← Chapters

အစစ်အမှန်ငါက …

Vol. 58 Ch. 811

အစစ်အမှန်ငါက …

Vol. 58 Ch. 811

ဟိုက်ပန်ကျွန်း…

ဆယ်နိုင်ငံမှ တပ်မှူးများသည် ကမ်းစပ်တွင် တန်းစီကာ ရပ်နေကြပြီး သူတို့အရှေ့က ပင်လယ်ပြင်ကို စိုက်ကြည့်ကာ စောင့်မျှော်နေကြသည်။ အကြွင်းအကျန်နေရာထဲ ၀င်ရောက်ရှာဖွေမှု၏ ကြာမြင့်ချိန်သည် ခုနစ်ရက်ရှိပြီဖြစ်ပြီး အချိန်ကုန်ဆုံးရန် နှစ်ရက်သာ ကျန်တော့သည်။ ယခင်အတွေ့အကြုံများအရ အားကောင်းသည့် အဖွဲ့များသည် ယခုအချိန်တွင် ထွက်လုနီးပါး ဖြစ်နေပေလိမ့်မည်။

တရုတ်နိုင်ငံဘက်မှ တပ်မှူးတစ်ဦးဖြစ်သော ကောင်းဟုန်ရှင်းသည် ဤရှာဖွေရေး၏ပိုမိုနက်နဲသော အရေးပါမှုကို ရှင်းရှင်းလင်းလင်း သိရှိထားသောကြောင့် အထူးစိုးရိမ်ပူပန်နေသည်။ သည်အရာသည် ပိုမိုအဆင့်အတန်းမြင့်သောနိုင်ငံ၏ အကြွင်းအကျန်များ ဖြစ်သည်။ ၎င်းတို့၏နည်းပညာအကြွင်းအကျန် အနည်းငယ်မျှပင်လျှင် နိုင်ငံတစ်ခုလုံး၏ တိုးတက်မှုကို မြှင့်တင်နိုင်ပေသည်။

တစ်ချိန်က နိုင်ငံရေးအာဏာသည် သေနတ်တစ်လက်မှ ပေါက်ဖွားလာသည်ဟု ကြီးကျယ်ခမ်းနားသော ပုဂ္ဂိုလ်တစ်ဦးက ပြောခဲ့ဖူးသည်။

နိုင်ငံတစ်နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များသည် ယနေ့ခေတ်တွင် ပြောဆိုပိုင်ခွင့်ကို ကိုယ်စားပြုသည်။ တရုတ်နိုင်ငံသည် အရှိန်အဟုန်ဖြင့် တိုးတက်နေသော်လည်း ကမ္ဘာ့ထိပ်တန်း နေရာကို ဆုပ်ကိုင်ထားနိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် တရုတ်အဖွဲ့သည် ဤအကြွင်းအကျန်နေရာတူးဖော်မှုမှ ထူးခြားသော ရတနာအချို့ကို ရိတ်သိမ်းနိုင်ခဲ့ပါက တိုင်းပြည်တစ်ခုလုံး၏စစ်အင်အားသည် အရည်အသွေးတွင် ခုန်တက်သွားမည်ဖြစ်တော့သည်။

"သူတို့ပြန်​လာကြပြီ။"

ပြင်သစ်မှ ဗိုလ်ကြီးတစ်ယောက်၏အမူအရာသည် လှုပ်ရှားသွားပြီး စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

ချက်ချင်းပင် ရေအောက်မှ ဖြည်းညှင်းစွာတက်လာသော ရေငုပ်သင်္ဘောကို လူတိုင်း စိုက်ကြည့်နေကြသည်။ ရေငုပ်သင်္ဘောတံခါး ပွင့်လာချိန်တွင် ပထမဆုံးတွေ့လိုက်ရသူသည် ဒဏ်ရာရထားသော အိန္ဒိယအဖွဲ့ ဝင်ဖြစ်သည်။ ထိုအချိန်တွင် သူသည် အနက်ရောင်သားရေအိတ်ကို ကိုင်ဆောင်ကာ ကမ်းပေါ်သို့ အမြန်ဆင်းလိုက်ပြီး သူ့ကိုဝိုင်းထားသည့် အိန္ဒိယစစ်သားများကို အလျင်အမြန် နှုတ်ဆက်လိုက်သည်။

