← Chapters

ကြီးစွာသော ဒုက္ခဆင်းရဲ

Vol. 58 Ch. 812

ကြီးစွာသော ဒုက္ခဆင်းရဲ

Vol. 58 Ch. 812

ကော်ဗက်ရေယာဥ်သည် လျင်မြန်ပြီး ပင်လယ်အောက်၌ လျင်မြန်စွာ သွားခဲ့ပြီး ဟိုက်ပန်ကျွန်းမှ ရေမိုင်ထောင်ဂဏန်း အကွာအဝေးသို့ မိနစ်အနည်းငယ်အတွင်း ရောက်သွားခဲ့သည်။ ပင်လယ်ရေမျက်နှာပြင်အထက်သို့ စစ်ဆေးရန် စူးစမ်းအာရုံခံကိရိယာကို အသုံးပြုပြီးနောက် လူသူကင်းမဲ့သော ကျွန်းအနီးတွင် ပေါ်လာသည်။

“ဒီမှာ ဆင်းရအောင်။”

ထန်ရှုသည် အပေါက်ထဲမှ ထွက်လာပြီး ပင်လယ်မျက်နှာပြင်ပေါ်သို့ တက်ကာ ကျွန်းပေါ်သို့ တက်လာသည်။ အပေါက်ဝတွင် ရပ်နေသော ချန်းရွှဲ့မေသည် မယုံကြည်နိုင်စွာ ကြည့်နေသည်။ သူမကိုယ်တိုင်လည်း စွမ်းရည်အသုံးပြုသူတစ်ယောက် ဖြစ်လာခဲ့သော်လည်း ရေမျက်နှာပြင်ပေါ်သို့ အလွယ်တကူ နင်းတက်သွားခြင်းသည် သူမ မလုပ်နိုင်သည့်အရာတစ်ခု ဖြစ်လေသည်။

"ငါ လာပြီ။"

ချန်းရွှဲ့မေသည် အသက်ပြင်းပြင်းတစ်ချက် ရှူကာ မြေကြီးဒြပ်စင်အား လျင်မြန်စွာ စုစည်းပြီး အပေါက်မှ အပြင်ဘက်ဆီသို့ လမ်းကြောင်းတစ်ခုကို လျင်မြန်စွာ ဖော်လိုက်သည်။ ထိုလမ်းကြောင်းမှ သူမသည် လှမ်းထွက်လာပြီး ထန်ရှုအနားသို့ လျှောက်သွားခဲ့သည်။

"နင် ငါ့ကို ဘယ်လို ကူညီမှာလဲ။"

ထန်ရှုက သူ့လက်စွပ်ထဲက မြေဆွဲငင်အား ဝတ်စုံတစ်ထုပ်ကို ယူလိုက်ပြီး ချန်းရွှဲ့မေကို ပေးလိုက်ရင်း

“ဒါကို ဝတ်ပြီး ကျွန်းပတ်ပတ်လည်ကို ပြေးပါ။ နေ့တိုင်း မရပ်ဘဲ နှစ်နာရီကြာအောင် ပြေးပါ။ ပြီးမှ ငါ မင်းကို တိုက်ခိုက်ဖို့ အဖော်လုပ်ပေးမယ်။ ဒါမှ မင်းရဲ့လက်ရှိ ခွန်အားတွေနဲ့ မင်းက အကျွမ်းတဝင်ရှိလာလိမ့်မယ်။”

ချန်းရွှဲ့မေသည် ပုံမှန်မဟုတ်သော အရာများအား ထန်ရှု လေထဲမှ ထုတ်ယူခြင်းကို ကျင့်သားရလာပြီ ဖြစ်သောကြောင့် ခေါင်းညိတ်လိုက်ကာ ဝတ်စုံကို ဝတ်လိုက်သည်။ ဝတ်စုံသည် သူမ၏ခန္ဓာကိုယ်ကို တိုက်ရိုက်ပတ်ထားသော ချပ်ဝတ်ချပ်ကာနှင့် တူနေသဖြင့် သူမသည် စိတ်ရှုပ်ထွေးကာ

