← Chapters

အခန်း (၅၀၆)

Vol. 40 Ch. 506

အခန်း (၅၀၆)

Vol. 40 Ch. 506

ထိုအခါ လင်းယုန်ခန်းမအဖွဲ့သားသည် ထိတ်လန့်သွားပြီး ချက်ချင်းပြောလာသည်။

“နောက်ကလိုက်ခဲ့ပါ”

လင်းယုန်ခန်းမတွင် စည်းကမ်းတစ်ခုရှိသည်။ ၎င်းမှာ ဌာနချုပ်နှင့်ပတ်သက်သည့် ကိစ္စဟူသမျှသည် သေးငယ်သည်မရှိဘဲ အားလုံးကို ခန်းမအရှင်သခင်ထံ ချက်ချင်း တင်ပြရမည်ဟူသည့် စည်းကမ်းဖြစ်သည်။

လင်းယုန်ခန်းမအဖွဲ့သားသည် ဌာနချုပ်မှ သတင်းပို့သူအား ဧည့်ခန်းသို့ အမြန်ခေါ်ဆောင်သွားပြီးနောက် ချင်းယင်ကို အကြောင်းကြားရန် ထွက်သွားလေသည်။

ထိုအချိန်၌ ချင်းဟူသည် လက်ဖက်ရည်သောက်နေပြီး ချင်းပေါင်သည် အပြင်မှ ပြန်လာချိန်ဖြစ်သည်။ ချင်းယင်သည် သူ၏အခန်းထဲတွင် ကိစ္စတစ်ခုကို အားသွန်ခွန်စိုက် လုပ်ဆောင်နေသည်။

ထိုစဉ် အဖွဲ့သားတစ်ယောက်သည် ရုတ်တရက် အမောတကော ပြေးဝင်လာ၏။

“ခန်းမအရှင်သခင် ခန်းမအရှင်သခင်… ခေါင်းဆောင်ဆီက အရေးကြီးတာဝန်တစ်ခု ရောက်လာပါတယ်”

ဟမ်…

ထိုစကားတွင် လက်ဖက်ရည်သောက်နေသည့် ချင်းဟူနှင့် အားရပါးရစားသောက်နေသည့် ချင်းပေါင်တို့ နှစ်ဦးစလုံး ရပ်တန့်သွားကြသည်။

အတွင်းခန်းထဲမှ နှစ်လိုဖွယ်သော အမျိုးသမီးသည်လည်း ချင်းယင်ကို နွေဦးကဲ့သို့ ရမ္မက်ဝေနေသော မျက်လုံးများဖြင့် မကျေမနပ်ကြည့်ကာ ပြောလာသည်။

“ဘာလို့ရပ်လိုက်တာလဲ”

ချင်းယင်မှ ပြောသည်။

“ခေါင်းဆောင် ငါ့ကိုရှာနေတယ်”

ချင်းယင် ထွက်သွားရန်ပြင်လိုက်သည်။ သို့သော် အမျိုးသမီးသည် ချင်းယင်ကို ဆွဲထား၏။

“မသွားပါနဲ့…”

အမျိုးသမီး၏မျက်လုံးများသည် တောင့်တမှုများဖြင့် ရီဝေနေသည်။ သို့သော် ချင်းယင်သည် သူမကို ခဏတာမျှ တွန့်ဆုတ်စွာကြည့်ပြီးနောက် နောက်ဆုံးတွင် အံကြိတ်လျက် သူမ၏လက်များကို ဆွဲဖယ်လိုက်ပြီး ပြောခဲ့သည်။

“ငါ့ကိုစောင့်နေ။ ပြန်လာမှ မင်းနဲ့ အပြတ်ရှင်းမယ်”

“ရှင်… ဟွန့်”

အမျိုးသမီးသည် စိတ်ဆိုးလျက် ဆောင့်အောင့်ကျန်ရစ်ခဲ့သည်။

ချင်းယင်သည် လက်ထဲတွင် ဘောင်းဘီကိုကိုင်လျက် အပြင်ထွက်လိုက်သည်။ ထိုအမျိုးသမီးသည် သူသာယာမှုရှာဖွေသည့် ကိရိယာတစ်ခုမျှသာ ဖြစ်သည်။ သို့သော် ခေါင်းဆောင်ကို စိတ်ကွက်စေမိပါက သူ၏ ကျန်ရှိသည့် ဘဝသက်တမ်းတစ်ခုလုံးမှာ သာယာပျော်မွေ့နိုင်တော့မည် မဟုတ်ပေ။

