နဂါးဝိညာဉ်သွေးဝိညာဉ်
Vol. 58 Ch. 807
လက်ကောက်ဝတ်တွင် ပြတ်ရှရာ ဖြစ်သွားသော ချန်းရွှဲ့မေသည် သူ တစ်ခါမှ မကြုံဖူးသော မြင်ကွင်းကြောင့် ရုတ်တရက် ထိတ်လန့်သွားရသည်။ ဒါက ဘုရားသခင်ကောင်းချီး ပေးတဲ့အပင်ပဲ။
သို့သော် ထိုသို့ထိတ်လန့်နေခြင်းမှ သက်သာရာ မရသေးချိန်တွင် အကိုင်းအခက်များနှင့် အရွက်ရှည်များသည် သူမ၏ခန္ဓာကိုယ်ကို ထုပ်ပိုးထားပြီး ဆေးပင်စိုက်ခင်းဆီသို့ ဆွဲခေါ်နေကြသည်။ သူမ၏ပူနွေးသော သွေးဖြင့် စွန်းထင်းသွားသော အကိုင်းအခက်များနှင့် အရွက်များကို ချက်ချင်းပြန်ဆုတ်သွားသည့် မီတာဝက်မြင့်သော အပင်မှလွဲ၍ ကျန်အပင်များမှ အကိုင်းအခက်များနှင့် အရွက်များက အထပ်ထပ်ရစ်ပတ်ထုပ်ပိုးထားသဖြင့် ကောက်ညှင်းထုပ်သဖွယ် ဖြစ်နေသော သူမကို ဆေးပင်စိုက်ခင်းထဲသို့ ဆွဲငင်လိုက်သည်။
"ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။"
ချန်း ရွှဲ့မေ၏စိတ်ထဲတွင် အကြောက်တရားသည် နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်လာသည်။ သူသည် လူသားစားအပင်များ၏မြင်ကွင်းအချို့နှင့် တီဗွီတွင် သူ ကြည့်ဖူးသည့် မွန်းစတားအပင်များကို ရုတ်တရက် သတိရသွားသည်။
ရုတ်တရက် လှပသောပန်းများနှင့် ချွန်ထက်သော ဆူးများဖြင့် ပြည့်နေသော အပင်တစ်ပင်သည် ချန်းရွှဲ့မေ၏ဦးခေါင်းကို ထိုးစိုက်လာသည်။ သွေးကျဲကျဲနှင့် ဦးနှောက်အရည်များ စီးဆင်းလာခြင်း မရှိသော်လည်း ချွန်ထက်သောဆူးသည် ချန်းရွှဲ့မေ၏ဦးခေါင်းခွံထဲသို့ ဝင်ရောက်ပြီးနောက် အစိမ်းရောင်စွမ်းအင်သည် သူ၏ဦးနှောက်တစ်ရှူးများကို လုံး၀ဖုံးအုပ်ထားသည့် လေလုံသော ပိုက်ကွန်ကို ချက်ချင်း တည်ဆောက်ခဲ့သည်။
“လူသားဦးနှောက်က … တကယ်ပဲ … ပျက်စီးလွယ်တယ်။”
ထိုးဖောက်ဝင်ရောက်လာသော အပင်၏အသိစိတ်သည် ချန်းရွှဲ့မေအား တုန်လှုပ်သွားစေသည်။ သူ၏မရီဒျာန်များထဲသို့ ထိုးဖောက်၀င်ရောက်နိုင်သော စိတ်ဝိညာဉ်ပင်လယ်ထဲသို့ များပြားလှသော စွမ်းအင်များ ပြည့်လျှံသွားကာ သူမ၏ခန္ဓာကိုယ်အတွင်းသို့ ခုခံနိုင်စွမ်းမရှိသော စွမ်းအားများဖြင့် စိမ့်ဝင်လာလေသည်။
စူးရှသော နာကျင်မှုသည် သူ့အား ရင်ခုန်သံ မြန်လာစေသည်။
