← Chapters

အခန်း (၄၉၉)

Vol. 40 Ch. 499

အခန်း (၄၉၉)

Vol. 40 Ch. 499

ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်၌

ချင်းယင်သည် နန်ပါးထျန်း၏ စာဖတ်ခန်းထဲသို့ ဝင်သွား၏။

နန်ပါးထျန်းသည် ချင်းယင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောသည်။

“သဲလွန်စတွေ အကုန် ရှင်းလင်းပြီးပြီလား”

ချင်းယင်မှ ခေါင်းညိတ်သည်။

“ဟုတ်ကဲ့၊ အားလုံးရှင်းလင်းပြီးပါပြီ။ ဘာခြေရာလက်ရာမှ မကျန်ခဲ့စေရပါဘူး”

ထိုအခါ နန်ပါးထျန်းမှ ခေါင်းညိတ်သည်။

“ကောင်းတယ် ကောင်းတယ်။ အခု တစ္ဆေလက်ကုချင်းဖုန်းက လျိုလောင်ကွေ့အမုန်းဆုံးသူ ဖြစ်နေပြီ။ ကုချင်းဖုန်းနဲ့ ငါတို့ကြား အပေးအယူလုပ်ထားတာကို သိရင် လျိုလောင်ကွေ့က ငါတို့ကို အင်အားကုန်သုံးပြီး တိုက်ခိုက်လာမှာစိုးရတယ်။ ပြီးတော့ နောက်ပိုင်းဖြစ်လာမယ့်ကိစ္စတွေကလည်း အရမ်းအရေးကြီးတယ်”

ထန်ဇီယွဲ့မှ ပြောသည်။

“အမ်း လျိုလောင်ကွေ့နဲ့ ချန်ကျိုစစ်တို့ အဲဒီနေ့က ပြန်သင့်မြတ်သွားကြတယ်။ ကျွန်တော် သုံးကြိမ်တိုင်တိုင် ပြန်ခွဲခြမ်းစိတ်ဖြာကြည့်ပြီးပြီ။ သူတို့သင့်မြတ်သွားကြတာမှာ သေချာပေါက် သဘောတူညီချက်တချို့ ရှိလိမ့်မယ်။ ကျွန်တော် အကြိမ်ကြိမ်အခါခါ စဉ်းစားကြည့်ပြီး ကောက်ချက်ချမိတာကတော့ သူတို့ရဲ့သဘောတူညီချက်က လျိုစုန့်နဲ့ သက်ဆိုင်နေလိမ့်မယ်ဆိုတာပဲ”

“နောက်တော့ ကျွန်တော်စေလွှတ်ထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ပိုင်ဝမ့်ကျင်းက မျန့်ရွှေစီရင်စုကနေ ထွက်သွားပြီး ဟူပေ ရှန်းနုံကို သွားတဲ့အ‌ေကြာင်း သိခဲ့ရတယ်။ အဲဒီနေရာက ပိုင်ဝမ့်ကျင်းရဲ့ဆရာ အန်းသာ့စန်းနေတဲ့ နေရာပါ”

“အဲဒီအန်းသာ့စန်းက အရင်က တော်ဝင်မင်းသားစံအိမ်တော်က တော်ဝင်သမားတော်ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက သိုင်းလောကရဲ့ အမည်ကျော်ကြားတဲ့ နတ်ဆေးသမားတော်ကြီး၁၀ဦးထဲက တစ်ဦးဖြစ်ခဲ့တာပါ။ သူ့မှာ လျိုစုန့်အတွက် အသုံးဝင်နိုင်မယ့် ပစ္စည်းကောင်းတစ်ခုခု ပိုင်ဆိုင်ထားတာ ဖြစ်နိုင်ပါတယ်”