ဒုတိယဆင်းလာသူမှာ အနက်ရောင်လက်ဆွဲအိတ်ကို သယ်ဆောင်လာသော ကု၀ါကို ယာမာမိုတိုဖြစ်ပြီး ဂျပန်စစ်တပ်ကလည်း သူမအား စိတ်လှုပ်ရှားစွာဖြင့် အမြန်ကာကွယ်ပေးခဲ့သည်။

ထို့နောက်တွင် ကျူးလုံတို့လေးယောက်အဖွဲ့သည် ပစ္စည်းများစွာဖြင့် ထွက်လာခဲ့သည်။ ကောင်းဟုန်ရှင်းသည် လက်ဝှေ့ယမ်းလိုက်ပြီး တရုတ်တပ်ဖွဲ့က လူလေးယောက်ကို အလျင်အမြန် ဝိုင်းရံကာ ကာကွယ်ထားလိုက်သည်။

"ထန်ရှုရော…"

ကောင်းဟုန်ရှင်းက အရမ်းပျော်နေသည့်တိုင် ထန်ရှုကို မေးရန် မမေ့သေးပေ။

ကျူးလုံက ခေါင်းကို တိတ်ဆိတ်စွာ ယမ်းလိုက်ပြီး

"ငါတို့ အထဲမှာ လူခွဲသွားတော့ သူ့ကို ထပ်မတွေ့တော့ဘူး။ ငါ ကြောက်တာက ... သူ မကောင်းတာ ကြုံနေရမှာကိုပဲ။"

ကောင်းဟုန်ရှင်းက စကားတစ်ခွန်းမှ မပြောဘဲ ခေါင်းညိတ်လိုက်ပြီး လေးပင်သောအသံဖြင့် "ပြန်ကြရအောင်။"

သုံးနိုင်ငံမှ အဖွဲ့သားများ ပြန်လာပြီးနောက်တွင် အခြားနိုင်ငံမှတပ်မှူးများသည် စိုးရိမ်တကြီးဖြင့် စောင့်မျှော်နေကြသော်လည်း အခြားမည်သူမျှ ပြန်မလာကြောင်း ရေငုပ်သင်္ဘောမှ အရာရှိများက အကြောင်းကြားခဲ့သည်။

ပင်လယ်ကြမ်းပြင်ပေါ်ရှိ အကြွင်းအကျန်နေရာထဲတွင်…

ထန်ရှုသည် အကြွင်းအကျန်နေရာကို အပြည့်အဝ ထိန်းချုပ်ထားပြီးဖြစ်သော်လည်း သူသည် ဘာမှမလုပ်ဘဲမနေဘဲ နေရာတိုင်းသို့ မှန်မှန် သွားရောက်ကာ သူ၏လက်စွပ်ထဲသို့ ယူဆောင်သွားနိုင်သော အရာများစွာကို ထည့်သွင်းခဲ့သည်။ နှစ်ရက်အကြာတွင် ပြည့်သွားသော လက်စွပ်အနည်းငယ်ကိုသာ သယ်ဆောင်လာခဲ့သည်။

ထန်းနုက သူ့အနောက်ကို တချိန်လုံး လိုက်နေခဲ့သည်။ နှစ်ရက်ကြာ အတူ ရှိပြီးနောက် သူမသည် ထန်ရှုကို အမှန်တကယ် ကြည်ညိုလေးစားလာသည်။ သူ၏မှော်ပညာမျိုးစုံနှင့် သူမကို ပေးခဲ့သော အင်မော်တယ်ကျင့်စဥ်အချို့ကြောင့် သူမဟာ ရံဖန်ရံခါမှာ စိတ်လှုပ်ရှားစွာဖြင့် သွေးများဆူလာကာ စိတ်ဝင်စားမှုများအပြည့် ဖြစ်နေခဲ့ရသည်။

"ဆရာသခင် ပိုပြီး ကြာကြာနေပါ့လား။"

ထန်းနုသည် အခြေစိုက်စခန်း၏ဗဟိုရှိ ပင်မထိန်းချုပ်ခန်းသို့ ပြန်လာစဉ် မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။