နာကျင်မှုကြောင့် သူမ ရူးသွပ်သွားတော့မည့်အလား ခံစားနေရပေရာ ထိုအတိုင်းသာ ဆက်ဖြစ်နေပါက သူ၏ခန္ဓာကိုယ်သည် ပေါက်ကွဲသွားတော့မည်ကို မသိစိတ်ကပင် သိနေရပြီဖြစ်သည်။ သူ၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာသော များပြားလှသည့် စွမ်းအင်များ၏အရှိန်အဟုန်ကို ရပ်တန့်ရန် ကြိုးပမ်းခဲ့သော်လည်း မရခဲ့ပေ။
"ငါ တကယ် သေတော့မှာလား။"
ချန်းရွှဲ့မေသည် ထိုကဲ့သို့သော ကံကြမ္မာကို လက်မြှောက်ရန် ငြင်းဆန်ခဲ့သည်။ အကြောက်တရားသည် သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံနေသော်လည်း ဤနေရာတွင် သေရန်အတွက် သူ ငြင်းဆန်နေမိသည်။ သူ၏မစ်ရှင်ကို မပြီးမြောက်သေးသည့်အပြင် သူ ဂရုအစိုက်ဆုံးသူဖြစ်သည့် ညီမငယ်ကိုပင် မတွေ့ရသေးပေ။
ထိုအချိန်တွင် သူ၏နှလုံးသားအတွင်း၌ ပြင်းထန်သော ရဲစွမ်းသတ္တိများ ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်နေသော စွမ်းအင်များနှင့်အတူ စွမ်းအားကြီးသော အသိစိတ် ၀င်လာချိန်တွင် သူ၏အသိစိတ်က တိုက်ခိုက်လိုက်ပြီး အသိစိတ်နှစ်ခု ရောယှက်သွားသည်။ မူလက အသိစိတ်အချင်းချင်း ထိတွေ့မိသောအခါ ချန်းရွှဲ့မေ၏ အသိစိတ်သည် စောင့်ကြည့်ခြင်းခံနေရခဲ့သည်။ သို့သော် သူ၏သတ္တိကြောင့်လား သို့မဟုတ် သူသည် ဤကိုယ်ခန္ဓာ၏ပိုင်ရှင်အစစ်ဖြစ်ခြင်းကြောင့်လားမသိ … ထူးခြားသော စွမ်းအင်သည် သူ၏နှလုံးသားမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ရွှေရောင်စွမ်းအင်သည် အလွန်သေးငယ်သော်လည်း အတော်အားကောင်းပေသည်။
"နဂါးစိတ်၀ိညာဥ်သွေးဝိညာဉ်လား။ သောက်ကျိုးနည်း … ဒီသွေးမျိုးဆက်က ကမ္ဘာမြေပေါ် ဘယ်လို ပေါ်လာနိုင်တာလဲ။”
သူ၏ခန္ဓာကိုယ်ထဲသို့ ၀င်ရောက်နေသော အသိစိတ်သည် သက်ပြင်းချမိရင်း ရွှေရောင်စွမ်းအင်ကြောင့် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားတော့သည်။ ပုံရိပ်လွှာများသည် ရေပေါ်တွင် ပေါ်လောပေါ်နေသော ဘဲစားမြက်များကဲ့သို့ ချန်းရွှဲ့မေ၏ အသိစိတ်အာကာသထဲတွင် လွင့်ပျံ့နေသည်။
ချန်းရွှဲ့မေ၏အရှေ့မှ စိမ်းညို့သောအပင်သည် တဖြည်းဖြည်းချင်း သွေ့ခြောက်သွားသည်။ အပင်၏ ပွင့်လန်းသော ပန်းပွင့်များပင်လျှင် ပြာများအဖြစ်သို့ ဖြည်းညှင်းစွာ ပြောင်းလဲသွားပြီးနောက် လေနှင့်အတူ လွင့်ပျံ့သွားတော့သည်။
