အခန်း (၅၀၀)
Vol. 40 Ch. 500
နန်ပါးထျန်း၏ မျက်လုံးအကြည့်များ ပြောင်းလဲသွား၏။
“အကြံကောင်းပဲ”
အစည်းအဝေးကျင်းပလိုက်ခြင်းသည် ချန်ကျဲ့ကို ထောင်ချောက်ဆင်မည့် အစီအစဉ်တွင် ဖြစ်လာနိုင်ခြေရှိသည့် အနှောင့်အယှက်များအတွက် ဖြေရှင်းပြီးသား ဖြစ်သွားပေလိမ့်မ်ည်။
ထိုသို့အတွေးဖြင့် နန်ပါးထျန်း၏မျက်လုံးများတွင် သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ပြည့်နှက်လာခဲ့သည်။
ချန်ကျိုစစ်၊ လျိုလောင်ကွေ့ မင်းတို့နှစ်ယောက်က ငါ့ကို ပူးပေါင်းပြီး တိုက်ခိုက်ချင်တယ်ပေါ့လေ? ဟက် ဘယ်သူက ဘယ်သူ့ကို ဖျက်ဆီးပစ်မလဲဆိုတာ စောင့်ကြည့်ကြသေးတာပေါ့။
…
(ဒီနေ့အတွက် နောက်ဆုံးရသတင်းအချက်အလက်များ ရရှိပါပြီ (အဆင့်၃))
(၁၊ သင်ဒီနေ့ ချောင်ဟုန်ယန်နှင့် ဆုံတွေ့ခဲ့ပြီး ရရှိခဲ့တဲ့အချက်အလက်ဖြစ်ပါတယ်။ ချောင်ဟုန်ယန်အမြွာညီအစ်မနှစ်ဦးက အရင်က မြောက်ပိုင်းဒေသက ထူမားမိသားစုရဲ့ ကျွန်တွေဖြစ်ပါတယ်။ သူတို့အသက်၅နှစ်အရွယ်မှာ သူတို့ရဲ့သခင်က သူတို့ကို အဓမ္မပြုကျင့်ဖို့ကြိုးစားချိန်မှာ သူတို့ရဲ့အမေက ကယ်တင်ခဲ့ပါတယ်။ နောက်တော့ မိန်ဂိုဏ်းရဲ့ ဓမ္မရာဇာကြီးတစ်ပါးဖြစ်တဲ့ အမတငှက် ဟန်မြောင်ကျန်းနဲ့ ဆုံတွေ့ခဲ့ပါတယ်)
(၂၊ သင်ဒီနေ့ ဟန်မြောင်ကျန်းအကြောင်း ကြားသိခဲ့ရတာကြောင့် ရရှိတဲ့အချက်အလက်ဖြစ်ပါတယ်။ ဟန်မြောင်ကျန်းက မူလက ကျုံးနန်တောင်က သီလရှင်တစ်ပါးပါ။ နောက်ပိုင်းမှာ မိန်ဂိုဏ်းထဲကို ဝင်ရောက်ခဲ့ပြီး ဓမ္မရာဇာလေးပါးထဲက တစ်ပါးဖြစ်လာခဲ့ပါတယ်)
(၃၊ သင်ဒီနေ့ မိန်ဂိုဏ်းသားတွေနဲ့ သဘောတူညီမှုပြုလုပ်ခဲ့တာကြောင့် ရရှိခဲ့တဲ့ သတင်းအချက်အလက်ဖြစ်ပါတယ်။ မြောက်ပိုင်းဒေသ တော်လှန်ရေးကို မူလက မိန်ဂိုဏ်းရဲ့ ဓမ္မရာဇာလေးပါးထဲက တစ်ပါးဖြစ်တဲ့ သောကျစ်ဟူကွမ်းက ဦးဆောင်ခဲ့ပြီး ပြည်နယ်သုံးခုနဲ့ စီရင်စုမြို့၁၂ခုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိမှာ တော်ဝင်နန်းတော်က သိမ်းပိုက်ခံလိုက်ရတဲ့ နယ်မြေတွေကို ပြန်တိုက်ယူနေပါတယ်)