ချင်းယင်သည် ထိုအချက်ကို ကောင်းစွာနားလည်ပါ၏။ သူသည် နန်ပါးထျန်းမွေးထားသည့် ခွေးတစ်ကောင်မျှသာဖြစ်ပြီး ခွေးတစ်ကောင်သည် ခွေးတစ်ကောင်ကဲ့သို့ အသိစိတ်ရှိရမည် ဖြစ်သည်။

ယခုကဲ့သို့ နန်ပါးထျန်း၏ အထောက်အပံ့ရှိနေချိန်တွင် ပုဂ္ဂိုလ်ရေးသိက္ခာများအကြောင်း ပြောနေစရာ အဘယ်မှာ ရှိနိုင်ပါမည်နည်း။

ချင်းယင်သည် အပြင်သို့ အပြေးအလွှားပြေးထွက်လာခဲ့သည်။ ထို့နောက် သတင်းပို့သူနှင့် သူ၏ညီနှစ်ယောက်ကိုပါ တွေ့လိုက်ရသည်။

“ခန်းမအရှင်သခင်ချင်း”

နန်ပါးထျန်းစေလွှတ်လိုက်သည့် သတင်းပို့သူမှ အရိုအသေပြုသည်။ ချင်းယင် ရယ်မောလိုက်သည်။

“ဟားဟား… ယဉ်ကျေးနေဖို့မလိုပါဘူး။ ခေါင်းဆောင်က ငါ့ကို ဘာတွေများ တာဝန်ပေးလိုက်တာလဲ”

ထိုအခါ သတင်းပို့သူမှ ပြောသည်။

“ခန်းမအရှင်သခင်ချင်း၊ ခေါင်းဆောင်က ခန်းမအရှင်သခင်ချင်းတို့ ညီအစ်ကိုသုံးယောက်ကို ကျားဖြူခန်းမဆီ ချက်ချင်းသွားပြီး ချန်ကျိုစစ်ကို သွားရှာပြီး ချန်ကျိုစစ်ကို တတ်နိုင်သမျှ ဟန့်တားခိုင်းလိုက်ပါတယ်။ ချန်ကျိုစစ်ကို မဟန့်တားနိုင်ခဲ့ရင် ချန်ကျိုစစ်ကို သေချာမျက်နှာချင်းဆိုင်ပြီး ခေါင်းဆောင်က သူ့ကို ဒီနေ့ည ဌာနချုပ်မှာ အစည်းအဝေးတက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ကြောင်း စကားပါးပေးပါ”

“ဟမ်?”

ထိုအခါ ချင်းယင် မျက်မှောင်ကြုတ်သွား၏။

“ချန်ကျိုစစ်က မတက်ဘူးဆိုရင်ရော?”

သတင်းပို့သူမှ ပြန်ပြောသည်။

“အဲဒါက ကျွန်တော်တို့နဲ့ မသက်ဆိုင်ပါဘူး။ အကယ်၍ ချန်ကျိုစစ်က အစည်းအဝေးတက်ဖို့ ငြင်းခဲ့ရင် သူ့ရဲ့ဂုဏ်သိက္ခာ ပျက်ပြားသွားပါလိမ့်မယ်။ ကျွန်တော်တို့ကတော့ ခေါင်းဆောင်စေခိုင်းတဲ့ကိစ္စကို လုပ်ဆောင်ခဲ့တာပါပဲ”

ထိုအခါ ချင်းယင်မှ ပြောသည်။

“ကောင်းပြီ။ ဒီကိစ္စက ရိုးရှင်းပါတယ်။ ခေါင်းဆောင်ကို ပြန်ပြောလိုက်ပါ။ ငါ ဒီကိစ္စကို အောင်မြင်အောင်လုပ်ပါ့မယ်လို့”

သတင်းပို့သူမှ ပြန်ပြောသည်။

“ဟုတ်ကဲ့ပါ။ ဒါဆို ခန်းမအရှင်သခင်ချင်းကို ဒုက္ခများစေမိပါပြီ။ ကျွန်တော် ခန်းမအရှင်သခင်ချင်းတို့နဲ့ အတူလိုက်ခဲ့ပါမယ်။ သတင်းရတာနဲ့ ခေါင်းဆောင်ကို ပြန်တင်ပြရမှာမို့လို့ပါ”

“အင်း ကောင်းပြီ၊ အခုပဲ သွားကြတာပေါ့”

ချင်းယင်သည် သူ၏ညီဖြစ်သူ ချင်းဟူနှင့် ချင်းပေါင်တို့ကို ဦးဆောင်ခေါ်၍ ကျားဖြူခန်မသို့ ဦးတည်ထွက်ခွာခဲ့ကြသည်။

