← Chapters

တစ်ဦးတစ်ယောက်၏ အထူးစွမ်းရည်များကို ပြသခြင်း

Vol. 58 Ch. 804

တစ်ဦးတစ်ယောက်၏ အထူးစွမ်းရည်များကို ပြသခြင်း

Vol. 58 Ch. 804

ကျူးလုံသည် ထန်ရှုကို ပထမဆုံးတွေ့စဥ်က ကောင်းမွန်သော အမြင်မရှိပေ။ အထက်မှ ထိုလူအား သူ့အဖွဲ့ထဲသို့ အတင်းအကြပ် ထည့်ထားသောကြောင့် ဖြစ်သည်။ ထိုစဥ်က ထန်ရှုသည် မည်သည့်အတွက်ကြောင့် စွမ်းရည်အသုံးပြုသူ မဟုတ်သည်ကို သူ တကယ် နားမလည်နိုင်ပါချေ။ ထန်ရှုသည် သာမန်လူတစ်ဦးသာဖြစ်ပြီး အန္တရာယ်ကြုံကာ ရန်သူနှင့်တိုက်ခိုက်သောအခါတွင် ဝန်ထုပ်ဝန်ပိုးဖြစ်လာလိမ့်မည်ဟု သူ ယုံကြည်ခဲ့သည်။ ထို့ကြောင့် သူသည် ဤလမ်းခရီးတွင် ထန်ရှုကို ကောင်းမွန်စွာ မဆက်ဆံခဲ့ပေ။

ယခုမူ ... ထန်ရှုသည် တုန်လှုပ်ချောက်ချားသွားစေမည့် အလွန်ပြင်းထန်သော လှုပ်ရှားမှုကို ပြသခဲ့သည်။ ဒါကို ပိုသန်မာသည် ဒါမှမဟုတ် ပိုမြန်သည်ဟု ဆိုရလေမလား။ သူသည် သိုးအုပ်တစ်အုပ်ထဲ မုန်တိုင်းထန်သည့်အလား တဟုန်ထိုး ၀င်သွားသော ဝံပုလွေကြီး ဖြစ်လေတော့သည်။ သူသည် ထိုမျှလောက် ကြောက်စရာကောင်းအောင် စွမ်းအားကြီးနေသည်။

ရုတ်​တရက်​ သူ၏ပါးပြင်များ ပူလာသည်ဟု ကျူးလုံ ခံစားမိသည်​။ သူ၏မျက်နှာကို မမြင်နိုင်သော လက်ဖြင့် ပုတ်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူသည် အပြစ်ရှိသောစိတ်ကြောင့် ဘေးဘီ၀ဲယာ လှည့်ကြည့်ရင်း လျှို့ဝှက်စွာ ကြည့်လိုက်ရာ မီးနတ်ဆိုးနှင့် လျှပ်စီးမိန်းကလေးတို့သည်လည်း သူ့နည်းတူဖြစ်ကြောင်း တွေ့ခဲ့သည်။ နှစ်ယောက်စလုံးက ပါးစပ်အာစေးမိနေသည့်အလား ဖြစ်နေသောကြောင့် သူ့ကို အတန်ငယ် သက်သာရာရစေသည်။ သို့သော် သူ့အကြည့်အား ပြန်သိမ်းခါနီးတွင် ရေမိန်းကလေးက သူ့အား ထူးဆန်းသော အမူအရာဖြင့် ကြည့်နေသည်ကို သူ ခံစားမိပေသည်။ ထိုအချိန်ခဏလေးအတွင်း ကျူးလုံသည် သူ၏မျက်နှာထားစရာ မရှိသောကြောင့် ပုန်းအောင်းရန်အတွက် တွင်းတစ်တွင်း ရှာတွေ့လိုခဲ့ပေသည်။

သူ၏အနေရခက်မှုကို ဖုံးကွယ်ရန် ကျူးလုံက စကားပြောလိုက်ရာ သူ၏အသံသည် အတော်တုန်ရီနေပြီး ထူးဆန်းနေသည်။

"အတူတူ တက်ကြစို့။ ထန်ရှု ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ငါတို့က တစ်ဖွဲ့တည်းသားတွေပဲ။”