(၄၊ ဒီနေ့အတွက် စီစဉ်ပေးထားတဲ့ သတင်းအချက်အလက်ကတော့ မိန်ဂိုဏ်းအကြောင်း ဖြစ်ပါတယ်။ မိန်ဂိုဏ်းက ပိုပြီး အင်အားကြီးမားလာနေပြီး အလယ်ပိုင်းလွင်ပြင်ဒေသမှာ ဆူပူအုံကြွမှုဖန်တီးဖို့ ကြံစည်နေပါတယ်။ အဲဒီဆူပူအုံကြွမှုကို မိန်ဂိုဏ်းချုပ် ထာဝရတည်မြဲဘုရင် ဟန်ရှန်းထုန်ကိုယ်တိုင် ဦးဆောင်မှာ ဖြစ်ပါတယ်။ မိန်ဂိုဏ်းချုပ်ဖြစ်သောကြောင့် စကြာဝဠာအားလွှဲသိုင်းကို တတ်မြောက်ထားပါတယ်။)
(၅၊ သင်ဒီနေ့ သင့်ရဲ့ဆရာဖြစ်သူ ပိုင်ဝမ့်ကျင်းအကြောင်း တွေးနေခဲ့တာကြောင့် ရရှိတဲ့အချက်အလက် ဖြစ်ပါတယ်။ ပိုင်ဝမ့်ကျင်းမှာ အသက်အန္တရာယ်ရှိနေပါတယ်။ နောက်သုံးရက်အကြာမှာ လူတစ်ယောက်က ပိုင်ဝမ့်ကျင်းကို လုပ်ကြံသတ်ဖြတ်ပါလိမ့်မယ်။ သတိထားပါ)
“ဟမ်?”
ချန်ကျဲ့သည် စူးယွင်ကျင်းကို ဖက်အိပ်နေခဲ့ခြင်းဖြစ်သည်။ သို့သော် နံပါတ်ငါးအချက်ကြောင့် ထိတ်လန့်တကြားဖြင့် ထထိုင်မိလေသည်။
ဆရာ့ကို လုပ်ကြံသတ်ဖြတ်ချင်နေတဲ့သူရှိတယ်!
စူးယွင်ကျင်းသည်လည်း ချန်ကျဲ့၏ ရုတ်တရက်လှုပ်ရှားမှုကြောင့် နိုးသွားပြီး ထထိုင်လာသည်။ ထို့နောက် ချန်ကျဲ့ကို ပြောသည်။
“ယောကျ်ား ယောကျ်ား ဘာဖြစ်လို့လဲ”
ချန်ကျဲ့သည် တံတွေးမျိုချလိုက်ပြီးနောက် ပြန်ဖြေသည်။
“ဘာမှမဟုတ်ပါဘူး”
ချန်ကျဲ့၏အခြေအနေကို မြင်တွေ့နေရရာ စူးယွင်ကျင်းမှ ပြောသည်။
“ဘာမှမဟုတ်ဘူးလား? ရှင့်နဖူးက ချွေးစေးတွေကို ကြည့်ပါဦး။ ရှင် အိပ်မက်ဆိုးမက်လို့လား”
ချန်ကျဲ့မှ ပြန်ပြောသည်။
“အင်း ကိုယ် အိပ်မက်ဆိုးမက်လို့ပါ”
စူးယွင်ကျင်းသည် ထရပ်လိုက်ပြီးနောက် ခါးစည်းကို ချည်လိုက်သည်။ သူမ၏ စင်ကြယ်သော နောက်ကျောဖြူဖြူလေးသည် လရောင်အောက်တွင် ပြေပြစ်လှပစွာ ထင်ဟပ်နေသည်မှာ လှပတင့်တယ်သည့် ကျောက်စိမ်းတစ်စအလားပင် ဖြစ်ချေသည်။
စူးယွင်ကျင်းသည် သူမ၏လက်ကိုင်ပုဝါကို ယူလိုက်ကာ ချန်ကျဲ့ရှေ့တွင် ငုတ်တုတ်ထိုင်လိုက်ပြီး ချန်ကျဲ့၏နဖူးထက်မှ ချွေးစေးများကို သုတ်ပေးသည်။
ချန်ကျဲ့သည် သူမကို နူးနူးညံ့ညံ့ပြုံးပြရင်း ပြောသည်။
“ကိုယ် အခု အဆင်ပြေသွားပါပြီ။ ရှင်မ မင်းပြန်အိပ်သင့်ပြီ”
