← Chapters

အခန်း (၄၂၁)

Vol. 43 Ch. 421

အခန်း (၄၂၁)

Vol. 43 Ch. 421

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၂၁

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ဘုရင်လီချန်သည် ဤစစ်ပွဲ၏ ပကတိခေါင်းဆောင် ဖြစ်လေ၏။ သူ လဲကျသွားသည်နှင့် တစ်ပြိုင်နက် အန်နမ်နိုင်ငံ၏ ကောင်းကင်ကြီး ပြိုကျသွားတော့မည်မှာ မြေကြီးလက်ခတ်မလွဲပေ။

အိမ်ရှေ့စံမင်းသား နန်းတက်လာလျှင်ပင် သက်တော်ကိုးနှစ် အရွယ်သာ ရှိသေးပြီး ငယ်ရွယ်လွန်းလှသဖြင့် ဤစစ်ပွဲကြီးကို ကွပ်ကဲရန် ဂုဏ်သတင်းဩဇာ အလုံအလောက် မရှိသေးချေ။ ကျန်းနန်နယ်စားမင်း ဆုန်ချွဲသည် ဂုဏ်သတင်းကြီးမားသော်လည်း တိုင်းတစ်ပါးမှ နယ်စားတစ်ပါးသာ ဖြစ်လေသည်။ အန်နမ်နိုင်ငံ၏ စစ်သည် သိန်းပေါင်းများစွာကို သူ မည်သို့ အမိန့်ပေး ကွပ်ကဲနိုင်ပါမည်နည်း။

ဘုရင်လီချန်သည် တိုင်းပြည် မြောက်ဘက်ပိုင်းရှိ တိုင်းသူပြည်သားများနှင့် စစ်သည်အားလုံး၏ နေမင်းကြီး ဖြစ်၏။ သူ လဲကျသွားသည်နှင့် စစ်သည်သိန်းပေါင်းများစွာ၏ စိတ်ဓာတ်ကို အကြီးအကျယ် ရိုက်ခတ်ဖျက်ဆီးလိုက်သလို ဖြစ်သွားလိမ့်မည်။ ထောင်ပေါင်းများစွာသော စစ်သည်များသည် စိတ်ဓာတ်ခိုလှုံရာနှင့် သစ္စာရှိရာ ပျောက်ဆုံးသွားကြပေလိမ့်မည်။ အိမ်ရှေ့မင်းသားသည် အလွန် ငယ်ရွယ်လွန်းသေးသည် မဟုတ်ပါလော။

မူလက တောင်ဘက်တွင် အားကောင်းပြီး မြောက်ဘက်တွင် အားနည်းသော စစ်ပွဲဖြစ်သည်။ ပုန်ကန်သူ ငုယင်မိသားစုသည် တိုင်းပြည်တစ်ဝက်နီးပါးကို သိမ်းပိုက်ထားနိုင်ခဲ့ပြီ ဖြစ်သည်။

တာ့နင်အင်ပါယာ၏ စစ်သည်တစ်သိန်း စစ်ပွဲထဲသို့ ဝင်ရောက်လာမှုကြောင့်သာ စိတ်ဓာတ်များ တက်ကြွလာပြီး ဤကြီးမားသော အောင်ပွဲကို ရရှိခဲ့ခြင်း ဖြစ်လေသည်။ ဘုရင်လီချန်သာ လဲကျသွားပါက ဤအန်နမ်နိုင်ငံအတွက် ကပ်ဘေးဆိုက်ရောက်လာတော့မည် ဖြစ်၏။

အန်နမ်နိုင်ငံ၏ လီမိသားစုသာ ပျက်စီးသွားပါက တာ့နင်အင်ပါယာအတွက် တောင်ဘက်အရပ်ရှိ တစ်ခုတည်းသော မဟာမိတ် ပျောက်ဆုံးသွားလိမ့်မည်။ ငုယင်မိသားစုနှင့် လီရူဟိုင်၏ လီမိသားစုတို့သည် တာ့နင်အင်ပါယာ၏ အနောက်တောင်ဘက်ပိုင်းကို ချက်ချင်း ဝိုင်းရံပိတ်ဆို့လိုက်ကြမည်ဖြစ်ပြီး ယင်းသည် တာ့နင်အင်ပါယာတစ်ခုလုံးအတွက် ကြီးမားသည့် ကပ်ဘေးကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