ထန်ရှုသည် အတွင်းတွင် ချန်းရွှဲ့မေကို ထုပ်ပိုးထားသည့် အလင်းပိုးအိမ်ကို ပြသနေသော ရောင်ပြန်ဗီဒီယိုကို ကြည့်ရင်း အပြုံးဖြင့်သာ တုံ့ပြန်ခဲ့သည်။ အချိန်တွေကြာလာသည်နှင့်အမျှ ထိုအရာသည် ပါးလွှာသည်ထက် ပါးလွှာလာရာ အလွှာပါးတစ်ခုသာ ကျန်တော့ပေသည်။ သူက ခေါင်းယမ်းပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့်

“ငါ အပြင်မှာ လုပ်စရာတွေ အများကြီး ကျန်နေသေးတာမို့ ဒီမှာ အကြာကြီး မနေနိုင်တော့ဘူး။  နောက်ပြီး ငါ ပေးထားတဲ့အရာအားလုံး ကြေညက်ဖို့ဆိုရင် မင်း အချိန်အကြာကြီး လိုလိမ့်မယ်။ ဒါကြောင့် ဒီနေရာမှာ နေပြီး ဘေးကင်းစွာ ကျင့်ကြံပါ။ ဒီကိုပြန်လာဖို့ သိပ်မကြာဘူးလို့ ငါ ယုံကြည်တယ်။ ပြီးရင် ငါ မင်းကို အပြင်ကို ခေါ်သွားမယ်။"

ထန်းနုသည် တခြားဘာကိုမှ အရေးမထားဘဲ သန်မာလာစေရန်သာ အာရုံစိုက်ထားသဖြင့် ထန်ရှု၏စကားကို ကြားပြီးနောက် ချက်ချင်း ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ။ ပြီးရင် ဆရာသခင် ဒီကို ပြန်လာဖို့ စောင့်နေမယ်။"

"ဆေးစိုက်ခင်းနယ်မြေကို သွားပြီး ချန်းရွှဲ့မေကို ခေါ်သွားပါ။" ထန်ရှုက ပြောသည်။

“ကောင်းပြီ။” ထန်းနုက သဘောတူပြီး သူမ၏သွင်ပြင်သည် ချက်ချင်း ပျောက်ကွယ်သွားသည်။

ထန်ရှုသည် စိတ်တွင်းက တိတ်တဆိတ် အားယူပြုံးလိုက်ရသည်။ ထန်းနု၏အရှိန်သည် မြန်လွန်းသောကြောင့် သူမကို သူ လုံးဝဖမ်းမမိနိုင်ပေ။ ထို့အပြင် သူမတစ်ဦးတည်းသာ အလွန်လျင်မြန်သောသူ မဟုတ်ဘဲ အလားတူ လူသားပုံစံအဖြစ်သို့ ပြောင်းလဲသွားသော အာရုံခံစားနိုင်သောအပင် ၃၅,၆၈၀ တို့လည်း ပါ၀င်သည်။ သူတို့အထဲတွင် အားအနည်းဆုံးအပင်က သူ့ထက် ဆယ်ဆ မြန်ပေသည်။

"ကံကောင်းတာက ငါ သူတို့ကို ချိပ်ပိတ်စည်းတံဆိပ် ခတ်ထားပြီးသားမို့။ နို့မဟုတ်ရင် သူတို့က ငါ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရနိုင်စေတယ် ဒါမှမဟုတ် သတ်ပစ်နိုင်တယ်။"

ထန်ရှုက သူ့စိတ်ထဲက ရေရွတ်လိုက်သည်။ ထို့နောက် သူ၏လက်များသည် ပုံရိပ်ယောင်ကီးဘုတ်တွင် လမ်းညွန်ချက်များကို စတင်ထည့်သွင်းတော့သည်။ အကြွင်းအကျန်တစ်ခုလုံးဆီ သွားသည့် ဝင်ပေါက်အားလုံးကို ပိတ်ဖို့ သူ လိုအပ်သောကြောင့် နှစ်ရက်အတွင်း နောက်ဆုံး လျှို့ဝှက်ထွက်ပေါက်ကိုပင် ပိတ်ရပေလိမ့်မည်။ အားလုံးပိတ်ပြီးသွားပါက သူမှလွဲ၍ မည်သူမျှ ဝင်နိုင်တော့မည်မဟုတ်ပေ။