သူ့အသံဆုံးသွားသည်နှင့် လေပြင်းတစ်ချက် ရုတ်တရက် တိုက်ခိုက်သွားပြီး သူ၏ပုံရိပ်သည် တိုက်ပွဲမြင်ကွင်းတွင် ချက်ခြင်း ထွက်ပေါ်လာသည်။ ရေမိန်းကလေးသည်လည်း အနောက်မှ ပါလာကာ သူမ၏ရေစွမ်းအားကို ထုတ်ဖော်လျက် လေထဲတွင် ရေလှိုင်းအလွှာများကို ဖြစ်ပေါ်စေရင်း သူမအား အရှေ့သို့ တွန်းပို့စေသည်။ မီးနတ်ဆိုးနှင့် လျှပ်စီးမိန်းကလေးတို့သည် ထိတ်လန့်တုန်လှုပ်ခြင်းမှ ပြန်လည်အသိ၀င်လာပြီး မီးတောက်နှင့် လျှပ်စီးတန်းများအသီးသီး ဖြစ်ပေါ်စေပြီး လျင်မြန်သော အရှိန်ဖြင့် ထွက်ပေါ်လာခဲ့သည်။

ဤလူလေးယောက်သည် လွန်စွာ စွမ်းအားကြီး၏။ ယခုအချိန် ကြယ်သုံးပွင့်အကြွင်းအကျန်ကို ရှာဖွေနေသူများထဲတွင် ၄င်းတို့သည် အသန်မာဆုံးလူများ မဟုတ်သော်လည်း အကောင်းဆုံးများထဲတွင် ရှိနေဆဲဖြစ်သည်။ ၎င်းတို့ ၀င်ရောက်တိုက်ခိုက်လာစဉ်တွင် ပြင်းထန်စွာ ဒဏ်ရာရခဲ့သော မိုရာဗီဒယ်အား အလွယ်တကူ ထိခိုက်ကာ သေဆုံးစေခဲ့ပြီး အခြားနှစ်ဦးကိုလည်း အချိန်တိုအတွင်း အလွယ်တကူ သေဆုံးသွားစေခဲ့သည်။

ယခုအချိန်တွင် ကု၀ါကို၏မျက်လုံးများထဲတွင် အံ့သြ၀မ်းသာသွားသော အရိပ်အယောင်များ တောက်ပနေရုံသာမက ထန်ရှုကို ကြည့်လိုက်သော အကြည့်များထဲတွင် ကြည်ညိုလေးစားမှုအချို့လည်း ရှိနေပေသည်။ ချန်းရွှဲ့မေသည်လည်း အံ့အားသင့်နေသည်။ ယခင်က သူမ၏အကူအညီကို လိုအပ်ခဲ့ဖူးသော အထက်တန်းကျောင်းသားလေးသည် ဤမျှထိတ်လန့်စရာကောင်းသော ခွန်အားကို အမှန်တကယ်ပင် ရရှိလိမ့်မည်ဟု သူမ တစ်ခါမှ မထင်မိပေ။ သူမ၏အထူးစွမ်းရည် နိုးကြားလာပြီးနောက် ဂျပန်တွင် စိမ့်ဝင်ကာ ထောက်လှမ်းရန် အမိန့်ကို လက်ခံရရှိခဲ့သော်လည်း သူမ၏ပထမဆုံးမစ်ရှင်တွင် ပြင်းထန်စွာ ဒဏ်ရာ ရခဲ့သည်။ တရုတ်နိုင်ငံစွမ်းရည်အသုံးပြုသူများ အဖွဲ့အစည်း၏အကြီးအကဲ သွမ့်မုလင်းသည် သူမအား ဂရုတစိုက် ကုသလမ်းညွှန်မှုပြုပြီးနောက်တွင် သူမသည် မြေဒြပ်စင်ကို ကိုင်တွယ်ထိန်းချုပ်နိုင်စွမ်းရှိလာခဲ့သည်။ ထို့ကြောင့် သူမသည် ဂျပန်နိုင်ငံရှိ မြင့်မားသော နိုင်ငံရေးသမားတစ်ဦး၏ညာလက်ရုံး ဖြစ်လာသည်အထိ သူမ၏ကိုယ်ပိုင်ဘ၀လမ်းကြောင်းကို ဖုံးကွယ်ကာ ဘ၀သစ်ကို ပြောင်းလဲရန် တွန်းအားပေးသည့် လျှို့ဝှက်မစ်ရှင်အသစ်တစ်ခုကို လက်ခံရရှိခဲ့သည်။

