← Chapters

အခန်း (၅၀၃)

Vol. 40 Ch. 503

အခန်း (၅၀၃)

Vol. 40 Ch. 503

နန်ပါးထျန်းမှ မျက်မှောင်ကြုတ်လျက် ပြောသည်။

“ဟမ့် ဒီချန်ကျိုစစ်က နေ့တိုင်း အရူးကွက်နင်းနေတာ။ ကဲပါ ထားလိုက်ပါလေ။ သူ့ရဲ့နေ့ရက်ကောင်းတွေက သိပ်မှ မကျန်တော့တာပဲ”

ထန်ဇီယွဲ့မှ ပြောသည်။

“ခေါင်းဆောင် ကျွန်တော့်အထင်တော့ ကျွန်တော်တို့တွေ အခြေအနေတစ်ခုခုပြောင်းလဲသွားခဲ့ရင်အတွက် အစီအစဉ်အချို့ ထပ်ပြင်ဆင်ထားသင့်တယ် ထင်ပါတယ်”

နန်ပါးထျန်းမှ မေးသည်။

“ခန်းမအရှင်သခင်ထန် အဲဒါက ဘာပြောတာပါလဲ”

ထန်ဇီယွဲ့မှ ပြောသည်။

“ချန်ကျိုစစ်က ကျွန်တော်တို့အစီအစဉ်တွေကို သိနေပြီး ကျွန်တော်တို့နဲ့ အလိုက်သင့်သရုပ်ဆောင်ပေးနေတယ်လို့ ကျွန်တော် အမြဲခံစားနေခဲ့ရတာ”

“ဒါ ဒါက မဖြစ်နိုင်တာပဲ။ ငါတို့ရဲ့လှုပ်ရှားမှုတွေက သပ်ရပ်တယ်။ သေချာပေါက် ပေါ်သွားစရာ ဘာအကြောင်းမှမရှိဘူး။ အဲဒါကို သူက ဘယ်လိုလုပ်ပြီး ငါတို့ရဲ့အစီအစဉ်ကို သိနေနိုင်မှာတဲ့လဲ”

ထန်ဇီယွဲ့မှ ပြောသည်။

“ကျွန်တော်လည်း မသိဘူး ဒါပေမဲ့ ချန်ကျိုစစ်နဲ့ပတ်သက်ပြီး တစ်ခုခုက ခံစားချက်ကောင်းမနေပါဘူး”

ထိုအခါ နန်ပါးထျန်းမှ ပြောသည်။

“ဘာကိုခံစားချက်ကောင်းတယ် မကောင်းဘူးလဲ။ ဒီတစ်ကြိမ်လို အရမ်းအသေးစိတ်ကျတဲ့ အစီအစဉ်အထိပါ ချန်ကျိုစစ်က ထိုးဖောက်သိမြင်နိုင်မယ်လို့ ငါတော့ မယုံဘူး။ ဒါကိုပါ သိမြင်နိုင်နေရင် သူက ချန်ကျိုစစ်ဟုတ်ပါတော့မလား၊ သက်ရှိနတ်ဘုရားပဲ ဖြစ်လိမ့်မှာပေါ့”

ထန်ဇီယွဲ့မှ ပြောသည်။

“အမ်း ခေါင်းဆောင်ပြောတာ မှန်ပါတယ်။ ဒီတစ်ကြိမ်တော့ အစီအစဉ်မှာပါဝင်တဲ့လူတွေကို ကျွန်တော်တို့ သေချာစောင့်ကြည့်ထားပါမယ်။ ဒီလိုတောင်မှ ချန်ကျိုစစ်က ကြိုသိမြင်နေသေးတယ်ဆိုရင်တော့ ကောင်းကင်ဘုံက သူ့ကို နိမိတ်အိပ်မက်ပေးလိုက်တာလို့ပဲ တွေးရတော့မလားပဲ”

