← Chapters

အခန်း (၄၂၂)

Vol. 43 Ch. 422

အခန်း (၄၂၂)

Vol. 43 Ch. 422

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၂၂

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ခင်ပွန်းသည်၏ အသံကို ကြားလိုက်ရသောအခါ မိဖုရားနင်းချန်သည် အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်သွားရလေသည်။ သူမ၏ လှပသော မျက်နှာလေးသည် တောက်ပသော အလင်းရောင်များ ဖြာထွက်လာသကဲ့သို့ လင်းလက်လာကာ တစ်ကိုယ်လုံး အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာသကဲ့သို့ ခံစားလိုက်ရ၏။

ထို့နောက် သူမသည် တုပိုင်ကို ရုတ်တရက် ဖက်လိုက်ပြီး ဝမ်းသာအားရ ဆိုလေသည်။

“ကလေး... မင်းက တကယ်ပဲ ကောင်းကင်ဘုံက စေလွှတ်လိုက်တဲ့သူပဲ...”

ဘုရင်လီချန် အချိန်မီ နိုးထလာခြင်းသည် ကောင်းမွန်သော အရာဖြစ်သော်လည်း တုပိုင် စိတ်မလျှော့ရဲသေးပေ။ အဘယ်ကြောင့်ဆိုသော် နောက်ထပ် သုံးရက်တာ ကာလသည် ပိုမို အရေးကြီးသည်။ ရောင်ရမ်းမှုကို လျှော့ချရာတွင် ကျွမ်းကျင်သော အဂ္ဂိရတ်ဆရာ ရှိသော်လည်း ဤကမ္ဘာလောကရှိ ဆေးဝါးများသည် အလွန် ခေတ်နောက်ကျနေသေးသည်။

ထို့ပြင် ယခုတစ်ကြိမ် ခွဲစိတ်ဒဏ်ရာမှာ မသေးငယ်ချေ။ အကယ်၍ ပိုးဝင်ခြင်း အကြီးအကျယ် ဖြစ်ပွားပါက ပဋိဇီဝဆေးမရှိဘဲ အသက်ရှင်ရန် မလွယ်ကူပေ။ သေဆုံးရန် သေချာသလောက် ရှိနေသည်။

နောက်တစ်ဆင့် အနေဖြင့် ဘုရင်လီချန်၏ ကိုယ်အပူချိန်ကို စောင့်ကြည့်ရမည်။ တုပိုင်က သူ၏ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောကြားလိုက်ရာ မိဖုရားနင်းချန်က ပြန်လည် နှစ်သိမ့်လေ၏။

“စိတ်မပူပါနဲ့ ကလေးရယ်... ကောင်းကင်ဘုံက သူ့ကို နိုးထစေခဲ့မှတော့ ပြန်ခေါ်သွားမှာ မဟုတ်ပါဘူး။ မင်းက မင်းဦးလေးရဲ့ သန်မာတဲ့ စိတ်ဆန္ဒကို ယုံကြည်ရမယ်လေ”

ဤစကားက အမှန်တရားအချို့ ရှိသော်လည်း တုပိုင် ယခုအချိန်အထိ နားမလည်နိုင်သေးပေ။ မိဖုရားနင်းချန်က သူ့ကိုယ်သူ အဒေါ်ဟု အဘယ်ကြောင့် တွင်တွင်သုံးနှုန်းနေသနည်း။ တုပိုင်နှင့် မင်းသမီးနင်းရွှဲ့အကြောင်း ဘာမှ မပြောရသေးပေ။ အဒေါ်ဟု ခေါ်ဝေါ်ရန် စောလွန်းနေသည် မဟုတ်ပါလော။

တုပိုင် တခြားနည်းလမ်းဖြင့် စဉ်းစားကြည့်လိုက်သည်။ မင်းသမီးနင်းချန်သည် မြို့တော်တွင် ရှိနေစဉ်က သူမ၏ မိတ်ဆွေများမှာ နေရာအနှံ့တွင် ရှိသည်။ တစ်ခါက သူမ မူးနေစဉ် လီဝမ်ဟွေ့ကို အတင်းဆွဲခေါ်ပြီး သွေးသောက်မောင်နှမ တော်ခဲ့ဖူးသည်။ ထိုအချိန်က လီဝမ်ဟွေ့သည်လည်း သူမ တိုက်သော အရက်ကြောင့် မူးနေပြီး ဇဝေဇဝါ ဖြစ်နေခဲ့သည်။ အမူးပြေသွားသောအခါ လီဝမ်ဟွေ့သည် ယင်းကိစ္စကို အတည်ယူရန် မဝံ့ရဲခဲ့ဘဲ သူမကို မင်းသမီးဟုသာ အမြဲ ခေါ်ဝေါ်ခဲ့သည်။ သို့သော် မင်းသမီးနင်းချန်သည် လီဝမ်ဟွေ့ကို အဖော်မွန်လီဟု ခေါ်လေ့ရှိသလို လူချင်းသီးသန့် ရှိချိန်တွင် အစ်ကိုကြီးဟုပင် ခေါ်ဝေါ်လေ့ရှိသည်။