ဝှစ်…

ထန်နုသည် ပိုးအိမ်လေးကို ဖမ်းလိုက်ပြီး ထန်ရှု၏အရှေ့တွင် ပြန်ပေါ်လာသည်။ ချန်းရွှဲ့မေသည် ပိုးအိမ်အတွင်း၌ သတိလစ်နေဆဲဖြစ်ပြီး အပြင်ဘက်အခြေအနေကို သတိမထားမိပေ။

တစ်ရက်ကြာပြီးနောက် အလင်းပိုးအိမ်သည် လုံးဝပျောက်ကွယ်သွားပြီး နောက်ဆုံးတွင် ချန်းရွှဲ့မေ နိုးလာသည်။ သူမ၏မျက်လုံးများ ဖွင့်လိုက်သည်နှင့် ထန်းနု၏လက်များက သူမ၏ပခုံးပေါ်ကို ဖိထားသည်။

ထန်ရှု ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော ချန်းရွှဲ့မေကို အကဲခတ်ပြီး

"မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ဘယ်လိုလဲ"

ရွှဲ့မေသည် မျက်တောင်ခတ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အော်ရာများ ထွက်ပေါ်လာသည်။ သူမ၏ခန္ဓာကိုယ်သည် ပြင်းထန်သော ခွန်အားအပြည့်ရှိနေကြောင်း သူ ခံစားနေရပြီး သူ၏လက်သီးတစ်ချက်ဖြင့် တောင်ကို ထိုးခွင်းနိုင်သည်ဟုပင် ခံစားနေရသည်။

“ငါ…”

သူမ၏ခန္ဓာကိုယ်သည် စွမ်းအားအပြည့်ရှိနေပြီး ခက်ခက်ခဲခဲ ထနေသော်လည်း မရပေ။ ထန်းနုသည် သူ မထနိုင်အောင် သူ၏ခန္ဓာကိုယ်ကို ဖိထားဆဲဖြစ်သည်။

"မေ့လိုက်ပါ … မင်း ရှင်းပြဖို့ မလိုဘူး။"

ထန်ရှုက လက်ဝှေ့ယမ်းပြီး ပြောလိုက်သည်။

"မင်း ဘာဖြစ်သွားလဲ ငါ မသိပေမယ့် တော်တော် အကျိုးရှိသွားပုံပဲ။ အနည်းဆုံးတော့ မင်း အခု အများကြီး ပိုသန်မာနေပြီလေ။ သူက ထန်းနု … တောက်ပနွယ်ပင်ရဲ့လူသားပုံစံပါ။ မင်း နိုးလာချိန်မှာ မင်းရဲ့ခွန်အားကို မထိန်းနိုင်တော့မှာကို ငါကြောက်လို့ သူ့ကို ထိန်းထားဖို့ ငါ အမိန့်ပေးခဲ့တယ်။ ကောင်းကောင်း နားထောင်ပြီး သူ မင်းကို ဖြေလျော့ပေးဖို့ စောင့်ပါ။ ဒါပေမယ့် ရုတ်တရက် မထပါနဲ့ ဒါမှမဟုတ် ခွန်အားကို အလွန်အကျွံမသုံးပါနဲ့။ အဲ့ဒါကို ဖြည်းဖြည်းချင်း လိုက်လျောညီထွေဖြစ်အောင် လုပ်ပါ။”

"ကောင်းပါပြီ။"

ချန်းရွှဲ့မေသည် သူ၏ခန္ဓာကိုယ် ပြောင်းလဲသွားရသည့် အကြောင်းရင်းကို မသိသော်လည်း ထိုအာရုံခံစားနိုင်သော အပင်၏ မှတ်ဉာဏ်ကို ရရှိသောကြောင့် အချက်အလက်အတန်ငယ်ကို နားလည်ခဲ့သည်။

ဘန်း…

ထန်းနုက သူ၏ပခုံးကို လွှတ်လိုက်သောအခါ ချန်းရွှဲ့မေသည် လက်ထောက်ထလိုက်ပြီး ကြမ်းပြင်ပေါ်တွင် ထိုင်ရန် ကြိုးစားခဲ့သည်။ တစ်ဝက်တစ်ပျက်ထိုင်နေသော သူ၏ခန္ဓာကိုယ်သည် ရုတ်ခြည်းပင် အပေါ်ကို ခုန်ပျံသွားပြီး ဒါဇင်မြင့်သော သံမဏိအမိုးကို ထိသွားသည်။