“ရှင် တကယ်အဆင်ပြေရဲ့လား”
ချန်ကျဲ့မှ ပြန်ပြောသည်။
“ကိုယ် တကယ်အဆင်ပြေပါတယ်။ မင်း အရင်အိပ်နှင့်လိုက်၊ ကိုယ် ခဏလောက် ထိုင်နေလိုက်ဦးမယ်”
တကယ်တမ်းတွင် စူးယွင်ကျင်းသည် မအိပ်ချင်သေးပေ။ သို့သော် ချန်ကျဲ့မှ သူမကို စိုးရိမ်နေမည်စိုးသောကြောင့် ဖျစ်ညှစ်ပြုံးလိုက်ရင်း ပြောလိုက်သည်။
“ကောင်းပြီ”
ထို့နောက် အိပ်ရာထက် ပြန်လှဲလိုက်ပြီး မျက်လုံးများ ပိတ်ထားလိုက်သည်။ သို့သော် သူမ၏နားနှစ်ဖက်သည်တော့ ချန်ကျဲ့၏အသက်ရှူသံကို နားစွင့်နေခဲ့ပေသည်။
ချန်ကျဲ့သည် အသက်ရှူနှုန်းကို တည်ငြိမ်အောင် ထိန်းချုပ်နေခဲ့ရင်း စိတ်အစဉ်သည်တော့ လှိုင်းထန်နေခဲ့သည်။
နောက်သုံးရက်အကြာမှာ လူတစ်ယောက်က ဆရာ့ကို လုပ်ကြံသတ်ဖြတ်လိမ့်မယ်။ အဲဒီနေ့က ဆရာ မျန့်ရွှေကို ပြန်ရောက်မယ့်နေ့ပဲ။ ဆိုတော့ လုပ်ကြံသူက ဆရာ့ကို မျန့်ရွှေနယ်နိမိတ်အတွင်းမှာ သတ်ဖို့စီစဉ်ထားတာပဲ။
ဘယ်သူဖြစ်မလဲ?
ချန်ကျဲ့ မျက်မှောင်ကြုတ်လျက် စဉ်းစားနေခဲ့သည်။ တကယ်တော့ ချန်ကျဲ့၏စိတ်ထဲမှာ ခန့်မှန်းမိပြီးဖြစ်သည်။
နန်ပါးထျန်းပဲ ဖြစ်မယ်။ နန်ပါးထျန်းမဟုတ်ဘဲ ဆရာက ဘယ်သူ့ကို အပြစ်ပြုမိနိုင်မှာမို့လို့လဲ။
အတိအကျဆိုရသော် သူ၏ဆရာဖြစ်သူ ပိုင်ဝမ့်ကျင်းသည် အခြားသူများအပေါ် အမြဲ ကြင်နာတတ်ခဲ့ပြီး မည်သူ့ကိုမျှ အပြစ်မပြုခဲ့ဖူးပါချေ။ ယခုကဲ့သို့အခြေအနေမျိုးကို ကြုံတွေ့ရခြင်းသည် ချန်ကျဲ့နှင့် ပတ်သက်ဆက်နွယ်မှုကြောင့်ဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် ပြင်ဆင်ချိန်ရသေး၏။ တစ်ခုခုစီစဉ်ရန် သုံးရက်အချိန်ရသေးသည်။
သို့သော် လိုအပ်သည့်ပြင်ဆင်မှုများ လုပ်ဆောင်ရန်အတွက် ပိုများသည့် သတင်းအချက်အလက်များ လိုအပ်သည်။
ချန်ကျဲ့သည် အတွေးများထဲ လုံးဝ နစ်မြောသွားတော့သည်။
မနက်ဖြန်မနက်ကျရင် တစ်ခုခုထူးခြားတာရှိလားလို့ စစ်ရှီးကို စုံစမ်းခိုင်းရမယ်။ ပြီးတော့ ငါလည်း ဒီတိုင်းထိုင်နေလို့ မဖြစ်ဘူး။ မနက်ဖြန်ကျရင် ဌာနချုပ်ကို သွားရမယ်။