‘အဖေ့ရဲ့ မွေးစားသား ဖြစ်တာကြောင့် ငါ့ကို အဒေါ်လို့ သုံးနှုန်းတာ ဖြစ်လိမ့်မယ်’

တုပိုင် တွေးလိုက်မိသည်။

နောက်ပိုင်းတွင် တုပိုင် ၊ သူ၏ တော်ဝင်သမားတော်အဖွဲ့နှင့် အဂ္ဂိရတ်ဆရာအဖွဲ့တို့သည် ဂရုမစိုက်ဘဲ မနေရဲကြပေ။ တုပိုင်တွင် လုပ်စရာ အရေးကြီးသော ကိစ္စများ ရှိနေသေးသည်။ ထင်ယောင်ထင်မှားကျွန်းကို ရှာဖွေရမည် ဖြစ်သလို ဒဏ္ဍာရီလာ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကိုလည်း ရှာဖွေရမည် ဖြစ်သည်။

သို့သော် ယခုအချိန်တွင် နိုင်ငံတော်အရေးကိစ္စသည် ထိပ်တန်းဦးစားပေး ဖြစ်ပြီး ဘုရင်လီချန်၏ အသက်သည် အရေးအကြီးဆုံး ဖြစ်လေသည်။

တုပိုင် ၊ အဂ္ဂိရတ်ဆရာ အနည်းငယ်နှင့် တော်ဝင်သမားတော်များသည် ဘုရင်လီချန်၏ ကိုယ်အပူချိန်ကို အချိန်နှင့်တပြေးညီ စောင့်ကြည့်နေကြပြီး လူနာနားမှ တစ်ဖဝါးမှ မခွာကြပေ။ သို့သော် ဘုရင်လီချန်သည် နာကျင်မှုကြောင့် မဟုတ်ဘဲ ပင်ပန်းနွမ်းနယ်မှုကြောင့် အိပ်ပျော်သွားခဲ့သည်။ အချိန်အတိုင်းအတာ တစ်ခုရောက်တိုင်း အူလမ်းကြောင်းများ ကပ်ငြိသွားခြင်း မရှိစေရန်အတွက် တော်ဝင်သမားတော်များသည် သူ့ကို ဘယ်ပြန်ညာပြန် လှန်ပေးကြရသည်။

ရှစ်နာရီ ကြာပြီးနောက် ဆိုးရွားသော အခြေအနေတစ်ခု ဖြစ်ပေါ်လာသည်။

ဘုရင်လီချန် စတင် အဖျားတက်လာသည်။ သူက ပြုံးပြီး ဘာမှမဖြစ်ကြောင်း ၊ နေလို့ကောင်းကြောင်း ပြောနေသော်လည်း အမှန်တကယ်တွင် ဘုရင်လီချန်၏ အဖျားသည် ပိုမို ပြင်းထန်လာပြီး မကြာမီမှာပင် မီးခဲကဲ့သို့ ပူကျစ်လာတော့သည်။

သိသာထင်ရှားစွာပင် ဒဏ်ရာ ရောင်ရမ်းလာခြင်း ဖြစ်သည်။ ထိုအချိန်တွင် တုပိုင်၏အဖွဲ့သည် နည်းလမ်းအကုန် သုံးလိုက်ကြသည်။ ဘုရင်၏ ကိုယ်အပူချိန်ကျစေရန် ရုပ်ပိုင်းဆိုင်ရာ နည်းလမ်းများကို အသုံးပြုပြီး သန့်စင်ထားသော အရက်ပျံဖြင့် အဆက်မပြတ် သုတ်လိမ်းပေးကြသည်။ အဂ္ဂိရတ်ဆရာသည်လည်း ဆေးဝါးမျိုးစုံကို အသုံးပြုခဲ့သည်။

သို့သော် အသုံးမဝင်ချေ။ ဘုရင်၏ ကိုယ်အပူချိန်သည် အလွန်မြင့်မားသော အခြေအနေတွင် ဆက်လက် ရှိနေသည်။ ထို့ပြင် သူ၏ အသိစိတ်သည်လည်း စတင် ဝေဝါးလာပြီဖြစ်သည်။

