အခန်း (၅၀၁)
Vol. 40 Ch. 501
ကျစ်ကျန်းနှစ်၌ မြစ်ဝါမြစ်၏ ရေကာတာကျိုးပေါက်ခဲ့ပြီး တော်ဝင်နန်းတော်မှ မြစ်ဝါမြစ်ရေကာတာကို ပြန်လည်ပြုပြင်ရန်နှင့် ရေဘေးကို ထိန်းချုပ်ရန်အတွက် အလုပ်သမားပေါင်း တစ်သန်းနီးပါးကို အတင်းအဓမ္မခိုင်းစေခဲ့သည်။ သို့သော် အကျင့်ပျက်ခြစားသည့် အရာရှိများသည် အလုပ်သမားများကို တိရစ္ဆာန်များကဲသို့ ဆက်ဆံခဲ့ကြသောကြောင့် အလုပ်သမား အများအပြား ဒဏ်ရာရခြင်းနှင့် သေဆုံးခြင်းများ ဖြစ်ခဲ့ရသည်။ အလုပ်သမားများမှ ဆန့်ကျင်ကန့်ကွက်ရဲပါ က ၎င်းအလုပ်သမားများသည် တော်ဝင်စစ်တပ်၏ ပြင်းပြင်းထန်ထန် အပြစ်ပေးနှိမ်နင်းခံကြရသည်။
ဤသို့အခြေအနေ၌ မြစ်ဝါမြစ်ရေလွှဲကို တူးဖော်နေကြသည့် အလုပ်သမားတစ်စုသည် မျက်လုံးတစ်ဖက်တည်း ပါရှိသည့် ကျောက်ရုပ်တုတစ်ခုကို တူးဖော်မိခဲ့ကြသည်။ ၎င်းကျောက်ရုပ်တုထက်တွင် ‘ကျောက်ရုပ်တုမှာ မျက်လုံးတစ်ဖက်တည်းပါတယ်လို့ မပြောလေနှင့်၊ မြစ်ဝါမြစ်ကို လှုပ်ခါလိုက်ရင် တစ်မ္ဘာလုံး တော်လှန်ပုန်ကန်လိမ့်မည်’ဟူသည့် စာသားကို ရေးထိုးထား၏။
ထို့နောက် မေလတွင် ဟန်ရှန်းထုန်နှင့် လျိုဖူထုန်းတို့သည် လူအင်အားထောင်ချီကို စုစည်း၍ မြင်းဖြူတစ်ကောင်နှင့် နွားနက်တစ်ကောင်ကို သတ်ကာ တော်လှန်ပုန်ကန်မည်ဟု သစ္စာဆိုခဲ့ကြသည်။
သူတို့သည် အမှတ်သင်္ကေတအဖြစ် အနီရောင်ခေါင်းပေါင်းများကို ဝတ်ဆင်ကြသောကြောင့် ခေါင်းပေါင်းနီစစ်တပ်ဟု အမည်ကျော်ကြား၏။
ထိုအချိန်မှစတင်၍ မဟာယွမ်မင်းဆက်၏ အဆုံးသတ်တွင် အလွန်ကြီးမားသည့် ပုန်ကန်ထကြွမှုကြီးကို မြင်တွေ့ခဲ့ကြရသည်။ ကမ္ဘာလောကကြီးမှာ ရှုပ်ထွေးဗြောင်းဆန်သွားခဲ့ပြီး သူရဲကောင်းများ ပေါ်ထွန်းလာခဲ့သည်။ ဤပုန်ကန်ထကြွမှုသည် မဟာယွမ်မင်းဆက်၏ အခြေခံအုတ်မြစ်ကို အမှန်တကယ် လှုပ်ခတ်သွားစေခဲ့သည်။
ငါ အခုရောက်နေတာက မဟာယွမ်မင်းဆက် မဟုတ်ဘဲ သာ့ချန်ပြည်ဆိုပေမဲ့ အကြောင်းအရာအတော်များများက မဟာယွမ်နဲ့ ဆင်တူနေတယ်။
ငါကလည်း ချန်ယုံလျန့်ဖြစ်လာခဲ့ပြီ။ တကယ်လို့ ဒီလောကရဲ့သိုင်းပညာတွေကို ထည့်မတွက်ရင် ဟန်ရှန်းထုန်ရဲ့ပုန်ကန်မှုက မြစ်ဝါမြစ်ရဲ့ပုန်ကန်မှု ဖြစ်လာနိုင်ခြေရှိတယ်။
‘ကျောက်ရုပ်တုမှာ မျက်လုံးတစ်ဖက်တည်းပါတယ်လို့ မပြောလေနှင့်။ မြစ်ဝါမြစ်ကို လှုပ်ခါလိုက်ရင် တစ်ကမ္ဘာလုံး ပုန်ကန်လိမ့်မယ်’
ချန်ကျဲ့ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
အခုတည်းက ဒီအခြေအနေကို ရောက်လာပြီလား?