ထိုအချိန်တွင်ပင် ချန်းရွှဲ့မေ၏ ခန္ဓာကိုယ်တွင် ရစ်ပတ်ထားသော အပင်များအပါအဝင် ဆေးပင်စိုက်ခင်းအတွင်းမှ အပင်ပေါင်း ထောင်ပေါင်းများစွာသည် မီတာဒါဇင်ပေါင်းများစွာ အကွာအဝေးသို့ ကြောက်ရွံ့စွာ ပြေးသွားကြသည်။ အဝေးသို့ ပုန်းရှောင်နေကြရင်း စိမ်းမှောင်သော အစိမ်းရောင် အလွှာတစ်ခုဖြင့် တဖြည်းဖြည်း ဖုံးလွှမ်းနေကာ နောက်ဆုံးတွင် ဘဲဥပုံ အစိမ်းရောင် အလင်းပိုးအိမ် ဖြစ်ပေါ်လာသည့် သူမ၏ခန္ဓာကိုယ်ကို ကြည့်နေကြသည်။
အကြွင်းအကျန်၏အခြားအခန်းတစ်ခုအတွင်း…
အမေရိကန်နှင့်ပြင်သစ်တို့မှ ကျွမ်းကျင်သူများသည် စွမ်းအင်သလင်းကျောက်တစ်စု၏အရှေ့တွင် အချင်းချင်း ထိပ်တိုက်တွေ့နေကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်တွင် သွေးများ၊ အမာရွတ်များနှင့် ဒဏ်ရာများ ရှိနေသော်လည်း ၎င်းတို့၏ အသက်အန္တရာယ်မှာ စိုးရိမ်စရာမရှိသလို အီတလီကျွမ်းကျင်သူများ၏ ရုပ်အလောင်းလေးလောင်းမှာ အနီးတွင် လဲလျောင်းနေလျက် ရှိသည်။
"မင်း ငါ့ရဲ့အစွမ်းသတ္တိကို ရှင်းရှင်းလင်းလင်း သိတယ်မလား အယ်လန်တီ။ ငါတို့ တကယ် တိုက်ပွဲဝင်ရမယ်ဆိုရင် အောင်နိုင်သူဖြစ်လာမယ့်သူဟာ ငါတို့ပဲ ဖြစ်လိမ့်မယ်။ မင်းအသက်ရှင်ချင်တယ်ဆိုရင် ဒါမှမဟုတ် နောက်မှ ငါတို့ကို အပြစ်မတင်စေချင်ရင် ငါတို့လမ်းကြောင်းကနေက ထွက်သွားလိုက်။” ရက်စက်သောမျက်နှာဖြင့် သတ်ဖြတ်လိုစိတ် ရှိနေသော အမေရိကန်အသင်းခေါင်းဆောင် ဆိုရော့ဒ်က ပြောလိုက်သည်။
သတ်ဖြတ်လိုစိတ်သည် အယ်လန်တီ၏မျက်နှာကို ဖုံးလွှမ်းထားသည်။ သူ့ဓားရှည်ထိပ်ဖျားတွင် သွေးများ စိုရွှဲနေစေလျက် အသံ၀ါကြီးဖြင့် ပြန်ပြောသည်။
“ငါတို့ငါးယောက် မင်းကို ၀ိုင်းထားခဲ့ရင် တကယ်ပဲ ဒီစွမ်းအင်ပုံဆောင်ခဲတွေကို မင်း ရနိုင်မယ်ထင်သေးလား။ ငါတို့အသက်ကို လောင်ကျွမ်းစေပြီး မင်းကို သေတဲ့အထိတိုက်ခိုက်ရင် မင်းအသက်ရှင်နိုင်ဦးမယ်လို့ ထင်လား။ ဒီစွမ်းအင်ပုံဆောင်ခဲထက်ဝက်က ငါတို့ဥစ္စာတွေ။ ငါတို့က မင်းနဲ့ခွဲလို့ရတယ် ဒါမှမဟုတ် တခြားနိုင်ငံတွေကို အကျိုးရှိအောင်လုပ်လို့ရတယ်။"
ဆိုရော့ဒ်၏မျက်လုံးထောင့်သည် အကြိမ်အနည်းငယ် လှုပ်ယမ်းသွားသည်။ သည်ဟာသည် အစကတည်းက သူ အစိုးရိမ်ဆုံး ဖြစ်နေသော ကိစ္စဖြစ်သည်။ ပြင်သစ်အသင်း၏အယ်လန်တီနှင့် သူ၏ရဲဘော်လေးယောက်ကို လုံးလုံးချေမှုန်းနိုင်မည်ဟု သူယုံကြည်ထားသော်လည်း သူ၏အဖွဲ့သည်လည်း ဆုံးရှုံးမှု ကြီးမားလိမ့်မည်။ သူတို့သုံးယောက် အသက်ရှင်နေသေးရင်ပင် အရမ်းကောင်းနေပြီ ဖြစ်သည်။