“ပြီးတော့လည်း ချောင်ကုန်သည်အဖွဲ့က ကျွန်တော်တို့ရဲ့သူလျှိုတွေက လျိုစုန့်က သတိမေ့မြောနေတဲ့အခြေအနေဖြစ်နေတယ်လို့ သတင်းပို့လာပါတယ်။ သူ့ရဲ့နှလုံးကို ထိုးမိထားတဲ့ ဓားဒဏ်ရာက အဓိကပြဿနာမဟုတ်ဘဲ ဓားမှာ သုတ်လိမ်းထားတဲ့ အဆိပ်က အဓိကပြဿနာပါတဲ့။ အဆိပ်က နှလုံးတည့်တည့်ကို ထိသွားခဲ့တာမို့လို့ လျိုစုန့်အသက်ရှင်ဖို့ဆိုရင် ရတနာတစ်ပါးလို ဆေးတစ်မျိုး လိုအပ်ပါလိမ့်မယ်။ ဒီအချက်ကိုကြည့်ခြင်းအားဖြင့် ပိုင်ဝမ့်ကျင်း သူ့ဆရာဆီကို သွားတာက အဆိပ်ဖြေဆေးအတွက် ဖြစ်ပါလိမ့်မယ်”

“နောက်တော့ ကျွန်တော့်ရဲ့ခန့်မှန်းချက်ကို အတည်ပြုနိုင်ခဲ့ပါတယ်။ သူတို့ ရှန်းနုံကို သွားယူနေတဲ့ဆေးက ရနံ့ရသာကိုးပါးအဆိပ်ဖြေဆေးပါတဲ့”

ထို့နောက် ထန်ဇီယွဲ့မှ ဆက်ပြောသည်။

“ဒါပေါ့၊ ဒါတွေအားလုံးက ချန်ကျိုစစ်ရဲ့ ကျားဖြူခန်းမအဖွဲ့သားတွေထဲမှာ သူလျှိုတွေ ထည့်ထားနိုင်ခဲ့တဲ့ ခေါင်းဆောင်ရဲ့ စွမ်းဆောင်ရည်ကြောင့်ပါပဲ။ သူလျှိုတွေက ကျွန်တော်တို့ကို သတင်းတင်ပြပေးခဲ့တာကြောင့် မဟုတ်ခဲ့ရင် ကျွန်တော်တို့တွေ ချန်ကျိုစစ်နဲ့ လျိုလောင်ကွေ့ရဲ့ အစီအစဉ်ကို သိနိုင်မှာမဟုတ်ဘူး”

“သူလျှိုလား”

ထိုအခါ ချင်းယင်သည် အံ့ဩသွား၏။

“ခေါင်းဆောင်? သူလျှိုက ပိုင်ဝမ့်ကျင်းကို ကာကွယ်ပေးနေတဲ့အဖွဲ့ထဲမှာ ရှိနေတာပါလား”

နန်ပါးထျန်းမှ ပြောသည်။

“ဒါပေါ့”

“တစ္ဆေလက်ကုချင်းဖုန်းက အပြတ်အသတ် ရက်စက်ကြမ်းကြုတ်တဲ့ဗီဇရှိတယ်။ အဲဒါကြောင့် အစောင့်အဖွဲ့ထဲက သူလျှိုလည်း သေခြင်းတရားကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ခုနက ဘာလို့ ကုချင်းဖုန်းကို သူလျှိုကို အသက်ရှင်လျက် ချန်ထားပေးဖို့ မပြောလိုက်တာပါလဲ”

ထိုအခါ နန်ပါးထျန်းမှ ရယ်လျက် ပြောသည်။

“ချင်းယင် မင်းက တစ်ခါတလေတော့ လုံလောက်တဲ့ ရက်စက်မှုရှိပါတယ်။ ဒါပေမဲ့ တချို့အချိန်တွေကျ မင်းက ဆုံးဖြတ်ချက်မပြတ်သားဘူး။ ဒီလိုကျားစေ့ကို အသုံးပြုပြီးရင် အပြီးပြတ်ရှင်းလင်းရတာ သဘာဝပဲလေ။ မဟုတ်မှ သူတို့က ငါတို့ကို သစ္စာဖောက်သွားမှာကို စောင့်နေရမှာလား”