…

ထန်ဇစ်လမ်းကြား

ထန်ဇစ်လမ်းကြားသည် မျန့်ရွှေစီရင်စုတွင် နာမည်ကြီးသည့် သရဲခြောက်သည့်လမ်းကြားဖြစ်သည်။ အကြောင်းမှာ ဤနေရာတွင် နေထိုင်သူအားလုံးသည် သေခြင်းတရားနှင့်ပတ်သက်သည့် အလုပ်များကို လုပ်ကိုင်ကြသောကြောင့် ဖြစ်သည်။ ခေါင်းတလားရောင်းချသူများ၊ နာရေးသုံးစက္ကူရောင်းချသူများနှင့် ဂူဗိမာန်နေရာရွေးချယ်ပေးသည့် ဖုန်းရွှေဆရာများသာ နေထိုင်ကြသည်။

လမ်းကြားအဆုံး၌ ခြံဝင်းငယ်လေးတစ်ခုရှိပြီး စွန့်ပစ်ထားသည့်ခြံဝင်းအလား ခြောက်ကပ်နေသည်။

“ဒီ… ဒီနေရာလား”

ငါးဖမ်းကုန်သည်အဖွဲ့သားနှစ်ဦးသည် သတ္တိမွေး၍ ဝင်လာပြီး တစ်ယောက်တစ်ပြန်ကြည့်ကာ မေးမြန်းနေကြသည်။

“ဒီအထဲမှာလား”

“ဟုတ်တယ် အစွန်ဆုံးက အိမ်ပဲ”

“ဒီနေရာက ဘာလို့ သရဲတစ္ဆေအငွေ့အသက်တွေ ပြည့်နေသလို ခံစားနေရတာလဲ”

“အေးကွာ၊ တော်တော်ကြောက်ဖို့ကောင်းတာပဲ။ ငါကြားဖူးတာတော့ ဒီနေရာက ညဘက်ဆို သရဲခြောက်တယ်တဲ့”

“သရဲခြောက်တယ်? တကယ်ကြီးလား”

“ငါက ဘာလို့လိမ်ရမှာလဲ။ ဒီနေရာကိုကြည့်ပါလား၊ ခေါင်းတလားရောင်းတဲ့သူတွေ၊ နာရေးသုံးစက္ကူရောင်းတဲ့သူတွေ၊ ဂူဗိမာန်နေရာရွေးပေးတဲ့ ဖုန်းရွှေဆရာတွေချည်းပဲ။ လူကောင်းသူကောင်း တစ်ယောက်မှမရှိဘူး။ ဒီနေရာ ယင်စွမ်းအင်တွေ ဒီလောက်များနေတာ သရဲခြောက်မှာ သေချာတယ်”

“ပြီးတော့ မကြာသေးခင်က ဒီနေရာမှာ လူတွေပျောက်သွားတယ်လို့လည်း ငါကြားမိသေးတယ်။ တကယ်ကြောက်ဖို့ကောင်းတာကွ”

“ဟေ့ ငါ့ကိုခြောက်မနေနဲ့။ ငါက လွယ်လွယ်ကြောက်တတ်တဲ့သူ မဟုတ်ဘူးကွ”

“ငါက မင်းကို ဘာလို့ခြောက်ရမှာလဲ။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကလေးတစ်ယောက် ဒီလမ်းကို ညဘက်ဖြတ်သွားတာ နောက်နေ့ကျတော့ ကြိုးဆွဲချသေနေတာ တွေ့ရရောတဲ့။ အဲဒါတင် မကဘဲ ‘သူ့ညီလေး’ပါ မရှိတော့ဘူးတဲ့”

“ဘုရား‌ရေ အဲဒါဆို သရဲမကြီးဖြစ်လိမ့်မယ်”

“ဘယ်သူသိမှာလဲ”

သူတို့နှစ်ယောက်သည် စကားပြောနေရင်း တစ်ယောက်မှ ရုတ်တရက် စနောက်ချင်စိတ်ဝင်လာခဲ့သည်။

“ဘုရားရေ ခုနက ဘာကြီးဖြတ်သွားတာတုန်း?”

ထိုအဖွဲ့သားသည် တစ်ဖက်အဖွဲ့သား၏နောက်ဘက်ကို ကြောက်ရွံ့‌ထိတ်လန့်နေသည့် အမူအရာဖြင့် ကြည့်လျက် လက်ညှိုးထိုး‌ပြသည်။

“ဘုရားသခင်! ငါ့ကိုမခြောက်နဲ့ဟ။ ဘာ ဘာကြီးလဲ?”