အကယ်၍ အခြေအနေသည် အမှန်တကယ် ဆိုးရွားသွားပြီး အခြားနိုင်ငံများ၏ကျွမ်းကျင်သူများ ပေါ်လာပါက တတိယအဖွဲ့သည် တိုက်ခိုက်နေကြသော ပထမအဖွဲ့နှစ်ခုကို မျိုချမည်ဟူသော ရှေးဆိုရိုးစကားအား အမှန်တကယ် ပြည့်စုံသွားစေပေလိမ့်မည်။
သို့သော် အမေရိကန်သည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ ကျော်ကြားပြီး နာမည်တစ်ခုနှင့်နေသောကြောင့် ဆိုရော့ဒ်သည်လည်း သည်းမခံနိုင်ပေ။ အမေရိကန်စွမ်းအားရှင်များအဖွဲ့ရှိ သူ၏ဂုဏ်ပုဒ်သည် ထောင်နှင့်ချီသောလူများထက် သာလွန်သူဖြစ်ပြီး လူတစ်ဦး၏အောက်တွင်သာရှိသည်။ သူ၏ဂုဏ်ပုဒ်သည် သီးသန့်ဆန်လွန်းပြီး တိုင်းပြည်တစ်ခုလုံးတွင် သီးခြားဆန်လွန်းလှသည်။ ထို့ကြောင့် ရှင်းရှင်းပြောရမည်ဆိုပါက ပြင်သစ်လူမျိုးများ အဆိုပြုထားသည့် ၀ေစုတစ်ဝက်စီခွဲထားခြင်းသည် သူ့အတွက် အရှက်ရစေသောအရာပင်။
ဆိုရော့ဒ်က အသက်ပြင်းပြင်း တစ်ချက်ရှူပြီး “တစ်ခြမ်းခွဲဖို့ဆိုတာတော့ လုံးဝမဖြစ်နိုင်ဘူး။ မင်း ဆယ်ပုံသုံးပုံလောက်ယူရင် ငါ အဆင်ပြေတယ်။ ဒါပေမယ့် မင်း မကျေနပ်ရင် ထားလိုက်ပေါ့။ ငါတို့မင်းကိုသတ်ပြီးရင် ဒီစွမ်းအင်ကျောက်တွေကို ချက်ချင်း သယ်သွားဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်။ငါတို့ကတော့ တခြားရတနာတွေအတွက် ပြိုင်ဖို့ ပြန်သွားမယ်။”
အယ်လန်တီသည် အသက်ပြင်းပြင်းတစ်ချက်ရှူပြီး ၎င်း၏အပြင်းထန်ဆုံးထိုးနှက်ချက်ကို စတင်ရန်အတွက် ဝှက်ဖဲကို အသုံးပြုရန် တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။ ထိုသောက်ကျိုးနည်း အမေရိကန်လူမျိုးတွေကို သူ ဘာလုပ်နိုင်သည်ကို ပြသရန် ဆုံးဖြတ်ထားသည်။ ထို့နောက် ဤစွမ်းအင်ကျောက်များကို နောက်ပိုင်းတွင် သူ ပြန်လည်ခွဲ၀ေမည်ဖြစ်သည်။
"အလင်းမိုးကြိုးဟိန်းသံ…"
အယ်လန်တီသည် ချက်ချင်းပင် သူ့အင်္ကျီလက်များထဲမှ သတ္တုဝိုင်းစက်လုံးတစ်ခုကို ထုတ်ယူလိုက်သည်။ အလင်းရောင်ကွင်းများ ပေါ်လာသည်နှင့်အမျှ ဆိုရော့ဒ်တို့ငါးယောက်အဖွဲ့ဆီသို့ လျှပ်စီးအလင်းတန်းများ ပစ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် အခြားလေးဦးသည်လည်း ၎င်းတို့၏အပြင်းထန်ဆုံး တိုက်ခိုက်မှုကို ထုတ်လွှတ်လိုက်သည်။ လူငါးဦးသည် အရှိန်အဟုန်ကြီးမားစွာဖြင့် အမေရိကန်ငါးဦးဆီသို့ မုန်တိုင်းတိုက်သည့်အလား အစွမ်းရှိသမျှ ပြသခဲ့သည်။