"ငါ့ရဲ့ တာ့နင်အင်ပါယာကြီး တကယ်ပဲ ကျဆုံးတော့မှာလား... ကောင်းကင်ဘုံက စွန့်ပစ်လိုက်ပြီလား... ကောင်းကင်ဘုံက စွန့်ပစ်လိုက်ပြီလား..." နယ်စားမင်းဆုန်းချွဲက စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်မိသည်။

ထိုအချိန်တွင် အခန်းအပြင်ဘက်ရှိ ဘုရင်လီချန်၏ ယုံကြည်ရသော မိန်းမစိုးက တီးတိုး လျှောက်တင်လာ၏။

"အရှင်မင်းကြီး... ကြီးကြပ်ရေးမှူးလီဝမ်ဟွေ့ရဲ့သား တုပိုင်က နန်းတော်အပြင်ဘက်မှာ ဝင်ခွင့်တောင်းနေပါတယ်"

ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ လီဝမ်ဟွေ့သည် သူ့နားသူပင် မယုံနိုင်လောက်အောင် ဖြစ်သွားလေ၏။

'တုပိုင်က ဒီအချိန်ကြီး ဟွေစီရင်စုကို ဘယ်လိုလုပ် ရောက်လာတာလဲ။ ငါများ စိတ်ထင်ယောင်ထင်မှား ဖြစ်နေတာများလား'

သူ အာရုံပြန်စုစည်း၍ မရခင်မှာပင် မိဖုရားနင်းချန်သည် ခင်ပွန်းသည်၏ လက်ကို လွှတ်လိုက်ပြီး ပျံသန်းသွားသကဲ့သို့ အပြင်သို့ ပြေးထွက်သွားလေတော့သည်။ သူမသည် အခန်းထဲမှ ပြေးထွက်ကာ နန်းတော်အပြင်ဘက်သို့ တစ်ဟုန်ထိုး ပြေးသွားပြီး တုပိုင်၏ ရှေ့တည့်တည့်သို့ ရောက်လာ၏။

"ကလေး... မင်း... မင်းက တုပိုင်လား"

တုပိုင် မှင်သက်သွားမိလေ၏။ အဘယ်ကြောင့်ဆိုသော် မွှေးပျံ့သော လေနုအေးတစ်ခု တိုက်ခတ်လာပြီး လှပချောမောသော်လည်း ပိန်လှီနွမ်းနယ်နေသော အမျိုးသမီးတစ်ဦး သူ့ရှေ့သို့ ရောက်လာသောကြောင့် ဖြစ်သည်။ သူမ၏ မျက်နှာပေါက်သည် မင်းသမီး နင်းရွှဲ့နှင့် ခပ်ဆင်ဆင် ဖြစ်နေသည်။

တုပိုင် ခေါင်းညိတ်လိုက်၏။ "မှန်ပါတယ်... ကျွန်တော် တုပိုင်ပါ"

"မင်း... မင်းက ငါ့ရဲ့ မောင်တော်ဧကရာဇ်ကို ကုသပေးခဲ့တဲ့သူလား"

"မှန်ပါတယ်... ကျွန်တော်ပါပဲ။ ကျွန်တော်မျိုး မင်းသမီးကို ဂါရဝပြု..."

သူ နှုတ်ဆက်ဂါရဝပြုရန် ပြင်လိုက်သော်လည်း နောက်တစ်စက္ကန့်တွင် မိဖုရား နင်းချန်သည် သူ၏လက်ကို ဆွဲပြီး နန်းတော်အတွင်းသို့ အတင်းဆွဲခေါ်သွားလေသည်။ အရှိန်မြန်လွန်းလှသဖြင့် တုပိုင်သည် စွန်တစ်ကောင်လို မြေကြီးနှင့် မထိတထိ ပါသွားခဲ့ရသည်။

မိဖုရားနင်းချန်သည် တုပိုင်ကို ဆွဲခေါ်ပြီး ဘုရင်လီချန်၏ အခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်သွားကာ တံခါးကို လုံခြုံစွာ ပိတ်လိုက်၏။