"ဒီဝတ်စုံက ငါ့ကို ဘယ်လိုသက်ရောက်မှု ရှိတာလဲ။"

ထန်ရှုက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး သူမ၏ပုခုံးကို လှမ်းထိလိုက်ရာ အနီရောင်နံပါတ်များ ပေါ်လာပြီး ကိန်းဂဏန်းများ ပြောင်းလဲလာသည်။

“ဒါက…”

ချန်းရွှဲ့မေ ဝတ်ထားသည့်ဝတ်စုံသည် နံပါတ်များ ပြောင်းလဲလာသည်နှင့်အမျှ ပိုပိုလေးလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသဖြင့် ချန်းရွှဲ့မေ တုန်လှုပ်သွားသည်။ ဆယ်စက္ကန့်လေးအတွင်းမှာပင် သူမ၏ကိုယ်လုံးကိုယ်ထည်က အခြားနည်းဖြင့် ကောင်းမွန်နေသော်လည်း ဆွဲငင်အား တိုးလာခြင်းကြောင့် မြေပြင်ပေါ်တွင် အဖိခံနေရသလို ခံစားရသည်။

ထန်ရှုသည် သူမ၏ပခုံးကို နောက်တစ်ကြိမ် ဖိလိုက်ပြီး မြေဆွဲအားကို အဆင့်တစ်ခုတွင် ထိန်းထားလိုက်သည်။ ထို့နောက် သူက

“ဒါက မြေဆွဲအား၀တ်စုံဖြစ်ပြီးတော့ အမြင့်ဆုံး ဆွဲငင်နိုင်တဲ့အားက ၃၆ဆလောက် ပိုများတယ်။ အခု မင်း ခံနိုင်ရည်ရှိတဲ့အရာက ကမ္ဘာမြေရဲ့ ပုံမှန်ဆွဲငင်အားထက် ၁၂ဆပဲ ရှိတယ်။ ဒီကန့်သတ်ချက်လောက်ပဲ မင်း အခုချိန် ယူနိုင်ဦးမယ်လို့ ငါ ထင်တယ်။ မြေဆွဲငင်အားအောက်မှာ ဖြည်းဖြည်းချင်း လမ်းလျှောက်ပြီးနောက် ပြေးရမယ်။ မင်းရဲ့ခြေလှမ်းက ပျံသန်းနေသလို မင်း ခံစားလာရရင် ပထမအဆင့်ကို မင်း ပြီးသွားပြီ။"

"ငါ အခု စလုပ်ရတော့မှာလား။"

ချန်းရွှဲ့မေက မယုံကြည်နိုင်သေးဟန်ဖြင့် မေးလိုက်သည်။

“အချိန်က ငွေပဲ။ ဖြုန်းတီးရင် ရှက်စရာပဲ မဟုတ်ဘူးလား။”

ထန်ရှု ခေါင်းတဆတ်ဆတ် ညိတ်ရင်း ဆိုလိုက်သည်။ "ဆိုတော့ အခုပဲ စလိုက်တော့။ မင်းကို နှစ်နာရီလောက် ကြီးကြပ်ပေးဖို့ ငါ မင်းအနောက်မှာ ရှိနေမယ်။ ငါ့ကို စိတ်မပျက်စေနဲ့ ဟုတ်ပြီလား။"

ထန်ရှု၏စကားကို နားထောင်ပြီးနောက် သူ၏အရိုးများမှ ပေါက်ကွဲစွမ်းအားများနှင့်အတူ ချန်းရွှဲ့မေတစ်ယောက် မြေပြင်မှ ခက်ခက်ခဲခဲ ထလိုက်ရသည်။ ထို့နောက် သူမသည် အသက်ပြင်းပြင်း အနည်းငယ် ရှူကာ ခြေထောက်ကို မြှောက်ရန် ကြိုးစားသည်။

ဘန်း...