"ခွေးမသားတွေ…"
ဆိုရော့ဒ်၏မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားသည်။ ထိုသို့သော သဘောထားကွဲလွဲမှု အနည်းငယ်ကြောင့် အယ်လန်တီတို့ ငါးယောက်အဖွဲ့သည် ၎င်းတို့ကို တန်းတိုက်ခိုက်လိမ့်မည်ဟု မထင်ခဲ့မိချေ။ ဒါတွေအားလုံးထက်ပိုသည်က အယ်လန်တီတွင် သည်ကဲ့သို့ အစွမ်းထက်သော အထူးစွမ်းရည် ရှိနေခြင်းပင်။ ရာနှင့်ချီသော လျှပ်စီးအလင်းတန်းများသည် တခဏအတွင်း ဖြစ်ပေါ်လာရာ သူ လုံးဝ မတားနိုင်လောက်အောင်ပင်တည်း။
“ဖယ်စမ်း…”
သူ၏ကြုံး၀ါးသံနှင့်အတူ မီးလျှံအလွှာများသည် ချက်ချင်းဆိုသလိုပင် မီးနံရံတစ်ခုအဖြစ် ဖွဲ့စည်းကာ လျှပ်စီးအလင်းတန်းကို တားဆီးရန် အပြင်းအထန် ကြိုးစားနေသည်။ သို့တိုင် မီးနံရံကို ရိုက်ခတ်သော အလင်းတန်းမိုးကြိုးတစ်ခုစီသည် ဆိုရော့ဒ်၏ ခန္ဓာကိုယ်ကို တုန်ရီသွားစေသည်။ ရာနှင့်ချီသော လျှပ်စီးအလင်းမိုးကြိုးများသည် မီးနံရံကို ထိမှန်သောအခါ ဒါဇင်ထက်မကသော ပစ်ခတ်မှုများသည် နံရံကို ထိုးဖောက်ဝင်ရောက်လာပြီး ဆိုရော့ဒ်၏ခန္ဓာကိုယ်သည် ပြင်းထန်စွာ ယိမ်းထိုးသွားရပြီး သူ့အား ဘေးဘက်သို့ တရွတ်တိုက် ယိမ်းထိုးသွားစေသည်။
"မင်းတို့ အကာအကွယ်ယူထားကြ…"
ရွှေရောင်ဆံပင်နှင့် ချောမောသော မျက်နှာဖြူလူငယ်တစ်ဦး၏အမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။ သူသည် ချက်ချင်းပင် အရှေ့တွင် သတ္တုနံရံများစွာကို ပြုလုပ်လိုက်ပြီး မီးနံရံမှ ပိတ်ဆို့နိုင်ခြင်းမရှိသော အလင်းမိုးကြိုးများကို ချက်ချင်း ပိတ်ဆို့လိုက်သည်။
သို့သော်လည်း ကျန်လူလေးဦး၏အထူးစွမ်းရည်များ တိုက်ခိုက်မှုများ ရောက်လာသည်။ သတ္တုနံရံများသည် ခိုင်ခံ့သော်လည်း ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုများက သတ္တုနံရံကို ထိုးဖောက်ဝင်ရောက်ကာ မျက်နှာဖြူလူရွယ်၏ ရင်ဘတ်ကို ပေါက်ကွဲသွားစေသည်။
"ဇီကီ … (ဇီကီ…)"