အခြေအနေက အလွန် အန္တရာယ်များနေသည်။

သိပ္ပံပညာသည် သိပ္ပံပညာသာ ဖြစ်သည်။ အလွန် ရက်စက်တတ်သည်။ ဤခေတ်ကာလ အခြေအနေမျိုးတွင် ကြီးမားသော ခွဲစိတ်မှု ပြုလုပ်ရန် မဖြစ်နိုင်ပေ။ ခွဲစိတ်ပြီးနောက် ပိုးဝင်ခြင်းကို ခုခံကာကွယ်ရန် မစွမ်းသာပေ။ ဘုရင်လီချန်၏ အဖျားသည် ပိုမို ကြောက်စရာ ကောင်းလာပြီး ပိုးဝင်ခြင်းသည်လည်း ပိုမို ဆိုးရွားလာလိမ့်မည်။

နောက်ဆုံး သူ သေဆုံးသွားသည်အထိ ဖြစ်လာနိုင်သည်။ လက်ရှိ ဆေးပညာ ဝန်းကျင် အနေအထားဖြင့် ကယ်တင်ရန် အမှန်တကယ် ခက်ခဲလှသည်။

တုပိုင် စိတ်ထဲမှ အော်ဟစ်လိုက်မိ၏။

‘ဘာလုပ်ရမလဲ... ဘာလုပ်ရမလဲ... စနစ်ရေ... မင်း တစ်ခုခု လုပ်ပေးပါဦး’

ထူးဆန်းသော အလင်းရိပ်တစ်ခု ပေါ်လာပြီး ပြန်ဖြေလေသည်။

‘ရှိတယ်... ဒီနေရာကနေ လီ ၂၀၀ ကျော်အကွာမှာ အက်ကွဲနေတဲ့ လိုဏ်ဂူတစ်ခု ရှိတယ်။ အဲဒီထဲမှာ ဘို့စ်ပုံဆောင်ခဲ အမှုန့်တစ်မျိုး ရှိတယ်။ အဲဒါက မင်းပြောတဲ့ ခွဲစိတ်ပြီးနောက် ပိုးဝင်တာကို ခုခံနိုင်တဲ့ အလွန်အစွမ်းထက်တဲ့ ဆေးဝါးတစ်မျိုးပဲ။ ဒါကလည်း တခြားကမ္ဘာက စွမ်းအင်ကျူးကျော်ဝင်ရောက်မှုရဲ့ သက်ရောက်​ကြောင့် ဖြစ်လာတဲ့အရာတစ်ခုပဲ။ ဒါပေမဲ့ မင်းဦးနှောက်ထဲက ပဋိဇီဝဆေးတွေနဲ့ မတူဘဲ ဘေးထွက်ဆိုးကျိုး နည်းနည်းများပြီး စိတ်ကယောင်ကတမ်း ဖြစ်စေနိုင်တယ်’

စိတ်ကယောင်ကတမ်းဖြစ်သည်က ကိစ္စမရှိချေ။ ယခုအချိန်တွင် ထိုကဲ့သို့ ကိစ္စများအား အများကြီး ထည့်တွက်နေလို့ မရတော့ပေ။ လက်ရှိအတိုင်းသာ ဆက်သွားလျှင် ဘုရင်လီချန်တစ်ယောက် နတ်ရွာစံတော့လေမည်။ ရက်အနည်းငယ်ကြာ ပြင်းထန်သော အဖျားဒဏ်နှင့် ခွဲစိတ်ပြီးနောက် ပိုးဝင်ခြင်း ပိုမိုဆိုးရွားလာပါက သူ သေဆုံးရန် သေချာသလောက် ရှိသည်။

“အားလုံးပဲ... နှစ်နာရီလောက် စောင့်ကြပါ။ ကျွန်တော် အမြန်ဆုံး ပြန်လာခဲ့မယ်”

တုပိုင် ပြောပြီးသည်နှင့် ရှင်းပြရန် အချိန်မရှိတော့သဖြင့် ချက်ချင်း ပြေးထွက်သွားလေသည်။ တစ်ချိန်တည်းမှာပင် သူ၏ စိတ်ထဲတွင် မြေပုံလမ်းညွှန်တစ်ခု ပေါ်လာသည်။

နန်းတော်မှ ပြေးထွက်လာပြီးနောက် တုပိုင်သည် မြင်းပေါ်သို့ တိုက်ရိုက် ခုန်တက်လိုက်ပြီး စိတ်ထဲရှိ မြေပုံအတိုင်း လိုဏ်ဂူရှိရာသို့ ဦးတည်ပြေးသွားလေသည်။ မကြာမီ အန်နမ်နိုင်ငံ၏ ထိပ်တန်းသိုင်းပညာရှင် ဒါဇင်နှင့်ချီသည် တုပိုင်၏ ဘေးကင်းရေးအတွက် မြင်းစီးပြီး လိုက်ပါလာကြသည်။

**--**--**--**--**--**--**--**

တုပိုင်သည် တစ်လမ်းလုံး အပြင်းနှင်လာသည်။

“အရေးပေါ် စစ်ရေးကိစ္စ... အားလုံး ဖယ်ကြ... ဖယ်ကြ...”

