← Chapters

အခန်း (၅၀၈)

Vol. 40 Ch. 508

အခန်း (၅၀၈)

Vol. 40 Ch. 508

ပိုင်မော့ရှန်းမှ ပြန်ပြောသည်။

"ခန်းမအရှင်သခင်ချင်းက မြှောက်ပင့်လွန်းနေပါပြီ”

ထိုသို့နောက် ပိုင်မော့ရှန်းမှ ဆက်ပြောသည်။ "ဒီလိုဆိုမှတော့ ခန်းမအရှင်သခင်ချင်းအနေနဲ့ ကျုပ်ကို လမ်းညွှန်သင်ပြပေးပါဦး"

ထိုအခါ ချင်းယင်သည် လင်းယုန်ငှက်ကြီးတစ်ကောင် အတောင်ပံဖြန့်လိုက်သည့်အလား သူ၏ လက်မောင်းနှစ်ဖက်ကို ရုတ်ချည်း ဆန့်တန်းလိုက်ရင်း ကြွေးကြော်သည်။ "ကောင်းပါပြီ... ဒါဆို လူကြီးမင်းပိုင်လည်း ကျုပ်ကို လမ်းညွှန်ပြသပေးပါဦး!"

ချင်းယင်မှ တိုက်ကွက်စတင်သည်ကို မြင်‌သောအခါ ချင်းဟူနှင့် ချင်းပေါင်တို့မှ ပြောလာခဲ့သည်။

"ကျွန်တော်တို့ သူ့ကို အတူတူ အမြန် အနိုင်တိုက်လိုက်ရအောင်"

သို့သော် ချင်းယင်မှ ပြန်ပြောသည်။

"ငါ့ကို စိတ်မပူနဲ့။ မင်းတို့ လူတွေခေါ်သွားပြီး ကျားဖြူခန်းမကို ငြိမ်းချမ်းရေးလမ်းမကနေ ပတ်သွားလိုက်ကြ။ ခေါင်းဆောင်ရဲ့အမိန့်က အရေးကြီးဆုံးပဲ!"

ထိုအခါ ချင်းဟူနှင့် ချင်းပေါင်တို့သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး ပြောသည်။

"ဒါဆိုရင် အစ်ကိုကြီး သတိထားပါ"

ထို့နောက် တုံ့ဆိုင်းတွေဝေခြင်းမရှိ သူတို့၏အဖွဲ့သားများကို ဦးဆောင်၍ ငြိမ်းချမ်းရေးလမ်းမမှတစ်ဆင့် ကျားဖြူခန်းမသို့ ဦးတည်ထွက်ခွာခဲ့ကြသည်။

သို့သော် ပိုင်မော့ရှန်းသည် ထိုလူများနောက်သို့ လိုက်လံတားဆီးခြင်း မပြုပေ။ ထိုအခါ ချင်းယင် မျက်မှောင်ကြုတ်လိုက်သည်။

"လူကြီးမင်းပိုင်က သိပ်ပြီး အလောတကြီးဖြစ်ပုံမရဘူးပဲနော်?”

ပိုင်မော့ရှန်းက ရယ်မောလျက် ပြော၏။ "ဟားဟား... ဒီနေ့ ကျုပ်ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က ခင်ဗျားကို ဒီမှာ ထိန်းထားဖို့ပဲ။ ကျန်တဲ့သူတွေကိုတော့ တခြားသူတွေက ကြားဖြတ်တားဆီးပါလိမ့်မယ်"

ထိုစကားတွင် ချင်းယင်၏ မျက်ခုံးများ တွန့်ချိုးသွားတော့သည်။

"လူကြီးမင်းပိုင် ဘာကို ဆိုလိုတာလဲ? ချန်ကျိုစစ်က ကြိုတင်စီစဉ်ထားပြီးသားလို့ ပြောချင်တာလား?"