"လိမ္မာတဲ့ကလေး... ဒါက မင်း အဒေါ်ရဲ့ ခင်ပွန်းပဲ။ မင်း ကယ်နိုင်မလား... ကယ်နိုင်ပါ့မလားဟင်"

နင်းချန်သည် တုန်ရီစွာ ပြောဆိုရင်း တုပိုင် ခေါင်းခါလိုက်မည်ကို စိုးရိမ်သဖြင့် ကောက်ရိုးတစ်မျှင်ကို ဆွဲထားမိသကဲ့သို့ တုပိုင်ကို စိုက်ကြည့်နေသည်။

ထိုအချိန်တွင် မွေးစားအဖေ လီဝမ်ဟွေ့နှင့် ကျန်းနန်နယ်စားမင်း ဆုန်ချွဲတို့ ရှိနေသည်ကို တုပိုင် တွေ့လိုက်ရ၏။ သူ့ကို မြင်လိုက်ရသောအခါ လီဝမ်ဟွေ့နှင့် ဆုန်ချွဲတို့သည် အလွန်ဝမ်းသာသွားကြသော်လည်း တစ်ချိန်တည်းမှာပင် အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။

"ပိုင်အာ... ဒါက ကုမရတဲ့ရောဂါ စွဲကပ်နေတဲ့ ဘုရင်လီချန်ပဲ။ အန်နမ်တိုင်းပြည်ရဲ့ကံကြမ္မာနဲ့ ဆက်စပ်နေသလို တာ့နင်အင်ပါယာလည်း ဒီအပေါ်မှာ မူတည်နေတယ်။ သားကယ်နိုင်ပါ့မလား"

မွေးစားအဖေ လီဝမ်ဟွေ့က စိုးရိမ်တကြီး ဆိုလေသည်။ အခြေအနေက အရေးတကြီး ဖြစ်နေသဖြင့် သားအဖချင်း နှုတ်ဆက်စကားဆိုရန်ပင် အချိန်မရှိတော့ပေ။

တုပိုင်သည် ကုတင်နားသို့ သွားပြီး စက္ကူကဲ့သို့ ဖြူဖပ်ဖြူရော်ဖြစ်ကာ ချွေးအေးများဖြင့် တုန်ရီနေသော လူနာကို ကြည့်လိုက်၏။

ဤလူကား ဘုရင်လီချန်လော။ သူ၏ ခန္ဓာကိုယ်မှာ အလွန်အမင်း ပိန်လှီခြောက်သွေ့နေလျက် ရှိ၏။ ဧကရာဇ်ထျန်ယွင်ထက် သက်တော်ငယ်၍ လေးဆယ်ကျော်အရွယ်သာ ရှိသေးငြားလည်း ခေါင်းပေါ်ရှိ ဆံကေသာအများစုမှာမူ ဖြူဖွေးနေလျက်ရှိလေ၏။

တုပိုင်၏ စိတ်စွမ်းအင်များသည် ဦးနှောက်အတွင်းရှိ အစိတ်အပိုင်းတစ်ခုတွင် စုစည်းသွားပြီး အနီရောင်အလင်းတန်းများ လင်းလက်လာကာ စနစ်၏ ကောင်းကင်မျက်လုံး ပွင့်လာလေသည်။

ပထမဆုံး ကြည့်လိုက်သည်နှင့် တုပိုင်သည် ဘုရင်လီချန်၏ ဝမ်းဗိုက် ညာဘက်အောက်ပိုင်း တစ်နေရာတွင် နီရဲရောင်ရမ်းနေသော အူအတက်ကို ထင်ရှားစွာ မြင်တွေ့လိုက်ရသည်။

"အူအတက်ပေါက်တာလား... အူအတက်ပေါက်တာလား" တုပိုင် ရေရွတ်လိုက်မိ၏။

"ဟုတ်ပါတယ် နယ်စားတုပိုင်" တော်ဝင်သမားတော်တစ်ဦး ရှေ့တိုးလာပြီး ရှင်းပြသည်။

"ဒါက ခေတ်အဆက်ဆက် ကုသလို့မရခဲ့တဲ့ အူအတက်ပြည်တည်နာပါ။"