“အာ … အု …”

သံမဏိအမိုးပေါ်တွင် အပေါက်တစ်ခု ဖြစ်သွားစေပြီး နာကျင်မှုက သူ့ကို အသံထွက်သွားစေသည်။ သို့သော်လည်း သူ၏ခန္ဓာကိုယ်သည် လေထဲတွင် ၀ဲပျံကာ ကြမ်းပြင်ပေါ်သို့ အသာအယာ ကျလာသောအချိန်တွင် နာကျင်မှုအများစုသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

“ငါ…”

ချန်းရွှဲ့မေ အံ့အားသင့်သွားသည်။ မြေဆွဲအား၏ ထိန်းချုပ်ထားမှုမှ ရုန်းထွက်လုတော့မည်ဟု သူ ခံစားခဲ့ရသည်။ တစ်ကိုယ်လုံး စွမ်းအားများ ပြည့်နှက်နေပြီး လွန်စွာ ပေါ့ပါးနေသည်။ သူ ဆောင့်လိုက်သော ခေါင်းတွင် နာကျင်ကိုက်ခဲမှုအချို့သာ ရှိသည်။ အထူးသဖြင့် သူ၏ဝိညာဉ်သည် လုံးဝသန့်စင်သွားပြီဟု သူ ခံစားနေရသည်။

"ငါ မင်းကို ခွန်အားတွေ အများကြီး မသုံးဖို့ ပြောခဲ့တယ် မဟုတ်လား။" ထန်ရှုက ခေါင်းယမ်းကာ ပြုံးလိုက်သည်။ “မင်း အခု အရမ်း အားကောင်းနေပြီဆိုပေမယ့် မင်းရဲ့ ခွန်အားကို အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူး။ လိုက်လျောညီထွေဖြစ်အောင် ဖြည်းဖြည်းချင်း ထိန်းချုပ်ပါ။ နို့မဟုတ်ရင် ရုတ်တရက် စွမ်းအားတက်လာတဲ့အတွက် တုန့်ပြန်မှုတစ်ခု ရှိလာလိမ့်မယ်။”

ထိုအချက်က ချန်းရွှဲ့မေအား ရယ်ရမလို ငိုရမလို ဖြစ်သွားစေသည်။ သည်ကဲ့သို့ အခြေအနေမျိုး ကြုံရလိမ့်မည်ဟု သူ မထင်ထားခဲ့မိပါချေ။ သူသည် ဂရုတစိုက်ဖြင့် ဖြည်းညှင်းစွာထကာ သူ၏ခန္ဓာကိုယ်ကို ညင်သာစွာ လှုပ်ရှားလိုက်သော်လည်း ခန္ဓာကိုယ်ရှိ အရိုးများအားလုံးသည် ပွတ်တိုက်နေကြသည်။ သူ အနည်းဆုံး ငါးစင်တီမီတာ ပိုရှည်လာသည်ကို သိလိုက်ရပေသည်။

အခြေအနေသစ်နှင့် လိုက်လျောညီထွေဖြစ်အောင် အချိန်အချို့သုံးပြီးနောက် ချန်းရွှဲ့မေသည် သူ၏ ခွန်အားအချို့ကို အသုံးမချနိုင်တော့ပေ။ တိုးတက်မှု အနည်းငယ်ရှိသော်လည်း သူသည် အကြိမ်ပေါင်းများစွာ လဲကျပြီးရင်း လဲကျကာ ခန္ဓာကိုယ် အစိတ်အပိုင်းများစွာ နာကျင်လာသည်။

"ငါ မင်းကို တခြားနေရာကို ခေါ်သွားပြီး မင်းကို ကောင်းကောင်း လေ့ကျင့်ခန်း လုပ်ခိုင်းဖို့လိုပြီပဲ။"

ထန်ရှုသည် သူ့လက်စွပ်ထဲမှ အဝတ်တစ်စုံကို ထုတ်ယူလိုက်သည်။ ၎င်းသည် အမျိုးသား၀တ်စုံ ဖြစ်သော်လည်း ချန်းရွှဲ့မေသည် အရပ် ၁၇၃ စင်တီမီတာဝန်းကျင် ရှည်လာသောကြောင့် သူ ဝတ်ရန် မကြီးလွန်းပေ။