ပုံမှန်မြေဆွဲအားထက် ဆယ့်နှစ်ဆများသော ဖိအားအောက်တွင် ခြေတစ်လှမ်း လှမ်းပြီးနောက် ချန်းရွှဲ့မေသည် သူမ၏ကိုယ်ပိုင်ခွန်အားကို မထိန်းချုပ်နိုင်သေးဘဲ ခန္ဓာကိုယ်သည် ယိမ်းယိုင်သွားကာ ဘေးသို့ ပြင်းထန်စွာ လဲကျသွားသည်။

"ထပြီး ဆက်လုပ်…"

ဘန်း...

"ထပြီး ဆက်လုပ်…"

ဘန်း...

"ထ…"

“…”

သည်ဟာသည် ရိုးရှင်းသော လမ်းလျှောက်ခြင်းသာ ဖြစ်သော်လည်း ချန်းရွှဲ့မေတစ်ယောက် လမ်းစလျှောက်သည့် ကလေးတစ်ယောက်လိုပင်။ သူမသည် ဟန်ချက်ထိန်းရန် အတတ်နိုင်ဆုံး ကြိုးစားကာ ခြေထောက်များကို မြှောက်ရန် အားထုတ်သော်လည်း အကြိမ်ကြိမ် လဲကျခဲ့ပြီး လဲကျတိုင်း ပြန်ထရန် ကြိုးစားခဲ့သည်။ ထိုဖြစ်စဉ်မှာ နာကျင်လှသော်လည်း သူမသည် အံကို တင်းတင်းကြိတ်ကာ ခံခဲ့သည်။

တစ်နာရီခွဲ ကြာပြီးနောက်…

ချန်း ရွှဲ့မေသည် ယခုအခါတွင် နာကျင်မောပန်းလွန်းသဖြင့် အသက်ပင် ရှူမ၀တော့ပေ။ သူမ၏မျက်နှာတစ်ခုလုံး နီမြန်းကာ တစ်ကိုယ်လုံးတွင် ချွေးများ စိုရွှဲနေပြီး နဖူးတွင် အစိမ်းရောင် သွေးပြန်ကြောများပင် ထောင်ထနေပေသည်။ ဤအခိုက်အတန့်တွင် သူမသည် သူမ၏အကန့်အသတ်သို့ ရောက်ရှိလုနီးပါးဖြစ်ပြီး နာကျင်ကိုက်ခဲမှုကြောင့် အပ်နှင့်ထိုးဆွသလို ခံစားနေရကြောင်း ထင်ရှားလေသည်။

"မရတော့ဘူး... မရတော့ဘူး... ငါ... အနားယူလို့ ရမလား"

တစ်ဖန်လဲကျသွားပြီးနောက် ချန်းရွှဲ့မေ ချက်ချင်း မထသေးဘဲ သူမ၏လှပသောမျက်နှာလေးကို မော့ကာ ထန်ရှုကို ကြည့်လိုက်သည်။ သူမ၏မျက်လုံးများထဲတွင် မျှော်လင့်ချက်အချို့နှင့်အတူ နာကျင်နေသော အမူအရာအနည်းငယ်ကို မြင်တွေ့နိုင်သည်။

“မရဘူး။”

ထန်ရှုက အသနားခံချက်ကို ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပြီး

"မင်း ခံနိုင်ရည် ပိုပြင်းထန်လေလေ မင်း ပိုကောင်းလာလေလေပဲ။ မင်းရဲ့အကန့်အသတ်တွေကို စိန်ခေါ်ပြီး မင်းရဲ့အလားအလာကို လှုံ့ဆော်ဖို့ မင်းရဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားကို မြှင့်တင်ဖို့လိုတယ်။ မင်းမှာ တစ်နာရီအချိန် ရသေးတယ်။ လုပ်စမ်းပါ။”

