ကြီးမားသောလုပ်ဆောင်မှုတစ်ခု
Vol. 58 Ch. 809
ထန်ရှု၏လက်ထဲတွင် နတ်ဆိုးမီးတောက်များ ပေါ်လာသည်နှင့် လွန်ကဲသော အပူချိန်သည် ဆေးစိုက်ခင်းတစ်ခုလုံးတွင် အပူလှိုင်းအလွှာများ ချက်ချင်း ဖြစ်ပေါ်စေသည်။ ထန်ရှု၏လက်ထဲရှိ နတ်ဆိုးမီးတောက်များ ပေါ်လာသည့်အချိန်တွင် ဆေးပင်စိုက်ခင်းရှိ ထောင်သောင်းမကသော အာရုံခံစားနိုင်သည့်အပင်များသည် ကြောက်မက်ဖွယ်အဆိုးဆုံးအရာကို မြင်လိုက်ရသည့်အလား ရှောင်ပြေးသွားကြသည်။
"စိတ်ဝင်စားစရာကောင်းတဲ့ မြင်ကွင်းတစ်ခုပဲ…"
ကြောက်စိတ်ပြင်းထန်သော အတွေးစိတ်လှိုင်း အတက်အကျများကို သူ့ထံ မပေးပို့လာကြသော်လည်း ရှင်းရှင်းလင်းလင်း သူ ခံစားနိုင်ပေသည်။ သူတို့ကို အပြည့်အဝ ခြိမ်းခြောက်ရန်အတွက် ထန်ရှုက လှောင်ပြုံးပြုံးလိုက်ပြီး
“ဒီအကြွင်းအကျန်နေရာထဲက လက်နက်စနစ်က ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာ လုံး၀ရှိတယ်။ လေဆာအမြောက်နဲ့ အက်ဆစ်အဆိပ်ကို သုံးဖို့ပဲလိုတယ်။ မင်းတို့အားလုံးကို သတ်ဖို့ဆိုတာ အရမ်းလွယ်တယ်။
“ဒါ့အပြင် မင်းတို့တွေက ငါ့ရဲ့အရင်းအမြစ်တွေကို ဖြုန်းတီးဖို့ မထိုက်တန်ဘူးလို့ ငါ ထင်ရင် လက်နက်စနစ်ကိုတောင် သုံးဖို့မလိုဘူး။ ဒီစိုက်ခင်းထဲက အလင်းရောင်ပေးတဲ့ကိရိယာကို ပိတ်ရုံ၊ အာဟာရဓာတ် ထုတ်ပေးတဲ့ ကိရိယာကို ဖျက်ဆီးပြီး မင်းတို့တွေ စွမ်းအင်ကို အဆက်မပြတ် ပြုလုပ်ဖို့ အာဟာရ ထုတ်ယူနေတဲ့ ပိုက်ကို လုံးဝဖြတ်ပစ်ရုံပဲ လိုတယ်။ မင်းတို့ တဖြည်းဖြည်း ညှိုးနွမ်းသွားမှာပဲ။ မင်းတို့ရဲ့ရှင်သန်မှုအတွက် ဖြစ်နိုင်ခြေမှန်သမျှကို ငါ ဖြတ်ပစ်မယ်။”
ထန်ရှု၏အသံ တိုးတိတ်သွားသည့်အခိုက်တွင် ကြောက်ရွံ့ထိတ်လန့်မှုများနှင့် ပြည့်နှက်နေသော မရေမတွက်နိုင်သော စိတ်ခံစားမှုလှိုင်းများ ရောက်ရှိလာပြီး ကြောက်မက်ဖွယ်ရာ အတွေးများနှင့် အော်ဟစ်သံများပါ ပါလာခဲ့သည်။
"အညံ့ခံပါတယ်။ ငါတို့ လိုလိုလားလား အညံ့ခံပါတယ်။"
“သနားပါ။ ငါတို့က မင်းကို ငါတို့ရဲ့ အရှင်သခင်အဖြစ် ထမ်းဆောင်ဖို့ ဆန္ဒရှိပါတယ်။”
"ကျေးဇူးပြုပြီး ငါတို့ကို မသတ်ပါနဲ့။"
"ငါတို့ ဒုတိယရွေးချယ်မှုကို ရွေးပါတယ်။"
“…”