လူတိုင်းက သူ့ကို အလွန် စိုးရိမ်တကြီး ကြည့်နေကြသည်။ ဘုရင်လီချန် လုံးဝ သေဆုံး၍ မဖြစ်ပေ။ သူသည် အန်နမ်ဘုရင်၏ ကံကြမ္မာနှင့်သာမက တာ့နင်အင်ပါယာ၏ ကံကြမ္မာနှင့်လည်း သက်ဆိုင်နေသည်။

"ကုလို့ရတယ်... ဒါပေမဲ့... အောင်မြင်နိုင်ခြေက ဆယ်ပုံ ၅ ပုံပဲ ရှိတယ်"

ထိုစကားကို ကြားလိုက်ရသည်နှင့် လူတိုင်း သက်ပြင်းချနိုင်သွားကြပြီး မျှော်လင့်ချက်ရောင်ခြည်များ တောက်ပလာသည်။ အထူးသဖြင့် မိဖုရားနင်းချန်မှာ အားတက်သွားပုံရသည်။

"၁၀ ပုံ ၅ ပုံမပြောနဲ့ ၊ ဆယ်ပုံတစ်ပုံ ရှိရင်တောင် ကောင်းကင်ဘုံက ကောင်းချီးပေးတာပါပဲ။ လိမ္မာတဲ့ကလေး... ချက်ချင်းလုပ် ၊ အခုချက်ချင်းသာ လုပ်ပါ..."

တုပိုင်သည် ဆရာဝန်မဟုတ်ပေ။ စူးစမ်းလိုစိတ်ကြောင့် အခြေခံဆေးစာအုပ်များကို ဖတ်ဖူးကောင်း ဖတ်ဖူးလိမ့်မည်။ သို့သော် ဆေးပညာကို လေ့လာရန် မဟုတ်ဘဲ လူ့ခန္ဓာကိုယ်ကို ပိုမိုနားလည်စေရန်သာ ဖြစ်သည်။ အူအတက်ပေါက်ခြင်းအတွက် အူအတက်ကို တိုက်ရိုက်ဖြတ်ထုတ်ရမည်ဟုသာ သူ သိထားပြီး အသေးစိတ်ကို သိပ်မသိပေ။

ဧကရာဇ်ထျန်ယွင်၏ ရောဂါသည် နက်နဲဆန်းကြယ်သော်လည်း ခွဲစိတ်မှုမှာ အလွန်သေးငယ်သည်။ အူအတက် ဖြတ်ထုတ်ရန်အတွက် ဝမ်းဗိုက်ကို အနည်းဆုံး ဓားရာတစ်ခု ပေးရမည်ဖြစ်ပြီး ဖြတ်ထုတ်ပြီးနောက် ပြန်လည်ချုပ်ရမည်ဖြစ်သည်။ ယင်းသည် ခွဲစိတ်မှုအသေးစား မဟုတ်တော့ဘဲ တုပိုင်၏ စွမ်းဆောင်ရည်ထက် ကျော်လွန်နေသည်။ ပဋိဇီဝဆေးမရှိဘဲ ဒန့်သလွန်ဆေးမြစ်သာ ရှိသော အခြေအနေတွင် ဤမျှကြီးမားသော ဒဏ်ရာသည် ခွဲစိတ်ပြီးနောက် ပိုးဝင်ခြင်းကို ခံနိုင်ရည်ရှိပါ့မလား။

အဖြေကို တုပိုင် လုံးဝ မသိပေ။ ထို့ကြောင့် သူက ထက်ဝက်ခန့်ဟု ပြောဆိုခဲ့ခြင်းမှာ နှစ်သိမ့်ပေးခြင်းသာ ဖြစ်လေသည်။ သူ့စိတ်ထဲတွင်မူ သုံးပုံတစ်ပုံပင် မသေချာပေ။ မကြာမီ သူသည် အသိမိတ်ဆွေတစ်ဦးနှင့် တွေ့လိုက်ရသည်။ ထိုသူမှာ ဧကရာဇ်ထျန်ယွင်ကို သူ ကယ်တင်ခဲ့စဉ်က မျက်မြင်သက်သေဖြစ်ခဲ့သော တော်ဝင်သမားတော် ဖြစ်သည်။ ဧကရာဇ်က ထိုသမားတော်ကို ဘုရင်လီချန်ထံ စေလွှတ်လိုက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