သတင်းအချက်အလက်စနစ်ရဲ့ သတင်းအချက်အလက်အသစ်ထပ်ပေးတဲ့ လုပ်ဆောင်မှုအရ လူတစ်ယောက်နဲ့ ပြောဆိုဆက်ဆံလိုက်ရင် အဲဒီလူနဲ့ပတ်သက်တဲ့ အချက်အလက်တစ်ခုခုကို ဖော်ပြပေးတာဆိုတော့ ငါ မနက်ဖြန်ကျ နန်ပါးထျန်းနဲ့ သွားတွေ့လိုက်ရင် သေချာပေါက် ပိုများတဲ့ အချက်အလက်တွေ ရလာနိုင်မှာပဲ။
ထိုသို့အတွေးဖြင့် ချန်ကျဲ့သည် မနက်ဖြန်တွင် နန်ပါးထျန်းနှင့် သွားရောက်တွေ့ဆုံ၍ လက်ဖက်ရည်သုံးဆောင်မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
ထိုသို့တွေးလျက် ချန်ကျဲ့သည် အချက်အလက်များကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။ ရှေ့က အချက်အလက်များသည် ချန်ကျဲ့နှင့် များစွာ သက်ဆိုင်မှုမရှိပေ။ သို့သော် စနစ်သည် ဤသို့ သတင်းကောင်း၊ သတင်းဆိုးများကို ကျပန်းရောနှော၍ အသစ်ဖော်ပြပေးခြင်းနည်းလမ်းဖြင့် လည်ပတ်ခြင်းဖြစ်ပေသည်။
ထို့ပြင် စနစ်သည် ရံဖန်ရံခါ ပဟေဠိဖွက်ရခြင်းကိုလည်း သဘောကျသေး၏။ ကံကောင်းထောက်မစွာဖြင့် နံပါတ်ငါးအချက်သည် အတော်လေး တိကျ၍ တော်သေးသည်။ သို့မဟုတ်ပါက ချန်ကျဲ့မှာ စမ်းတဝါးဝါးဖြစ်နေရလိမ့်ဦးမည်။
အပေါ်က အချက်အလက်လေးခုကို လျစ်လျူရှုထားသည့် ချန်ကျဲ့သည် ထိုအချက်များကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်ပြီးနောက် မိန်ဂိုဏ်း၏ အင်အားလွှမ်းမိုးမှုသည် အမှန်တကယ်ပင် ကျယ်ပြောကြောင်း အနှစ်ချုပ်လိုက်သည်။
မိန်ဂိုဏ်း၏ ဓမ္မရာဇာတစ်ပါးမှ ဦးဆောင်စတင်လိုက်သည့် မြောက်ပိုင်းဒေသတော်လှန်ရေးသည် ပြည်နယ်သုံးခုနှင့် စီရင်စုမြို့၁၂ခုကို သိမ်းပိုက်နိုင်ခဲ့သည်အား ကြည့်လျက် ချန်ကျဲ့တွေးလိုက်သည်— မိန်ဂိုဏ်းမှာ နောက်ထပ် ဓမ္မရာဇာသုံးပါးရှိသေးတယ်။
ပင်လယ်နဂါး ဖန်းကောကျန်း၊ တောင်ဆင်းကျား တုဇွင်းသောက်၊ ဆရာကြီး သောကျစ်ဟူကွမ်းနှင့် အမတငှက် ဟန်မြောင်ကျန်းဟူ၍ ဓမ္မရာဇာလေးပါးဖြစ်သည်။
၎င်းဓမ္မရာဇာလေးပါး၏အထက်၌ သူတော်စင်ကြီးနှစ်ပါးနှင့် ဂိုဏ်းခေါင်းဆောင်တစ်ဦး ရှိသည်။