ထိုအခါ ချင်းယင်သည် တိတ်ဆိတ်သွားခဲ့သည်။

ထန်ဇီယွဲ့သည် လျင်မြန်စွာသောလှုပ်ရှားမှုဖြင့် စက္ကူယပ်တောင်ကို ဖြန့်ကာ အကြိမ်ရေအနည်းငယ်မျှ ညင်သာစွာ ယပ်ခပ်လိုက်ရင်း ပြောသည်။

“ခေါင်းဆောင် အခု တစ္ဆေလက်ကုချင်းဖုန်းက လှုပ်ရှားမှာဆိုတော့ သူသာ ပိုင်ဝမ့်ကျင်းကို သတ်နိုင်ခဲ့ပြီး အဆိပ်ဖြေဆေးကို ဖျက်ဆီးနိုင်ခဲ့ရင် လျိုစုန့်က ကျိန်းသေပေါက် သေသွားပါလိမ့်မယ်။ ချန်ကျဲ့နဲ့ လျိုလောင်ကွေ့တို့ကြားက မဟာမိတ်ဆက်ဆံရေးက မခိုင်မာနိုင်တော့ဘဲ ကျွန်တော်တို့အနေနဲ့ ကြားဝင်နှောင့်ယှက်နိုင်ပါလိမ့်မယ်”

ထိုအခါ နန်ပါးထျန်းမှ ပြောသည်။

“အင်း ငါတို့ သူတို့နှစ်ယောက်ကို ပူးပေါင်းခွင့်ပြုလို့ မဖြစ်ဘူး။ လျိုလောင်ကွေ့က သူ့သားကို အရမ်းဂရုစိုက်တယ်ဆိုမှတော့ ငါသူ့ကို သားသမီးကိုဆုံးရှုံးရတဲ့ နာကျင်မှုကို ခံစားရစေချင်တယ်”

ထန်ဇီယွဲ့မှ ပြောသည်။

“ခေါင်းဆောင်ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စက ကျွန်တော်တို့နဲ့ပတ်သက်တဲ့ သဲလွန်စကျန်ခဲ့လို့ မဖြစ်ဘူး။ ကုချင်းဖုန်းက ဒီတိုင်း ကျွန်တော်တို့အစား အပြစ်ခံပေးမယ့် ပြီးပြည့်စုံတဲ့ ကြားခံသက်သက်ပဲ”

“ပိုင်ဝမ့်ကျင်းကို ကျွန်တော်တို့ကိုယ်တိုင်သတ်လိုက်လို့ လျိုလောင်ကွေ့သိသွားခဲ့ရင် သူနဲ့ ချန်ကျိုစစ်ကြားက မဟာမိတ်ဆက်ဆံရေးက ပိုပြီးခိုင်မာလာလိမ့်မယ်။ အဆုံးသတ်ကျ သူတို့နှစ်ယောက်က ရန်သူတူညီကြောင်း သေချာသွားကြလိမ့်မယ်။ ဒါပေမဲ့ ဒီကိစ္စက ကုချင်းဖုန်းရဲ့လက်ချက်ဆိုရင်တော့ လျိုလောင်ကွေ့က ကုချင်းဖုန်းကို မုန်းတီးရုံပဲ တတ်နိုင်လိမ့်မယ်။ ပြီးတော့ ချန်ကျိုစစ်နဲ့ မဟာမိတ်ဖွဲ့မယ့် အပေးအယူကလည်း ကျရှုံးသွားတဲ့အတွက် သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို နှောင့်ယှက်ဖို့ လွယ်ကူသွားလိမ့်မယ်။ ဒါက အကောင်းဆုံး နည်းဗျူဟာပါပဲ”

နန်ပါးထျန်းမှ သေချာစဉ်းစားတွေးတောရင်း ခေါင်းညိတ်သည်။

“ခန်းမအရှင်သခင်ထန် ပြောတာ မှန်တယ်။ ဪ ချင်းယင် ငါမင်းကို စီစဉ်ခိုင်းထားတဲ့လူတွေ စီစဉ်ထားပြီးပြီလား”