တုပိုင်သည် တော်ဝင်သမားတော်အချို့နှင့် အဂ္ဂိရတ်ဆရာအချို့ကို ထောင့်တစ်နေရာသို့ ခေါ်ကာ ဆွေးနွေးလိုက်သည်။

"ဘုရင်မင်းမြတ်ရဲ့ ရောဂါက အူလမ်းကြောင်းအဆုံးမှာ ပြည်တည်ရောင်ရမ်းတာကြောင့် ဖြစ်တာပါ။ တစ်ခုတည်းသော ကုသနည်းက ရောင်ရမ်းနေတဲ့ အစိတ်အပိုင်းကို ဖြတ်ထုတ်ပစ်ဖို့ပါပဲ"

တုပိုင်က ဆက်ပြောလိုက်၏။

"ခုနက မိဖုရားကို ကျွန်တော် တစ်ဝ​​က်လောက် သေချာတယ်လို့ ပြောလိုက်တယ်။ တကယ်တော့ ကျွန်တော် ငါးပုံတစ်ပုံတောင် မသေချာဘူး။ အူအတက်ကို ဖြတ်ထုတ်ဖို့ မခက်ဘူး။ ဒါပေမဲ့ ကျွန်တော် ကြောက်တာက ဖြတ်ထုတ်ပြီးနောက် ပြန်ချုပ်တာနဲ့ ဘုရင်မင်းမြတ်ရဲ့ ခန္ဓာကိုယ်က အရမ်းအားနည်းနေတော့ ခွဲစိတ်ပြီးနောက် ပိုးဝင်တာကို ခံနိုင်ရည် ရှိပါ့မလား ဆိုတာပဲ။ ဒန့်သလွန်ဆေးမြစ်က ရောင်ရမ်းတာကို လျှော့ချဖို့ လုံလောက်ပါ့မလား"

ထိုအချိန်တွင် တုပိုင်သည် ၁၇ ၊ ၁၈ ရာစုက သားသတ်သမားနှင့် လုံးဝတူသော ဥရောပဆရာဝန်များကို ပြေးမြင်မိသည်။ သားသတ်ရုံနှင့် တူသော ကြမ်းတမ်းသည့် ပတ်ဝန်းကျင်တွင် ခွဲစိတ်မှုအမျိုးမျိုးကို ရက်ရက်စက်စက် ပြုလုပ်ခဲ့ကြသည်။ ကယ်နိုင်မလား ဆိုသည်မှာ ကံတရားအပေါ် လုံးလုံးလျားလျား မူတည်ပြီး ကယ်တင်နိုင်သည်ထက် နေရာတွင်ပင် သေဆုံးနိုင်ခြေ ပိုများသည်။

တုပိုင်သည် ယခုအချိန်တွင် မလုပ်မဖြစ် လုပ်ရတော့မည့် အခြေအနေကိုရောက်နေလေသည်။

"နယ်စားတုပိုင်... ကျွန်တော်မျိုး ဒဏ်ရာချုပ်တဲ့နေရာမှာ အတွေ့အကြုံ အနည်းငယ် ရှိပါတယ်"

တော်ဝင်သမားတော်တစ်ဦးက တင်ပြလာ၏။

"ပုံမှန်အားဖြင့် ကျွန်တော်မျိုးတို့ အရာရှိတွေက ခန္ဓာကိုယ်တွင်း တည်ဆောက်ပုံကို လေ့လာဖို့ တိရစ္ဆာန်တချို့ကို အသုံးပြုလေ့ရှိပါတယ်"

ရုတ်တရက် အခြားသူများ သူ့ကို ကြည့်လိုက်သော အကြည့်များမှာ ထူးဆန်းသွားပြီး ရက်စက်လွန်းသည်ဟု ယူဆသွားကြသည်။