"နင် အဲ့ဒါကို ဘယ်က ထုတ်လိုက်တာလဲ။"

ချန်းရွှဲ့မေ အံသြသွားသည်။ သူ၏အမြင်အာရုံသည် အလွန်တိုးတက်လာပြီး လျင်မြန်လာသော်လည်း ထန်ရှု၏လှုပ်ရှားမှုများကို သူ မမြင်နိုင်ပေ။ မှော်ပညာအလားပင်။

"မင်း အရင်က သိခဲ့တဲ့ငါက ငါ့အစစ်အမှန် မဟုတ်ဘူးလို့ ပြောရမယ်။"

ထန်ရှုက တည်ငြိမ်သောအပြုံးဖြင့်ပြောသည်။ "ဒါပေမယ့် မင်းရဲ့စွမ်းအားကို ထိန်းချုပ်ဖို့ ငါ အကူအညီပေးတဲ့အခါ မင်းကို ငါပြောပြမယ်"

ထိုသို့ပြောပြီးနောက် ထန်းနုထံ အမိန့်အချို့ကို ပေးထားခဲ့ကာ အပြင်သို့ ထွက်လာခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် ချန်းရွှဲ့မေ၏ခန္ဓာကိုယ် ပြောင်းလဲမှုများကြောင့် သူသည် ဤနေရာရှိ အရာဝတ္ထုများကို မလွှဲမရှောင်သာ ဝင်တိုက်မိလေသည်။ နောက်ဆုံးတွင် သူ အစောပိုင်းက ချန်ထားခဲ့သော အကြွင်းအကျန်နေရာ၏ထွက်ပေါက်ကို ရောက်လာကြပြီး လမ်းဆုံတွင် ရှိသော ခလုတ်ကို လှမ်းနှိပ်လိုက်သည်။

"ဒါက ဘာလဲ။"

ချန်းရွှဲ့မေ၏မျက်လုံးများ ကြုံ့သွားပြီး အစောပိုင်းက ပိတ်နေသော လမ်းကြောင်း ပွင့်လာခြင်းကို အံ့အားသင့်စွာ ကြည့်နေသည်။ အတွင်းပိုင်းသည် သက်၀င်လှုပ်ရှားနေသော စက်ရုပ်နှစ်ခုပါသည့် သင်္ဘောအတွင်းခန်းနှင့်တူသည်။

"ဒါက ရေကုန်းသွား ကော်ဗက်ရေယာဥ်လေ။ ငါကတော့ အဲ့လိုပဲ နာမည်ပေးထားတယ်။”

ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ငါတို့ ဒီကိုလာတဲ့ လမ်းတလျှောက်လုံး ချောမွေ့နေတာ မင်း မမြင်ဘူးလား။ မင်းကို ရိုးရိုးသားသားပြောရရင် အခြေစိုက်စခန်းတစ်ခုလုံးကို ငါ ထိန်းချုပ်ထားပြီး ဒီနေရာက လုပ်ထုံးလုပ်နည်းတွေအားလုံးကို ငါပဲ သတ်မှတ်လိုက်တာ။ အခုအချိန်တော့ ဒီဟာက အကြွင်းအကျန်နေရာတစ်ခုလုံးကို ဝင်နိုင်တဲ့ တစ်ခုတည်းသော ဝင်ပေါက်နဲ့ထွက်ပေါက်ပဲ။ ကျန်တာတွေ အကုန်ပိတ်လိုက်ပြီးပြီ။ နိုင်ငံအသီးသီးက လူတွေ ထွက်သွားကြပြီဆိုတော့ ငါတို့ကို ခေါ်ဖို့ ရေငုပ်သင်္ဘော မရှိတော့ဘူး။ ဒီနေရာကနေ ထွက်သွားဖို့ ဒီရေကုန်းသွား ကော်ဗက်ရေယာဥ်ကိုပဲ စီးရတော့မှာ။”