ထိုသို့အတွေးတွင် ချန်ကျဲ့မှာ ရုတ်တရက် အလောတကြီး ဖြစ်လာရတော့သည်။
မကြာခင်မှာ တစ်လောကလုံး ရှုပ်ထွေးဗြောင်းဆန်လာတော့မှာ။ မြန်မြန် မလှုပ်ရှားနိုင်ရင် ငါလည်း လောကသမိုင်းရဲ့ဒီရေလှိုင်းထဲမှာ တိုက်စားခံလိုက်ရနိုင်တယ်။ ဟောက်ကျိုးက ဘုရင်ဖြစ်ဖို့ဇာတာပါတဲ့ ကျူးချုံပါးလည်း ဘယ်အခြေအနေအထိ ရောက်နေပြီလဲ မသိဘူး။
ပြီးတော့ တရားမဝင် ဆားလုပ်ငန်းလုပ်တဲ့ နောက်ထပ် ဘုရင်ဇာတာပါတဲ့ ကျန်းကျိုစစ်လည်းရှိသေးတယ်။
ညနက်နေပြီဖြစ်သောကြောင့် ချန်ကျဲ့သည် အိပ်ရာထဲတွင်သာ ပြန်လှဲ၍ စဉ်းစားနေလိုက်သည်။
ဘယ်လောက်ပဲ အရေးကြီးတဲ့အရာဖြစ်ပါစေဦးတော့ မနက်မိုးလင်းတဲ့အထိ စောင့်ဆိုင်းရဦးမှာပဲ။
ချန်ကျဲ့ အိပ်ရာထက် လှဲလိုက်သောအခါ စူးယွင်ကျင်းသည် ချန်ကျဲ့၏လက်ကို ခပ်ဖွဖွဆုပ်ကိုင်လာသည်။
“ယောက်ျား ရှင်အဆင်ပြေရဲ့လား”
ချန်ကျဲ့သည် စူးယွင်ကျင်း၏လက်လေးကို ဖျစ်ညှစ်လိုက်ရင်း ပြန်ပြောသည်။
“ဘာမှမဖြစ်ပါဘူး။ မင်းရဲ့ယောကျ်ားက အရမ်းအရည်အချင်းရှိတဲ့လူတစ်ယောက်ပါ။ ဘာပြဿနာမှ မရှိနိုင်ပါဘူး”
“အဲဒါဆိုကောင်းပါပြီ။ ယောကျ်ား ကျွန်မ…”
ချန်ကျဲ့ အံ့ဩသွား၏။ နူးညံ့သည့် ချစ်ခြင်းမေတ္တာများဖြင့် တောက်ပနေသည့် စူးယွင်ကျင်း၏မျက်လုံးများကို ကြည့်လိုက်သည်တွင် ချန်ကျဲ့သည် လွန်ခဲ့သည့် ရက်က သူတို့နှစ်ယောက် အတူရှိခဲ့ချိန်ကို ပြန်လည်သတိရသွားခဲ့သည်။
သို့သော် ချန်ကျဲ့သည် စူးယွင်ကျင်း၏မျက်လုံးများထံမှ အကြည့်မလွှဲဘဲ ပြန်တုံ့ပြန်သည်။ ချန်ကျဲ့သည် စူးယွင်ကျင်း၏ နား အနီးသို့ကပ်၍ တီးတိုးပြောလိုက်သည်။
“မင်းက ပုံမှန်ဆို ဒီလိုတက်ကြွတတ်တဲ့သူ မဟုတ်ပါဘူး။ ဒီနေ့ ဘာလို့ အရမ်းစိတ်ထက်သန်နေရတာလဲ”
စူးယွင်ကျင်းသည် ပါးမို့လေးများ နီမြန်းသွားပြီး ပြောလာသည်။
“ယောက်ျား၊ ကျွန်မ ရှင့်ရဲ့သွေးသားလေးကို မွေးဖွားပေးချင်တယ်”
ထိုအခါ ချန်ကျဲ့မှ ပြန်ပြောသည်။
“ဒါဆိုလည်း ကိုယ်က မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့…”