ထန်ရှု ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူလုပ်ခဲ့သည်က အတင်းအကြပ် သွေးဆောင်ခြင်းပင်။ ယခု သူသည် ထိုအရာတို့ကို ခြိမ်းခြောက်ပြီးဖြစ်ရာ သူပေးနိုင်သော အကျိုးကျေးဇူးဖြင့် နူးညံ့ဖော်ရွေစွာ ဆက်ဆံရမည့်အလှည့် ဖြစ်သည်။
“ငါ မင်းတို့ကို ရှင်းရှင်းလင်းလင်း ပြောပြလို့ရတယ်။ မင်းတို့ ငါ့ကို အညံ့ခံဖို့ ရွေးချယ်ခဲ့တယ်ဆိုတော့ မင်းတို့ကို အင်မော်တယ်ကျင့်စဥ်အချို့ ငါ သင်ပေးနိုင်တဲ့အတွက် ဆိုးကျိုးမရှိပဲ မင်းတို့ကို အကျိုးရှိစေလိမ့်မယ်။ မင်းတို့ရဲ့ပုံစံကို ပြောင်းလဲနိုင်ရုံသာမက အနာဂတ်မှာ ကောင်းကင်အောက်က ပြိုင်ဖက်ကင်းမှော်အစွမ်းတွေ ပိုင်ဆိုင်ဖို့ အခွင့်အလမ်း မြင့်မားလာမယ်။”
အင်မော်တယ်ကျင့်စဥ်တွေ … ပုံစံပြောင်းလဲခြင်းကျင့်စဥ်တွေလား …
ထိုအချိန်တွင် သောင်းချီသော အပင်များသည် လုံး၀ကို တိတ်ဆိတ်ငြိမ်သက်သွားပြီး သူတို့၏အထူးနည်းလမ်းများဖြင့် 'ထန်ရှု' ကို ကြည့်ရှုလာကြသည်။ သူတို့သည် အာရုံခံစားနိုင်ပြီး အသိဥာဏ်ရှိသော အရာများ ဖြစ်လာသော်လည်း အင်မော်တယ်ကျင့်စဥ်များကို မသိခဲ့ကြပေ။ အင်မော်တယ်ကျင့်စဥ်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုမှန်း သိနိုင်လောက်သည့် ဥာဏ်ရည် မမြင့်မားခဲ့သည်မှာ ကြာလှချေပြီ။
သို့သော်လည်း တောက်ပနွယ်ပင် ရုတ်တရက် လာရောက်လည်ပတ်လာပြီး လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ၎င်းတို့နှင့် ဖလှယ်မှုအချို့ ပြုလုပ်ခဲ့ရာမှ ၎င်းတို့သည် အင်မော်တယ်ကျင့်စဥ်၏ အဓိပ္ပါယ်ကို သိရှိလာခဲ့ကြသည်။
သူတို့၏အမြင်အရ တောက်ပနွယ်ပင်သည် လွန်ကဲသော တည်ရှိမှုဖြစ်ပြီး သူ့တွင် သိမ်းဆည်းထားသော စွမ်းအင်သည် သူတို့ထက် ဆယ်ဆနီးပါး ပိုမိုပြင်းထန်ပေသည်။ သို့သော် ထိုတောက်ပနွယ်ပင်သည်ပင် အလွန်အဖိုးတန်သည့်အရာဟု အဓိပ္ပာယ်ရှိသော ထိုအင်မော်တယ်ကျင့်စဥ်ကို ရရှိရန် စိတ်အားထက်သန်စွာ တောင့်တနေဆဲဖြစ်သည်။
ထန်ရှုထံမှ ပြင်းထန်သော အော်ရာတစ်ခု ထုတ်လွှတ်လိုက်ပြီး
"မင်းတို့ရဲ့စွမ်းအင်အမြုတေကို ငါ ချိပ်ပိတ်စည်း ထားရမှာမို့လို့ မင်းတို့ရဲ့စွမ်းအင်အမြုတေကို လွှတ်လိုက်ပါ။ မင်းတို့ရဲ့စွမ်းအင်အမြုတေကို ချိပ်ပိတ်စည်း ခတ်ပြီးတာနဲ့ မင်းတို့ရဲ့အသက်က ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာရှိမှာဖြစ်လို့ ငါ့ကို သစ္စာဖောက်ရဲတဲ့သူက အတွေးတစ်ချက်နဲ့တင် သေရလိမ့်မယ်။”
ဝှစ် … ဝှစ် … ဝှစ် …
စွမ်းအင်အမြုတေများသည် ဤအာရုံခံစားနိုင်သော အပင်များမှ တဖျတ်ဖျတ် ပေါ်ထွက်လာသည်။ စွမ်းအင်အမြုတေများသည် များပြားပြီး သိပ်သည်းသော စွမ်းအင်များဖြင့် ပြည့်နေသောကြောင့် ဤနေရာအတွင်း တုန်လှုပ်ချောက်ချားမှုကို ဖြစ်ပေါ်စေသည်။
ထန်ရှုသည် သူ၏စိတ်၀ိညာဥ်အာရုံအား အသုံးပြုကာ ပတ်ဝန်းကျင်ကို လွှမ်းခြုံလိုက်ရာ ချက်ချင်းပင် တုန်လှုပ်သွားရသည်။ ထိုအရာများကို ရေတွက်ပြီးနောက် သူ့ဆီသို့ ပျံသန်းလာသော စွမ်းအင်အမြုတေသည် စုစုပေါင်း ၃၅,၆၈၀ ရှိလေရာ ထိုအချင်းအရာက သူ့ကို အနည်းငယ် တုံ့ဆိုင်းသွားစေပြီး သူ၏ရင်ခုန်သံအား မြန်ဆန်သွားစေရသည်။ အကယ်၍ အာရုံခံစားနိုင်သော အပင်များသာ သူ့အား တိုက်ခိုက်ရန်အတွက် ၎င်းတို့၏စွမ်းအင်အမြုတေများကို အသုံးပြုခဲ့မည်ဆိုပါက သူသည် ချက်ချင်းပင် လွင့်စင်သွားကာ သေဆုံးသွားပေမည်။ သည်အရာများအားလုံးသည် နှစ်တစ်သန်းကြာ နေထိုင်ခဲ့ပြီးသော ထူးဆန်းသောအရာများ ဖြစ်ကြပေသည်။
ချိတ်ပိတ်ခြင်းပညာရပ် …
ထန်ရှုသည် အချိန်မဖြုန်းတီးတော့ဘဲ ထိုစွမ်းအင်အမြုတေများအပေါ် ချိပ်ပိတ်စည်း ပြုလုပ်လိုက်သည်။ သို့သော် စုစုပေါင်း ၃၅,၆၈၀ အရေအတွက်သည် သူ့အတွက် ကြီးမားသော လုပ်ငန်းစဥ်တစ်ခုသာတည်း။
အကြွင်းအကျန်နေရာရှိ အခြားကျယ်ဝန်းသော ခန်းမအတွင်း…
တရုတ်လူမျိုးစွမ်းရည်အသုံးပြုသူလေးဦးသည် များပြားစွာသော အကျိုးကျေးဇူးများ အပြည့်အဝ ရရှိခဲ့သည်။ သူတို့တစ်ဦးစီသည် ပေါ့ပါးသော ခံစားချက်ဖြင့် လက်နက်များအပြည့်ထည့်ထားသော စစ်သုံးအိတ်တစ်လုံးစီကို သယ်ဆောင်လာသည့်အပြင် လက်နက်အမျိုးအစား အမျိုးမျိုးကို ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင်ပင် ချိတ်ဆွဲထားသေးသည်။ ကျူးလုံ၊ မီးနတ်ဆိုးနှင့် လျှပ်စီးမိန်းကလေးတို့သည် နားရွက်ချိတ်မတတ် ပြုံးနေကြပြီး စကားနည်းသော ရေမိန်းကလေးပင်လျှင် အပြုံးသဲ့သဲ့ ရှိနေလေသည်။
"ထန်ရှုတစ်ယောက် ဘယ်လိုနေလဲမသိဘူး။ ငါတို့တွေတော့ အကြွင်းအကျန်ထဲ ဝင်လိုက်တာနဲ့ အန္တရာယ်တွေ အများကြီး ကြုံခဲ့ရသလို ရှေ့မှာလည်း ပိုတွေ့နိုင်တယ်။ ဒါပေမယ့် သူ အဆင်ပြေလောက်မယ်လို့တော့ ငါ ထင်တယ်။"
ခန်းမထဲသို့ ဝင်လာရင်း ကျူးလုံက ပြုံးကာ ဆိုသည်။
"အာ … သူ့ဘာသာ ခွဲထွက်သွားတာပဲလေ ခေါင်းဆောင်ကျူးလုံ။ အဲ့ဒီထန်မျိုးရိုးလူက ငါတို့အဖွဲ့ထဲ ၀င်တယ်ဆိုပေမယ့် ငါတို့နဲ့သူက တစ်လှေတည်းစီး တခရီးတည်းသွားတာမှ မဟုတ်ဘဲ။ သူ သေသေရှင်ရှင် ငါတို့နဲ့မဆိုင်တော့ဘူးလေဗျာ။ သူ့အတွက် စိတ်ပူနေစရာ မလိုပါဘူး။”
"မီးနတ်ဆိုးပြောတာ အဓိပ္ပါယ်ရှိတယ်လို့ ကျွန်မ ထင်တယ်။ ဒါပေမယ့် သူ အသက်ရှင်နိုင်မယ်လို့ ကျွန်မ မျှော်လင့်နေတုန်းပါပဲ။ အနည်းဆုံးတော့ သူက အရမ်းချောပြီး ကျွန်မအကြိုက်ပဲ။ သူသာ ဒီမှာသေသွားရင် အတော် ၀မ်းနည်းစရာ ကောင်းရလိမ့်မယ်။”
လျှပ်စီးမိန်းကလေးက ပြုံးကာ ၀င်ပြောလိုက်သည်။
ရေမိန်းကလေး၏မျက်နှာပေါ်ရှိ အပြုံးသည် မှေးမှိန်သွားကာ မီးနတ်ဆိုးနှင့် လျှပ်စီးမိန်းကလေးတို့ကို အေးစက်စွာ စိုက်ကြည့်ရင်း
"ထန်ရှုသာ ငါတို့နဲ့အတူ မရှိခဲ့ရင် ဒီလောက်များပြားတဲ့ ရိတ်သိမ်းမှုမျိုး ဘယ်တော့မှ မရဘူးဆိုတာ နင်တို့ မမေ့နဲ့။ အစောပိုင်းအခက်အခဲမှာပဲ ငါတို့ သေသွားနိုင်တယ်။”
“ဟမ့် … ကိုယ့်ကိုကိုယ် နှိမ့်ချပြီး သူ့ကို ပင့်ထားဖို့ မလိုပါဘူး ရေမိန်းကလေး။ သူ မရှိဘဲ ငါတို့ လုံလုံခြုံခြုံ မ၀င်နိုင်ဘူးလို့ ဘယ်သူပြောလဲ။"
မီးနတ်ဆိုးက မထီလေးစားစွာ ပြောလိုက်သည်။
"ထန်ရှုသာ ငါတို့နဲ့မခဲ့ရှိရင် အပြင်ဘက်လမ်းကြောင်းမှာ ရှိတဲ့ စက်ရုပ်တွေကို အလွယ်တကူ နင် ဖျက်နိုင်လား။ ရုပ်တုခန်းမထဲက ဝင်္ကပါပုံစံကို ချောချောမွေ့မွေ့ ဖြတ်သန်းပြီး သူ မပါဘဲ တံခါးကို နင် ဖွင့်နိုင်လား။ သူမပါဘဲ အခြားနိုင်ငံတွေက စွမ်းရည်အသုံးပြုသူတွေနဲ့ တိုက်ခိုက်ဖို့ မလိုအပ်ဘူးဆိုတာ နင် သေချာလား။ ဒါမှမဟုတ် ငါတို့က သူတို့နဲ့ တိုက်ခိုက်ရမယ်ဆိုရင် ငါတို့အားလုံး ရှင်သန်နေဖို့ သေချာပါ့မလား။” ရေမိန်းကလေးက ဆက်တိုက်မေးခွန်းထုတ်လိုက်သည်။
ရေမိန်းကလေးက မီးနတ်ဆိုးကို ထက်ရှသော မေးခွန်းများနှင့် ပစ်ပေါက်လိုက်ရာ မီးနတ်ဆိုးတစ်ယောက် ပြောစရာစကားမဲ့သွားရလေပြီ။ သူ့မျက်နှာသည် အနည်းငယ် ရုပ်ဆိုးသွားရပြီး တစ်ဖက်သို့ လှည့်လိုက်ကာ စကားဆက်မပြောတော့ပေ။
ကျူးလုံသည် မျက်ခုံးပင့်လိုက်မိသည်။ ထန်ရှု အဖွဲ့ထဲမှ ထွက်ခွာသွားခြင်းကြောင့် အနည်းငယ် မကျေမနပ် ဖြစ်မိသော်လည်း သူ့အပေါ်ထားရှိသော သူ၏သဘောထားသည် များစွာ ပြောင်းလဲသွားခဲ့သည်။ ရေမိန်းကလေး၏ထောက်ပြချက်များသည် သံသယ မရှိလောက် မှန်ကန်ပြီး သူပင် မငြင်းနိုင်ပေ။ ထို့နောက် သူ၏အတွေးကို ပြောလိုက်သည်။
“မင်းတို့နှစ်ယောက် တော်ကြတော့။ ထန်ရှုက ငါတို့တရုတ်လူမျိုးရဲဘော်ဖြစ်နေတုန်းပဲ။ ဒီနေရာမှာ သူ ဘယ်လိုအကျိုးကျေးဇူးတွေပဲရရ နိုင်ငံကို အဲ့ဒါတွေ ဆက်လက် လွှဲပြောင်းပေးရမှာပဲလေ။ အနည်းဆုံးတော့ ဒီနိုင်ငံခြားသားတွေကို သက်သက်သာသာနဲ့ ရသွားအောင် သူ ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘူး။ ငါတို့ ဒီနေရာထဲမှာ ရှိနေသေးသရွေ့ ငါတို့က ရဲဘော်ရဲဘက်တွေ ဖြစ်ပြီး ဘယ်တော့မှ ရန်သူဖြစ်လာမှာ မဟုတ်ဘူး။”
"ဟေး … ဘယ်သူကမှ သူ့ကို ရန်သူလို့ မပြောဘူး" မီးနတ်ဆိုးက အလျှော့မပေးဘဲ တုံ့ပြန်လိုက်သည်။
မီးနတ်ဆိုး၏အသံ ပျောက်ကွယ်သွားသည်နှင့် လေဆာအလင်းတန်းသည် ခန်းမဆောင်၏ ဆိတ်ငြိမ်သောထောင့်မှ ရှေ့သို့ ချက်ချင်း ပေါ်ထွက်လာပြီး မီးနတ်ဆိုး၏လက်မောင်းကို မထင်မှတ်ဘဲ ပစ်လွှတ်လိုက်လေသည်။
"ဘာတွေဖြစ်နေတာလဲ?"
ကျူးလုံနှင့်ကျန်လူများသည် အမူအရာ ပျက်သွားကြပြီး ၎င်းတို့၏စစ်သုံးအိတ်များကို ဘေးဘက်သို့ ပစ်ချလိုက်ကြသည်။ သူတို့သတိကြီးစွာ ကိုင်ဆောင်ထားသော လက်နက်ကြီးများကိုပင် အမြန်ပစ်ချလိုက်ကြသည်။
မီးနတ်ဆိုး၏လက်မောင်းမှာ ပစ်ခတ်ခြင်း ခံခဲ့ရပြီး ဒဏ်ရာမှာ ပြင်းထန်နေသော်လည်း အရိုးများကိုမူ မထိခိုက်ခဲ့ပေ။ သူ၏မီးစွမ်းရည်ကို ထုတ်လွှတ်လိုက်ပြီး ဒဏ်ရာကို အပူပေးကာ သွေးထွက်နှုန်းကို နှေးကွေးစေသည်။
ဖောက် … ဖောက် … ဖောက် …
လေဆာရောင်ခြည်လေးခုသည် ခန်းမ၏ထောင့်လေးထောင့်မှ ပစ်ခတ်လာပြီး ထိုလေးယောက်အဖွဲ့ကို ချိန်ရွယ်ထားသည်။ သို့သော်လည်း လေဆာရောင်ခြည်၏ပစ်မှတ်သည် ၎င်းတို့၏အရေးကြီးသော နေရာများပေါ်တွင် မရှိပေ။
“မြန်မြန်ရှောင်ကြ…”
ကျူးလုံ၏မျက်နှာ ပျက်သွားပြီး မီးနတ်ဆိုးကို ချက်ချင်း တွန်းလိုက်ကာ သူ့ကိုယ်တိုင်လည်း ဘေးသို့ အမြန်ပြေးလိုက်သည်။ ၎င်းတို့၏လျင်မြန်သော အရှိန်ဖြင့် လေဆာရောင်ခြည်များ ကျရောက်သော အန္တရာယ်ကို ရှောင်ရှားနိုင်ခဲ့သည်။
"ခေါင်းဆောင်ကျူးလုံ … ငါတို့ ဒီနေရာကို အရင်က ကျော်ဖြတ်ခဲ့ပေမယ့် ငါတို့ကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ လေဆာ မရှိဘူး။ ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။"
လျှပ်စီးမိန်းကလေးသည် မယုံကြည်နိုင်ဟန်ဖြင့် အော်ဟစ်လိုက်သည်။
"ငါ မသိဘူးလေ။ ဒါပေမယ့် ငါ့ရဲ့ခန့်မှန်းချက်မှန်ရင် ငါတို့ ဒီနေရာက ယန္တရားတချို့ကို မတော်တဆ ထိမိသွားတယ်နဲ့တူတယ်။”
ကျူးလုံက ခန်းမ၏ထောင့်လေးထောင့်ကို သတိကြီးစွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။
"အားလုံးသတိထားကြပါ။ ဒီနည်းပညာမြင့် လက်နက်တွေကို သယ်ဆောင်ထားပြီး လေဆာရောင်ခြည်တွေ ထပ်ပစ်လွှတ်လာရင် ဒီနေရာကနေ ချက်ချင်း ထွက်ခွာကြ။”
ဖောက် … ဖောက် … ဖောက် …
လေဆာရောင်ခြည်များသည် နေရာအမျိုးမျိုးမှ စက္ကန့်အနည်းငယ်အတွင်း ပစ်လွှတ်လာသည်။ ယခုတစ်ကြိမ်တွင် လေဆာရောင်ခြည်ရှစ်ခု ပါရှိလာရာ လူလေးဦးသည် စွမ်းရည်ပိုင်ရှင်များ ဖြစ်သော်လည်း လေဆာရောင်ခြည်ဖြင့် ထိမှန်လုနီးပါးဖြစ်ကုန်သည်။
"ချီးပဲ။ မြန်မြန်ထွက်ကြ…။”
လေဆာရောင်ခြည်များသည် နှစ်ဆ နှစ်ဆ တိုးလာကြောင်း ကျူးလုံသည် ကောင်းစွာ သတိပြုမိထားရာ ဤနေရာတွင် အကြာကြီးနေနေပါက ၎င်းတို့သည် အသက်ရှင်ကျန်ရစ်နိုင်မည်မဟုတ်ပေ။ ကြမ်းပြင်ပေါ်ရှိ စစ်သုံးအိတ်နှစ်လုံးကို လှမ်းယူကာ လေတိုက်ခတ်လိုက်သည့်အလား လျှပ်တစ်ပြက်အတွင်း ခန်းမဆောင်၏အဆုံးသို့ အလင်းတန်းအရှိန်ဖြင့် လျင်မြန်စွာ ပြေးထွက်သွားသည်။
ကျန်သုံးဦးသည်လည်း အစောပိုင်းက ချထားခဲ့သော စစ်သုံးအိတ်များနှင့် လက်နက်များကို ကောက်ကိုင်ကာ ရှေ့သို့ ပြေးသွားကြသည်။ ကံမကောင်းစွာဖြင့် ၎င်းတို့၏ တွက်ကိန်းလွဲသွားကာ နောက်လာမည့် လေဆာရောင်ခြည်၁၆ခုသည် ၎င်းတို့အရှေ့တွင် ကြက်ခြေခတ် မျဉ်းကြောင်းများသဖွယ် ဖြစ်ပေါ်လာကာ တိုက်ခိုက်လာခဲ့သည်။
“လက်နက်ကြီးတွေကို စွန့်ပစ်လိုက်တော့။”
ကျူးလုံက အော်ဟစ်လိုက်သော်လည်း ကြက်ခြေခတ်လေဆာ ၁၆ခုကို မရှောင်ရသေးသည့်အတွက် နောက်ပြန်ကြည့်ရာ သူတို့၏လှုပ်ရှားမှုများနောက်တွင် ပါလာသော လေဆာရောင်ခြည်ကို အမြန်တွေ့လိုက်ရသည်။ သူ၏ စူးရှသော မျက်လုံးများသည် လူတစ်ဦးတည်းသာ ဖြတ်သွားနိုင်သည့် လေဆာရောင်ခြည်များကြားရှိ ကွာဟချက်ကို ချက်ချင်း အကဲဖြတ်လိုက်ပြီးနောက် သူ ကိုင်ဆောင်လာသော စစ်သုံးအိတ်နှစ်လုံးအား မပစ်ချင်သော်လည်း ဒေါသတကြီး လွှင့်ပစ်လိုက်ရတော့သည်။
သူ့အနောက်မှ ပါလာသော မီးနတ်ဆိုး၊ ရေမိန်းကလေးနှင့် လျှပ်စီးမိန်းကလေးတို့သည် အရှေ့က အခြေအနေကို တွေ့ရှိကြသဖြင့် အလားတူ အမြန်ပြေးနိုင်ရန် ကျူးလုံအတိုင်း သူတို့၏စစ်သုံးအိတ်များနှင့် လက်နက်ကြီးများကို လွှင့်ပစ်ခဲ့ရပေသည်။
ဆယ်စက္ကန့်အကြာတွင် လူလေးဦးစလုံး ခန်းမအတွင်းသို့ ကျော်ဖြတ်သွားပြီဖြစ်သော်လည်း လက်နက်တိုက်မှ ယူဆောင်လာသော အိတ်လေးလုံးမှ လက်နက်များအားလုံးကို လွှင့်ပစ်ခဲ့ရလေသည်။ ထိုလက်နက်များကိုပင် ခန်းမအတွင်းရှိ ဖြတ်တောက် လေဆာရောင်ခြည်များသည် ပျက်စီးစေခဲ့သည်။ စိတ်အနာရဆုံးအရာမှာ သူတို့သယ်ဆောင်လာသော လက်နက်ငယ်အချို့သည်လည်း ၎င်းတို့ဖြတ်သန်းသွားရသော လေဆာရောင်ခြည်ကြောင့် ဆိုးရွားစွာ ပျက်စီးသွားရခြင်းပင်ဖြစ်သည်။
လူလေးယောက်သည် ခန်းမအပြင်ဘက်တွင် ဘေးချင်းကပ်လျက် အဝင်ဝတွင် ရပ်နေကြသည်။ နေရာတိုင်းတွင် လေဆာရောင်ခြည်များ ပစ်ခတ်မှု မရှိတော့သည်ကို မြင်လိုက်ရသဖြင့် မီးနတ်ဆိုးက
"ဒါက ယီးလို ငရဲပဲဟေ့…"
ရေမိန်းကလေးသည် ကျူးလုံကို ကြည့်ကာ
"ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ။ လက်နက်တိုက်ကို ပြန်သွားပြီး လက်နက်တွေ ယူမလား ဒါမှမဟုတ် ဒီအတိုင်းထားခဲ့မှာလား။”
ကျူးလုံက ခဏလောက် တိတ်ဆိတ်သွားပြီးမှ ခေါင်းယမ်းလိုက်သည်။
“မဟုတ်သေးဘူး။ ငါတို့ဝင်သွားတုန်းက ဒီနေရာကနေ အန္တရာယ်မကြုံခဲ့ပေမယ့် ထွက်လာတဲ့အခါကျ ပေါ်လာတယ်။ ဆိုလိုတာက အထဲကို ဝင်လိုက်တာနဲ့ ငါတို့ ကံကောင်းပေမယ့် ငါတို့ ပြန်ထွက်လာတဲ့ အခါမှာ ငါတို့ကံတရားက မြောင်းထဲ ကျသွားပြီ။ ငါတို့မှာ လက်နက်အချို့ ရှိပါသေးတယ်။ ပြန်သွားယူဖို့ကို ထားလိုက်ပါတော့။ တခြားနေရာကို သွားကြည့်ရတာပေါ့။"
"တခြားနေရာမှာ ပုန်းအောင်းနေတဲ့ အန္တရာယ်ရှိရင် ဘယ်လိုလုပ်မလဲ။"
ရေမိန်းကလေးက ထပ်မေးလိုက်သည်။
"သူတို့ကို တွေ့တာနဲ့ ချက်ချင်း ထွက်ပြေးကြမယ်။"
ကျူးလုံက လေးနက်စွာ ပြန်ဖြေသည်။