…

ချန်ကျဲ့သည် ပင်ပန်းနွမ်းနယ်နေသည့် ခန္ဓာကိုယ်ကိုအားယူ၍ အိမ်သို့ပြန်လာခဲ့သည်။ သူ၏ရထားလုံး တံခါးဝသို့ရောက်ချိန်တွင် စစ်ရှီးသည် သူ့ကိုစောင့်ဆိုင်းနေပြီဖြစ်သည်။

ချန်ကျဲ့ ရထားလုံးပေါ်မှ ဆင်းလိုက်ရာ စစ်ရှီးမှ နှုတ်ဆက်သည်။

“ခန်းမအရှင်သခင် ပြန်ရောက်ပါပြီလား”

ချန်ကျဲ့မှ မေးသည်။

“အို စုံစမ်းတာ ဘယ်လိုအခြေအနေရှိလဲ”

စစ်ရှီးမှ ပြန်ပြောသည်။

“ဘာမှစုံစမ်းမရခဲ့ပါဘူး။ ခေါင်းဆောင်နန်က ဘယ်သူနဲ့မှ အထူးတလည် ဆုံတွေ့တာမျိုး မရှိခဲ့ပုံပါပဲ။ လွန်ခဲ့တဲ့ရက်အတွင်းမှာ ချင်းယင်နဲ့ ထန်ဇီယွဲ့တို့နှစ်ယောက်ပဲ ဌာနချုပ်ဆီလာပြီး ခေါင်းဆောင်နဲ့ ဆုံတွေ့ခဲ့ပါတယ်”

ချန်ကျဲ့ မျက်လုံးများမှေးကျဉ်းလိုက်သည်။

“အပြင်လူတစ်ယောက်နဲ့မှ မတွေ့ခဲ့ဘူးလား?”

စစ်ရှီးမှ ပြန်ဖြေသည်။

“အပြင်လူတစ်ယောက်မှ မတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ ဌာနချုပ်မှာ ထည့်ထားတဲ့ ကျွန်တော်တို့ရဲ့သူလျှိုက ရာထူးနိမ့်ပါတယ်။ နန်ပါးထျန်းက တစ်ယောက်ယောက်နဲ့ သီးသန့်ဆုံတွေ့ခဲ့ရင် ကျွန်တော်တို့ မသိနိုင်ပါဘူး။ အထူးသဖြင့် ကျွန်တော်တို့ရဲ့သူလျှိုက ဌာနချုပ်ထဲကို ဝင်နိုင်ခဲ့တာ မကြာသေးပါဘူး။

ထိုအခါ ချန်ကျဲ့မှ ခေါင်းညိတ်သည်။ ထို့နောက် စစ်ရှီးကို ကြည့်လိုက်သည်။

“မင်း ညစာစားပြီးပြီလား”

“ဟမ်?”

စစ်ရှီးသည် ချန်ကျဲ့၏မေးခွန်းကြောင့် ကြောင်အသွားခဲ့သည်။

“ဟင့်အင်း မစားရသေးပါဘူး”

“ဒါဆို အတူတူစားရအောင်”

ချန်ကျဲ့သည် သူ၏ဆာလောင်နေသည့် ဗိုက်ကို ပွတ်သပ်လိုက်သည်။

သူတို့နှစ်ဦးသည် ခြံဝင်းထဲသို့ဝင်လိုက်ကြသည်။ အတွင်းခြံဝင်းထဲသို့ရောက်သောအခါ စူးယွင်ကျင်းသည် သူတို့ထံ လျှောက်လာ၏။ ချန်ကျဲ့မှ ပြောသည်။

“ရှင်မ ညစာအဆင်သင့်ဖြစ်ပြီလား”

စူးယွင်ကျင်းမှ ပြန်ပြောသည်။

“အဆင်သင့်ပါပဲရှင်”

ထို့နောက် စူးယွင်ကျင်းသည် အစားအသောက်များကို တည်ခင်းရန် အမိန့်ပေးလိုက်သည်။ အအေးဟင်းလေးမျိုးနှင့် အပူဟင်းလေးမျိုး.. အတော်လေး ရိုးရှင်းပါ၏။ စူးယွင်ကျင်းသည် ချန်ကျဲ့အတွက် သေရည်တစ်အိုးပါ နွှေးထားပေးခဲ့သည်။