ထိုအခါ အဖွဲ့သားသည် ကြောက်လန့်တကြားဖြင့် နောက်ပြန်လှည့်ကြည့်သည်။ သူသည် နေရာအနှံ့ မျက်စိတောင်းမှောက်ကြည့်နေခဲ့ပြီး ကြောက်ရွံ့ထိတ်လန့်မှုကြောင့် လုံးဝ ပြိုလဲသွားလုနီးပါးပင်။

အလွန်ကြောက်လန့်နေသည့် ထိုအဖွဲ့သားကိုကြည့်လျက် စနောက်လိုက်သည့်အဖွဲ့သားသည် အားရပါးရ ရယ်မောတော့သည်။

“ဟားဟားဟား မင်းကိုယ်မင်းကြည့်စမ်းပါဦး။ အဲဒီမှာ ဘာမှမရှိပါဘူးကွာ။ မင်းကိုနောက်နေတာပါကွ”

ဟူး…

ထိုအဖွဲ့သား ရယ်မောနေစဉ်မှာပင် ခုနက ကြောက်လန့်နေသည့်အဖွဲ့သားသည် ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားပြန်ကာ ရယ်နေသည့်အဖွဲ့သား၏နောက်သို့ ကြည့်လျက် ပို၍ ကြောက်လန့်ချောက်ချားလာခဲ့သည်။

ရယ်နေသည့်အဖွဲ့သားသည် မောဟိုက်နေအောင် ရယ်မောနေရင်း ပြောသည်။

“မင်းက တကယ်ငကြောက်ပဲ။ တော်ပြီ၊ အလုပ်ပြန်လုပ်ကြရအောင်”

ထိုအခါ ကြောက်လန့်သည့်အဖွဲ့သားသည် ထိုအဖွဲ့သား၏နောက်ကို လက်ညှိုးထိုးလျက် ထစ်ထစ်ငေါ့ငေါ့ပြောသည်။

“မင်း မင်း…”

ရယ်နေသည့်အဖွဲ့သားမှ ပြောသည်။

“ဘာလဲ အခု မင်းက ငါ့ကိုပြန်ခြောက်မလို့လား”

“ငါ့နောက်မှာ သရဲရှိနေတယ်လို့ ပြောချင်တာလား ဟား…”

အဖွဲ့သားသည် ချက်ချင်း နောက်လှည့်ကြည့်လိုက်ရာ သူ့နောက်တည့်တည့်တွင် ဖရိုဖရဲသောပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။ သူလှည့်လိုက်သောအခါတွင် သူသည် ထိုပုံရိပ်နှင့် မျက်နှာချင်းဆိုင်ဖြစ်သွားခဲ့၏။

ထူထပ်စွာ ပြန့်ကျဲကျနေသော ဆံပင်များကြားမှ ငါးသေ၏မျက်လုံးများကဲ့သို့ ဖြူဖျော့နေသည့် မျက်လုံးအစုံနှင့် ထိုအဖွဲ့သားသည် မျက်လုံးချင်းဆုံသွားခဲ့လေသည်။

အား…

အဖွဲ့သားသည် ခြေထောက်များ ပျော့ခွေကာ ချက်ချင်း မြေပြင်ပေါ် လဲကျကာ သတိလစ်သွားလေသည်။

“အားးးးး”

ထိုမြင်ကွင်းကို မြင်လိုက်ရသည့် နောက်အဖွဲ့သားမှာ အကျယ်ကြီးအော်ဟစ်ကာ အသားကုန် ထွက်ပြေးတော့သည်။

သို့သော် နောက်တဒင်္ဂ၌ သရဲသည် ထိုနေရာမှ ဝှစ်ခနဲပျောက်ကွယ်သွား၏။ ထို့နောက် ထွက်ပြေးသွားသည့်အဖွဲ့သားကို ချက်ချင်း ဖမ်းဆီးလိုက်သည်။

“အား ကယ်ကြပါ ကယ်ကြပါဦး၊ ကျွန်တော့်ညီလေးကို မစားလိုက်ပါနဲ့…”

ထိုအဖွဲ့သားသည် ကြောက်လန့်တကြား အော်ဟစ်နေလေသည်။

“ပါးစပ်ပိတ်ထားစမ်း။ ဆက်အော်နေရင် ငါမင်းကို သတ်ပစ်မယ်”

ထိုအဖွဲ့သားမှ အကြောက်အကန် အော်ဟစ်နေစဉ် ရုတ်တရက် နောက်ဘက်မှ အေးစက်စက် အမျိုးသမီးအသံတစ်သံကို ကြားလိုက်ရသည်။ ထိုအခါ ထိုအဖွဲ့သားသည် ချက်ချင်းငြိမ်ကျသွားပြီး တစ်ကိုယ်လုံးတုန်ယင်နေတော့သည်။

တကယ် သရဲမပဲ… သူ တကယ်ကြီး ငါ့ရဲ့ညီလေးကို စားပစ်မှာတော့ မဟုတ်ပါဘူးနော်…

All Chapters