သူမ လက်ထောက်လုပ်ပေးနေရသော ဂျပန်နိုင်ငံရေးသမားသည် ယာမာမိုတိုစံအိမ်နှင့် မတူညီသောဘက်သို့ ရှိနေသောကြောင့် ကု၀ါကို ယာမာမိုတိုနှင့် သူမသည် မစိမ်းပါချေ။ အကယ်၍ ၎င်းတို့သည် တစ်ဖွဲ့တည်းသာမဟုတ်ပါက အစောပိုင်းတိုက်ပွဲတွင် ကု၀ါကိုသည် သူမ၏အသက်ကို ကယ်တင်လိမ့်မည်မဟုတ်ပေ။

သို့သော်လည်း တရုတ်နိုင်ငံမှ မည်သူမဆို ဤအကြွင်းအကျန်နေရာထဲတွင် အန္တရာယ် ကျရောက်မည်ဆိုပါက သူမ၏အထောက်အထား ပေါ်ပေါက်နိုင်မည်ဆိုလျှင်ပင် ကူညီရန် တာဝန်ရှိကြောင်းကိုလည်း သူမ သိထားပေသည်။ ကြယ်သုံးပွင့်အကြွင်းအကျန်များမှ ရတနာများရနိုင်လျှင် သူမ၏နိုင်ငံသည် ကြီးမားသော အကျိုးအမြတ်များ ရရှိနိုင်ပေသည်။

ထန်ရှုသည် ကု၀ါကိုနှင့် ချန်းရွှဲ့မေတို့ကို လုံးဝ မကြည့်ဘဲ ဗြိတိန်အဖွဲ့ခေါင်းဆောင် ဂျေစီကို ကြည့်ကာ

"ငါ့ကို ဒီသလင်းကျောက် ပေးပါ။"

ဂျေစီ၏အမူအရာသည် အလေးအနက်ထားကာ သတိထားဟန် ရှိနေသော်လည်း ထန်ရှုကို ပြန်စိုက်ကြည့်နေဆဲဖြစ်ပြီး လေသံအေးစက်စက်ဖြင့် "မင်းက အရမ်းကြောက်ဖို့ကောင်းတယ်။ မင်းမှာ ဘယ်လို ထူးခြားတဲ့အရည်အချင်းတွေ ရှိလဲဆိုတာ ငါ မမြင်နိုင်ဘူးဆိုပေမယ့် ငါတို့ မင်းကို ကြောက်မယ်လို့ မင်း ထင်နေတာလား။

"ဒီမှာ ငါတို့ချည်းပဲဆိုရင် မင်းတို့ မကြောက်မှန်း ငါ သိတယ်။ ဒါပေမယ့် ငါတို့က ဒီသုံးယောက်နဲ့ ပူးပေါင်းလိုက်ရင်ရော ဘယ်လိုလဲ။ မင်းတို့ အသက်ရှင်​ဖို့ အခွင့်​အ​ရေးရှိ​ဦးမယ်​လို့ ထင်​လား။"

ကု၀ါကိုယာမာမိုတိုသည် ရှေ့သို့ တိုးလာကာ ဂျေစီကို ရန်လိုသော အကြည့်တို့ဖြင့် စိုက်ကြည့်လိုက်ရင်း

“ငါက အဆင်ပြေတယ်။ ငါတို့တွေက ရန်သူဖြစ်ဖို့ အကြောင်းဖန်လာပြီဆိုမှတော့ ဒီက တရုတ်မိတ်ဆွေတွေနဲ့လည်း လက်တွဲလိုက်ရုံပဲ။ ငါတို့ ဒီမှာသေရရင်တောင် ရှင်တို့ကိုပါ အတူခေါ်သွားမယ်။"