သို့ဖြင့် ဤတစ်ညတာသည် ချစ်သူစုံတွဲတစ်တွဲ၏ ကြည်နူးဖွယ်သော အခိုက်အတန့်များဖြင့် ပြည့်နှက်သွားခဲ့သည်…
နောက်တစ်နေ့ နံနက်ခင်း၌
ချန်ကျဲ့ အိပ်ရာထသောအခါ ယင်ဟုန်မိန်နှင့် ချွေ့ကျူတို့သည် မျက်နှာသစ်သန့်စင်ဖို့အတွက် ပစ္စည်းများကို သယ်ဆောင်ကာ အခန်းထဲသို့ ရောက်နေခဲ့လေပြီ။ ချန်ကျဲ့သည် ချွေ့ကျူ၏အကူအညီဖြင့် အဝတ်အစားလဲပြီးနောက် ကြေးဇလုံတွင် မျက်နှာသစ်ကာ ယင်ဟုန်မိန်ထံမှ ပုဝါဖြင့် မျက်နှာသုတ်သည်။
“မနေ့ညက ပင်ပန်းထားတာမို့လို့ မင်းတို့သခင်မ နည်းနည်းလောက် ထပ်အိပ်ပါစေ”
ချန်ကျဲ့မှ ယင်ဟုန်မိန်ကို အမိန့်ပေးလိုက်သည်။ ယင်ဟုန်မိန်မှ ပြန်ဖြေသည်။
“ဟုတ်ကဲ့ပါ သခင်ကြီး။ ကျွန်မတို့ နားလည်ပါပြီ”
ချန်ကျဲ့ ခေါင်းညိတ်ပြလိုက်ပြီးနောက် အခန်းထဲမှ ခြေသံဖွဖွနင်း၍ ထွက်ခွာလာခဲ့သည်။ ခြံဝင်းထဲတွင် သိုင်းပညာ အကြိမ်ရေအနည်းငယ်မျှ လေ့ကျင့်ပြီးနောက် ထမင်းစားဆောင်သို့ သွားလိုက်သည်။
ကျားဖြူခန်းမ၏ ထမင်းစားဆောင်ကို အတွင်းဆောင်နှင့် အပြင်ဆောင်ဟူ၍ နှစ်ပိုင်းခွဲခြားထားသည်။
အတွင်းဆောင်သည် ပုံမှန်အားဖြင့် ချန်ကျဲ့၊ စူးယွင်ကျင်း၊ ရွေ့ရွေ့နှင့် တစ်ခါတရံတွင် ရှောင်ဟူတို့ ထမင်းလာစားလေ့ရှိသည့် မီးဖိုဆောင်ငယ်ပါဝင်သည့် အဆောင်ဖြစ်သည်။
သို့သော် ရှောင်ဟူသည် များသောအားဖြင့် အပြင်ဆောင်တွင် အစောင့်များ၊အလုပ်သမားများနှင့် အတူစားလေ့ရှိသည်။
အပြင်ဆောင်သည် စားသောက်ဆိုင်ကြီးတစ်ဆိုင်ကဲ့သို့ဖြစ်သည်။ ချန်ကျဲ့သည် အပြင်ဆောင်သို့ တန်းသွားပြီး ပုံစံခွက်ပန်းကန်ကို ယူလိုက်သည်။
ဤသည်မှာ ချန်ကျဲ့၏ ပြုပြင်မွမ်းမံမှုတစ်ခုဖြစ်ပါ၏။ ကျားဖြူခန်းမသည် မနက်စာ တစ်နပ်တည်းပင်လျှင် လူပေါင်းနှစ်ရာနီးပါး ရှိသောကြောင့် ဤသို့နည်းလမ်းသည် အများကြီး လူသက်သာစေပေသည်။
ချန်ကျဲ့သည်လည်း ပုံစံခွက်ပန်းကန်တစ်ခုကို ယူ၍ အဖွဲ့သားများ၏နောက်တွင် တန်းစီရပ်လိုက်သည်။
အဖွဲ့သားများသည် ချန်ကျဲ့ကိုမြင်သောအခါ လန့်သွားကြပြီး ချန်ကျဲ့မှ အစားအသောက်ကို အရင်သွားယူနိုင်စေရန် လမ်းဖယ်ပေးကြသည်။ သို့သော် ချန်ကျဲ့သည် လူကျော်မသွားလိုပါချေ။