ပိုင်မော့ရှန်းမှ ပြန်ဖြေသည်။

"ခင်ဗျားက တကယ့်ကို ထက်မြက်တာပဲ၊ ဒါပေမဲ့ ကျုပ် ဘာမှမပြောရသေးဘူးနော်!"

ချင်းယင်သည် နားမလည်နိုင်စွာဖြင့် မျက်မှောင်ကြုတ်ထားဆဲပင်။

"ဒါက... ချန်ကျိုစစ်က နတ်ဘုရားများလား? သူ ဒါတွေအားလုံးကို ဘယ်လိုများ ကြိုတင်တွက်ဆထားနိုင်ရတာလဲ!"

ပိုင်မော့ရှန်းသည် ခပ်ဟဟပြုံးရယ်လျက် ပြောသည်။

"အဲဒါတော့ ကျုပ်လည်း မသိပါဘူး။ ကဲ အဲဒီတော့ ခန်းမအရှင်သခင်ချင်း၊ ကျုပ်တို့ ဆက်တိုက်ခိုက်ကြမလား ဒါမှမဟုတ် ထိုင်ပြီး စကားပြောကြမလား?"

ချင်းယင် သက်ပြင်းချလိုက်သည်။

"ကြည့်ရ‌တာ ဒီနေ့တော့ ကျုပ်မှာ လူကြီးမင်းပိုင်ကို မျက်နှာသာပေးရုံက လွဲပြီး တခြားရွေးချယ်စရာမရှိတော့ပုံပဲ”

ပိုင်မော့ရှန်းမှ လက်ဝှေ့ယမ်းလိုက်သည်နှင့် နောက်လိုက်တစ်ဦးသည် လက်ဖက်ရည်ပူတစ်အိုးနှင့် စားပွဲတစ်လုံးကို သယ်ဆောင်လာသည်။ ထို့နောက် ပိုင်မော့ရှန်းသည် ဖိတ်ခေါ်သည့်လက်ဟန်ဖြင့် ပြောသည်။

"ကြွပါ..."

ချင်းယင် ဟန့်တားခံထားရချိန်တွင် အခြားတစ်ဖက်၌ ချင်းဟူနှင့် ချင်းပေါင်တို့သည် နောက်လိုက်များကို ခေါ်ဆောင်ကာ ငြိမ်းချမ်းရေးလမ်းမမှတစ်ဆင့် ကျားဖြူခန်းမသို့ ဦးတည်သွားနေကြသည်။

သူတို့ ဒီနေ့ ကျားဖြူခန်းမသို့ အရောက်မသွားနိုင်ဟု မယုံကြည်ပါချေ။

"မြန်မြန်... လာကြ! အချိန်မဆွဲကြနဲ့"

ချင်းဟူသည် ကျယ်လောင်စွာ အော်ဟစ်လျက် ခဏအကြာတွင် အဖွဲ့သားများနှင့်အတူ ငြိမ်းချမ်းရေးလမ်းမပေါ်သို့ ရောက်ရှိခဲ့သည်။ သို့သော် လမ်းမသို့ ရောက်သည်နှင့် သူတို့အား မလှမ်းမကမ်းမှ စောင့်ကြိုနေသော လူတစ်စုကို မြင်တွေ့လိုက်ရလေသည်။

"လူကြီးမင်းတို့... ခင်ဗျားတို့ကို စောင့်နေတာ ကြာလှပြီဗျ!"