ဂျေစီ၏မျက်နှာသည် ချက်ချင်းပင် ပျက်သွားသည်။ သူသည် အလယ်တွင် ကာကွယ်ထားသော သလင်းကျောက်ကို ကြည့်ပြီးနောက် ထန်ရှုနှင့် ကု၀ါကိုယာမာမိုတိုဆီ အကြည့်ပြောင်းသွားသည်။ နောက်ဆုံးတွင် သူနှင့်သူ၏ရဲဘော်လေးယောက်သည် သလင်းကျောက်လုံးနှင့် မီတာ ၂၀ကျော်အကွာတွင် တိုးတိုးတိတ်တိတ် စကားပြောနေကြသည်။

ထန်ရှုက မထီတထီ ပြုံးလိုက်ပြီး သလင်းကျောက်လုံး၏ အရှေ့သို့ ရောက်လာသည်။ ၎င်းကို တစ်မီတာမြင့်သော သလင်းကျောက်တိုင်တွင် တပ်ဆင်ထားကြောင်း သူ တွေ့ရသည်။ သူက ချက်ချင်း လှမ်းယူပြီး သလင်းကျောက်တိုင်ကနေ ဆတ်ကနဲ အားသုံးလုယူရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း သူ၏စွမ်းအား ၇၀% ကျော်ကို သုံးထားသည့်တိုင် သလင်းကျောက်လုံးသည် လှုပ်ပင်မလှုပ်သောကြောင့် သူ၏အမူအရာ ပျက်သွားသည်။

မီတာ ၂၀ကျော်အကွာတွင် ရပ်နေသော ဂျေစီက သရော်ပြုံးကာ လှောင်ပြောင်လိုက်သည်။

"ငါတို့ ကြိုးစားပြီးပြီ။ အဲ့ဒီသလင်းကျောက်တိုင်က သလင်းကျောက်ကို ထုတ်ယူဖို့ နည်းလမ်းမရှိဘူး။ မင်းမှာ ပိုအထင်ကြီးစရာကောင်းတဲ့ တိုက်ခိုက်ရေးအင်အား ရှိရင်တောင် မင်း ဘာလုပ်နိုင်မလဲ။ ငါတို့က မင်းကိုပေးလိုက်ပေမယ့် မင်းလည်း အဲ့ဒါကို မရနိုင်ဘူး။ ဟားဟားဟား …”

ထန်ရှုက ဂျေစီအား အေးစက်စက် စိုက်ကြည့်ပေးလိုက်သည်။ ထို့နောက် သူ၏စိတ်ဝိညာဉ်အာရုံကို သလင်းကျောက်လုံးထဲသို့ ချက်ချင်းထုတ်လွှတ်လိုက်ရာ အတွင်းတွင် ချိပ်ပိတ်ထားသည့် အစီအရင်တစ်ခု ရှိနေသည်ကို တွေ့ရှိရပြီး ဤချိတ်ပိတ်ထားသော အစီအရင်၏ ကွဲလွဲသောပုံစံကို သူ လုံး၀ နားလည်သွားသည်။ ထိုအရာအား ချောမွေ့စွာ ဖြေရှင်းပြီးနောက် သူ၏စိတ်၀ိညာဥ်အာရုံသည် လက်သည်းအရွယ် ရွှေရောင်ပိုးကောင်ကို ထိသွားလေတော့သည်။

'ငါ့ကို ထုတ်ပေးရင် 'အလင်းနှစ်စက်ဝန်း' အတိုင်းအတာအထိ မင်းဆီမှာ ငါ အမှုထမ်းပါ့မယ်။”

အားနည်းသောအသိစိတ်သည် ထန်ရှု၏စိတ်ဝိညာဉ်အာရုံနှင့် ရောယှက်ကာ သူ့စိတ်ထဲသို့ ချက်ချင်း ၀င်ရောက်လာသည်။

ထန်ရှုက သူ၏အတွေးစိတ်ဖြင့်

'မင်းက ဘယ်လိုမျိုးစိတ်နဲ့ မင်းရဲ့အရည်အချင်းက ဘာလဲ။ ပြီးတော့ မင်းကို ငါက ဘာကြောင့် ယုံရမှာလဲ။"

'ငါက ကြယ်အစားကြူးပိုးကောင်မျိုးနွယ်ဝင်ပါ။ ဒီသလင်းကျောက်လုံးထဲ ငါ့ကို ချိပ်ပိတ်ထားခဲ့တဲ့ အရမ်းစွမ်းအားကြီးတဲ့ အင်မော်တယ်အကြီးအကဲနဲ့ အမှတ်မထင် ဆုံခဲ့ရတာပါ။ အဲ့ဒီအင်မော်တယ်က ငါ့ကို ငယ်စဉ်ကလေးဘဝကတည်းက သိပ်အနိုင်ကျင့်တာ။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ငါ့ရဲ့သွေးမျိုးဆက်ကို အသက်သွင်းနိုင်ခဲ့တယ်။ ကြီးကျယ်ခမ်းနားတဲ့ စွမ်းအားတွေကို ငါ မကျွမ်းကျင်သေးဘူးဆိုပေမယ့် မင်း ငါ့ကို ချိပ်မပိတ်ထားသရွေ့ အရမ်းစွမ်းအားကြီးတဲ့ စွမ်းရည်ကို အချိန်တိုအတွင်း ရရှိဖို့ နည်းလမ်းတစ်ခု ရှိပါတယ်။ ငါတို့ရဲ့ကျေးဇူးရှင်ကို ကျေးဇူးဆပ်ဖို့ ငါတို့မျိုးနွယ်စုစည်းမျဉ်းအရ မင်းကို 'အလင်းနှစ်စက်ဝန်း' တစ်ခုအတွက် အမှုဆောင် ပေးနိုင်ပါတယ်။”

'ဒါပေမယ့် မင်းသိထားဖို့က ငါ့မှာ အငှားကြေးစားတွေ မနည်းဘူးနော်။'

ထန်ရှုက သူ၏တုံ့ပြန်မှုကို အတွေးတစ်ခုဖြင့် ပြန်ပို့လိုက်သည်။

ရွှေရောင်ကြယ်အစားကြူးပိုးကောင်သည် စိတ်ပူပြီး ဂနာမငြိမ်ဖြစ်လာသည်။ မည်မျှကြာလို့ ကြာမှန်း မသိတော့သည့်အထိ ကာလကြာရှည်စွာ ချိပ်ပိတ်ခံခဲ့ရသည်။ ချိပ်စည်းကို ချိုးဖျက်ပြီး လွတ်လပ်မှုကို ပေးနိုင်သည့် လူတစ်သန်းတွင် တစ်ယောက်ကို တွေ့ရန် တစ်သန်းပုံတစ်ပုံလောက် အခွင့်အရေးအား ယခု ရနေခဲ့ပြီဖြစ်ရာ သည်အခွင့်အရေးကို အမိအရ ဆုပ်ကိုင်မထားပါက သူ ဆင်းရဲဒုက္ခကြီးမားပြီး ကြာရင် ရူးသွားနိုင်ပေသည်။

'ဒါဆို မင်း ဘာလိုတာလဲ။ မင်းရဲ့တောင်းဆိုမှုကို ငါ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးပါ့မယ်။'

'ပြောပါဦး … မင်း ဘယ်ကနေ လာတာလဲ။ နောက်ပြီး ဒီကြယ်သုံးပွင့်အကြွင်းအကျန်ကို ဘယ်နိုင်ငံသားတွေက ချန်ထားခဲ့တာလဲ။ သူတို့ ကမ္ဘာမြေကို ဘယ်လို ရောက်လာကြတာလဲ။’

'ငါက တိမ်နက်ကြယ်ဒေသဖြစ်တဲ့ ထူးခြားတဲ့ ပိုစီဒေါကြယ်စင်အစုအ၀ေးကပါ။ အဲ့ဒီနေရာက ငါတို့ ကြယ်အစားကြူးပိုးကောင်မျိုးနွယ်ရဲ့ပေါက်ဖွားရာအရပ်ဖြစ်သလို ငါ့မွေးရပ်မြေပါပဲ။ တိမ်နက်ကြယ်နဂါးငွေ့တန်းမှာ မျိုးနွယ်တွေ အများကြီး ရှိတယ်။ အများစုကတော့ အဆင့်မြင့်မျိုးနွယ်စုတွေပဲ။ ငါ့ကို ဒီနေရာကို ခေါ်ဆောင်လာတဲ့ မျိုးနွယ်စုက အခြားအဆင့်မြင့်မျိုးနွယ်စုကို ရှုံးလာတဲ့ ကြယ်နက်အင်ပါယာရဲ့ယာဥ်အစုအ၀ေးလေ။ နောက်တော့ လွပ်လပ်စွာသွားလာတဲ့ မျိုးနွယ်စု ဖြစ်လာတယ်။ ဒီဂြိုလ်ကို ရောက်လာတော့ အင်ပါယာရဲ့ အကြွင်းအကျန်အနည်းငယ်က ဒီအခြေစိုက်စခန်းကို ထူထောင်ဖို့ အပြေးလာခဲ့ကြတယ်။ သူတို့တွေက နေအိမ်ကမ္ဘာအသစ်ကို ရလိမ့်မယ်လို့ ထင်ခဲ့ကြပေမယ့် ဒီဂြိုလ်ရဲ့ပတ်၀န်းကျင်က သူတို့အတွက် မသင့်လျော်လို့ လိုက်လျောညီထွေဖြစ်အောင် မနေနိုင်ကြဘူး။ နောက်ဆုံးတော့ ဒီမှာ ပိတ်မိသွားခဲ့ရတယ်။”

ထန်ရှု ရုတ်တရက် သဘောပေါက်သွားသော်လည်း အခြားပြဿနာအချို့ကို သဘောပေါက်သွားပြီး လျင်မြန်စွာ မေးလိုက်သည်။

'မင်း ဒီကမ္ဘာပေါ်မှာ ဘယ်လောက်ကြာပြီလဲ။'

'ကြယ်စင်လှိုင်းယူနစ်တစ်ခု'

'ကြယ်စင်လှိုင်းယူနစ်တစ်ခု … အဲ့ဒါ ဘာကြီးလဲ။'

'အဲ့ဒါက ...'

ကြယ်အစားကြူးပိုးကောင်က ပိုပြီး စိတ်လှုပ်ရှားလာသည်။ ဤဂြိုလ်ပေါ်ရှိ အချိန်တိုင်းတာမှုယူနစ်များကို သူ မသိသောကြောင့် ရှင်းပြချင်သည့်တိုင် မည်ကဲ့သို့ ရှင်းပြရမည်ကို မသိချေ။ ချိတ်ပိတ်ခံထားရစဥ်အတွင်း မရေမတွက်နိုင်သော အချိန်စက်ဝန်းများကို စိတ်လှုပ်ရှားစွာ တွက်ချက်ပြီး နောက်ဆုံးတွင် 'ဘေးဒုက္ခစက်၀န်း အတိုင်းအတာတစ်ခုနှင့် နီးစပ်သည်' ဟူသော အတွေးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဘေးဒုက္ခစက်၀န်းတစ်ခု … ထရီတယုဂ ဟုတ်လား … နှစ်ပေါင်း ၁.၃ မီလီယံဝန်းကျင်လား …

(ဟိန္ဒူအချိန်စကေး - စက်ရ၊ ထရီတ၊ ဗာပါရာ၊ ကလီ)

ထန်ရှုသည် ဘေးဒုက္ခစက်၀န်း၏ယူနစ်တိုင်းတာမှုအား တွက်ချက်လိုက်သည်။ အင်မော်တယ်ကမ္ဘာတွင် နေထိုင်ခဲ့စဉ်က အချို့မျိုးနွယ်များသည် ဘေးဒုက္ခစက်ဝန်းအား အချိန်တိုင်းတာမှုယူနစ်အဖြစ် အသုံးပြုကြသည်။ သို့သော် ကြယ်နက်အင်ပါယာ၏ ကြယ်စင်တိုက်ခိုက်ရေးသင်္ဘောသည် လွန်ခဲ့သော နှစ်ပေါင်းတစ်မီလီယံကျော်က ကမ္ဘာမြေသို့ အမှန်တကယ် ရောက်လာလိမ့်မည်ဟု သူ တကယ်ပင် မမျှော်လင့်ထားခဲ့မိပေ။ ကမ္ဘာမြေတွင် ထိုအချိန်ကာလအတွင်း လူသားများ မတည်ရှိခဲ့ကြသလော။

'ငါ မင်းကို ကယ်ပြီး ထွက်ခွင့်ပေးမယ်။ ဒါပေမယ့် မင်း ငါနဲ့ စာချုပ် အရင်ဆုံး ချုပ်ရမယ်။ နောက်ပြီး မင်း ပြောခဲ့တဲ့ 'အလင်းနှစ်စက်ဝန်း' ယူနစ်က ဘယ်လောက် ကြာလဲဆိုတာ ငါသိဖို့ လိုတယ်။ ဒါပေါ့ … ငါတို့ လူသားအချိန်ယူနစ်က …''

ထန်ရှု၏ရှင်းလင်းချက်မှတစ်ဆင့် နောက်ဆုံးတွင် ကြယ်အစားကြူးပိုးကောင်သည် ကမ္ဘာရှိ အချိန်တိုင်းတာမှုယူနစ်ကို ရှာဖွေတွေ့ရှိသွားသည်။ သူပြောခဲ့သည့် "အလင်းနှစ်စက်ဝန်း" သည် ကမ္ဘာမြေတွင် နှစ်ပေါင်း ၂,၀၀၀သာ ရှိလေသည်။

ထန်ရှုနှင့် ကြယ်အစားကြူးပိုးကောင်တို့အကြား သခင်နှင့်အစေခံစာချုပ်ကို အမြန်ချုပ်ဆိုလိုက်သဖြင့် ထန်ရှုသည် အလွန်ကြမ်းတမ်းသည်ဟု ထင်မြင်ရသော ချိပ်စည်းကို အလွယ်တကူ ချိုးဖျက်ပစ်လိုက်သည်။ သလင်းကျောက်ပေါ်တွင် အက်ကွဲသံနှင့်အတူ ကြယ်အစားကြူးပိုးကောင်သည် နောက်ဆုံးတွင် သလင်းကျောက်ထဲမှ ထွက်လာနိုင်ခဲ့လေပြီ။ လေထဲတွင် တခဏ ပျော်ရွှင်စွာ ပျံသန်းလိုက်ပြီးမှ ထန်ရှု၏လက်ချောင်းပေါ်သို့ နားလိုက်သည်။

'နောက်ဆိုရင် မင်း ငါ့အနောက်ကို လိုက်ရလိမ့်မယ်။' ထန်ရှုက အေးဆေးတည်ငြိမ်စွာ ဆိုလိုက်သည်။

မီတာ၃၀ကျော်အကွာမှ ဂျေစီသည် ထန်ရှု၏လက်ချောင်းပေါ်ရှိ ကြယ်အစားကြူးပိုးကောင်ကို စိုက်ကြည့်ရင်း ပါးစပ်အာစေးမိနေသည်။ သလင်းကျောက် ပေါက်ကွဲသွားသည်ကို မြင်လိုက်ရသည့်အတွက် နည်းနည်းလေးမှပင် ဝမ်းမသာမိပါချေ။ ထိုအစား ကြယ်အစားကြူးပိုးကောင်သည် သလင်းကျောက်အတွင်း တည်ရှိနေသော ပိုးကောင် ဖြစ်မှန်း သိလိုက်ရသောကြောင့် ကြောက်မက်ဖွယ်ကောင်းသော ဘေးဒုက္ခအာရုံကို သူ ခံစားမိနေသည်။ သို့သော်လည်း ဤအရာအား ထန်ရှုမှ ရထားခြင်းဖြစ်သည်။

ဝှစ် … ဝှစ် … ဝှစ် …

ထန်ရှုသည် ကြယ်အစားကြူးပိုးကောင်ကို သူ့ခန္ဓာကိုယ်ပေါ်သို့ ယူဆောင်ပြီး သူ့ဘယ်ဘက်လက်ပေါ်ရှိ လက်တစ်ချောင်းထဲတွင် ကပ်ဝင်ခွင့်ပြုပြီးနောက်တွင် ပုံရိပ်သုံးခုသည် အခြားလမ်းကြောင်းမှ ပြေးဝင်လာသည်။

"ရုရှားအဖွဲ့လား…"

ကျယ်ဝန်းသော ခန်းမကြီးထဲတွင် လူတိုင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး ထိုသူတို့အပေါ်တွင် ချက်ချင်း အကြည့်များ ရောက်သွားကြသည်။