ဆိုရော့ဒ်အပါအ၀င် အမေရိကန်အဖွဲ့မှ လူလေးဦးသည် အော်ဟစ်ပြီးနောက် ထိုလူရွယ်၏အရှေ့သို့ ပြေးသွားကာ ပြင်းထန်သော တိုက်ခိုက်မှုများကို ခုခံကာကွယ်ရန် အင်အားစုများ ပူးပေါင်းခဲ့ကြသည်။ ကံမကောင်းစွာဖြင့် ရန်သူ၏တိုက်ခိုက်မှုသည် ဤမျှအစွမ်းထက်သည်ဟု မမျှော်လင့်ထားသော ဇီကီဟုခေါ်သော လူရွယ်လေး၏တစ်ကိုယ်လုံး လျှပ်စီးကြောင်းကြောင့် မည်းနေပြီး ရင်ဘတ်တွင်လည်း လူကြီးတစ်ယောက်၏လက်သီးဆုပ်အရွယ် အပေါက်တစ်ခု ရှိသွားခဲ့သည်။ ထိုလူရွယ်လေးတွင် အသက်အချို့ရှိနေရင်တောင်မှ ကြာကြာမခံတော့ပါချေ။
အယ်လန်တီ၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် အရောင်လက်သွားသည်။ ယခုအကြိမ်သည် စွမ်းအားမြှင့်ခြင်းကို ဒုတိယအကြိမ် အသုံးပြုခြင်း ဖြစ်သော်လည်း ရလဒ်သည် ဤမျှကြီးမားမည်ဟု သူ အနည်းငယ်မျှ မထင်ခဲ့မိပေ။ အမေရိကန်အချို့ကို ဒဏ်ရာရစေခဲ့ပါက ကြီးကျယ်သော အောင်မြင်မှုတစ်ခု ဖြစ်နေပြီဟု မူလက သူ ထင်ခဲ့သည်။ သူသည် အမေရိကန်ဒြပ်စင်ပညာရှင်များထဲမှ တစ်ဦးကို တိုက်ရိုက်သုတ်သင်နိုင်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
“မင်းက ဒါကို တောင်းဆိုတာနော်ဆိုရော့ဒ်။ ဟားဟားဟား … ငါ့မှာ စွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ အရာတစ်ခု ရှိတယ်။ ဒါကြောင့် ငါ့ရဲ့ထိုးနှက်ချက်တိုင်းရဲ့ စွမ်းအားက အရမ်းကြီးမားလို့ စိတ်ကူးလို့ မရနိုင်လောက်ဘူး။ နောက်တစ်ကြိမ် ငါ့ရဲ့တိုက်ခိုက်မှုက မင်းကို သတ်နိုင်တဲ့အထိ ပိုပြီးတောင် ပြင်းထန်နိုင်တယ်။"
အလွန်ရုပ်ဆိုးစွာသောမျက်နှာဖြင့် ဆိုရော့ဒ်သည် အယ်လန်တီ၏လက်ထဲတွင် ကိုင်ထားသော စက်လုံးပုံသဏ္ဍာန်အရာဝတ္တုကို စိုက်ကြည့်နေသည်။ သူက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး
"ငါတို့ စွမ်းအင်ကျောက်တွေကို တစ်ဝက်စီ ခွဲဝေမယ်။ ဒါပေမယ့် ဒီအမုန်းတရားကို ငါတို့ သတိရနေမယ်။ မင်း သဘောတူပါက ဒါတွေကို စပြီး အညီအမျှ ခွဲဝေလိုက်။ သဘောမတူရင် နောက်တစ်ကြိမ် ပြန်ပြီးတိုက်ခိုက်ကြတာပေါ့။ မင်းမှာ ဒီလိုရတနာတွေ ရှိရင်တောင် မင်းတို့အားလုံးကို သတ်ပစ်ဖို့ ငါ့မှာ ယုံကြည်ချက် ရှိသေးတယ်။"
“ဒီ…”
အယ်လန်တီ ချီတုံချတုံ ဖြစ်သွားပြီးနောက် ခေါင်းညိတ်ပြီး
“ငါ လက်ခံတယ်။ တခြားနိုင်ငံတွေက ငါတို့ဆီက အမြတ်မထုတ်စေရဘူး။”
အမှန်တကယ်တွင် သူ၏စွမ်းအားမြှင့်တင်ပေးနိုင်သော အရာအား တစ်ကြိမ်လျှင် တစ်ခါသာ အသုံးပြုနိုင်မည် ဖြစ်ပြီး ၎င်းကို အသုံးပြုပြီးနောက် စွမ်းအင် သိုလှောင်ရန် အချိန်အကြာကြီး လိုအပ်သည်။ ဥပမာအားဖြင့် လျှပ်စီးကြောင်းကို ထိန်းကျောင်းရန် သူ၏ အထူးစွမ်းရည်ဖြင့် လျှပ်စီးကြောင်းပေါင်း ရာပေါင်းများစွာကို တစ်ကြိမ်တည်း မထုတ်နိုင်မီတွင် အလွန်ကြီးမားသော လျှပ်စစ်စွမ်းအင်ကို ထိုအရာထဲတွင် သိမ်းဆည်းရန် လပေါင်းများစွာ အချိန်ယူရပေမည်။
အခြားတစ်နေရာတွင် ပင်မကွန်ပျူတာ၏ခန်းမအတွင်း ထန်ရှုသည် ချန်းရွှဲ့မေ၊ အမေရိကန်နှင့် ပြင်သစ်အသင်းများ ဖြစ်ပျက်ခဲ့သည်များကို ရောင်ပြန်နည်းပညာ စောင့်ကြည့်မှုမှတစ်ဆင့် ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ချန်းရွှဲ့မေ ထိုမတော်တဆမှုကို ကြုံတွေ့ရသောအခါတွင် သူမကို ကယ်တင်ချင်သော်လည်း သူမသည် အဆိုးရွားဆုံးအချိန်ထဲသို့ ကျရောက်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားမိပေ။ အတောင်ပံပါရှိလျှင်ပင် ထိုနေရာကို အပြေးအလွှားသွားရန် နောက်ကျနေပြီ ဖြစ်သည်။ သူ့အား သက်တောင့်သက်သာ ဖြစ်စေသည့် အရာမှာ ချန်းရွှဲ့မေသည် အသက်အန္တရာယ် မဖြစ်ခဲ့ရုံသာမက သူမသည် ကြီးမားသော ကံကြမ္မာ ကြုံဆုံမှုကိုပင် ကြုံတွေ့ခဲ့ရပုံရသည်။
"သူဌေး … ဒီအမေရိကန်က အမြင်ကတ်စရာ ကောင်းတယ်။"
ထန်ရှုအနားတွင် ရပ်နေသော ကု၀ါကိုယာမာမိုတိုသည် ဆိုရော့ဒ်ကို ကြည့်လိုက်စဥ် သူမ၏မျက်လုံးများတွင် စက်ဆုပ်နေသော အရိပ်အယောင် ရှိနေသည်။ သူမသည် အကျင့်မကောင်းသော ဤလူကို သိနေသည်။
ထန်ရှုကိုယ်တိုင်က ထိုအမေရိကန်လူရွယ်ကို အထင်မကြီးပေ။ ကူဝါကို၏စကားကို ကြားသောအခါ တွေးတွေးဆဆဖြင့် သူ ဆိုလိုက်သည်။
“ဒီနေရညမှာ အမေရိကန်တွေအားလုံးကို သတ်လိုက်မယ်ဆိုရင် ပြင်သစ်အသင်းရောပဲ ထားခဲ့လို့မရဘူး။ အခုတော့ အကြွင်းအကျန်တစ်ခုလုံးရဲ့ စွမ်းအားစနစ်ကို အပြည့်အဝ ထိန်းချုပ်ထားနိုင်တော့ ပုရွက်ဆိတ်ကို သတ်တာထက် သူတို့ကို ဖယ်ရှားရတာ ပိုလွယ်ပါတယ်။”
သူသည် မှတ်ဉာဏ်အမွေအနှစ်ကို ရရှိထားပြီးဖြစ်သောကြောင့် ဤအကြွင်းအကျန်နေရာရှိ လက်နက်စနစ်အား ထိန်းချုပ်ခြယ်လှယ်ရန် လှမ်းခေါ်လိုက်ရုံပင်။ ပင်မကွန်ပျူတာမှတဆင့် အကြွငးအကျန်တစ်ခုလုံးရှိ မြင်ကွင်းအားလုံးကိုပင် ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။
ဝမ်းသာအံ့အားသင့်သည့် အမူအရာဖြင့် ကု၀ါကိုက "ကောင်းပြီ … ရန်သူတွေ နည်းလေလေ … ငါတို့ များများရလေလေလို့ မထင်မိဘူးလား သူဌေး။"