"ကောင်းပြီ... ကောင်းပြီ... အူအတက်ကို ကျွန်တော် ဖြတ်ထုတ်ပြီးရင် ပြန်ချုပ်တာကို ဆရာ့လက်ထဲ အပ်လိုက်မယ်"

အခြား အဂ္ဂိရတ်ဆရာတစ်ဦးကလည်း ဝင်ပြောသည်။

"ကျွန်တော်မျိုး ဒန့်သလွန်ဆေးမြစ်ရဲ့ အဖုအကျိတ်ပျောက်ကင်းစေတဲ့ ဆေးပညာသဘောတရားကို နားလည်ထားပါတယ်။ အရှင်ပြောတဲ့ ဒဏ်ရာပြည်တည်တာနဲ့ ရောင်ရမ်းတာတွေကို ခုခံဖို့ တခြားဆေးဝါးတွေနဲ့ တွဲဖက်ကုသနိုင်ပါတယ်"

"ကောင်းပြီ... ခွဲစိတ်ပြီးနောက် ပိုးမဝင်အောင် ကာကွယ်တာကို ဆရာ တာဝန်ယူပါ"

ဤသို့ဖြင့် အခြေခံအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းလိုက်နိုင်လေသည်။ တုပိုင်သည် နယ်စားတစ်ဦး ဖြစ်ပြီး ဧကရာဇ်ထျန်ယွင်ကို မှော်ဆန်သော နည်းလမ်းများဖြင့် ကယ်တင်ခဲ့ဖူးသောကြောင့် ရှိနေသော တော်ဝင်သမားတော်များနှင့် အဂ္ဂိရတ်ဆရာအားလုံးသည် သူ့ကို ခြွင်းချက်မရှိ နာခံကြသည်။

ထို့နောက် ဖယောင်းတိုင် အများအပြားနှင့် ကြေးမုံပြင်ကြီးတစ်ခုကို ပြင်ဆင်လိုက်သည်။ လျှို့ဝှက်ရွှေဓားငယ်များကို ပြင်ဆင်ပြီး ရေနွေးပွက်ပွက်နှင့် အရက်ပြင်းဖြင့် ပိုးသတ်လိုက်သည်။ ပတ်တီးအများအပြားကို ပြုတ်ပြီး ဆေးဝါးများစွာကို ပြင်ဆင်လိုက်သည်။

ကျန်းနန်နယ်စားမင်း ဆုန်ချွဲနှင့် လီဝမ်ဟွေ့တို့သည် အတွင်းအားကို အသုံးပြုပြီး အခန်းသန့်ရှင်းရေး လုပ်လိုက်ကြကာ ဖုန်မှုန့်များကို တတ်နိုင်သမျှ ဖယ်ရှားပစ်လိုက်ကြသည်။ ထို့နောက် မိဖုရား နင်းချန်ကို အပြင်သို့ ပင့်ဆောင်သွားပြီး အတွင်းအား ဆရာသခင်နှစ်ဦးဖြစ်သော လီဝမ်ဟွေ့နှင့် ကျန်းနန်နယ်စားမင်း ဆုန်ချွဲတို့သာ ကျန်ရစ်ခဲ့သည်။

မိဖုရားနင်းချန်သည် တုပိုင်ကို ကြည့်လိုက်ပြီး သူမ၏ လှပသော မျက်ဝန်းများဖြင့် လေးနက်စွာ ပြောကြားလေသည်။

"လိမ္မာတဲ့ကလေး... ရဲရဲသာ လုပ်ပါ။ အဒေါ်ရဲ့ ခင်ပွန်း နေရာမှာတင် ကွယ်လွန်သွားရင်တောင် မင်းရဲ့ ကျေးဇူးတရားကို အောက်မေ့ပြီး အပြစ်မယူပါဘူး"

"အမိန့်တော်အတိုင်းပါ မင်းသမီး" မိဖုရားနင်းချန်သည် တုပိုင်၏ မျက်နှာကို ကိုင်ပြီး နဖူးကို လေးနက်စွာ နမ်းလိုက်သည်။

"လိမ္မာတဲ့ကလေး... အဒေါ်တို့ ဇနီးမောင်နှံနှစ်ယောက်လုံးရဲ့ အသက်က မင်းလက်ထဲမှာပဲ ရှိတယ်"

