အခန်း (၅၀၅)
Vol. 40 Ch. 505
ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်မှ အဖွဲ့သုံးဖွဲ့ ထွက်ခွာသွားခဲ့သည်။
တစ်ဖွဲ့သည် လင်းယုန်ခန်းမ၏ ညီအစ်ကိုသုံးယောက်ကို ခေါ်ဆောင်ရန်အတွက် လင်းယုန်ခန်းမသို့ ဦးတည်သွားသည်။ ထိုအဖွဲ့သည် ညီအစ်ကိုသုံးယောက်ကို ခေါ်ဆောင်ပြီးနောက် ကျားဖြူခန်းမသို့သွား၍ ချန်ကျိုစစ်အား ဌာနချုပ်သို့ အစည်းအဝေးတက်ရောက်ရမည့်အမိန့်ကို သတင်းပို့မည်ဖြစ်သည်။
ဒုတိယအဖွဲ့သည် မျက်မမြင်လူကြီးကို ရှာရန်အတွက် ထန်ဇစ်လမ်းကြားသို့ ဦးတည်သွားသည်။
တတိယအဖွဲ့သည် ငါးဖမ်းကုန်သည်အဖွဲ့၏ လက်ရွေးစင်အဖွဲ့သား အယောက်၂၀ပါဝင်ပြီး သူတို့သည်လည်း ကျားဖြူခန်းမသို့ သွားကာ ချန်ကျိုစစ်အား ခေါင်းဆောင်၏ ဌာနချုပ်သို့ အစည်းအဝေးလာတက်ရောက်ရန် အမိန့်ကို အကြောင်းကြားရန်အတွက် ဖြစ်၏။
တကယ်တမ်းတွင် တတိယအဖွဲ့သည် ချန်ကျဲ့ကို တားဆီးရန် မလိုအပ်ပါချေ။ သူတို့၏တာဝန်သည် ချန်ကျိုစစ်နှင့် မျက်နှာချင်းဆိုင်တွေ့ပြီး ခေါင်းဆောင်နန်၏အမိန့်ကို ဖတ်ပြလိုက်လျှင် တာဝန်အောင်မြင်ပြီဖြစ်သည်။
အကြောင်းမှာ တတိယအဖွဲ့၏ရည်ရွယ်ချက်သည် ချန်ကျဲ့၏သစ္စာမဲ့သည့်စိတ်နှလုံးကို လူသိရှင်ကြား ဖော်ထုတ်ပြသရန်ဖြစ်သောကြောင့်ပင်။
တရုတ်တွင် ဆိုရိုးစကားတစ်ခုရှိသည်။
“လုပ်ဆောင်သမျှ အမှုကိစ္စတိုင်းသည် တရားနည်းလမ်းကျရမည်’ဟူ၏။
၎င်းသည် ဂုဏ်သိက္ခာ၏အင်အားကို ဆိုလိုခြင်းဖြစ်သည်။ ချန်ကျိုစစ်နှင့် နန်ပါးထျန်းကြားတွင် ပဋိပက္ခများ အပြင်းအထန်ဖြစ်ပွားနေခဲ့သော်ငြား ငါးဖမ်းကုန်သည်အဖွဲ့သားများ၏အမြင်တွင် ချန်ကျိုစစ်သည် နန်ပါးထျန်း၏ လက်အောက်ငယ်သားတစ်ဦးဖြစ်နေဆဲ ဖြစ်သည်။
သို့ဖြစ်ရာ ကုန်သည်အဖွဲ့ခေါင်းဆောင်မှ ဆင့်ခေါ်နေသည်ကို ရောက်မလာခဲ့ပါလျှင် ၎င်းသည် ပုန်ကန်ဖို့ကြိုးစားနေသည့် အဓိပ္ပာယ်ပင် မဟုတ်ပါလော။
ဤခေတ်ကာလ၌ ပုန်ကန်ခြင်းဟူသည် ကြီးလေးသောပြစ်မှုကြီးဖြစ်ပြီး အမှန်တကယ် ပုန်ကန်ခဲ့သည့်တိုင်အောင် ‘ဧကရာဇ်ဘေးရှိ အကျင့်ပျက်ခြစားသူများကို ရှင်းလင်းခြင်း’စသည်ကဲ့သို့ ခိုင်လုံသော အကြောင်းပြချက်တစ်ခု ပေးနိုင်ရပေမည်။
ပုန်ကန်သူသည် ရူးနှမ်းနေလျှင်ပင် ‘ငါ ဧကရာဇ်ကိုသတ်ပြီး ငါကိုယ်တိုင် ပလ္လင်ပေါ်တက်ထိုင်မယ်’ဟု ဘွင်းဘွင်းရှင်းရှင်း ထုတ်ဖော်ပြောဆိုရဲလိမ့်မည် မဟုတ်ပေ။
မိန်ဂိုဏ်းနှင့် သာ့ချန်မှာမူ ချွင်းချက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအင်အားစုနှစ်ခုသည် လူမျိုးစုများ မတူညီကြသဖြင့် လူမျိုးရေးပဋိပက္ခဖြစ်သောကြောင့် ဖြစ်သည်။ ထို့ပြင် မိန်ဂိုဏ်းသည် ဘယ်တုန်းကမျှ သာ့ချန်၏လက်အောက်ခံ မဖြစ်ခဲ့ဖူးပါချေ။ ထို့ကြောင့် မိန်ဂိုဏ်း၏ တော်လှန်ပုန်ကန်မှုသည် ဘေးလူများ၏အမြင်တွင် ဘယ်သောအခါမှ သစ္စာကင်းမဲ့ခြင်း မဖြစ်ခဲ့ပေ။
သို့သော် ချန်ကျဲ့သည်တော့ ထိုသို့မဟုတ်ပေ။
ချန်ကျဲ့သည် ငါးဖမ်းကုန်သည်အဖွဲ့ ကျားဖြူခန်းမ၏ ခန်းမအရှင်သခင်ဖြစ်သည်။ ကုန်သည်အဖွဲ့ခေါင်းဆောင်မှ ဆင့်ခေါ်သည်ကို မသွားခဲ့ပါက ၎င်းသည် သစ္စာမဲ့သည့်စိတ်နှလုံးကို ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်သည်။ ကောလဟလများ ပျံ့နှံ့သွားပါက ချန်ကျဲ့၏ဂုဏ်သိက္ခာမှာ ပျက်ပြားသွားရပေလိမ့်မည်။
ချန်ကျဲ့သည် ဂုဏ်သိက္ခာ၏အရေးပါမှုကို ကောင်းစွာသိရှိသည်။ အထူးသဖြင့် ကမ္ဘာလောကကြီးကို သိမ်းပိုက်စိုးမိုးရန် ရည်မှန်းထားသူတစ်ဦးအနေဖြင့် ဂုဏ်သိက္ခာကို ပို၍ပင် တန်ဖိုးထားရပေသည်။
သမိုင်းကိုကြည့်လိုက်ပါကလည်း ကျူးယွမ်ကျန်းသည် ပြည်သူများ၏ စိတ်နှလုံးကို အဘယ်သို့ ရယူခဲ့သနည်း။ ချန်ယုံလျန့်သည် အဘယ်ကြောင့် ကဲ့ရဲ့ရှုံ့ချခံရသနည်း။ အကြောင်းအရင်းမှာ ချန်ယုံလျန့်သည် သူ၏ဂုဏ်သိက္ခာကို ဂရုမစိုက်လွန်းသောကြောင့် မဟုတ်ပါလော။
ချန်ယုံလျန့်သည် သူ့အပေါ် ကျေးဇူးရှိခဲ့ဖူးသော နီဝမ်ကျွင့်ကဲ့သို့ သူများကို အကြိမ်ကြိမ်သတ်ဖြတ်ခဲ့ပြီး နောက်ပိုင်းတွင် ရွှီရှို့ဟွေးကိုပါ ကွပ်မျက်ခဲ့သဖြင့် သူ၏ခေတ်ပြိုင်လူများက သူ့အား သစ္စာမဲ့က ယုံကြည်စိတ်မချရသော လူယုတ်မာအဖြစ် သတ်မှတ်ခဲ့ကြသည်။ ထို့ကြောင့်ပင် သူ၏လက်အောက်ငယ်သားများသည်လည်း စိတ်ပျက်ကာ သစ္စာမဲ့ကုန်ကြသည်။ သို့မဟုတ်ပါက ဖော်ယန်ရေကန်တိုက်ပွဲ၌ ချန်ယုံလျန့်သည် စစ်အင်အားခြောက်သိန်း ပိုင်ဆိုင်ထားပါလျက်နှင့် စစ်အင်အားနှစ်သိန်းသာ ရှိသော ရန်သူကို အဘယ်သို့များ ရှုံးနိမ့်နိုင်ပါမည်နည်း။
သူ ဘယ်နေရာမှာ ရှုံးနိမ့်ခဲ့ရသနည်း။
သူသည် ဂုဏ်သိက္ခာတွင် ရှုံးနိမ့်ခဲ့သည်။ သူသည် ပြည်သူလူထု၏ စိတ်နှလုံးကို ဆုံးရှုံးခဲ့ပြီး တရားမျှတခြင်းသော အကြောင်းတရားတွင် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
သို့ဖြစ်ရာ ချန်ကျဲ့သည် မိမိမှာ သမိုင်းမှတ်တမ်းထဲမှ ချန်ယုံလျန့်ဖြစ်ကြောင်း မသေချာသည့်တိုင် ဟန့်ဘုရင်ဟောင်း ချန်ယုံလျန့်၏ ကျရှုံးမှုများကို သင်ခန်းစာယူရပေမည်။
အခြားအချက်များကို ထားဦးတော့၊ အနည်းဆုံးတော့ ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီး မိမိ၏ပုံရိပ်ကို တန်ဖိုးထားကာ ထိန်းသိမ်းတည်ဆောက်တတ်ရပေမည်။ အရှက်သိက္ခာမဲ့သည့် စုန့်ကျောင်း၊စုန့်ကုန်းမင်ထံမှ သင်ခန်းစာယူရမည်။ စုန့်ကျောင်းသည် ရောက်လေရာအရပ်တွင် မိမိကိုယ်ကိုယ် ‘သားသမီးဝတ္တရားကျေပွန်ပြီး တရားမျှတမှုကို မြတ်နိုးသည့် လေပြင်းကဲ့သို့လူတစ်ယောက်’ဟု မိတ်ဆက်လေ့ရှိပြီး ဒေသခံ သူရဲကောင်းများသည် သူ့ကို ဦးညွှတ်ရိုသေကြရသည်။ ဤသည်မှာ ဂုဏ်သိက္ခာ၏စွမ်းအားဖြစ်သည်။
ထို့ကြောင့် နန်ပါးထျန်း စေလွှတ်လိုက်သည့် တတိယအဖွဲ့သည် ချန်ကျဲ့၏ဂုဏ်သိက္ခာကို ဖျက်ဆီးရန်နှင့် ချန်ကျဲ့တွင် ပုန်ကန်လိုစိတ်ရှိနေကြောင်းကို မျန့်ရွှေစီရင်စုတစ်ခုလုံး သိသွားစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
တတိယအဖွဲ့မှ အောင်မြင်သွားပါက ၎င်းသည် ချန်ကျဲ့၏အမည်ကို အပုပ်နံ့ထွက်သွားစေမည် မဟုတ်ပါလော။
…
ထိုသို့ရည်ရွယ်ချက်ဖြင့် အဖွဲ့သည် မီးတုတ်များကို ကိုင်ဆောင်ကာ လမ်းမများကို ကျော်ဖြတ်၍ ချန်ကျဲ့၏ကျားဖြူခန်းမဆီသို့ ဟိတ်ဟန်အပြည့်ဖြင့် ချီတက်သွားကြသည်။
သူတို့၏ရည်ရွယ်ချက်သည် ရိုးရှင်းပါ၏။ ချန်ကျိုစစ်ကို ရှာရန်ဖြစ်သည်။
ထိုသို့သွားလာရာတွင် သူတို့သည် မည်သူမျှမသိမှာ စိုးရိမ်သည့်အလား အလွန်တရာ လူသတိထားမိအောင် လုပ်ဆောင်ကြသည်။
ထိုအဖွဲ့သားများ ကျားဖြူခန်းမသို့ ဦးတည်ချီတက်နေကြစဉ် ရုတ်တရက် မနီးမဝေးမှ အခြားလူတစ်စု ရောက်ရှိလာသည်။
ထိုအုပ်စုတွင် သန်မာထွားကြိုင်းသည့်အမျိုးသား အယောက်နှစ်ဆယ်ခန့်ပါဝင်ကာ အမျိုးသားတစ်ဦးသည် သေရည်တစ်အိုးကို ကိုင်လျက် သေရည်မူးနေပုံရ၏။
ငါးဖမ်းကုန်သည်အဖွဲ့သားများသည် ထိုလူအုပ်စုကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်ကြသည်။
ဒီလူတွေက ဘယ်သူတွေလဲ? ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်က လူတွေကို လမ်းပိတ်ရဲတယ်ပေါ့လေ?