ချန်းရွှဲ့မေသည် လက်သီးကို တင်းတင်းဆုပ်ပြီး အံကြိတ်ကာ ခက်ခက်ခဲခဲထနေရသည်။ သူမ၏ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ရီနေပြီး သူမ၏ မျက်လုံးများတွင် ၀မ်းနည်းရိပ်နှင့်အတူ မျက်ရည်များပါ ၀ဲလာသည်။ သူမသည် တစ်လှမ်းချင်း ခက်ခက်ခဲခဲ လျှောက်နေရသည်။ သေလုမျောပါး ကြိုးစားပြီးနောက်တွင် တိုးတက်မှုအချို့ကို ရလာခဲ့သည်။ အနည်းဆုံးတော့ သူမသည် လမ်းလျှောက်တတ်လာပြီး သူမ၏ပျမ်းမျှအမြန်နှုန်းထက် အရှိန်နှေးနေသေးသည့်တိုင် ဟန်ချက်ကို ထိန်းနိုင်နေချေပြီ။

သုံးလှမ်းလှမ်းပြီးနောက်တွင် ပင်ပန်းနွမ်းနယ်မှုသည် ပြင်းထန်စွာ ဖိစီးလာပြီး သူမ၏ခန္ဓာကိုယ်ဟန်ချက် ပျက်သွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားပြန်သည်။

“ထ…”

ထန်ရှုက လက်နောက်ပစ်ရင်း အေးစက်စွာ ပြောလိုက်သည်။

နောက်ဆုံးတွင် ချန်းရွှဲ့မေ၏မျက်လုံးများထဲမှ မျက်ရည်များ စီးကျလာသည်။ သူမသည် ခက်ခက်ခဲခဲဖြင့် ဖြည်းဖြည်းချင်း ပြန်ထရန် ကြိုးစားနေသည်။ သည်တစ်ကြိမ် သူမ ထရန်အတွက် မိနစ်ဝက်နီးပါး ကြာသည်။

ခြေထောက်များကို မြှောက်လိုက်သည်။ ရှေ့သို့ လှမ်းလိုက်သည်။ ပြီးတော့ လဲကျသည်။ ထိုသို့ ထပ်ကာ ထပ်ကာ ဖြစ်နေခဲ့သည်။

တူညီသောလုပ်ဆောင်ချက်ကို အကြိမ်ပေါင်းများစွာ ထပ်လုပ်ပြီးနောက် နှစ်နာရီကြာလေ့ကျင့်မှုပြီးဆုံးရန် ဆယ်မိနစ်သာ လိုတော့သည်။ သူမသည် မောပန်းတကြီး မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး အသက်ပြင်းပြင်း ရှုလိုက်ရသည်။ သူမ ထရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း ခန္ဓာကိုယ်အနှံ့ နာကျင်ကိုက်ခဲမှုသည် အပ်များဖြင့် ထိုးနေသည့်အလားပင်။ သို့သော်လည်း သူမ၏ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့သည် ယားယံလာကာ တဖြည်းဖြည်း ထုံလာသည်။

“ငါ … ငါ … ထပ်ပြီး မလုပ်နိုင်တော့ဘူး … ကျေးဇူးပြုပြီး ငါ့ကို … အနားပေးပါဦး …”

သူမ၏လှပသော မျက်နှာလေးသည် ယခုအခါ သနားစရာကောင်းနေပြီး သူမ၏မျက်နှာပေါ်တွင် ယခင်က ရှိခဲ့သော ခိုင်မာသော ဆုံးဖြတ်ချက်သည် နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

"မင်း ဒီနေရာမှာ အချိန်ဖြုန်းချင်ရင်တော့ ဆော်ရီးပဲ … ငါ မင်းကို အဖော်မလုပ်ပေးနိုင်ဘူး။"

ထန်ရှုက စိတ်မပါစွာ ပြောလိုက်သည်။

"မင်းရဲ့ခွန်အားကို အပြည့်အဝ မထိန်းချုပ်ချင်ရင် ဒါမှမဟုတ် တတ်နိုင်သမျှ မြန်မြန် မသန်မာချင်ရင် အနားယူလိုက်ပေါ့။ ချန်းရွှဲ့မေ … မင်း အရင်က ရဲအရာရှိဖြစ်ခဲ့ဖူးပြီး ငါ့မျက်လုံးထဲမှာ ထက်မြက်တဲ့ ရဲရင့်တဲ့ ရဲမေတစ်ဦးဖြစ်နေတုန်းပဲ။ အနည်းဆုံးတော့ မင်းက နိုင်ငံရဲ့မစ်ရှင်ကို လက်ခံရဲ၊ သတ္တိရှိရှိနဲ့ အန္တရာယ်တွေကို ရင်ဆိုင်ရဲပြီး ဂျပန်ကို တစ်ယောက်တည်းသွားရဲတယ်။ ဒါကြောင့် မင်းရဲ့အနာဂတ်ကို ငါမျှော်လင့်ထားတယ်။"

ချန်းရွှဲ့မေ၏မျက်နှာပေါ်ရှိ သနားစရာကောင်းသော အမူအရာသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သူမသည် ထန်ရှုကို ဒေါသတကြီး စိုက်ကြည့်နေသည်။ ထန်ရှုက သူမကို လှုံ့ဆော်ရန် တမင်တကာ တွန်းအားပေးနေမှန်း သူမ သိသော်လည်း ပင်ပန်းမှုသည် ဖြည်းဖြည်းချင်း တက်နေဆဲဖြစ်သည်။

ရှေ့သို့လှမ်းပြီး ထပ်မံလဲကျသွားပြန်သည်။

နောက်ထပ် ၃ကြိမ် ပြုတ်ကျကာ ပြန်ထလာပြီးနောက်တွင် သူမ၏ခန္ဓာကိုယ် အစိတ်အပိုင်းအချို့မှ ယားယံမှုအား အပူဖြင့် အစားထိုးခံလိုက်ရသည်။ အပူစီးကြောင်းကြောင့် ဖိအားများ ပေါ့ပါးလာသည်ဟု သူမ ခံစားလာရသည်။ ယခုတစ်ကြိမ် သူမ လဲကျသွားပြီး နွေးထွေးသော ခံစားမှုဖြင့် မနစ်မြုပ်သွားမီ ယခုအကြိမ်တွင် ခြေလှမ်းခုနစ်လှမ်းအထိ လှမ်းနိုင်ခဲ့သည်။

ထန်ရှု မျက်လုံးများကို မှေးစင်းထားရင်း ချန်းရွှဲ့မေ မြေပြင်ပေါ်ကနေ ထပ်မံထရန် ကြိုးစားနေသည်ကို မြင်သောအခါ သူမ၏အရှေ့သို့ ခြေလှမ်းနှစ်လှမ်းဖြင့် ချက်ချင်းရောက်သွားခဲ့သည်။ ထို့နောက် ထန်ရှုသည် သူမ၏အရှေ့တွင် လူ့ခန္ဓာကိုယ်၏ မရီဒျာန်လမ်းကြောင်းများကို ပြထားသော ဇယားတစ်ခုကို ထုတ်ယူလိုက်ရင်း ခပ်ဖွဖွ ပြောလိုက်သည်။

“မင်း နှစ်နာရီ အနားယူနိုင်တယ်။ ဒါပေမယ့် အဲ့ဒီအချိန်အတွင်း ဒီဇယားပေါ်က မရီဒျာန်လမ်းကြောင်းတွေနဲ့ သွေးကြောမှတ်တစ်ခုစီရဲ့ အနေအထားတွေကို ရှင်းရှင်းလင်းလင်း မှတ်မိဖို့ အကောင်းဆုံး ကြိုးစားပါ။ မင်း ဒါကို လုပ်နိုင်ရင် မင်းကို အင်မော်တယ်နည်းစနစ်တွေကို ငါ သင်ပေးမယ်။ ဒါပေမယ့် မင်း မအောင်မြင်ရင် မင်းရဲ့လေ့ကျင့်ခန်းအချိန်က နာရီဝက်လောက် တိုးလာလိမ့်မယ်။"

ချန်းရွှဲ့မေသည် မထိတ်လန့်ဘဲ မနေနိုင်ပေ။ ထိုနှစ်နာရီသည် သူမအား ငရဲရောက်နေသည့်အလား ခံစားရသည်။ နောက်ထပ်နာရီဝက်သာ တိုးလာပါက ထိုဒုက္ခဆင်းရဲသည် သူမကို သတ်သွားပေလိမ့်မည်။

"ငါ အကောင်းဆုံး ကြိုးစားပါ့မယ်။"

အင်မော်တယ်နည်းစနစ်အတွက် ဖြစ်စေ၊ လေ့ကျင့်ခန်းအချိန်ကို နာရီဝက်မျှ မတိုးစေရန်အတွက်ဖြစ်စေ၊ ၎င်းတို့ကို အလွတ်ကျက်မှတ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားရန်အတွက် စိတ်အားထက်သန်စွာ သူမ ဆုံးဖြတ်ခဲ့သည်။

နှစ်နာရီ ကြာပြီးနောက်…

ထန်ရှု၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ချိတ်ဆွဲလာပြီး

"ဆိုတော့ မင်း မှတ်မိသွားပြီလား။"

"အချိန်စေ့သွားပြီလား။"

ချန်းရွှဲ့မေက မော့ကြည့်လိုက်ပြီး အမြန်မေးလိုက်သည်။

"ဟုတ်တယ်။" ထန်ရှု ခေါင်းညိတ်လိုက်သည်။

ချန်းရွှဲ့မေ၏ပါးစပ်သည် အကြိမ်အနည်းငယ် မဲ့ရွဲ့သွားပြီး ခါးခါးသီးသီး ခေါင်းယမ်းကာ

“လူ့ခန္ဓာကိုယ်ရဲ့မရီဒျာန်လမ်းကြောင်းတွေနဲ့ သွေးကြောမှတ်တွေက အရမ်းများလွန်းတယ်။ ငါ... တစ်ဝက်လောက်ပဲ ကျက်နိုင်တယ်...”

ထန်ရှုက ကြွေအိုးတစ်အိုးကို ထုတ်ပြီး ချန်းရွှဲ့မေ၏အရှေ့တွင် ပစ်ပေးလိုက်ပြီး အပြုံးဖြင့် "အင်း … မင်း အဲ့ဒီထဲက တစ်ဝက်နီးပါးကို အလွတ်ရတာ အရမ်းကောင်းပါတယ်။ ဒါပေမယ့် မနက်ဖြန်နှစ်နာရီခွဲ လေ့ကျင့်ဖို့ ကျန်သေးတယ်။ နောက်ပြီး ဒီကြွေအိုးထဲ ခန္ဓာကိုယ်သန့်စင်ဆေးရည် ပါတယ်။ ဒီဆေးတစ်စက်ကို ကော်ဗက်ရေယာဥ်အတွင်းက ရေချိုးကန်ထဲမှာ ထည့်ပေးပါ။ ရေထဲမှာ နာရီဝက်လောက်စိမ်ပြီး နောက်တစ်ကြိမ် လေ့ကျင့်ရေးစဖို့ ပြန်ထွက်လာခဲ့။”

ချန်းရွှဲ့မေသည် သူမ လုံလောက်စွာ မနားရသေးကြောင်း ပြောပြလိုသောကြောင့် ပါးစပ်ဟလိုက်သည်။ ထန်ရှုသည် စိတ်ပြောင်းမည်မဟုတ်ကြောင်း သိပြီးနောက်တွင် သူမ၏ဒေါသကို မျိုချကာ မြေပြင်မှ တွားသွားထလိုက်ပြီး ကော်ဗက်ရေယာဥ်ဆီသို့ တရွေ့ရွေ့ လျှောက်လာသည်။

ဤတစ်ကြိမ် နှစ်နာရီကြာ ဆွဲငင်အား လေ့ကျင့်မှုသည် သူမအား ဟာသလုပ်နေသကဲ့သို့ဖြစ်ကြောင်း  နောက်ဆုံးတွင် သဘောပေါက်ခဲ့သည်။ ထိုနေရာမှ ကော်ဗက်ရေယာဥ် ကျောက်ချရပ်နားထားသည့် ကမ်းရိုးတန်းသို့ နှစ်နာရီကြာ လမ်းလျှောက်ရမည်ဖြစ်ပြီး တိုးလာသောဆွဲငင်အားကို မပိတ်ပါက အပြန်ခရီး နှစ်နာရီအတွက်လည်း လိုအပ်သည်။ သူမ၏ ကာယကြံ့ခိုင်မှုအပြည့်အဝ ပြန်မကောင်းမွန်သေးသည့် အခြေအနေမျိုးတွင် ၎င်းခရီးသည် အချိန် ပိုမိုကြာမြင့်နိုင်မည်ဖြစ်သည်။

'အရှက်မရှိတဲ့ လူယုတ်မာ'

ချန်းရွှဲ့မေက စိတ်တွင်းမှ ကျိန်ဆဲလိုက်ပြီး အပြန်လမ်းတွင် အံကြိတ်ကာ လာခဲ့ရသည်။

ထန်ရှုသည် ချန်းရွှဲ့မေနှင့်နီးနီးကပ်ကပ် နေနေဆဲဖြစ်ပြီး သူမ လဲကျလိုက်၊ ပြန်လမ်းလျှောက်လိုက် လုပ်နေသည်ကို စောင့်ကြည့်နေရင်း မျက်နှာပေါ်ရှိ အပြုံးသည် ပိုမိုထင်ရှားလာတော့၏။

နှစ်နာရီခွဲကြာပြီးနောက် ချန်းရွှဲ့မေနှင့် ထန်ရှုသည် ကော်ဗက်ရေယာဥ်ဆီသို့ နောက်ဆုံးတွင် ပြန်လာခဲ့သည်။ ထန်ရှုသည် သူမ၏မြေဆွဲအား ဝတ်စုံကို ချွတ်ပေးလိုက်ပြီး ကော်ဗက်ရေယာဥ်ထဲသို့ ချန်း ရွှဲ့မေ ဝင်သွားသည်ကို ကြည့်နေရင်း ချန်းရွှဲ့မေသည် သည်ရေယာဥ်ထဲရှိ ရေချိုးသည့်စနစ်ကို ယခင်က တစ်ခါမှ မသုံးဖူးကြောင်း ရုတ်တရက် သတိရသွားသည်။ ချန်းရွှဲ့မေ၏အနောက်ကို လိုက်ရုံကလွဲပြီး သူ့တွင် ရွေးချယ်စရာမရှိချေ။ ရေချိုးစနစ်ကို ဖွင့်ပေးပြီး သူမ ရေချိုးရန် ပြင်ဆင်ပေးထားကာ ခန္ဓာကိုယ်သန့်စင်ဆေးရည် တစ်စက်ကို လောင်းထည့်ပေးပြီးနောက် ပြန်ထွက်လာခဲ့သည်။

နောက်နာရီဝက်သည် ချန်းရွှဲ့မေအတွက် ပိုမို နာကျင်ခဲ့ရသည့် အတွေ့အကြုံတစ်ခု ဖြစ်လာခဲ့သည်။ သူမ၏ခန္ဓာကိုယ် ဖွဲ့စည်းပုံဆီသို့ ခန္ဓာကိုယ်သန့်စင်ဆေးရည်က သယ်ဆောင်လာသော အပြောင်းအလဲများသည် သူမ၏မျက်၀န်းများထဲတွင် နာကျင်ရိပ်များ စွန်းထင်စေကာ မျက်လုံးများပင် နီရဲလာစေခဲ့သည်။

'ငါ အခု ဘယ်လို သက်သာသွားတာလဲ'

ချန်းရွှဲ့မေ ရေစိမ်ချိုးပြီးနောက် ရေချိုးကန်ထဲက ထွက်လာခဲ့သည်။ သူမ ခံစားနေရသော နာကျင်ကိုက်ခဲမှု ပျောက်ကွယ်သွားကြောင်း ခံစားလိုက်ရပြီး တစ်ကိုယ်လုံးတွင် သက်တောင့်သက်သာ ရှိလာသည်။ ကုန်စင်အောင် သုံးစွဲခဲ့သော သူမ၏ခွန်အားသည် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်ဟုပင် ခံစားရမိလေသည်။

ထန်ရှုသည် ကော်ဗက်ရေယာဥ်၏အခြားဧရိယာတွင် ထိုင်နေသည်။ သူ့ရှေ့က စားပွဲပေါ်တွင် သိုလှောင်လက်စွပ်ထဲမှ ထုတ်လိုက်သော အစားအသောက်တချို့ကို ခင်းကျင်းထားသည်။

"အင်း … ငါ စိတ်ပြောင်းသွားပြီ။ အရင်စားလိုက်ကြတာပေါ့။ နောက်တစ်ကြိမ် လေ့ကျင့်ရေးမစခင် အစားအသောက်ကို ကောင်းမွန်စွာ စားပြီး လေးနာရီလောက် အိပ်လိုက်ပါဦး။”

ချန်းရွှဲ့မေတစ်ယောက် အခု အမှန်တကယ်ကိုပင် ဆာလောင်နေပြီဖြစ်သည်။ စားပွဲပေါ်ရှိ အစားအစာကို မြင်သောအခါ ချက်ချင်းပင် တဟုန်ထိုး ပြေးလာကာ မြိန်ရည်ယှက်ရည် စားတော့သည်။ ထို့နောက် သူမ၏ ဗိုက်လေးကို ပွတ်သပ်ကာ ကျေနပ်စွာ စားပိုးနင့်နေတော့သည်။

“ဘေးအခန်းမှာ အိပ်ယာ ရှိတယ်။ ငါ အိပ်ယာ ပြင်ဆင်ပြီးပြီ။ လေးနာရီကျရင် ငါ လာနှိုးပေးမယ်။" ထိုစကားကို ပြောပြီးနောက် ထန်ရှုသည် ထကာ ကော်ဗက်ရေယာဥ်၏အခန်းတွင်းသို့ လျှောက်သွားသည်။

"လေးနာရီတည်းလား။"

ချန်းရွှဲ့မေက မကျေမနပ် နှာခေါင်းရှုံ့လိုက်သော်လည်း သူမ ဘေးအခန်းဆီသို့ အလျင်အမြန် လျှောက်သွားရသေးသည်။ နောက်တစ်ကြိမ် လေ့ကျင့်ရေးက လွယ်တော့မှာမဟုတ်ဆိုသည်ကို သူမ သဘောပေါက်သောကြောင့် အနားယူရန် အချိန်ယူရပေမည်။ ထိုခဏတာလေ့ကျင့်မှုကြောင့် သူမ၏ကိုယ်ပိုင်ခွန်အားကို ထိန်းချုပ်နိုင်မှုသည် များစွာ တိုးတက်လာသည်ဟု သူမ ခံစားနိုင်သည်။ အနည်းဆုံးတော့ သူမသည် ထိန်းမနိုင်သိမ်းမရဖြစ်ပြီး ပုံမှန်လှုပ်ရှားမှုများတွင် သည်နေရာ ဟိုနေရာက အရာများကို ဝင်မတိုက်မိတော့ပါချေ။

All Chapters