တုပိုင် ခါးကိုင်းဦးညွှတ်ရင်း ကတိပေးလိုက်သည်။

"ကျွန်တော်မျိုး အကောင်းဆုံး ကြိုးစားပါ့မယ်"

ထို့နောက် မိဖုရားနင်းချန်သည် အပြင်သို့ ထွက်သွားပြီး ကွင်းပြင်တွင် ဒူးထောက်ကာ လက်အုပ်ချီပြီး ခင်ပွန်းသည်အတွက် ဆုတောင်းပေးနေလေသည်။ တုပိုင်သည် ပိဿာချိန် တစ်ထောင် လေးသော ဝန်ကို ထမ်းထားရသကဲ့သို့ ပခုံးပေါ်တွင် ဝန်ပိနေသည်။

ဤကဲ့သို့ ခွဲစိတ်မှုမျိုးအတွက် မေ့ဆေးမှုန့်သက်သက်ဖြင့် လုံလောက်မှု မရှိပေ။ ခွဲစိတ်နေရင်း တန်းလန်းကြီးနိုးလာပေလိမ့်မည်။ ထို့အတွက်ကြောင့် ကျန်းနန်နယ်စားမင်း ဆုန်ချွဲက အတွင်းအားကို အသုံးပြုပြီး ဘုရင်လီချန်ကို တိုက်ရိုက် အိပ်ပျော်သွားစေလိုက်သည်။

ထို့နောက် တုပိုင် ခွဲစိတ်မှု စတင်လိုက်လေ၏။ ခွဲစိတ်ခြင်းနှင့် ချုပ်လုပ်ခြင်း၌ ကျွမ်းကျင်သော တော်ဝင်သမားတော်ကို ဘုရင်လီချန်၏ ဝမ်းဗိုက်တွင် ဓားရာပေးစေလိုက်သည်။

ကောင်းကင်မျက်လုံးကြောင့် တုပိုင်သည် ရှုပ်ထွေးနေသော အူများကြားမှ ရောင်ရမ်းပြည်တည်နေသော အူအတက်ကို လျင်မြန်စွာ တွေ့သွားသည်။

အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး အပ်ကျသံကိုပင် ကြားရလောက်ပေသည်။ လူတိုင်း၏ နှလုံးခုန်သံများ မြန်ဆန်နေကြ၏။ တုပိုင်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် မျက်လုံးများ ပြတ်သားသွားကာ ဓားကို ကိုင်လိုက်သည်။

"ရွှပ်..."

အသားစကို ဖြတ်တောက်လိုက်သံ တိုးတိုးလေး ထွက်ပေါ်လာသည်။ တုပိုင်သည် တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ တိကျပြတ်သားသော ဓားချက်တစ်ခုတည်းဖြင့် ပြည်တည်နေသော အူအတက်ကို တိုက်ရိုက် ဖြတ်တောက်လိုက်လေသည်။

ထို့နောက် တော်ဝင်သမားတော်က လက်လွှဲယူလိုက်ပြီး ခွဲစိတ်ဒဏ်ရာကို ဂရုတစိုက် ပြန်ချုပ်လိုက်လေသည်။ လုပ်ငန်းစဉ်တစ်ခုလုံးသည် ရှေးဆန်သော်လည်း တိကျလှသည်။

တုပိုင်သည် ခေါင်းဆောင်ဖြစ်သော်လည်း ကျန်လူများအားလုံးသည် အလွန် ကျွမ်းကျင်သော ပညာရှင်များ ဖြစ်ကြသည်။ တုပိုင်၏ လမ်းညွှန်မှုအောက်တွင် လူတိုင်းသည် လုပ်ငန်းတာဝန်များကို အလွန် ကောင်းမွန်စွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြသဖြင့် တုပိုင်ပင် အံ့သြသွားခဲ့ရသည်။ ဤတော်ဝင်သမားတော်များနှင့် အဂ္ဂိရတ်ဆရာများ လိုအပ်နေသည်မှာ နည်းပညာ မဟုတ်ဘဲ အတွေးအခေါ်သာ ဖြစ်သည်။