ထိုသို့တွေးလျက် အဖွဲ့ခေါင်းဆောင်သည် ရှေ့တိုးကာ ထိုလူများကို လက်ညှိုးညွှန်လျက် အမိန့်ပေးသည်။
“ငါးဖမ်းကုန်သည်အဖွဲ့က တရားဝင်အလုပ်ကိစ္စ ဆောင်ရွက်နေတယ်။ လမ်းဖယ်ပေးကြစမ်း”
ပုံမှန်အားဖြင့် ငါးဖမ်းကုန်သည်အဖွဲ့၏ အော်ငေါက်သံကြားသည်နှင့် တစ်ဖက်လူများသည် ချက်ချင်း လမ်းဖယ်ပေးလိမ့်မည် ဖြစ်သည်။ မည်သူကများ ငါးဖမ်းကုန်သည်အဖွဲ့ကို ရန်စရဲပါမည်နည်း။
သို့သော် ဤတစ်ကြိမ်တွင်တော့ သူတို့၏ခန့်မှန်းချက် မှားသွားခဲ့သည်။ ထိုအဖွဲ့ခေါင်းဆောင်မှ အော်ငေါက်လိုက်သည်နှင့် တစ်ဖက်အုပ်စုသည် ရပ်တန့်သွားပြီး ပြန်ပြောသည်။
“ငါးဖမ်းကုန်သည်အဖွဲ့က ဘာမို့လို့လဲ? မင်းတို့သာ ငါတို့ရှေ့က ဖယ်ပေးစမ်း”
“ဟုတ်ပ။ ငါတို့ချောင်ကုန်သည်အဖွဲ့အတွက် မင်းတို့က ဘာကောင်တွေမို့လို့လဲ? တစ်ယောက်ယောက်က လမ်းဖယ်ပေးရမယ်ဆိုရင် ဖယ်ပေးရမယ့်သူက မင်းတို့ပဲ”
“ဟုတ်တယ်။ ခွေးကောင်းဆိုတာ လမ်းမပိတ်ဘူးတဲ့။ ဖယ်စမ်း”
ချောင်ကုန်သည်အဖွဲ့သားများ၏ ထိုသို့စကားများကိုကြားရသည်တွင် ငါးဖမ်းကုန်သည်အဖွဲ့သားများသည် မျက်မှောင်ကြုတ်သွားကြသည်။
ချောင်ကုန်သည်အဖွဲ့သားတွေက ဘယ်တုန်းက ဒီလမ်းကို ရောက်လာရတာလဲ?
ချောင်ကုန်သည်အဖွဲ့နှင့် ငါးဖမ်းကုန်သည်အဖွဲ့သည် တစ်ဖက်နှင့်တစ်ဖက် မတည့်ကြသည်မှာ ပုံမှန်ဖြစ်သော်ငြား ဤသို့စော်ကားခံရသည်တွင် ငါးဖမ်းကုန်သည်အဖွဲ့သားများသည် ဒေါသထွက်သွားကြသည်။ သို့ဖြင့် ပြန်ပြော၏။
“ခွေးကောင်တွေ၊ မင်းတို့လို အနံ့အသက်မကောင်းတဲ့ အလုပ်သမားတွေက ငါတို့ငါးဖမ်းကုန်သည်အဖွဲ့နယ်မြေထဲ လာပြီး ပြဿနာရှာနေတာလား? အရိုက်ခံချင်လို့လား?”
“သောက်ချီးပဲ ပြဿနာရှာနေတယ်ပေါ့လေ? ညီနောင်တို့ သတ်ကြစမ်း”
ငါးဖမ်းကုန်သည်အဖွဲ့သားများသည် ဒေါသပေါက်ကွဲ၍ ဓားများဆွဲထုတ်ကာ ချီတက်ကြတော့သည်။
ချောင်ကုန်သည်အဖွဲ့မှ အမျိုးသားသည် ရယ်မောလှောင်ပြောင်၏။
“ငါတို့က မင်းတို့ကို ကြောက်မယ်ထင်နေလား? ညီနောင်တို့ တိုက်ကြ”
သို့ဖြင့် အဖွဲ့နှစ်ဖွဲ့သည် လမ်းမအလယ်တွင် တိုက်ခိုက်ကုန်ကြတော့သည်။ ရန်ပွဲသည် ပြင်းထန်လွန်းသောကြောင့် အချိန်တစ်ခုကြာသည်အထိ မည်သူမျှ လူစုခွဲမထွက်နိုင်ဘဲ ဖြစ်နေခဲ့သည်။
…
ထိုစဉ် ငါးဖမ်းကုန်သည်အဖွဲ့ လင်းယုန်ခန်းမ၌
အဖွဲ့တစ်ဖွဲ့သည် လင်းယုန်ခန်းမ၏ ညီအစ်ကိုသုံးဦးကို ရှာဖွေရန် ရောက်လာကြသည်။ ဤအဖွဲ့သည်တော့ မည်သည့်အနှောင့်အယှက်မျှ မကြုံတွေ့ခဲ့ရပေ။ အကြောင်းမှာ ဤအဖွဲ့တွင် လူသုံးယောက်သာ ပါဝင်ပြီး လူစုလူဝေးကြား ရောနှောကာ လူသတိမထားမိစေရန် တိတ်တဆိတ်လှုပ်ရှားခဲ့သောကြောင့် ဖြစ်သည်။
သို့ဖြင့် သူတို့သည် လင်းယုန်ခန်းမသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ကြသည်။ သူတို့သည် လင်းယုန်ခန်းမသို့ ရောက်သောအခါ ဂိတ်တံခါးစောင့်ကို ပြောသည်။
“အမြန် ခန်းမအရှင်သခင်ချင်းကို သွားရှာချည်။ ခေါင်းဆောင်နန်က အရေးကြီးတာဝန်တစ်ခုပေးလိုက်တယ်”