဆိတ် သွားခဲ့ကြောင်း တွေ့ရှိရသည်။ သို့သော် ထိုခန်းမမှာ ညဘက်တွင် အစီအရင်ဖြင့် ကာကွယ်ထားသဖြင့် သူမ ဝင်၍ မရခဲ့ပေ။ ရတနာခန်းမကို ပတ်ကြည့်ပြီးနောက် ကောင်းကင်စမ်းရေဂေဟာသို့ သွားခဲ့သည်။
ကောင်းကင်စမ်းရေဖျော်ဖြေရေးဂေဟာသည် ညဘက်တွင် မီးရောင်များဖြင့် လင်းထိန်နေပြီး လူများ အဝင်အထွက် ရှိနေသော်လည်း လာရောက်သူအားလုံးမှာ အမျိုးသားကျင့်ကြံသူများသာ ဖြစ်ပြီး အမျိုးသမီး တစ်ဦးမျှ မတွေ့ရပေ။ ကျိရူရွယ်သည် အမျိုးသမီးတစ်ဦး ဖြစ်သဖြင့် ကောင်းကင်စမ်းရေဂေဟာထဲ ဝင်သွားခြင်းမှာ အနည်းငယ် ထူးဆန်းနေသည်။ သူမသည် ဂေဟာ၏ နောက်ဖေးတံခါးမှတဆင့် ဝင်သွားပြီး အစီအရင်ဖြင့် ပိတ်ထားသော အခန်းတစ်ခုအတွင်းသို့ ဝင်သွားသည်။ ထိုအခန်းအတွင်း ဘာဖြစ်ပျက်သလဲဆိုတာကိုတော့ စုန့်ဝမ် မသိရပေ။
……….
စုန့်ဝမ်နှင့် အုပ်ချုပ်ရေးမှူးချင်တို့ ချိန်းဆိုထားသော ခုနစ်ရက်မြောက်နေ့ မွန်းတည့်ချိန်တွင် ချင်ကောက ထမင်းစားရန် အိမ်ပြန်လာခဲ့သည်။ မည်သူမျှ နောက်ယောင်ခံလိုက်မလာကြောင်း အတည်ပြုပြီးမှ တံခါးကို တွန်းဖွင့်ဝင်ခဲ့သည်။
သူ့မိခင် ချင်ရှီသည် ထမင်းပြင်ဆင်ပြီး ခြံထဲရှိ စားပွဲပေါ်တွင် တင်ထားပြီး အသင့်စောင့်နေသည်။
“ကောအာ ပြန်လာပြီလား၊ လာ ထမင်းစားရအောင်”
ချင်ကော်သည် သူ၏ မိခင်ကို ကြည့်ပြီး၊ အိမ်ထဲသို့ တစ်ချက်ဝေ့ကြည့်ကာ အထဲဝင်ရန် အချက်ပြလိုက်သည်။ သားဖြစ်သူဆီမှ အလေးအနက် လုပ်ဆောင်နေသည့်ပုံစံကို သတိထားမိသော ချင်ရှီသည် စောဒကမတက်ဘဲ အိမ်ထဲသို့ ဝင်သွားသည်။ သူတို့နှစ်ဦး အိမ်ထဲဝင်ပြီးနောက် တံခါးကို ပိတ်လိုက်ကြသည်။
ချင်ကောက စကားမပြောဘဲ စာတစ်စောင် ထုတ်ယူကာ သူ့မိခင်အား ပေးလိုက်သည်။ ထိုစာမှာ သူ လမ်းလျှောက်နေစဉ် ဖခင်ဖြစ်သူ အုပ်ချုပ်ရေးမှူးချင်၏ အသိအကျွမ်းတစ်ဦးက မသိမသာ ပေးသွားခြင်း ဖြစ်သည်။ သူက အသေးစိတ် မေးမြန်းချင်သော်လည်း၊ ထိုသူက စကားတစ်ခွန်းမျှ မပြောဘဲ လှည့်ထွက်သွားခဲ့သည်။
ထိုသူပုံစံမှာ ထူးခြားနေသဖြင့် ချင်ကောလည်း မပေါ့ဆဝံ့ပေ။ သူ့ကိုယ်ပိုင် လောင်းကစားရုံသို့ ပြန်ရောက်မှသာ စာကို ဖွင့်ကြည့်ခဲ့ခြင်း ဖြစ်သည်။ ထိုစာမှာ အုပ်ချုပ်ရေးမှူးချင် ကိုယ်တိုင်ရေးသားထားခြင်းဖြစ်ပြီး၊ တစ်စုံတစ်ဦးက ဝိညာဉ်ဆေးပင်များကို အတင်းအကျပ် ဝယ်ယူနေသည့် အခြေအနေကို ဖော်ပြထားသည်။ အုပ်ချုပ်ရေးမှူးချင်က ထိုအမည်မသိလူကို မဖြေရှင်းနိုင်မချင်း ဘေးကင်းစေရန် ဇနီးနှင့် သားကို ဈေးမှ တိတ်တဆိတ် ထွက်ခွာသွားကြရန် တိုက်တွန်းထားသည်။
စာပါ အကြောင်းအရာများကို ဖတ်ပြီးနောက် ချင်ရှီမှာ ထိတ်လန့်သွားတော့သည်။ သူမက အသံကျယ်ကျယ်ဖြင့် မေးရန် ပါးစပ်ပြင်လိုက်သော်လည်း ချင်ကောက အချိန်မီ တားဆီးလိုက်သည်။ ချင်ကောက ပြတင်းပေါက်ကို ညွှန်ပြလိုက်ပြီး နံရံတစ်ဖက်တွင် ချောင်းနားထောင်နေသူ ရှိနိုင်ကြောင်း အချက်ပြလိုက်သည်။
……………