ချင်းယင်မှ ပြန်ပြောသည်။

“စီစဉ်ပြီးပါပြီ။ အဲဒီနေ့ကျရင် ကျွန်တော်တို့လူတွေက အနီးအနားရွာက သစ်ခုတ်သမားတွေကို ခေါ်သွားမှာပါ။ အဲဒီအခါ တောင်အောက်ဆင်းရင်းနဲ့ အဖြစ်အပျက်တွေကို မျက်မြင်တွေ့သွားကြပါလိမ့်မယ်”

နန်ပါးထျန်း ရယ်လိုက်သည်။

“ဒီလောက်ဆိုရင် ဒီပြစ်မှုအတွက် တာဝန်ရှိသူက ကုချင်းဖုန်းဆိုတာကို သက်သေပြနိုင်ပြီ။ ငါတို့နဲ့ ဘာမှ လာမပတ်သက်နိုင်တော့ဘူး ဟားဟား…”

ချင်းယင်မှ ပြောသည်။

“ခေါင်းဆောင်က ဉာဏ်ပညာကြီးမားလှပါတယ်”

နန်ပါးထျန်းသည် နှုတ်ခမ်းထောင့်စွန်းများ အထက်သို့တွန့်ကွေးလျက် ပြုံးနေသည်မှာ ချင်းယင်၏ မြှောက်ပင့်စကားကို သဘောတွေ့နေကြောင်း သိသာလှပေသည်။ တကယ်တမ်းတွင် ဤအကြံအစည်ကို စတင်စဉ်းစားနိုင်ခဲ့သည့် ဉာဏ်ပညာထက်မြက်သူမှာ သူမဟုတ်ပါချေ။ သို့သော် ချင်းယင်၏တည်ရှိမှုသည် သူ၏ဉာဏ်ပညာကို မီးမောင်းထိုးပြနိုင်ပေသည်။

ထန်ဇီယွဲ့သည်တော့ သူ၏ဉာဏ်ထက်မြက်မှုကို ကိုယ်တိုင် ကောင်းစွာ သိနားလည်သည်ဖြစ်ရာ မိမိကိုယ်ကိုယ် သာမန်လူတစ်ယောက်အဖြစ်သာ ထုတ်ဖော်ပြောဆိုပေသည်။

ထန်ဇီယွဲ့သည် မိမိကိုယ်ကိုယ် မျန့်ရွှေစီရင်စု၏ အထင်ကရပုဂ္ဂိုလ်တစ်ဦးအဖြစ် ဆောက်တည်နိုင်ခဲ့ခြင်းမှာ အဓိကအချက်သုံးချက်ကြောင့် ဖြစ်သည်။

တစ်အချက်မှာ အခြေခံအုတ်မြစ်ဖြစ်သည့် သိုင်းပညာအရည်အချင်းဖြစ်သည်။

နှစ်အချက်မှာ အကျိုးအမြတ်အတွက်ဖြစ်ပါက စီရင်စုအုပ်ချုပ်ရေးမှူးအား အချိန်မရွေး ခယနိုင်ခြင်းခဲ့သို့ အခြေခံစည်းမျဉ်းကင်းမဲ့ခြင်းဖြစ်သည်။

သုံးအချက်မှာ သူ၏ ညှာတာမှုကင်းမဲ့ပြီး ရက်စက်ကြမ်းကြတ်သည့်လုပ်ဆောင်မှုများကြောင့် ဖြစ်သည်။

အဖွဲ့တစ်ဖွဲ့ကို စီမံခန့်ခွဲ့နည်း၊ စာရင်းအင်းများကို စီစဉ်ထောက်ပံ့နည်း၊ အကျိုးအမြတ်ခွဲဝေခြင်းအား တိကျသေချာစေနည်းကဲ့သို့ ကိစ္စရပ်များကို ထန်ဇီယွဲ့သည် ဂရုမစိုက်ပါချေ။ အကြောင်းမှာ သူသည် ဉာဏ်ပညာအသုံးချခြင်းဆိုင်ရာ ကိစ္စရပ်များတွင်သာ ပါဝင်တတ်ပေသည်။