"ဘာပြောလိုက်တာ…" ချန်းရွှဲ့မေ အော်ဟစ်ပြီး ထန်ရှုကို မယုံကြည်နိုင်စွာ ကြည့်လာသည်။

ထန်ရှုသည် ရေကုန်းသွား ကော်ဗက်ရေယာဥ်ထဲသို့ ဝင်လိုက်ပြီး

"အသေးစိတ်တော့ ငါ မပြောတော့ဘူး။ မင်းမှာ ဗဟုသုတတွေ တကယ် နည်းသေးတော့ ကြည့်ရတာ မင်းဆီ နာမည်ကြီး သိပ္ပံမဂ္ဂဇင်းတွေ နောက်ပိုင်း ငါ ပို့ပေးရမယ်နဲ့တူတယ်။ နောက်ပြီး မင်းကို သာမန်လူတစ်ယောက်အနေနဲ့ သတ်မှတ်လို့ မရတော့တဲ့အတွက် အနာဂတ်မှာ မင်းသွားရမယ့် လမ်းကြောင်းကို လုံးဝပြောင်းလဲပစ်ရမယ်။”

ချန်းရွှဲ့မေသည် ထန်ရှုကို စိတ်ရှုပ်ထွေးသော အကြည့်ဖြင့် စိုက်ကြည့်နေသည်။ ချန်းရွှဲ့မေ ရေကုန်းသွားကော်ဗက်ရေယာဥ်၏အခန်းသို့ ဝင်ရောက်ပြီးသောအခါ ထွက်ပေါက်အပြင် ထိုရေယာဥ်၏တံခါးလည်း ဖြည်းညှင်းစွာ ပိတ်သွားလေသည်။

ထန်ရှုသည် ထိန်းချုပ်မှုနေရာကို တွေ့ရှိပြီး ညွှန်ကြားချက်များစွာကို လျင်မြန်စွာ ထည့်သွင်းလိုက်သည်။ ကော်ဗက်ရေယာဥ်သည် ပင်လယ်ကြမ်းပြင်တလျှောက် စတင်ရွေ့လျားလာသည်နှင့် ထန်ရှုသည် ပင်မခန်းသို့ ပြန်သွားခဲ့သည်။ ချန်းရွှဲ့မေ၏ စိတ်ရှုပ်ထွေးနေသော အမူအရာကို သူ မြင်သော်

"ကောင်းပြီ … ငါ့ကိုယ်ငါ ပြန်မိတ်ဆက်ပါရစေ။ ငါ ထန်ရှုက အင်မော်တယ်ကျင့်ကြံသူပါ။"

အင်မော်တယ်ကျင့်ကြံသူဟုတ်လား။

ချန်းရွှဲ့မေ တုန်လှုပ်သွားပြီး ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် လျင်မြန်စွာ ပြောလိုက်သည်။

"တာအိုဘာသာ ကျင့်ကြံသူတွေအကြောင်းပဲ ကြားဖူးတယ် … အင်မော်တယ်ကျင့်ကြံသူဆိုတာ တစ်ခါမှ မကြားဖူးဘူး။"

"ဒါက မင်း အများကြီး မသိသေးလို့ပါ။"

ထန်ရှုက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

“အင်မော်တယ်ကျင့်ကြံသူဆိုတာ တာအိုကျင့်ကြံသူနဲ့ အခြေခံတော့ ဆင်တူတယ်။ ဆိုလိုချင်တာက အင်မော်တယ် ကျင့်ကြံသူက တာအိုကျင့်ကြံသူနဲ့ နှိုင်းယှဉ်ရင် အဆင့်ပိုမြင့်သလို ကျင့်ကြံမှုလမ်းကြောင်းပေါ်လည်း လျှောက်လှမ်းနေကြတယ်။ ငါ လေ့ကျင့်နေတာက တာအိုကျင့်စဥ်မဟုတ်ဘဲ အင်မော်တယ်ကျင့်စဥ်ပါ။"

ချန်းရွှဲ့မေက စိတ်ထဲမှ တုန်လှုပ်ချောက်ချားမှုကို ထိန်းလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“နင် ဒီလောက် အစွမ်းထက်လာတာ မဆန်းပါဘူး။ နင်က အင်မော်တယ် ကျင့်ကြံသူဆိုတာ သိသာပါတယ်။ ငါ အခု တကယ် နားလည်သွားပြီ။"

All Chapters