“အားလုံးပဲ ကိုယ်စားစရာရှိတာ စားကြပါ။ ဒီမှာ အထူးခံစားခွင့်မရှိဘူး။ အားလုံး တန်းစီကြပါ”
သို့တိုင် အဖွဲ့သားများသည် အနည်းငယ် စိတ်မသက်မသာဖြစ်နေကြဆဲပင်။။ သို့သော် ထိုအချိန်၌ ရှောင်ဟူသည်လည်း ပုံစံခွက်ပန်းကန်တစ်ချပ်ကို ကိုင်လျက် ရောက်လာခဲ့ပြီးပြောသည်။
“ခန်းမအရှင်သခင်က ဒီနေ့ အတွင်းဆောင်မှာ မနက်စာမစားဘူးလားဗျ”
ချန်ကျဲ့မှ ပြန်ပြောသည်။
“မင်းရဲ့မရီး အိပ်ရာမနိုးသေးတော့ ငါတစ်ယောက်တည်းစားရမှာ ပျင်းလို့လေကွာ”
သူတို့နှစ်ဦးသည် အဖွဲ့သားများကြားထဲတွင် တန်းစီရင်း စကားစမြည်ပြောနေခဲ့ကြသည်။ ဒီနေ့ကျွေးသည့် အစားအသောက်သည် ကောင်းမွန်၏။ ဆန်ပြုတ်နှင့် ဝက်သားပေါက်စီ၊ အရွက်ချဉ်တို့ဖြစ်သည်။
အစားအသောက်ရပြီးနောက် ချန်ကျဲ့နှင့် ရှောင်ဟူသည် စားပွဲတစ်လုံးတွင် ဝင်ထိုင်လိုက်ကြသည်။ ထိုစဉ် စစ်ရှီးသည်လည်း ပုံစံခွက်ပန်းကန်ကို ကိုင်၍ ရောက်လာပြီး ထိုင်ရန် နေရာလွတ်ရှာနေ၏။ ထိုအခါ ချန်ကျဲ့သည် စစ်ရှီးကို လက်ဝှေ့ယမ်းပြလျက် လှမ်းခေါ်လိုက်သည်။
စစ်ရှီးလည်း ချန်ကျဲ့တို့စားပွဲသို့ ချက်ချင်းရောက်လာသည်။
“ခန်းမအရှင်သခင်”
ချန်ကျဲ့သည် ဝက်သားပေါက်စီကို ကိုက်ဝါးနေရင်း ပြော၏။
“ထိုင်လေ။ စားဖိုဆောင်က အလုပ်သမားတွေက အလုပ်ကို ကောင်းကောင်းလုပ်နေကြသားပဲ။ ပေါက်စီတွေမှာ အစာသွပ်အပြည့်ပဲ”
စစ်ရှီးမှ ချက်ချင်း ပြန်ပြောသည်။
“ချီးမွမ်းစကားအတွက် ကျေးဇူးတင်ပါတယ် ခန်းမအရှင်သခင်”
ရှောင်ဟူမှ ရယ်မောလျက် ပြောသည်။
“ဟားဟား ညီနောင်ရှီးက အမြဲ အကြိုးစားဆုံးပဲလေ”
ရှောင်ဟူသည် ပေါက်စီတစ်လုံးကို နှစ်လုတ်တည်းဖြင့် အပြတ်စားလိုက်ပြီးနောက် ချန်ကျဲ့ကို လှည့်ကြည့်လာပြီး ပြောသည်။
“ကျွန်တော် နောက်ထပ် ပေါက်စီနှစ်လုံးလောက် သွားယူမလို့။ ခန်းမအရှင်သခင်ရော ယူဦးမလား”
ချန်ကျဲ့ လက်ဟန်ပြ၍ ငြင်းဆိုလိုက်သည်။ ရှောင်ဟူသည် ပေါက်စီနှစ်လုံး သွားထပ်ယူပြီးနောက် ပြန်လာထိုင်သည်။
ချန်ကျဲ့မှ စစ်ရှီးကို ပြောသည်။
