ထွက်ခွာခြင်း
Vol. 58 Ch. 810
ပင်မထိန်းချုပ်ခန်းအတွင်းတွင် ကု၀ါကိုယာမာမိုတိုသည် ပင်မကွန်ပျူတာ၏အရှေ့တွင် ငြိမ်သက်စွာရပ်နေပြီး ဒုက္ခရောက်နေသော ကျူးလုံနှင့် သူ၏အဖွဲ့အား ရောင်ပြန်ရိုက်ချက်ဖြင့် ကြည့်နေရင်း ပြုံးလိုက်မိသည်။ သူမသည် မိန်းမပျိုလေးတစ်ယောက် ဖြစ်နေပြီဖြစ်ပြီး ထင်ဟပ်နေသောအပြုံးက သူမ၏ရုပ်ရည်ကို ပိုမိုဆွဲဆောင်မှုဖြစ်စေသည်။
ကံမကောင်းစွာဖြင့် အနီးနားတွင် ယောကျာ်းတစ်ယောက် မရှိသော်လည်း လောကအကြောင်းကို မသိသေးသော ထန်းနုသာ ရှိသည်။ သူမ၏မျက်လုံးများက ဘေးနားရှိ ရောင်ပြန်ဗီဒီယိုဖိုင်ကို အမှတ်တမဲ့ မှတ်သားကာ ဖတ်လိုက်ရသဖြင့် သူမ၏မျက်လုံးထဲတွင် ရုတ်တရက် အံ့အားသင့်စရာအကြည့်တစ်ခု ပေါ်လာသည်။
"အိန် … အိန္ဒိယတွေလား။"
အကြွင်းအကျန်နေရာထဲတွင် အိန္ဒိယနိုင်ငံမှ စွမ်းရည်အသုံးပြုသူ ကျန်ရှိနေလိမ့်မည်ဟု ကု၀ါကို မထင်ထားပေ။ ထိုလူသည် ပြင်းထန်သော ဒဏ်ရာဒဏ်ချက်များစွာ ရှိနေပြီး ကြမ်းပြင်မှ ခက်ခက်ခဲခဲ ထနေရသည်။ သူ၏အဖော်ဖြစ်သူသည် အမေရိကန်စွမ်းရည်အသုံးပြုသူများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော်လည်း မထင်မှတ်ပဲ သူသည် သေဘေးမှ လွတ်မြောက်ခဲ့သည်။ သို့သော် သူ၏အသွင်အပြင်ကို ကြည့်လိုက်မည်ဆိုပါက ဒဏ်ရာက ပြင်းထန်လွန်းသဖြင့် နောက်ထပ်အန္တရာယ်နှင့် ကြုံတွေ့ရပါက ချက်ချင်းပင် သေဆုံးသွားမည်ဖြစ်သည်။
ဆေးပင်စိုက်ခင်းဧရိယာအတွင်း…
ထန်ရှုသည် စွမ်းအင်အမြုတေ ၃၅,၆၈၀အား ချိပ်ပိတ်ရန် ဖန်တီးပြီးနောက် ချွေးများ စိုရွှဲနေခဲ့သည်။ ထိုအလုပ်သည် သူ့အား ၀န်ပိစေသော်လည်း အလုပ်ပြီးမြောက်ရန် အချိန်အတော်ကြာသေးသဖြင့် အနားယူခြင်းမရှိဘဲ ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်သည်။ ထန်ရှုသည် သူ၏စိတ်စွမ်းအင်ကို အလွန်အကျွံ သုံးစွဲထားသဖြင့် ဖြူဖျော့နေသည်။
လျှပ်တပြက်အတွင်း သုံးရက်ကုန်ဆုံးသွားချေပြီ။ သူ၏ စိတ်စွမ်းအင်ကို ဆဋ္ဌမအကြိမ်မြောက် သုံးစွဲပြီး ပြန်လည်ကောင်းမွန်လာပြီးနောက် ထန်ရှုသည် နောက်ဆုံးတွင် စွမ်းအင်အမြုတေ ၃၅၆၈၀တွင် ချိပ်စည်းတံဆိပ်ခတ်ခြင်းကို အပြီးသတ်နိုင်ခဲ့ပြီ ဖြစ်သည်။ ရှင်းရှင်းပြောရမည်ဆိုပါက သည်အပင်များသည် ဆေးပင်စိုက်ခင်းဧရိယာကနေ လွတ်မြောက်သွားခဲ့ရင်တောင် သူ့အတွက် အန္တရာယ်ရှိမည် မဟုတ်ချေ။
သို့သော်လည်း ပုံစံပြောင်းလဲခြင်းကျင့်စဥ်ကို ခွဲဝေပေးရန် လိုအပ်နေသေးသဖြင့် ချိပ်စည်းတံဆိပ် ခတ်ပြီးသည့်တိုင် သူ၏တာဝန်မှာ မပြီးဆုံးသေးချေ။ သူ့အနောက်တွင် ပါလာသော အပင်စစ်တပ်အား အပြင်လူတွေကို မမြင်စေချင်ပေ။ ထိုအချင်းအရာက လူအများအား သေလုအောင် ကြောက်လန့်စေပေလိမ့်မည်။
“ဟူးးး…”
ပုံစံပြောင်းလဲခြင်းကျင့်စဥ်အား အပင်ပေါင်း ၃၅,၆၈၀ကို ဖြန့်ဝေပြီးနောက် ထန်ရှုသည် နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားပြီး တိတ်ဆိတ်စွာ တင်ပျဉ်ခွေထိုင်လိုက်သည်။ သူ၏ကုန်ဆုံးသွားသော စိတ်စွမ်းအားကို ပြန်လည်ရယူရန် အလောတကြီး မလုပ်သော်လည်း အပင်များကို စိုက်ကြည့်နေသည်။ အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာပြီး နောက်ဆုံးတွင် ပြင်းထန်သော အစိမ်းရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပွင့်လာပြီး မြက်ပင်အမျိုးအစား အပင်တစ်ပင်သည် ထန်ရှု၏မျက်လုံးရှေ့တွင် ခုနစ်နှစ်ကျော် ကလေးတစ်ယောက်အဖြစ် ထွက်ပေါ်လာသည်။
“ဒါက အံ့သြစရာပဲ။”
ကလေးက မျက်တောင်ခတ်လိုက်ပြီး ထန်ရှုကို ချက်ချင်း ကြည့်လာကာ လေးလေးစားစား လက်သီးဆုပ် အရိုအသေပြုလာသည်။
ထန်ရှုက ခပ်ဖျော့ဖျော့အပြုံးဖြင့် တုံ့ပြန်ပြီး ထိုကလေးအား လက်ဝှေ့ယမ်းပြကာ တစ်ချိန်တည်းမှာပင် ဆေးစိုက်ခင်းကို ဖုံးကွယ်ခင်းကျင်းထားသော အစီအရင်ကို ချိုးဖျက်လိုက်သည်။
“ဆရာသခင်…”
ကလေးအသံက ကြည်လင်သည်။ သူသည် အ၀တ်ဗလာဖြစ်နေပြီး မည်သည့်အဝတ်အစားကိုမှ မပြောင်းလဲရသေးပေ။ ထန်ရှုဆီမှ သင်ကြားပြီးနောက်တွင် ထူးခြားသော အဝတ်အစား ပုံစံအချို့ကို ဖန်တီးလိုက်သည်။ ထန်ရှုသည် ထိုကလေးအား ကူကယ်ရာမဲ့စွာ ကြည့်လိုက်ပြီး ကလေးဝတ်ပုံစံအချို့ကို ရှာရန် သူ့ဖုန်းကို ထုတ်ကာ ထိုအတိုင်း အဝတ်အစားပြောင်းရန် အရိပ်အမြွက် ပြလိုက်ရတော့သည်။
ချက်ချင်းပင် အပင်များသည် လူသားအသွင်ပုံစံအား ဆက်တိုက် ပြောင်းလဲလာကြသည်။ အချိန်အတော်ကြာပြီးနောက် ဆေးပင်စိုက်ခင်း ဧရိယာအတွင်း၌ အပင်တစ်ပင်မျှ မရှိတော့ဘဲ ကလေး၊ လူကြီး၊ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃၅,၆၈၀ တို့သည် ထန်ရှုကို တလေးတစား ရပ်ကြည့်နေကြသည်။
“ကောင်းပြီ။ မင်းတို့အားလုံးက လူ့ပုံစံဖြစ်သွားပေမယ့် လူ့ဓလေ့ထုံးစံတွေကို မလေ့လာရသေးဘူး။”
ထန်ရှုက ကျေနပ်စွာ ပြောလိုက်သည်။
"ဆိုတော့ မင်းတို့ ဒီအခြေစိုက်စခန်းမှာ ခဏနေကြဦး။ ငါ ဒီကို လာဖို့ လူတစ်စုကို လွှတ်ပြီး သူတို့တွေက ကမ္ဘာမြေရဲ့ အခြေခံအသိတရားနဲ့ ဗဟုသုတတွေကို သင်ပေးလိမ့်မယ်။ ဓလေ့ထုံးတမ်းနဲ့ ဗဟုသုတတွေ သိနားလည်လာရင် မင်းတို့ကို အပြင်မှာ နေခိုင်းမယ်။"
"နားလည်ပါပြီ။"
ထိုသူတို့၏ကျယ်လောင်သော တုံ့ပြန်မှုက ထန်ရှုအား တိတ်တဆိတ် ကျေနပ်သွားစေသည်။
အမှန်တကယ်တော့ ထန်ရှုသည် အကျပ်ကိုင်မှုနှင့် သွေးဆောင်မှုတို့ကို အသုံးပြုပြီးနောက် ၎င်းတို့၏အရှေ့တွင် ပေါ်လာရခြင်းသည် သူ့အတွက် စွန့်စားမှုကြီးတစ်ခုလည်း ဖြစ်သည်။ တကယ်တမ်း ပြောရမည်ဆိုပါက သည်အပင်များအားလုံးသည် နှစ်တစ်သန်းကျော် နေထိုင်ခဲ့ကြပြီးဖြစ်သော မွန်းစတားအိုကြီးများပင်။ ထိုသူတို့သည် စနစ်တကျ ကျင့်ကြံနည်းစနစ်များကို မသင်ယူခဲ့လျှင်ပင် တစ်ယောက်ချင်းစီတွင် ကြောက်မက်ကောင်းသော ခွန်အားများ ရှိကြပေရာ အပြင်သို့ထွက်လာသည်နှင့် ၎င်းတို့သည် ကမ္ဘာလုံးဆိုင်ရာ ကပ်ဆိုးကြီးတစ်ခု ချက်ချင်းဖြစ်ပေါ်လာမည်ကို ထန်ရှုစိတ်ထဲ၌ပင် တိတ်တဆိတ် စိုးရိမ်နေခဲ့ရသည်။
“ဒီလိုတော့ မဖြစ်စေရဘူး။ အတိုင်းအတာတစ်ခုတော့ ကြိုတင်ထားရမယ်။ အတိဒုက္ခရှောင်ရှားအဆောင်ကို ထုတ်လုပ်ဖို့ ငါ ကြိုးစားရတော့မယ်။ ဒီအဆောင်နဲ့ပဲ သူတို့ကို ကောင်းကင်ဘုံတာအိုကို ပုန်းကွယ်ပြီး ကမ္ဘာမြေကြီးပေါ်မှာ ကောင်းမွန်စွာ နေထိုင်နိုင်စေလိမ့်မယ်။ ဒါပေမယ့် ဒီကောင်တွေက အသက်ရှည်လွန်းပြီး သူတို့ပိုင်ဆိုင်ထားတဲ့ စွမ်းအင်တွေက အားကောင်းလွန်းတယ်။ အတိဒုက္ခကို ရှောင်လွှဲနိုင်တဲ့ အဆောင်တောင်မှ သူတို့ရဲ့အော်ရာကို ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူး။ သူတို့တွေ ဒီနေရာမှာပဲ တစ်ချိန်လုံး ရှိနေရမှာကို စိတ်ပူတယ်။"
ထန်ရှုသည် အသက်ပြင်းပြင်းတစ်ချက် ရှူပြီး အင်မော်တယ်ကမ္ဘာမှ အခြေခံကျင့်ကြံနည်းအချို့ကို ချက်ချင်း ပေးလိုက်သည်။
“အခု မင်းတို့ရဲ့တာဝန်ကတော့ မင်းတို့အားလုံး ဒီနေရာမှာ ဘေးကင်းကင်း နေထိုင်ပြီး တည်တည်ငြိမ်ငြိမ် ကျင့်ကြံရမယ်။ ဒဏ္ဍာရီထဲက အင်မော်တယ်ကမ္ဘာဆီ မင်းတို့ကို ငါ ခေါ်ဆောင်ဖို့ဆိုတာ သိပ်မကြာပါဘူး။ ဒါပေမယ့် ငါ့ခွင့်ပြုချက်မရှိဘဲ မင်းတို့ထဲက ဘယ်သူမှ ဒီနေရာကနေ တိတ်တဆိတ် ထွက်သွားခွင့်မပေးဘူး။ ငါ့အမိန့်ကို ဖောက်ဖျက်ဝံ့သူတိုင်းရဲ့ ဝိညာဉ်တွေကို သန့်စင်ပစ်မှာမို့ နောက်ပိုင်း ငါ ရက်စက်တော့မှ ငါ့ကို လာအပြစ်မတင်နဲ့။”
"နားလည်ပါတယ်။"
လူသားအသွင်သို့ ပြောင်းလဲသွားသော အာရုံခံစားနိုင်သည့် အပင်များအားလုံး အလျင်အမြန် သဘောတူလိုက်ကြသည်။
ထန်ရှု ပင်မထိန်းချုပ်အခန်းသို့ ပြန်ရောက်သောအခါ ကု၀ါကိုသည် သူမ၏မေးစေ့ကို ကိုင်ကာ မျက်မှောင်ကြုတ်လျက် လေးနက်စာ စဥ်းစားနေသည်ကို တွေ့လိုက်ရသည်။ သူက မမေးဘဲ မနေနိုင်တော့ဘဲ
“ပြဿနာ ရှိနေတာလား။ မင်းကြည့်ရတာ လေးလေးနက်နက် တွေးနေပုံပဲ။”
ကု၀ါကိုသည် ရောင်ပြန်ပုံရိပ်ဗီဒီယိုဖိုင်ကို လက်ညှိုးထိုးပြရင်း တုန်လှုပ်စွာဖြင့်
“ပိုက်ထဲက ငါးတစ်ကောင် ပြုတ်ကျလာတာကို ငါ တွေ့လိုက်ရတယ်သူဌေး။ သူက အိန္ဒိယနိုင်ငံမှ စွမ်းရည်အသုံးပြုသူတစ်ဦးပဲ။ အသက်အန္တရာယ် မစိုးရိမ်ရပေမယ့် ဒဏ်ရာပြင်းပြင်း ရထားတယ်။ လက်ရှိအချိန်မှာတော့ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီမို့ မကြာခင် ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။”
ထန်ရှုသည် အံ့အားသင့်သွားသော်လည်း ခေါင်းညိတ်ကာ
"ဒါက တကယ်လွတ်လာတဲ့ ငါးပဲ။ အဲ့ဒီအမေရိကန်နဲ့ ပြင်သစ်တွေက အလုပ်ကောင်းကောင်း မလုပ်ခဲ့ပုံပဲ။ ဒါပေမယ့် သူ့ကို ထားလိုက်ပါ။ ဘာပဲဖြစ်ဖြစ် သူအသက်ရှင်နေမှတော့ ရှင်ပလေ့စေ။ နောက်ပြီး အကြွင်းအကျန်နေရာထဲ ၀င်လာတဲ့ နိုင်ငံအသီးသီးက လူတွေ သေကုန်ပြီး အဖွဲ့နှစ်ဖွဲ့ပဲ ကျန်ခဲ့မယ်ဆိုရင် နောက်ပိုင်း အချို့ပြဿနာတွေ ဖြစ်လာစေနိုင်တယ်။"
ကု၀ါကိုသည် ခဏမျှ မှုန်ကုပ်နေပြီးမှ ခေါင်းညိတ်ကာ “သူဌေး ပြောတာ မှန်ပါတယ်။ တခြားနိုင်ငံတွေအကြောင်း ပြောစရာမလိုပေမယ့် အမေရိကန်ကတော့ သူတို့ရဲ့ နှိပ်ကွပ်တတ်တဲ့ ထုံးစံအတိုင်း ဒါကို လက်လျှော့မှာ မဟုတ်ဘူး။ ဟုတ်သားပဲ … အဲဒီနိုင်ငံတွေက လူတွေကို ထပ်ပြီးပို့ရင် ဘာလုပ်သင့်လဲ။”
"ဒီအကြွင်းအကျန်နေရာက ဆယ်နှစ်မှ နှစ်ကြိမ်ပဲ ဖွင့်တာ မင်း မသိဘူးလား။" ထန်ရှု အံ့သြသွားသည်။ "အာ … ဒီနေ့ ဘယ်နေ့လဲ။"
“မေလ ၅ ရက်။” ကု၀ါကိုက ဖြေသည်။
ထန်ရှု မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းညိတ်ပြကာ “မေလ ၅ ရက်နေ့ဆိုတော့ နှစ်ရက်ကျန်သေးတယ်။ မင်း ဒီနေရာထဲကနေ နှစ်ရက်အတွင်း ထွက်ခွာပြီး စွမ်းအင်ကျောက်တစ်ဒါဇင်ကို မင်းနဲ့အတူ ယူသွားလိုက်။ တခြားနိုင်ငံတွေက အဲ့ဒါတွေကို လုချင်ရင် ငရဲကို ပို့လိုက်။”
"သူဌေးဆိုလိုတာ … ငါက တရုတ်အသင်းနဲ့ ထွက်သွားရမှာလား။" ကု၀ါကိုက မေးလိုက်သည်။
"အမှန်ပဲ။ တရုတ်အဖွဲ့သားလေးယောက်တင် မကဘူး အဲ့ဒီအိန္ဒိယသားနဲ့ပါ အပြင်ကိုထွက်ရလိမ့်မယ်။ နိုင်ငံသုံးနိုင်ငံက လူတွေ အသက်ရှင်လျက် ထွက်လာရင် တခြားနိုင်ငံတွေက အကြွင်းအကျန်ထဲ တစ်ခုခု မှားနေပြီလို့ မှန်းဆကြလိမ့်မယ်။ ဒါပေမယ့် သူတို့က ငါတို့နှစ်နိုင်ငံကိုတော့ အပြစ်မတင်လောက်ဘူး။ အပြင်ကို ရောက်ရင် ဂျပန်ကို တိုက်ရိုက်ပြန်ပါ။ ငါ ဒီနေရာက ထွက်လာတဲ့အခါ မင်းကို ဂျပန်မှာ ရှာဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်။"
"သူဌေးဆိုလိုတာက သူဌေးက ဒီမှာ ခဏနေခဲ့ဦးမှာလား" ကု၀ါကိုက ကမန်းကတန်း မေးလိုက်သည်။
“ဒီမှာ နှစ်ရက်ထက် ပိုနေဖို့ တွေးလို့ မရဘူးနော်။”
ထန်ရှုက သူမကို ကြားဖြတ်ရန် လက်ကိုမြှောက်ကာ ပြုံးလိုက်ရင်း
"ငါ အပြင်ထွက်ချင်ရင် ရေငုပ်သင်္ဘောက လာခေါ်ဖို့ လိုသေးလို့လား။ အကြွင်းအကျန်နေရာတစ်ခုလုံးက အခု ငါ့ရဲ့ထိန်းချုပ်မှုအောက် ရှိနေပြီလေ။ ဒီနေရာရဲ့ စနစ်လုပ်ထုံးလုပ်နည်းများကိုတောင် ကျော်လွန်နိုင်ပြီပဲ။ ငါအလိုရှိတဲ့ အချိန်တိုင်း ထွက်ခွာနိုင်ဖို့ ဒီအကြွင်းအကျန်ထဲက သင်္ဘောတွေကို ထိန်းချုပ်နိုင်တယ်။"
"နားလည်ပြီ။"
ထို့နောက် ကု၀ါကိုသည် ချန်းရွှဲ့မေအား အစိမ်းရင့်ရောင် အလင်းပိုးအိမ်ဖြင့် ထုပ်ပိုးထားဆဲဖြစ်သော ဆေးစိုက်ခင်းနေရာလေးအား ရုတ်တရက် လက်ညှိုးထိုးပြပြီး
"သူမ အခြေအနေရော ဘယ်လိုလဲ။"
"ငါ မထွက်ခင် ဒီမှာ ခဏလောက် နေဖို့လိုတာ သူမကြောင့်ပဲလေ။" ထန်ရှုက ပြန်ပြောသည်။ “ဆေးစိုက်ခင်းကနေ မပြန်ခင် သူ့အခြေအနေကို ငါ စစ်ဆေးပြီးပြီ။ သူ့အတွက် အန္တရာယ်မရှိဘူးဆိုပေမယ့် နိုးထဖို့တော့ အချိန်အတော် ကြာလိမ့်ဦးမယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ ငါ သူ့ကို သေသေချာချာ ဂရုစိုက်လိုက်ပါ့မယ်။ ဒီကိစ္စတွေကို ဖုံးကွယ်ဖို့ ဂျပန်အာဏာပိုင်တွေကိုတော့ မင်း အကြောင်းပြချက်တချို့ ပေးရလိမ့်မယ်။”
"နားလည်ပြီ။"
ကူဝါကို ခေါင်းညိတ်ပြကာ လှည့်ထွက်သွားသည်။
အကြွင်းအကျန်နေရာ၏အစွန်အဖျား နေရာများတွင် တရုတ်စွမ်းရည်အသုံးပြုသူလေးဦးစလုံး ဆိုးဆိုးရွားရွား စုတ်ပြတ်သတ်ခဲ့ရသည်။ သို့တိုင် ၎င်းတို့သည် လက်နက်အချို့နှင့် အစောပိုင်းက ပြုတ်ထွက်ထားသော စက်ရုပ်အစိတ်အပိုင်းများကို သယ်ယူလာခဲ့သည်။ အလျင်စလို ထွက်ခွာမည့်အစား ဤနေရာမှ ထွက်ခွာရန် အမေရိကန်ရေငုပ်သင်္ဘောပေါ် တက်ရမည်ဖြစ်သောကြောင့် ဤနေရာတွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
"သူဌေးကျူးလုံ … ထန်ရှုရဲ့အသက်ရှင်နိုင်မယ့် အခွင့်အရေးကို ဘယ်လိုထင်လဲ။"
မီးနတ်ဆိုးက ဖြည်းဖြည်းချင်း မေးသည်။
"သူ ထွက်ရောလာမှာလား။ ငါတို့ ဒီမှာ စောင့်နေတာ နှစ်ရက်ရှိပြီ။”
"မင်းက ငါ့ကိုမေးရင် ငါက ဘယ်သူ့ကို မေးရမှာတုန်း။" ကျူးလုံက ခေါင်းယမ်းလိုက်ရင်း
“ဒီအကြွင်းအကျန်က ထူးဆန်းပြီး အန္တရာယ်တွေ အပြည့်ပဲ။ နည်းနည်းလေး ဂရုမစိုက်လိုက်တာနဲ့ အသက်ဆုံးနိုင်တယ်။ ငါတို့ ဒီနေရာထဲမှာ ငါးရက်လောက်နေခဲ့ပေမယ့် တခြားနိုင်ငံတွေရဲ့ စွမ်းရည်အသုံးပြုသူတွေ ဘယ်သူမှ ထွက်မလာဘူး … ဆိုလိုတာက သူတို့ အထဲမှာ သေသွားလောက်ပြီ။”
“သူ သေချာပေါက် ထွက်လာမယ်လို့ ကျွန်မတော့ ယုံတယ်။” ရေမိန်းကလေးက ရုတ်တရက် ကြားဝင်ပြောလိုက်သည်။
"မင်း ဘာလို့ ဒီလောက်သေချာနေတာလဲ။"
ကျူးလုံက အံ့သြတကြီး မေးလိုက်သည်။
"ပင်ကိုယ်အသိစိတ်လေ…" ရေမိန်းကလေးက ဆိုသည်။
လျှပ်စီးမိန်းကလေးက သူမကို အကဲခတ်လိုက်ပြီး ပြုံးတုံ့တုံ့ဖြင့် နောက်လိုက်သည်။
“နင် ထန်ရှုကို သဘောကျနေတယ်လို့ ငါ့ကို မပြောနဲ့နော်။”
ရေမိန်းကလေးသည် 'ငါ နင်နဲ့ ရန်ဖြစ်ရတာ ပျင်းလွန်းတယ်။ ကိုယ့်အလုပ်ကိုယ်လုပ်' ဟူသော အဓိပ္ပာယ်ရသည့် အမူအရာဖြင့် မျက်နှာလွှဲသွားသည်။
အတွင်းထဲကနေ ကု၀ါကို ထွက်လာသည်ကို မြင်လိုက်ရသော ထိုလေးယောက်သည် ကြမ်းပြင်ပေါ်ကနေ ရုတ်ခြည်းပင် သတိကြီးစွာ ထလိုက်ကြသည်။
"ဂျပန်တွေလား…"
ကျူးလုံတို့လေးယောက်အဖွဲ့ မျက်မှောင်ကြုတ်သွားသည်။ အသက်ရှင်လျက် ပထမဆုံးထွက်လာသောသူက သူတို့မကြိုက်ဆုံး ဂျပန်လူမျိုးဖြစ်လိမ့်မည်ဟု မည်သည့်အခါကမှ မမျှော်လင့်ထားခဲ့ပါချေ။
ကု၀ါကိုသည် လူလေးယောက်ကို လျစ်လျူရှုသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး
"နင်တို့တွေ ကံကောင်းသားပဲ။ အနည်းငယ်ပဲ ဆုံးရှုံးပြီး ကြည့်ရတာ အကျိုးအမြတ်တွေ တော်တော် ရခဲ့ပုံပေါ်တယ်။ ငါ့ကို မဝေမျှချင်ဘူးလား။"
ကျူးလုံက သရော်တော်တော်လေသံဖြင့်
"မင်းကို ငါတို့တွေ ပူးပေါင်းသတ်ပြီး မင်းယူလာတဲ့ ပစ္စည်းတွေကို လုယူမှာကို မကြောက်ဘူးလား။"
“တခြားနိုင်ငံတွေက လူတွေဖြစ်ရင် အဲဒါကို စိတ်ပူရမှာပေါ့။” ကု၀ါကို ခေါင်းယမ်းလိုက်သည်။ "ဒါပေမယ့် နင်က တရုတ်လေ။ ဟမ့် … ဒါက နင်တို့ပုံစံ မဟုတ်ပါဘူး။"
ကျူးလုံ၏မျက်လုံးများတွင် အေးစက်သော အရိပ်တစ်ခု လက်သွားသည်။ ကု၀ါကို မောင်းထုတ်ခါနီးတွင် တုန်လှုပ်ချောက်ချားနေသော ပုံရိပ်တစ်ခု ပြေးထွက်လာသည်။ ထိုပုံရိပ်သည် တစ်ကိုယ်လုံး စုတ်ပြတ်သတ်နေသော အိန္ဒိယအမျိုးသားတစ်ယောက် ဖြစ်သည်။ သူသည် ဓားမြှောင်တစ်ချောင်းကို ကိုင်ထားပြီး အခြားသူများကို သတ်ရန် ရည်ရွယ်ချက်ဖြင့် စိုက်ကြည့်နေသည်။
"မင်း ကံကောင်းသွားတယ်မှတ်။"
ကျူးလုံက လှောင်လိုက်ပြီး သူ့အဖွဲ့သားများကို အချက်ပြလိုက်သည်။ ထို့နောက် ထန်ရှုကို မစောင့်ကြတော့ဘဲ သူတို့သယ်ယူလာသော ပစ္စည်းများကို ကောက်ယူပြီး အပြင်သို့ တန်းတန်းမတ်မတ် လျှောက်သွားကြသည်။ နိုင်ငံတစ်ခုစီမှ အဖွဲ့သားများ ဆက်သွယ်ရာနေရာသို့ ပြန်ရောက်လာသည်နှင့်တပြိုင်နက် ရေငုပ်သင်္ဘောသည် ၎င်းတို့ကို ချက်ချင်း အပြင်ဘက်သို့ ပို့ပေးမည်ဖြစ်သည်။ သည်အချက်သည် ဒီနိုင်ငံများကြားက သဘောတူညီချက် ဖြစ်လေသည်။
အကြွင်းအကျန်နေရာ၏နက်ရှိုင်းသော အရပ်တွင်…
ထန်ရှုသည် ပင်မကွန်ပျူတာ၏အရှေ့တွင် ရှိနေပြီး အဖွဲ့သုံးဖွဲ့မှလူများ တစ်ချိန်တည်း ထွက်ခွာသွားသည်ကို ကြည့်ရင်း သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူတို့အားလုံး ထွက်သွားပြီးပါက အကြွင်းအကျန်နေရာတစ်ခုလုံးကို ချက်ချင်းပိတ်ပစ်မည့် တန်ပြန်အစီအမံများ သူ တွေးထားပြီးဖြစ်သည်။ ချန်းရွှဲ့မေ နိုးထလာပြီးနောက် သူမကို ခေါ်ဆောင်သွားမည်ဖြစ်သည်။
တိတိကျကျပြောရမည်ဆိုပါက သူ ရခဲ့သောအရာများသည် လွန်စွာ များနေခဲ့ပေရာ သူ ထွက်သွားချိန်တွင် ကြုံရာပစ္စည်းယူသွားပြီး သွမ့်မုလင်းကို ပေးနိုင်ပေသည်။ သို့မှသာ သူ့အတွက် ကြီးမားသော အကျိုးကျေးဇူးများ ရစေမည်ဖြစ်သည်။