ထိုအခါ ချင်းဟူနှင့် ချင်းပေါင်တို့သည် အသံလာရာသို့ ကြည့်လိုက်ကြသည်။ ရှောင်ဟူသည် သူ၏ တစ်ဖက်သွားဓားကြီးကို ခုံတန်းပေါ် တင်ထားသော ခြေထောက်ပေါ်တင်လျက် ချင်းဟူတို့အား စူးရဲစွာ စိုက်ကြည့်နေခဲ့သည်။

သူ့ဘေးရှိ စားပွဲတွင်တော့ ကျိုးချူသည် လက်ဖက်ရည်ပူပူတစ်ခွက်ကို ငှဲ့ကာ ကျေနပ်အားရစွာ သောက်သုံးနေသည်။

သူတို့၏နောက်တွင်မူ သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ထင်ဟပ်နေသော၊ ကြောက်မက်ဖွယ်သော ကျားဖြူခန်းမ အစောင့်အရှောက်တပ်သားတစ်ရာခန့်သည် စနစ်တကျ ရပ်နေကြသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသည်တွင် ချင်းဟူနှင့် ချင်းပေါင်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ကြည့်ရတာ ဒီကောင်တွေ သေချာပြင်ဆင်လာကြပုံပဲ။

ထိုအချိန်၌ နန်ပါးထျန်း စေလွှတ်လိုက်သည့် ငါးဖမ်းကုန်သည်အဖွဲ့သားတစ်ဦးသည် မှောင်မိုက်သော ညဉ့်ယံထဲသို့ အမြန်ပြေးထွက်သွားသည်ကို ရှောင်ဟူနှင့် ကျိုးချူတို့ မြင်လိုက်ကြ၏။ သို့သော် လျစ်လျူရှုထားလိုက်ကြသည်။ ဒီနေ့အတွက် သူတို့၏တာဝန်မှာ လင်းယုန်ခန်းမမှ ဤညီအစ်ကိုနှစ်ယောက်ကို တားဆီးရန်သာ ဖြစ်သည်။

ရှောင်ဟူမှ လှမ်းအော်ပြောသည်။

"ဒီလောက်ညဉ့်နက်နေပြီကို အိမ်မှာ မအိပ်နေဘဲ ဒီကို ဘာလာလုပ်ကြတာလဲ? ငါတို့ကျားဖြူခန်းမ နယ်မြေထဲကို ရောက်လာတာဆိုတော့ တစ်ခုခု ခိုးဖို့များ ကြံစည်နေကြတာလား?"

"ချန်ရှောင်ဟူ... ငါတို့ကို မတရား မစွပ်စွဲနဲ့! ချန်ကျိုစစ် ဘယ်မှာလဲ? သူ့ကို ငါတို့နဲ့တွေ့ဖို့ ထွက်လာခိုင်းလိုက်စမ်း!"

ထိုအခါ ကျိုးချူမှ လှောင်ပြောင်သည့်လေသံဖြင့် ပြောသည်။

"အို ဘယ်လိုတောင် အရှက်မရှိလိုက်တဲ့ သူခိုးတွေလဲ။ ငါတို့ ကျားဖြူခန်းမမှာ လာခိုးရုံတင်မကဘဲ ငါတို့ ခန်းမအရှင်သခင်ကိုတောင် တွေ့ချင်သေးတယ်ပေါ့? တကယ်သတ္တိကောင်းတာပဲ။ သူတို့ကို ဖမ်းလိုက်ကြစမ်း!"

ချွင် ချွင်…

ကျားဖြူခန်းမ အစောင့်အရှောက်တပ်သားများ၏ ဓားများကို တစ်ပြိုင်နက်တည်း ဆွဲထုတ်ပြီး ရှေ့သို့ ခြေလှမ်းတိုးလိုက်ကြသည့် အရှိန်အဝါမှာ အလွန်တရာ ချောက်ချားတုန်လှုပ်ဖွယ် ကောင်းလှသည်။

ဤသို့မြင်ကွင်းနှင့် အရှိန်အဝါသည် လင်းယုန်ခန်းမ အဖွဲ့သားများကို ကြောက်လန့်သွားစေကာ နောက်ဆုတ်သွားစေသည်။ သူတို့သည် ကျားဖြူခန်းမ၏တပ်သားများကဲ့သို့ အသက်စွန့်ရဲသည့် သတ္တိမျိုး မရှိကြပေ။ သူတို့သည် တစ်လလျှင် ငွေစ နှစ်စခန့်ရရန်အတွက် လင်းယုန်ခန်းမတွင် ကပ်ရပ်နေကြသူများသာ ဖြစ်ကြရာ အသက်နှင့်လဲ၍ တိုက်ခိုက်လိုစိတ် မရှိကြချေ။