ထန်ဇီယွဲ့၏ အုပ်ချုပ်မှုစွမ်းရည်သည် မဆိုးလှပေ။

သို့သော် သူသည် အကြံပေးထန်ဇီယွဲ့အဖြစ် နှစ်ပေါင်းများစွာ ကျင့်သားရနေခဲ့သည်။

ထန်ဇီယွဲ့သည် လက်ထဲမှာ ယပ်တောင်ကို ပြန်ပိတ်လိုက်ပြီးနောက် သူ့ကိုယ်သူ နဖူးကို ခပ်ဖျော့ဖျော့ရိုက်လိုက်ရင်း ပြောသည်။

“ဒါနဲ့ ခေါင်းဆောင်၊ ဒီအစီအစဉ်မှာ ပြစ်ချက်တစ်ခုရှိနေပါသေးတယ်။ အဲဒါကို လွဲချော်လို့မဖြစ်ပါဘူး”

နန်ပါးထျန်းသည် ထန်ဇီယွဲ့ကို နားမလည်နိုင်ဟန် ကြည့်လာ၏။

“ပြစ်ချက် ဘာပြစ်ချက်လဲ?”

ထန်ဇီယွဲ့မှ ပြောသည်။

“ချန်ကျိုစစ်က နောက်သုံးရက်အတွင်းမှာ ပိုင်ဝမ့်ကျင်းကို သွားတွေ့ခဲ့ရင် ဘယ်လိုလုပ်ကြမလဲ”

“ပိုင်ဝမ့်ကျင်းကို သွားတွေ့မယ်?”

နန်ပါးထျန်း အံ့ဩသွားပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။

ဟုတ်သား၊ အဲဒီနေ့ကျ ချန်ကျိုစစ်က ပိုင်ဝမ့်ကျင်းကို သွားတွေ့ခဲ့ရင် ဘယ်လိုလုပ်မလဲ? အဲဒီလိုဆို ငါ့အစီအစဉ်တွေ အကုန်ပျက်စီးသွားမယ် မဟုတ်ဘူးလား?

ထန်ဇီယွဲ့မှ ပြောသည်။

“ကျွန်တော်တို့ စီစဉ်ထားတဲ့နေရာက နည်းနည်းဝေးကွာတာတော့ အမှန်ပါပဲ။ ချန်ကျိုစစ်က ပိုင်ဝမ့်ကျင်းကို တွေ့ဖို့အတွက်နဲ့ မြို့ကနေ မိုင်သုံးဆယ်အကွာအဝေးကို မသွားလောက်ဘူးလို့ ထင်ရပါတယ်။ ဒါပေမဲ့ အကယ်၍များ သွားတွေ့ခဲ့ရင် ဘယ်လိုလုပ်ပါမလဲ”

ထန်ဇီယွဲ့၏ ထိုစကားတွင် နန်ပါးထျန်းသည် မျက်မှောင်ကြုတ်သွား၏။

“အဲဒါဆို ခန်းမအရှင်သခင်ထန်က ဘယ်လိုလုပ်သင့်တယ်ထင်ပါသလဲ”

ထိုအခါ ထန်ဇီယွဲ့မှ ပြောသည်။

“ချန်ကျိုစစ် မြို့ပြင်မထွက်အောင်လုပ်ဖို့ နည်းလမ်းရှာရပါမယ်”

နန်ပါးထျန်းမှ မေးသည်။

“ချန်ကျိုစစ် မြို့ပြင်မထွက်အောင် ငါတို့က ဘယ်လိုလုပ်နိုင်မှာလဲ”

ထန်ဇီယွဲ့မှ ရယ်မောသည်။

“အဲဒီနေ့ညမှာ အစည်းအဝေးခေါ်လိုက်ရင်ရော?”

All Chapters