ချန်ကျဲ့သည် စစ်ရှီးကို ထိုင်ခိုင်းလိုက်သည်။ စစ်ရှီးသည် အတွင်းခြံဝင်းထဲတွင် ပထမဆုံးအကြိမ် ညစာစားခြင်းဖြစ်သောကြောင့် အနည်းငယ် တွန့်ဆုတ်နေခဲ့သည်။ ၎င်းကိုမြင်သော စူးယွင်ကျင်းသည် အမျိုးသားနှစ်ဦး လွတ်လွတ်လပ်လပ် စကားပြောနိုင်ရန်အတွက် အစေခံမိန်းကလေးများကို ထွက်သွားစေလိုက်သည်။

ချန်ကျဲ့နှင့် စစ်ရှီးတို့ ညစာ စတင်စားသောက်ကြသည်။

ချန်ကျဲ့သည် စစ်ရှီးအပေါ် အမြဲလိုလို လွှမ်းမိုးချင်စိတ်ပြင်းပြ၏။ စစ်ရှီးသည် ကျားဖြူခန်းမထဲသို့ ဝင်ရောက်ခဲ့ပြီးဖြစ်သော်ငြား စစ်ရှီး၏အတိတ်ဖြစ်ရပ်များသည် ချန်ကျဲ့အား ကင်းကွာသည့်ခံစားချက်ကို ခံစားရစေသည်။

ချန်ကျဲ့ စစ်ရှီး၏ခံစားချက်များကို နားလည်နိုင်ပါသည်။ ထို့ကြောင့်ပင် ချန်ကျဲ့သည် စစ်ရှီးကို မကြာခဏ အားပေးတတ်သည်။

ချန်ကျဲ့နှင့် စစ်ရှီးတို့နှစ်ဦး ညစာစားပြီးသွား၏။ စစ်ရှီးသည် များများစားစား မစားခဲ့ပေ။ သို့သော် ချန်ကျဲ့နှင့် ပိုရင်းနှီးလာခဲ့ပြီး သူတို့နှစ်ဦးကြားမှ ဝေးကွာမှုသည် အနည်းငယ်လျော့နည်းသွားသည်ဟု ခံစားရသည်။

သို့ဖြင့် ညအချိန်သည် တဖြည်းဖြည်းကုန်ဆုံးနေခဲ့သည်။

(ဒီနေ့အတွက် သတင်းအချက်အလက်အသစ်များကို မြှင့်တင်ပြီးပါပြီ (အဆင့်၃))

(၁၊ သင်ဒီနေ့ ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်ကို သွားခဲ့ပြီး ရရှိခဲ့တဲ့အချက်အလက်ဖြစ်ပါတယ်။ ငါးဖမ်းကုန်သည်အဖွဲ့ဟာ နှစ်တစ်ရာသက်တမ်းရှိတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး နန်ပါးထျန်းက ၅ယောက်မြောက် ကုန်သည်အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး မျိုးဆက်၅ဆက် ဆက်ခံခဲ့ပြီးပါပြီ)

(၂၊ သင်ဒီနေ့ နန်ပါးထျန်းနဲ့ တွေ့ခဲ့တာကြောင့် ရရှိခဲ့တဲ့အချက်အလက်ဖြစ်ပါတယ်။ နန်ပါးထျန်းက ပိုင်ဝမ့်ကျင်းနဲ့ပတ်သက်ပြီး အကြံအစည်ကြီးတစ်ခုကို ကြံစည်နေပါတယ်)

(၃၊ သင်ဒီနေ့ ထန်ဇီယွဲ့နဲ့ တွေ့ခဲ့ပြီး ရရှိခဲ့တဲ့အချက်အလက်ဖြစ်ပါတယ်။ ထန်ဇီယွဲ့နဲ့ နန်ပါးထျန်းက ချောင်ကုန်သည်အဖွဲ့ရဲ့ သစ္စာဖောက်ကုချင်းဖုန်းနဲ့ မနေ့ညက ဆုံတွေ့ခဲ့ကြပြီးတော့ ပိုင်ဝမ့်ကျင်းနာမည်ပါဝင်တဲ့ လုပ်ကြံသတ်ဖြတ်ဖို့အတွက် ပစ်မှတ်စာရင်းကို ကုချင်းဖုန်းကို ပေးခဲ့ပါတယ်)