ပထမဆုံးအကြိမ် ဖြစ်သော်လည်း ပူးပေါင်းဆောင်ရွက်မှုသည် ပြီးပြည့်စုံလုနီးပါး ဖြစ်၏။ လက်တုန်ခြင်း မရှိပေ။ အမိန့်ရပြီးနောက် လူတိုင်းသည် တည်ငြိမ်ပြီး လျင်မြန်ဖျတ်လတ်ကြသည်။

တစ်နာရီခွဲခန့် ကြာပြီးနောက် ခွဲစိတ်မှု ပြီးဆုံးသွားပြီ ဖြစ်သည်။ ဘုရင်လီချန်၏ ဝမ်းဗိုက်မှ ဓားရာများကို သေသပ်စွာ ချုပ်ပြီးသွားပြီဖြစ်သည်။

နောက်တစ်ဆင့်မှာ ဘုရင်လီချန် အချိန်မီ နိုးလာမလား ဆိုသည်ကို စောင့်ကြည့်ရမည်။ ယင်းသည် အောင်မြင်မှု၏ ပထမဆုံး လက္ခဏာဖြစ်သည်။ အောင်မြင်မှု၏ ဒုတိယ လက္ခဏာနှင့် အကြီးမားဆုံး အောင်မြင်မှု လက္ခဏာမှာ ခွဲစိတ်ပြီးနောက် ပိုးဝင်ခြင်းကို အောင်မြင်စွာ ခုခံနိုင်မလား ၊ ဒဏ်ရာ ရောင်ရမ်းလာမလား ၊ ဘုရင်ကြီး အဖျားဝင်လာမလား ဆိုသည်ပင် ဖြစ်၏။

မိဖုရားနင်းချန်သည် အပြင်ဘက်ရင်ပြင်တွင် ဒူးထောက်လျက် လက်အုပ်ချီကာ မျက်လုံးမှိတ်ပြီး ကောင်းကင်ဘုံသို့ ဆုတောင်းနေသည်။

တုပိုင်လည်း ဆုတောင်းရုံသာ တတ်နိုင်တော့သည်။ သူ လုပ်နိုင်သမျှ အရာအားလုံးကို လုပ်ပြီးပြီ ဖြစ်၍ ဆက်ဖြစ်လာမည့် အရာအားလုံးသည် ကံတရားအပေါ်တွင်သာ မူတည်တော့သည်။

ကောင်းကင်ဘုံက ကောင်းချီးပေးဖို့ ၊ သူ ဆုတောင်းရုံသာ ရှိတော့သည်။ အန်နမ်နိုင်ငံနှင့် တာ့နင်အင်ပါယာကို စောင့်ရှောက်ပေးရန် ကောင်းကင်ဘုံထံ သူ တောင်းဆုပြုလိုက်သည်။ တုပိုင်သည် မူလက ငါးပုံတစ်ပုံသာ သေချာသော်လည်း ဤတော်ဝင်သမားတော်များနှင့် အဂ္ဂိရတ်ဆရာများ၏ ကျွမ်းကျင်မှုကြောင့် မျှော်လင့်ချက် လေးပုံတစ်ပုံအထိ တိုးလာမည်ဟု မျှော်လင့်မိသည်။

နှစ်နာရီကြာပြီးနောက် ရုတ်တရက် အတွင်းမှ အံ့အားသင့်သွားသော အသံတစ်သံ ထွက်ပေါ်လာသည်။

"အရှင်မင်းကြီး နိုးလာပြီဟေ့"

မိဖုရား နင်းချန်သည် လျင်မြန်စွာ ထလိုက်ပြီး လေပွေတစ်ခုသဖွယ် အခန်းထဲသို့ ပြေးဝင်သွားသည်။ တုပိုင်လည်း အခန်းထဲသို့ ပြေးဝင်သွားလိုက်သည်။

ဘုရင်လီချန် မျက်လုံးဖွင့်ပြီး နိုးလာသောအခါ ပထမဆုံး ပြောလိုက်သည့် စကားမှာ သတင်းကောင်းဖြစ်နေသည်။

"အင်း... ဗိုက်ထဲက... သိပ်မနာတော့ပါလား..."

အပိုင်း ၄၂၁ ပြီး။

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters