အခန်း (၅၀၄)
Vol. 40 Ch. 504
ညအချိန်သည် ထိုသို့ပြီးဆုံးသွားခဲ့ပြီး နောက်တစ်နေ့၌ ချန်ကျဲ့သည် တိတ်တဆိတ် လူစေလွှတ်၍ ကုချင်းဖုန်းကို ရှာစေခဲ့သည်။ သို့သော် ဘာမျှရှာမတွေ့ခဲ့ပေ။
ကုချင်းဖုန်းသည် ရေဆိုးမြောင်းထဲက ကြွက်တစ်ကောင်အလား သူ၏ပုန်းအောင်းရာနေရာကို မည်သူမျှ မသိနိုင်ကြချေ။
နောက်ထပ်တစ်ရက်ကုန်ဆုံးသွားပြီး တတိယမြောက်နေ့ ညနေတွင်
ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်၌
ကောင်းကင်တွင် အမှောင်ထုကြီးစိုးလာသည်နှင့်အမျှ နန်ပါးထျန်း၏ မျက်နှာထက်မှ စဉ်းလဲသည့် အပြုံးသည် ပို၍ ထင်ရှားလာခဲ့သည်။
အမဲလိုက်ဖို့အချိန်ကျပြီ။
ထိုသို့တွေးလျက် နန်ပါးထျန်းသည် ထန်ဇီယွဲ့ကိုကြည့်ပြီး ပြောသည်။
“ဒီနေ့ ကျားဖြူခန်းမမှာ ဘာမှ ထူးထူးခြားခြားလှုပ်ရှားမှု မရှိဘူးမလား”
ထန်ဇီယွဲ့မှ ပြောသည်။
“မရှိပါဘူး။ အားလုံးပုံမှန်ပါပဲ”
“ဟားဟား ကောင်းတယ်။ အခုချက်ချင်း လူလွှတ်ပြီး ချန်ကျိုစစ်ကို ဌာနချုပ်မှာ အစည်းအဝေးလာတက်ဖို့ အကြောင်းကြားလိုက်။ ချန်ကျိုစစ်ကို ဒီနေ့ည အပြင်မှာလွှတ်ထားလို့ မဖြစ်ဘူး”
ထိုအခါ ထန်ဇီယွဲ့မှ ပြောသည်။
“ဟုတ်ကဲ့ပါ ခေါင်းဆောင်”
ထန်ဇီယွဲ့မှ သတင်းပို့ရန် လူစေလွှတ်လုနီးတွင် ရုတ်တရက် အပြင်ဘက်မှ အလောတကြီး ခြေသံများကို ကြားလိုက်ရသည်။ ဌာနချုပ်အဖွဲ့သားတစ်ဦးသည် အလောတကြီး အော်ခေါ်လျက် ရောက်လာသည်။
“ခေါင်းဆောင် ခေါင်းဆောင်…”
နန်ပါးထျန်း မျက်မှောင်ကြုတ်သွားပြီး ထိုအဖွဲ့သားကို ကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲ”
အဖွဲ့သားမှ ပြောသည်။
“လျို လျိုလောင်ကွေ့ရောက်လာပါတယ်”
“အမ်?”
နန်ပါးထျန်း စိတ်ရှုပ်ထွေးသွား၏။
“ဘယ်သူရောက်တာ?”
“လျို လျိုလောင်ကွေ့ပါ”
နန်ပါးထျန်းသည် တွေဝေရှုပ်ထွေးစွာဖြင့် ထန်ဇီယွဲ့ကို ကြည့်လိုက်သည်။
“သူက ဘာလို့ရောက်လာတာလဲ”
ထန်ဇီယွဲ့လည်း စိတ်ရှုပ်ထွေးနေ၏။
လျိုလောင်ကွေ့က ဒီအချိန်ကြီး ဘာလို့ရောက်လာရတာလဲ?
ထိုသို့တွေးလျက် ထန်ဇီယွဲ့သည် သတင်းလာပို့သည့် အဖွဲ့သားကို မေးသည်။
“လျိုလောင်ကွေ့က သူဘာကြောင့်ရောက်လာလဲဆိုတာကို ပြောလိုက်သလား”
ထိုမေးခွန်းတွင် အဖွဲ့သားလေးသည် ထူးဆန်းသည့်မျက်နှာအမူအရာသို့ ပြောင်းလဲသွားလေသည်။
“သူ သူပြောတာတော့ ခေါင်းဆောင်နဲ့ ကျားကစားဖို့ လာခဲ့တာပါတဲ့”
“သောက်ကျိုးနဲတဲ့မှ ကျားကစားဖို့တဲ့!”
ထိုစကားကိုကြားလိုက်သည်တွင် နန်ပါးထျန်းသည် လုံးဝ ဒေါသထွက်သွားတော့သည်။ လတ်တလောတွင် ကျားကစားခြင်းသည် နန်ပါးထျန်းအား အလွန်ဒေါသထွက်စေသည်။ အထူးသဖြင့် ထိုနေ့က ချန်ကျဲ့မှ သူ့အား ကစားသွားသောကြောင့်ဖြစ်သည်။ အခုလည်း လျိုလောင်ကွေ့က ဤသို့အချိန်ကြီးတွင် ကျားကစားမည်ဆိုကာ ရောက်လာပြန်သည်။
ဘယ်လိုကြည့်ကြည့် ကျားကစားဖို့ရောက်လာတာနဲ့ မတူဘူး။ ပြဿနာရှာဖို့ရောက်လာတာနဲ့ပဲ တူတယ်။
နန်ပါးထျန်းသည် စိတ်ထဲတွင် ထိုသို့အတွေးဖြင့် ထန်ဇီယွဲ့ကို ကြည့်၍ ပြောလိုက်သည်။
“ခန်းမအရှင်သခင်ထန် ဒီကိစ္စကို ဘယ်လိုလုပ်ကြမလဲ”
ထန်ဇီယွဲ့သည်လည်း မျက်နှာမကောင်းပေ။ သူသည်လည် လျိုလောင်ကွေ့၏စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို ကြားသိနေခဲ့ပါသည်။ ကျားကစားတယ်ဆိုတာ ငါတို့ကိုရည်ရွယ်တာ ဖြစ်နေမလား?
ကျားကစားတယ်ဆိုတာက ချန်ကျိုစစ်လုပ်လေ့လုပ်ထရှိတဲ့ပုံစံပဲ။
မဟုတ်မှ… မဟုတ်မှ ချန်ကျိုစစ်က ငါ့ရဲ့အကြံအစည်ကို ထိုးဖောက်သိမြင်သွားပြန်ပြီလား? မဖြစ်နိုင်တာ… အဲဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ?
ထန်ဇီယွဲ့သည် အခြေအနေကို စဉ်းစားသုံးသပ်ပြီးနောက် နန်ပါးထျန်းကို ကြည့်လိုက်သည်။ နန်ပါးထျန်းသည်လည်း နားလည်သဖြင့် ပြောသည်။
“မင်းဆိုလိုချင်တာက နောက်ကွယ်ကနေ ရေကိုမွှေနှောက်နေတဲ့လူက ချန်ကျိုစစ်ပေါ့လေ?”
“ဒါပေမဲ့ ငါက သူနဲ့ပတ်သက်ပြီး အကြံအစည်ရှိနေတယ်ဆိုတာကို သူဘယ်လိုသိလဲ”
နန်ပါးထျန်းသည် အလွန်စိတ်ရှုပ်ထွေးနေတော့သည်။
ထန်ဇီယွဲ့မှ ပြောသည်။
“ကျွန်တော်တို့ထဲမှာ သစ္စာဖောက်ရှိနေတာများလား”
“မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး။ ဒီကိစ္စကို မင်းရယ်၊ ငါရယ်၊ ချင်းယင်ရယ်ပဲ သိတာ။ အဲဒီနေ့တုန်းက ရှိနေခဲ့တဲ့အဖွဲ့သားတွေကို အခုထိ အကျဉ်းထောင်မှာ ထိန်းသိမ်းထားတုန်းပဲ။ အပြင်ကိုပေါက်ကြားသွားဖို့ နည်းလမ်းမရှိဘူး”
“ဒါပေမဲ့ ချန်ကျိုစစ်က ငါတို့အကြံအစည်ကို သိနေတာမဟုတ်ရင် ဘယ်လိုလုပ်ပြီး ဒီလောက်အထိ အသေးစိတ်စီစဉ်နိုင်မှာလဲ။ ဘာလို့ လျိုလောင်ကွေ့က ဒီအချိန်မှာမှ ခေါင်းဆောင်နဲ့ ကျားကစားဖို့ ရောက်လာရတာလဲ”
“အဲဒီသောက်ကျိုးမပေးတဲ့ ကျားကစားတာကို ထပ်မပြောစမ်းနဲ့။ လျိုလောင်ကွေ့ကို သွားပြောလိုက်။ ငါးဖမ်းကုန်သည်အဖွဲ့မှာ ကျားကွက်မရှိဘူး အကုန်လုံးရိုက်ခွဲပစ်လိုက်ပြီ။ ကစားလို့မရတော့ဘူးလို့!”
နန်ပါးထျန်းသည် အလွန်ဒေါသထွက်နေ၏။
နန်ပါးထျန်း၏စကားအဆုံးတွင် သတင်းပို့သည့်အဖွဲ့သားလေးသည် ချက်ချင်းအရိုအသေပြုလျက် ပြောသည်။
“ဟုတ်ကဲ့ ကျွန်တော်ချက်ချင်းသွားပြောလိုက်ပါ့မယ်”
နန်ပါးထျန်းသည် မျက်မှောင်ကြုတ်ထား၏။
“ချန်ကျိုစစ်က ငါ့အကြံအစည်ကို သိနေတယ်ဆိုရင်တောင်မှ ငါ သူ့ကို ဆင့်ခေါ်ဦးမှာပဲ။ သူမလာရင် ငါသူ့ကို စိန်ခေါ်မယ်။ ဒီအဖြစ်အပျက်ကို အသုံးချပြီးတော့ ငါးဖမ်းကုန်သည်အဖွဲ့တစ်ဖွဲ့လုံးကို ပြောမယ်၊ ချန်ကျိုစစ်က ဝံပုလွေလိုရည်မှန်းချက်တွေ ထားရှိပြီးတော့ ကုန်သည်အဖွဲ့ခေါင်းဆောင်ရဲ့အမိန့်ကို လေးစားမှုမရှိဘူး။ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ သစ္စာဖောက်ပဲလို့ ကြေညာမယ်!”
ထန်ဇီယွဲ့သည် မျက်မှောင်သာကျုံ့ထားပြီး ဘာမှမပြောပေ။
နန်ပါးထျန်းမှ ပြောသည်။
“လူလွှတ်ပြီးတော့ ချန်ကျိုစစ်ကို ဌာနချုပ်ဆီ အစည်းအဝေးလာတက်ဖို့ ပြောလိုက်။ ငါနဲ့ လျိုလောင်ကွေ့နဲ့ ကျားကစားတာကို လာကြည့်ပါလို့!”
ထိုအခါ စောင့်ဆိုင်းနေသည့် အဖွဲ့သားလေးသည် ချက်ချင်းနာခံသည်။
ထိုအခိုက်အတန့်၌ ထန်ဇီယွဲ့မှ ပြောသည်။
“လူများများစေလွှတ်လိုက်။ မဟုတ်ရင် သူတို့ဘက်က ခုခံလာမလား စိုးရိမ်ရတယ်။ ပြီးတော့ လင်းယုန်ခန်းမက ညီအစ်ကိုသုံးယောက်ကိုပါ စေလွှတ်လိုက်ပါ။ စွမ်းအင်ပြောင်းလဲခြင်းအဆင့်တစ်ယောက်တည်းဆို အဆင်ပြေမှာ မဟုတ်ဘူး”
ထိုအခါ နန်ပါးထျန်းမှ ပြောသည်။
“ကောင်းပြီ။ ငါအခုပဲ အမိန့်ထုတ်ပြန်လိုက်မယ်!”
ထို့နောက် နန်ပါးထျန်းသည် ချက်ချင်းပဲ အမိန့်ထုတ်ပြန်သည်။ အဖွဲ့သားတစ်စုသည် လင်းယုန်ခန်းမ၏ စွမ်းအင်ပြောင်းလဲခြင်းအဆင့် ညီအစ်ကိုသုံးယောက်ကို သွားရှာသည်။
နောက်တစ်ဖွဲ့သည် ချန်ကျဲ့ကို ဖိတ်ခေါ်ရန်အတွက် ကျားဖြူခန်းမသို့ တိုက်ရိုက်သွားကြသည်။
ထိုအဖွဲ့နှစ်ဖွဲ့ထဲမှ တစ်ဖွဲ့မှ ချန်ကျိုစစ်ကို ခေါ်နိုင်ခဲ့လျှင် အောင်မြင်ပြီဟု သတ်မှတ်နိုင်ပေသည်။
နန်ပါးထျန်းသည် ခဏမျှစဉ်းစားပြီးနောက် ထပ်ပြောသည်။
“ထန်ဇစ်တောင်ကြားက မျက်မမြင်လူကြီးဆီကို လူတစ်ယောက်စေလွှတ်လိုက်။ သူ့ကို ငါ့ကိုကူညီပြီး ချန်ကျိုစစ်ကို တားပေးဖို့ ပြောလိုက်ပါ။ အဲဒီအတွက် စိတ်ကြိုက်ဈေးခေါ်နိုင်တယ်လို့လည်း ပြောလိုက်”
“ဒီလောက်အထိ စီစဉ်ထားတာတောင်မှ ချန်ကျိုစစ်ကို မတားနိုင်ဘူးလို့ ငါမယုံဘူး”
နန်ပါးထျန်း၏ မျက်နှာအမူအရာသည် ရက်စက်ကြမ်းကြုတ်နေခဲ့သည်။
မင်းမှာ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင် ဘယ်နှယောက်ရှိနိုင်မလဲ။ ငါ မင်းကို တားနိုင်မလားဆိုတာ စောင့်ကြည့်ကြတာပေါ့။ ချန်ကျိုစစ် ငါနန်ပါးထျန်းသတ်ချင်တဲ့လူကို ဘယ်လိုမှ ကယ်တင်ကာကွယ်လို့ မရနိုင်ဘူးဆိုတာကို မင်းသေချာသိသွားအောင် ပြပေးလိုက်မယ်!
ထိုအခိုက်အတန့်၌ နန်ပါးထျန်းသည် လေဟာနယ်ထဲတွင် ချန်ကျိုစစ်နှင့် အကြည့်ချင်းဆုံနေသည့်အလား မျက်လုံးအစုံတွင် သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ပြည့်နှက်နေခဲ့သည်။
ထို့နောက် နောက်တဒင်္ဂ၌ ခုနက လျိုလောင်ကွေ့ကို အကြောင်းသွားပြန်သည့် အဖွဲ့သားသည် အလောတကြီး ပြန်ရောက်လာခဲ့သည်။
“ခေါင်းဆောင် လျိုလောင်ကွေ့က ကျွန်တော်တို့ငါးဖမ်းကုန်သည်အဖွဲ့မှာ ကျားကွက်ခုံမရှိတာကို သိနေတာကြောင့် သူယူလာခဲ့ပါတယ်တဲ့။ စုစုပေါင်း သုံးခုယူလာတာမို့လို့ နှစ်ခုကို ကျွန်တော်တို့ကို လက်ဆောင်ပေးပါမယ်တဲ့”
ဒုန်း!
နန်ပါးထျန်းသည် ဒေါသပေါက်ကွဲသွားပြီး စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ကြမ်းပြင်သို့ ပစ်ပေါက်လိုက်သည်။ ထို့နောက် အော်ပြော၏။
“လျိုလောင်ကွေ့က အရမ်းတရားလွန်နေပြီ! ဒါဆိုလည်း ကောင်းပြီလေ။ သူ့ကိုဝင်ခိုင်းလိုက်။ ငါသူ့ကို အပိုင်းပိုင်းစုတ်ဖြဲပစ်မယ်!”
“ဟုတ်ကဲ့!”
အဖွဲ့သားသည် ချက်ချင်းနာခံသည်။
ထိုစဉ် ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ် အနောက်တံခါး၌ လူအမြောက်အများသည် အဖွဲ့လိုက် အလျင်စလို ထွက်ခွာသွားကြသည်။ ထိုလူအားလုံးသည် ချန်ကျဲ့ကို ဟန့်တားရန် ချီတက်သွားကြခြင်းဖြစ်သည်။
ငါးဖမ်းကုန်သည်အဖွဲ့သားများ အုပ်စုလိုက် ထွက်ခွာသွားကြသည်ကို မြင်သောအခါ လျိုလောင်ကွေ့နှင့်အတူ လိုက်ပါလာသည့် အဖွဲ့သားသည် လျိုလောင်ကွေ့ကို တီးတိုးပြောဆိုသည်။
လျိုလောင်ကွေ့၏မျက်နှာအမူအရာသည် လှောင်ပြောင်ခြင်းအသွင်သို့ ပြောင်းလဲသွား၏။
“ဟားဟား နန်ပါးထျန်း စဉ်းစားနိုင်တာကို ညီနောင်ကျိုစစ်လည်း ကြိုခန့်မှန်းထားပြီးလောက်မှာပဲ။ ဒီတိုင်းစောင့်ကြည့်နေ။ သူတို့ကို သွားမနှောင့်ယှက်နဲ့။ ငါ နန်ပါးထျန်းရဲ့အားစိုက်ထုတ်မှုတွေ အလဟသဖြစ်ကုန်တာကို ပျော်ပျော်ကြီး စောင့်ကြည့်မလို့ ဟားဟား…”
လျိုလောင်ကွေ့ရယ်နေစဉ် သတင်းပို့သည့် အဖွဲ့သားလေး ပြန်ရောက်လာပြီး ပြောသည်။
“ခေါင်းဆောင်လျို ကျွန်တော်တို့ခေါင်းဆောင်က အထဲဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်”
“သွားကြတာပေါ့၊ လမ်းပြပေးပါဦး”
လျိုလောင်ကွေ့သည် ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်ထဲသို့ ယုံကြည်ချက်အပြည့်ဖြင့် လမ်းလျှောက်ဝင်သွားခဲ့သည်။
ထိုအချိန်၌ ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်ထဲရှိ ထန်ဇီယွဲ့မှာ စိုးရိမ်ပူပန်နေခဲ့သည်။ ကိစ္စများသည် သူတွက်ချက်ထားသည်ထက် ကျော်လွန်ပြီး ဖြစ်ပေါ်လာနေခဲ့သည်။
ချန်ကျိုစစ်က ဘယ်လိုလုပ်ပြီး အမြဲ ခြေတစ်လှမ်းရှေ့ရောက်နေရတာလဲ? သူက ဒီသတင်းတွေကို ဘယ်လိုသိနေရတာလဲ?
မဖြစ်ဘူး။ ငါ ဒီတိုင်း ပျက်စီးမှာကို ထိုင်စောင့်နေလို့ မဖြစ်ဘူး။ ထိုသို့အတွေးဖြင့် ထန်ဇီယွဲ့မှ ပြောသည်။
“စာပို့ခိုလွှတ်ပြီး ကုချင်းဖုန်းကို လုပ်ကြံမယ့်နေရာ ပြောင်းလိုက်ဖို့နဲ့ သတ်မှတ်အချိန်ထက် စောပြီးလှုပ်ရှားဖို့ အကြောင်းကြားလိုက်!”
“ဟုတ်ကဲ့!”
အဖွဲ့သားလေး ထွက်သွားသောအခါ ထန်ဇီယွဲ့သည် ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ သူ၏မျက်လုံးများသည် လေးနက်နေခဲ့၏။
ချန်ကျိုစစ် ဒီလိုဖြစ်လာမှတော့ ဘယ်သူက ပိုမြန်မြန်တုံ့ပြန်နိုင်လဲဆိုတာ ကြည့်လိုက်ကြတာပေါ့။