သို့ဖြင့် လင်းယုန်ခန်းမ အဖွဲ့သားများသည် နောက်ဆုတ်သွားကြ၏။

ချင်းဟူနှင့် ချင်းပေါင်တို့သည် မျက်မှောင်ကြုတ်သွားပြီး ပြောသည်။

"မင်းတို့က ငါတို့ကို မတရား စွပ်စွဲရဲတယ်ပေါ့လေ!"

ကျိုးချူမှ တုံ့ပြန်ပြောသည်။

"စကားမများစမ်းနဲ့။ ကြည့်လိုက်ဦး၊ နစ်နာသူတွေတောင် ထွက်လာပြီ"

ထိုအခါ သန်မာထွားကြိုင်းသော လူနှစ်ဦး ထွက်ပေါ်လာသည်။ ထိုလူနှစ်ဦး၏မျက်နှာအမူအရာတွင် မလိုလားမှုများ ထင်ဟပ်နေခဲ့သည်။ သူတို့သည် ကျားဖြူခန်းမ၏ ထိပ်တန်းတပ်သားများ ဖြစ်ကြရာ ယခုကဲ့သို့ "နစ်နာသူ" အဖြစ် ဟန်ဆောင်ရသည်ကို သဘောမကျဘဲ တိုက်ပွဲဝင်ရန်သာ ဆန္ဒရှိနေကြသည်။

သို့သော်ငြား သူတို့သည် မဲနှိုက်ရာတွင် ရှုံးနိမ့်ခဲ့သဖြင့် ဤတာဝန်ကို ယူရလေသည်။

ထို့နောက် ထိုလူနှစ်ဦးသည် ချင်းဟူနှင့် ချင်းပေါင်တိူ့ကို လက်ညှိုးထိုးလျက် စွပ်စွဲတော့သည်။

"သူတို့ပဲ! သူတို့က လူတွေခေါ်လာပြီး ကျွန်တော်တို့ဆိုင်ကို လုယက်သွားတာပါ။ ငွေစ ငါးသောင်းတောင် ပါသွားတယ်"

"ဘယ်လောက်တောင်?"

ချင်းဟူနှင့် ချင်းပေါင်တို့သည် ဒေါသတကြီး အော်ဟစ်ကြကုန်၏။

“မင်းတို့တွေ ငွေမက်ပြီး ရူးသွားပြီလား? ငွေစ ငါးသောင်း ဟုတ်လား? မင်းတို့နှစ်ယောက်လုံးကို ရောင်းစားရင်တောင် ငွေစ ငါးဆယ်တောင် ရပါ့မလား!"

ထိုစဉ် ရှောင်ဟူမှ အော်ဟစ်အမိန့်ပေးလိုက်သည်။

"မင်းတို့ လူရမ်းကားတွေ... ငါတို့ ကျားဖြူခန်းမရဲ့ ပိုင်ဆိုင်မှုတွေကို လုယက်ရဲတယ်ပေါ့လေ! ညီနောင်တို့ တက်ကြ၊ သူတို့ကို ဖမ်းဆီးနှိမ်နင်းကြ!"

ထိုသို့ပြောလျက် သူကိုယ်တိုင်လည်း ချင်းဟူနှင့် ချင်းပေါင်တို့ဆီသို့ တည့်တည့်ပြေးဝင် တိုက်ခိုက်တော့သည်။

ညီအစ်ကိုနှစ်ယောက်သည်လည်း ဒေါသပေါက်ကွဲတော့သည်။

"ချန်ရှောင်ဟူ... ငါတို့က မင်းကို ကြောက်မယ်ထင်နေလား? သေလိုက်တော့!”