(၄၊ သင်ဒီနေ့ လုပ်ကြံသတ်ဖြတ်မှုအကြောင်းကို အကြိမ်ကြိမ်စဉ်းစားနေခဲ့တာကြောင့် ရရှိတဲ့အချက်အလက် ဖြစ်ပါတယ်။ နန်ပါးထျန်း ကုချင်းဖုန်းကို ပေးခဲ့တဲ့ လုပ်ကြံသတ်ဖြတ်ရမယ့် တည်နေရာက မျန့်ရွှေစီရင်စု၊ ယန်ကျားမြို့အပြင်ဘက်က သင်္ချိုင်းတောင်ကုန်းဖြစ်ပါတယ်)

(၅၊ သင်ဒီနေ့ လုပ်ကြံမှုအကြောင်းကို အကြိမ်ကြိမ်စဉ်းစားနေခဲ့တာကြောင့် ရရှိတဲ့အချက်အလက် ဖြစ်ပါတယ်။ ကုချင်းဖုန်းက ဖြစ်လာနိုင်ခြေရှိတဲ့ နောက်ဆက်တွဲပြဿနာတွေကို ရှောင်ရှားဖို့အတွက် ပိုင်ဝမ့်ကျင်းကို လိုက်ပါပို့ဆောင်သူအားလုံးကို သတ်ပစ်ဖို့ စီစဉ်ထားပါတယ်။ လုပ်ကြံသတ်ဖြတ်မှုတာဝန်ပြီးဆုံးတာနဲ့ ချက်ချင်း မျန့်ရွှေစီရင်စုကနေ ထွက်သွားဖို့ ရည်ရွယ်ထားပါတယ်)

ချန်ကျဲ့သည် ဒီနေ့အတွက် သတင်းအချက်အလက်များကို ဖတ်ကြည့်ပြီးနောက် အကျိုးရှိသည့်ခံစားချက်ကို ခံစားလိုက်ရသည်။

ငါ ဒီနေ့လုပ်ခဲ့ရတာတွေ အလကားမဖြစ်ဘူးပဲ။ နောက်ဆုံးတော့ သတင်းအချက်အလက်တွေကနေ အဓိကအချက်တွေကို ဖမ်းဆုပ်နိုင်ခဲ့ပြီ။

ထိုသို့တွေးလျက် ချန်ကျဲ့ မျက်လုံးတို့မှေးကျဉ်းလိုက်သည်။

ဒီနေ့သတင်းအချက်အလက်အားလုံးက ဒီလုပ်ကြံမှုနဲ့ပတ်သက်တာတွေချည်းပဲ။

သေချာပေါက် နံပါတ်တစ်အချက်တော့ မပါဘူးပေါ့လေ။ နံပါတ်တစ်အချက်က ဘယ်မှာမှ သုံးစားမရဘူး။

နံပါတ်နှစ်အချက်မှ စတင်၍ နန်ပါးထျန်း၏အကြံအစည်ကို ဖော်ထုတ်ခြင်းဖြစ်သည်။

သတင်းအချက်အလက်များသည် နန်ပါးထျန်းနှင့် ထန်ဇီယွဲ့တို့၏ သူ၏ဆရာပိုင်ဝမ့်ကျင်းကို လုပ်ကြံသတ်ဖြတ်မည့် အစီအစဉ်ကို သေချာဖော်ပြပေးခဲ့သည်၊

သူတို့က ဘာလို့ ဆရာ့ကိုသတ်ချင်ရတာလဲ?