သို့သော် သိုင်းလောက၏ ကောလဟလများအရ လွန်ခဲ့သည့်နှစ်များတွင် မိန်ဂိုဏ်းအတွင်း၌ ဂိုဏ်းတွင်းပဋိပက္ခများဖြစ်ပွားခဲ့ပြီး သူတော်စင်ကြီးတစ်ပါးနှင့် ဓမ္မရာဇာတစ်ပါး ဂိုဏ်းမှထွက်ခွာသွားသည်ဟု ပြောကြသည်။ ထိုဖြစ်ရပ်သည် မိန်ဂိုဏ်းအား သိသိသာသာ အင်အားကျဆင်းသွားစေခဲ့သည်ဟူ၏။
ရယ်မောဗုဒ္ဓဟု ကျော်ကြားသည့် သူတော်စင်ကြီးသည် တောင်ပိုင်းသို့ ထွက်ခွာသွားခဲ့ပြီး တောင်ပိုင်းမိန်ဂိုဏ်းကို တည်ထောင်ခဲ့သည်။
ယခု၌ သူ၏အင်အားသည်လည်း အံ့ဩတုန်လှုပ်ဖွယ်ဖြစ်ပြီး လှည့်လည်သွားလာရခြင်းအား နှစ်ခြိုက်ပျော်မွေ့သည် ထိုသူကို ဤလောက၌ တစ်ခေတ်တွင် တစ်ခါသာ ကြုံရတတ်သည့် သူတော်စင်ကြီးဟု မှတ်ယူကြသည်။
မိန်ဂိုဏ်းမှ ထွက်ခွာသွားခဲ့သည် ထိုဓမ္မရာဇာသည်လည်း အင်အားကြီးမား၏။ လက်ရှိတွင် ကျန်းနန်၌ အင်အားအခြေကုပ်ရယူထားနိုင်ပြီးဖြစ်ကာ နတ်နဂါးဂိုဏ်းကို တည်ထောင်လို့ နတ်နဂါးဂိုဏ်းခေါင်းဆောင် ဖန်းကောကျန်းအဖြစ် အမည်ကျော်ကြားသည်။ သူသည် ကျန်းနန်၏ သိုင်းလောကတွင်လည်း အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
အမည်ကျော်ကြားသည့် ဒေသတွင်း ဩဇာအာဏာရှိသူတစ်ဦးဖြစ်သည်။
နတ်နဂါးဂိုဏ်းသည် လောကတစ်ခွင်ရှိ မြောက်များစွာသော ဂုဏ်သတင်းကြီးမားသည့် ဂိုဏ်းကြီးများဖြင့် ယှဉ်နိုင်စွမ်းရှိသည်။
ချန်ကျဲ့သည် မိန်ဂိုဏ်း၏အင်အားအကြောင်း စဉ်းစားတွေးတောမိသည်တွင် မိန်ဂိုဏ်းသည် သူ့တစ်ဂိုဏ်းတည်းအင်အားဖြင့် တော်ဝင်နန်းတော်နှင့် ထိပ်တိုက်ရင်ဆိုင်ရဲခြင်းမှာ မထူးဆန်းတော့ဟု အသိအမှတ်ပြုမိရသည်။
တကယ့်ကို သူတို့ထဲကတစ်ယောက်ကမှ မရိုးရှင်းကြဘူးပဲ။
ထို့ပြင် မိန်ဂိုဏ်းသည် အလယ်ပိုင်းလွင်ပြင်ဒေသတွင် ဆူပူအုံကြွမှုကြီး ဖန်တီးရန် စီစဉ်နေသေးသည်။ ၎င်းအစီအစဉ်တွင် မိန်ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် ပါဝင်လှုပ်ရှားမည်ဖြစ်၏။
ထာဝရတည်မြဲဘုရင် ဟန်ရှန်းထုန်… ထိုအမည်ကို တွေးလိုက်ရုံဖြင့်ပင် ချန်ကျဲ့သည် လာမည့် ဆူပူအုံကြွမှုကြီးတွင် ဖြစ်လာတော့မည့် အဖြစ်အပျက်များအား သိနားလည်သွားသည့်အလား ခံစားလိုက်ရတော့သည်။