ရုရှားနိုင်ငံသားသုံးဦးတို့သည် ကြမ်းပြင်ပေါ်တွင် အလောင်းများကို တွေ့လိုက်ရသောအခါ ချက်ချင်းပင် အမူအရာ ပျက်သွားကြပြီး သတိကြီးစွာဖြင့် ထန်ရှု၊ ဗြိတိသျှအဖွဲ့တို့နှင့် ခပ်ခွာခွာနေလိုက်ကြသည်။ ခေါင်းဆောင်ဖြစ်ဟန်တူသော မုတ်ဆိတ်မွေးဗရပျစ်နှင့် အမျိုးသားတစ်ယောက်က

“ငါ့ရဲ့ခန့်မှန်းချက် မှန်တယ်ဆိုရင် ဒီသေဆုံးသူတွေက ဘရာဇီး၊ ဂျာမန်၊ အီတလီအသင်းက မဟုတ်လား။”

“ဟုတ်တယ်။ သူတို့အားလုံး ဒီမှာပဲသေသွားတယ်။” ဂျေစီက မထီလေးစားပြောလိုက်သည်။

"မင်း သူတို့ကို သတ်လိုက်တာလား။" မုတ်ဆိတ်မွေးနှင့်လူက မေးလိုက်သည်။

ဂျေစီသည် ထန်ရှုကို စိုက်ကြည့်လိုက်ပြီးမှ

"ငါတို့က သူတို့အားလုံးကို သတ်နိုင်စွမ်းရှိတယ်လို့ မင်း ထင်နေတာလား။ သူတို့အချင်းချင်း သတ်ဖြတ်ပြီး နောက်ဆုံး အတူတူ သေဆုံးသွားကြတာ။”

ကု၀ါကိုယာမာမိုတိုကလည်း ထန်ရှုကို တစ်ချက်ကြည့်ပြီး ထပ်လောင်းပြောဆိုလိုက်သည်။ “အမှန်ပဲ။ သူတို့နှစ်ဖွဲ့ တကယ်ကို အတူတူ သေဆုံးသွားတယ်။”

မုတ်ဆိတ်မွေးဗလပျစ်နှင့်အမျိုးသားသည် ဂျေစီနှင့် ကု၀ါကိုအား အစောပိုင်းကတည်းက မယုံခဲ့သော်လည်း ယခုအချိန်တွင် ထပ်မံမေးမြန်းလိုခြင်းမရှိပေ။ သူ အရေးတကြီး လုပ်ဆောင်ရမည့်အရာမှာ သူ့အဖွဲ့သည် အင်အားစုသုံးဖွဲ့နှင့်ရင်ဆိုင်နေရသည်ကို စဉ်းစားလျက် သူ့အဖွဲ့ကို ထိန်းသိမ်းရန်ဖြစ်သည်။

ထန်ရှုက သည်နေရာတွင် အချိန်ထပ်မဖြုန်းလိုတော့ဘဲ ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ငါတို့ကြားထဲမှာ အငြင်းပွားစရာ မလိုတော့တဲ့အတွက် ငါတို့အားလုံး သတ်သတ်စီ ရှာကြည့်သင့်တယ်လို့ ထင်တယ်။ ဒီအကြွင်းအကျန်များထဲမှာ ကောင်းမွန်တဲ့ အရာများစွာ ရှိတာမို့ တစ်ဦးတစ်ယောက်တည်းက အဲ့ဒါတွေအားလုံးကို သုံးနိုင်မှာ မဟုတ်ဘူး။ ဒီအခန်းမှာ တံခါး၁၂ပေါက် ရှိတယ်။ ငါတို့လေးဖွဲ့ တစ်ပေါက်စီ ရွေးလို့ရပါတယ်။”

“ငါ့အတွက် ပြဿနာ မရှိပါဘူး။”

ဂျေစီက တည့်တိုးပြောလိုက်သည်။

ကု၀ါကိုသည် ထန်ရှုကို သဘာဝအရ မဆန့်ကျင်သောကြောင့် ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။

ရုရှားသုံးဦးအဖွဲ့မှာ တရုတ်၊ဗြိတိသျှ၊ဂျပန်အဖွဲ့များ၏ တိုက်ခိုက်ခြင်းအား မခံရသည်က သူတို့အတွက် ကောင်းချီးတစ်ခုလိုဖြစ်နေပြီမို့ သဘာဝအတိုင်း မကန့်ကွက်ပါချေ။

All Chapters