“မင်း ဒီနေ့ ငါ့ကို ကိစ္စတစ်ခု စုံစမ်းပေးပါ။ အခုလတ်တလောမှာ နန်ပါးထျန်း ဘယ်သူတွေနဲ့ ဆက်သွယ်နေလဲဆိုတာ စုံစမ်းပေး။ သံသယဖြစ်ဖို့ကောင်းတဲ့လူရှိရင် ငါ့ကို ချက်ချင်း အကြောင်းကြားပါ”
စစ်ရှီးမှ ပြန်ပြောသည်။
“ကျွန်တော်နားလည်ပါပြီ။ ကျွန်တော် အခုပဲ စုံစမ်းဖို့ လူလွှတ်လိုက်ပါ့မယ်”
“အရင်ဆုံး သေချာထိုင်ပြီး စားပါဦး”
ချန်ကျဲ့မှ ပြောလိုက်ရာ စစ်ရှီးသည် ပြန်ထိုင်ပြီး မနက်စာစားတော့သည်။
မနက်စာစားပြီးနောက် ချန်ကျဲ့မှ ရှောင်ဟူကို ပြောသည်။
“ငါအပြင်သွားဖို့ ရထားလုံးသွားစီစဉ်ချေ။ ငါ ဒီနေ့ ခေါင်းဆောင်ကို သွားတွေ့ပြီး ကျားဖြူခန်းမရဲ့ အလုပ်ကိစ္စတွေကို တင်ပြရမယ်”
“အမ်? ဘာကိုတင်ပြမှာ?”
ရှောင်ဟူသည် နားမလည်နိုင်ဘဲ စိတ်ရှုပ်ထွေးသွား၏။ ချန်ကျဲ့မှ ပြောသည်။
“အများကြီးမမေးနဲ့။ ဒီတိုင်းသွားစီစဉ်လိုက်ပါ”
“ဟုတ်ကဲ့”
ရှောင်ဟူသည် နာခံစွာဖြင့် ရထားလုံးဌာနသို့ ချက်ချင်းသွားကာ ရထားလုံးပြင်ဆင်စေသည်။ ချန်ကျဲ့သည် မနက်စာကို အားရပါးရစားသောက်ပြီးနောက် ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်သို့ ဦးတည်ထွက်ခွာခဲ့သည်။ တကယ်တမ်းတွင် လုပ်စရာ ဘာမှများများစားစားမရှိပါချေ။ နန်ပါးထျန်းနှင့် စကားစမြည်ပြောဆိုရုံသာ ဖြစ်သည်။
မကြာမီအချိန်အတွင်း၌ ရထားလုံးသည် ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်သို့ ရောက်ရှိခဲ့ပြီး ချန်ကျဲ့သည် လူလွှတ်၍ မိမိရောက်ရှိကြောင်း အကြောင်းကြားစေသည်။
ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်အတွင်း၌ နန်ပါးထျန်းသည် ဟွမ်ဝမ်အာကို ကိုယ်တိုင်သွားရောက်ခေါ်ဆောင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ အရင်တစ်ခေါက်က လူလွှတ်ခေါ်ခိုင်းလိုက်ချိန်က ဟွမ်ဝမ်အာသည် သူမ နေမကောင်းဖြစ်နေသည်ဟုဆိုကာ ပြန်လာဖို့ရက်ကို နောက်ဆုတ်ခဲ့သည်။ ထို့ကြောင့် နန်ပါးထျန်းသည် ကိုယ်တိုင်သွားရောက်၍ ဟွမ်ဝမ်အာ ပြန်မလာနိုင်ရသည့်အကြောင်းအရင်းကို စစ်ဆေးကြည့်ရန် ဆုံးဖြတ်ခဲ့သည်။