ချန်ကျဲ့ အရာအားလုံးကို အနှစ်ချုပ်ကြည့်လိုက်သော် အဖြေတစ်ခုထွက်လာခဲ့သည်။ အကြောင်းအရင်းမှာ ဆရာယူလာပေးသည့် အဆိပ်ဖြေဆေးကြောင့်ဖြစ်လိမ့်မည်။ ထို့နောက် ကုချင်းဖုန်းကိုလည်း လုပ်ကြံသူအဖြစ် ရည်ရွယ်ချက်ချက်ရှိရှိ ရွေးချယ်ထားခြင်းပင်။

ချောင်ကုန်သည်အဖွဲ့မှ ထုတ်ပယ်ခံလိုက်ရသည့် ကုချင်းဖုန်းသည် အမြဲရန်လိုနေခဲ့သည်။ ထို့ကြောင့်ပင် သူသည် နန်ပါးထျန်းနှင့် ပူးပေါင်း၍ ဤသို့အကြံအစည်ကြီးအတွက် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

ဒါပေမဲ့ ဒီလူက တကယ် ငါ့ဆရာကို ထိရဲတယ်ပေါ့လေ— သေချင်နေတာပဲ!

ကံကောင်းထောက်မစွာဖြင့် စနစ်မှ သဲလွန်စပေးသောကြောင့် ချန်ကျဲ့မှာ ကြိုတင်ပြင်ဆင်နိုင်ပေသည်။

ထိုသို့အတွေးများဖြင့် ချန်ကျဲ့သည် မျက်မှောင်ကြုတ်နေခဲ့သည်။

ဒါပေမဲ့ နန်ပါးထျန်းက ငတုံးမဟုတ်ဘူး။ သူ အဲဒီနေ့ကျရင် ကုချင်းဖုန်းကိုစောင့်ကြည့်ဖို့ နည်းလမ်းရှာထားမှာပဲ။ ငါစောစောပြင်ဆင်ထားဖို့လိုမယ်။

ပြန်တွေးကြည့်ပြီးနောက် ချန်ကျဲ့သည် နောက်တစ်နေ့အတွက် လုပ်ဆောင်ရမည့်တာဝန်နှစ်ခုကို ဆုံးဖြတ်ခဲ့သည်။ ပထမတာဝန်မှာ ကုချင်းဖုန်းကို အစွမ်းကုန်ရှာဖွေရန် ဖြစ်သည်။ ကုချင်းဖုန်းကို ရှာတွေ့ခဲ့ပါက ဤပြဿနာသည် ဖြေရှင်းပြီးဖြစ်သွားနိုင်လိမ့်မည်။

ဤသည်မှာ အကောင်းဆုံးနည်းလမ်းဖြစ်သကဲ့သို့ အန္တရာယ်လည်းများသည်။

အန္တရာယ်မှာ နန်ပါးထျန်းသည် ဤတစ်ကြိမ်တွင် ကုချင်းဖုန်းကို ရွေးချယ်ထားခဲ့ခြင်းဖြစ်သည်။ ကုချင်းဖုန်းဘက်တွင် ပြဿနာဖြစ်သွားခဲ့ပါက နန်ပါးထျန်းသည် တခြားတစ်ယောက်ကို ထပ်မံရွေးချယ်နိုင်ခြေ ရှိသည်မဟုတ်ပါလော။

နန်ပါးထျန်းက နောက်တစ်ယောက်ထပ်ရွေးလိုက်ရင် ဘယ်လိုလုပ်မလဲ?

တကယ် ပြဿနာများတာပဲ။

ကြည့်ရတာ ဒီကိစ္စကို ငါတစ်ယောက်တည်းအားနဲ့ ရင်ဆိုင်ဖို့ မလုံလောက်ဘူးထင်တယ်။ ငါလည်း နန်ပါးထျန်းလက်ထဲက လူတွေကို စောင့်ကြည့်နိုင်မယ့်နည်းလမ်းရှာရမယ်။

ထိုသို့တွေးတောလျက် ချန်ကျဲ့သည် သူ၏အစီအစဉ်ကို စတင်ဖန်တီးတော့သည်။

All Chapters