သို့ဆိုလျက် ညီအစ်ကိုနှစ်ယောက်သည် ရှောင်ဟူကို နှစ်ယောက်တစ်ယောက် ဝိုင်းဝန်းတိုက်ခိုက်ကြသည်။ သူတို့သည် ယခင်ကလည်း ရှောင်ဟူနှင့် တိုက်ခိုက်ဖူးသဖြင့် တစ်ဦးနှင့်တစ်ဦး အင်အားအခြေအနေကို သိရှိထားကြသည်။

ယခင်က ချင်းဟူနှင့် ချင်းပေါင်တို့၏ ပူးပေါင်းအင်အားသည် ရှောင်ဟူထက် အနည်းငယ် သာလွန်ခဲ့သည်။

သို့သော် ယခု ရှောင်ဟူသည်ကား အရင်က ရှောင်ဟူ မဟုတ်တော့ပေ။

ရှောင်ဟူသည် သူတို့နှစ်ဦးဆီသို့ ပြေးဝင်လာပြီးနောက် ၁၀ မီတာခန့်အကွာမှ လေထဲသို့ ဝှစ်ခနဲ ခုန်တက်လိုက်သည်။ ထို့နောက် သူ၏ ဓားကြီးကို ဆွဲထုတ်ကာ စည်းချိုးဖျက်ကျားငါးကောင်တစ်ဖက်သွားဓားသိုင်း၏ စွမ်းအားကို အပြည့်အဝ ထုတ်သုံးလိုက်သည်။

"ဘယ်လို?!"

ချင်းဟူနှင့် ချင်းပေါင်တို့သည် ရှောင်ဟူမှ ဤကဲ့သို့ တိုက်ခိုက်မှုပုံစံသို့ ပြောင်းလဲလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ ရှောင်ဟူသည် လေတွင်ပျံဝဲလျက် ကြောက်လန့်တုန်လှုပ်ဖွယ်သော အင်အားဖြင့် သူ၏တစ်ဖက်သွားဓားကြီးကို ဒေါင်လိုက် ခုတ်ပိုင်းချလိုက်သည်။

ချင်းပေါင်သည် ဓားကို ဆွဲထုတ်၍ ရင်ဘတ်ရှေ့တွင် အမြန်ကာကွယ်လိုက်သော်ငြား ရှောင်ဟူ၏ ဓားချက်သည် ကျဆင်းလာခဲ့ပြီ ဖြစ်သည်။

ချွင်...!!

လေထဲမှ ခုန်ဆင်းလာသည့် အဟုန်၊ အတွင်းအားနှင့် ဓားသိုင်း၏ စွမ်းအားများ အားလုံး တစ်ပြိုင်နက် ပေါက်ကွဲထွက်လာရာ ချင်းပေါင်သည် လွင့်ထွက်သွားတော့သည်။

"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ!"

ချင်းဟူသည် အံ့အားသင့်သွားလျက် ရှောင်ဟူကို တားဆီးရန် သူ၏ဓားကို အမြန်ဆွဲထုတ်လိုက်သည်။ တစ်ဖက်တွင်မူ ချင်းပေါင်သည် သူ၏ အတွင်းအားကို ပြန်လည်ထိန်းညှိနေရသည်။ ထို့ပြင် သူ၏ လက်ဖဝါးကြားမှ သွေးများ စိမ့်ထွက်လာသည်ကို မြင်သောအခါ မျက်လုံးထဲတွင် စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်သွားတော့သည်။ သို့သော်လည်း သူသည် ရှောင်ဟူကို အသေအကြေ တိုက်ခိုက်ရန်အတွက် ရှေ့သို့ ပြန်လည် ပြေးဝင်လာခဲ့သည်။

စာစဉ်ပြီး၏

All Chapters