အန်နမ်နိုင်ငံ၏ နန်းတွင်းသိုင်းပညာရှင် တစ်ဒါဇင်ခန့်သည် လမ်းတွင် အဆီးအတား မရှိစေရန်အတွက် အနောက်မှနေ၍ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။

မကြာမီ တုပိုင်သည် ဟွေမြို့တော်မှ ထွက်ခွာလာခဲ့သည်။ ချက်ချင်းပင် နောက်ထပ် စစ်တပ်တစ်တပ် ထပ်မံ လိုက်ပါလာပြီး တုပိုင်၏ ပတ်လည်တွင် မြင်းစီးအစောင့်တပ်သား ရာပေါင်းများစွာ ဝန်းရံထားသည်။

တုပိုင်သည် တစ်လမ်းလုံး မနားတမ်း ပြေးလာခဲ့သည်။ သူ၏ တောရိုင်းမြင်းဘုရင်သည် အလွန် သန်မာလွန်းသဖြင့် နောက်မှလိုက်သော မြင်းစီးတပ်သားများသည် လိုက်မမီနိုင်ကြပေ။ ထို့ကြောင့် လီ ၁၀၀ တိုင်းတွင် လမ်းမှ အစောင့်တပ်သားများ၏ မြင်းများနှင့် လဲလှယ်စီးနင်းရသည်။

မြို့တော်မှ လီ ၂၀၀ ကျော်အကွာ ကျဉ်းမြောင်းသော အက်ကွဲကြောင်း လိုဏ်ဂူတစ်ခုကို တုပိုင် မြင်လိုက်ရသည်။ ထို့နောက် စကားတစ်ခွန်းမှ မဆိုဘဲ သူ တိုက်ရိုက် ခုန်ဆင်းလိုက်သည်။

သို့သော် တစ်စုံတစ်ယောက်က သူ့ထက် ပိုမြန်နေသည်။ အန်နမ်နိုင်ငံ၏ နန်းတွင်းသိုင်းပညာရှင် ခြောက်ဦးသည် မြင်းပေါ်မှ တိုက်ရိုက် ခုန်ဆင်းပြီး လိုဏ်ဂူထဲသို့ အရင် ခုန်ဝင်သွားကြသည်။ အန္တရာယ် တစ်စုံတစ်ရာ ရှိမရှိ စစ်ဆေးရန် ရှေ့မှ ကြိုသွားကြခြင်း ဖြစ်သည်။

ယင်းသည် လူသူကင်းမဲ့သော လိုဏ်ဂူတစ်ခု ဖြစ်ပြီး အခြားကမ္ဘာမှ စွမ်းအင် သိပ်မရှိသလို အခြား သားရဲတိရစ္ဆာန်များလည်း မရှိပေ။

တုပိုင်သည် မကြာမီ လိုဏ်ဂူ အောက်ခြေသို့ ရောက်ရှိသွားသည်။ အလွန် ဘေးကင်းသည်။ သူသည် အိပ်မက်စနစ်က ပြောသော အဖြူရောင် ပုံဆောင်ခဲအမှုန့်များကို စတင် ရှာဖွေလိုက်သည်။

နန်းတွင်းသိုင်းပညာရှင်ကြီးများသည် ချက်ချင်းပင် အပြင်သို့ လှည့်ထွက်လိုက်ကြပြီး တုပိုင်ကို ကျောပေးကာ ကင်းစောင့်နေလိုက်ကြသည်။ မည်သူကမျှ အမိန့်မပေးသော်လည်း တုပိုင် လုပ်နေသော အရာသည် အလွန် လျှို့ဝှက်သော ကိစ္စဖြစ်ပြီး ဒုတိယလူ မြင်တွေ့၍ မဖြစ်ကြောင်း သူတို့အားလုံး ခံစားမိကြသည်။

အိပ်မက်စနစ်၏ မြေပုံ လမ်းညွှန်မှုအောက်တွင် တုပိုင်သည် မိနစ်အနည်းငယ်အတွင်း ထို အဖြူရောင် ပုံဆောင်ခဲကို ရှာဖွေတွေ့ရှိခဲ့သည်။ တိတိကျကျ ပြောရလျှင် အဖြူရောင် မဟုတ်ဘဲ အပြာရောင် သန်းနေသည်။

မြေကြီးပေါ်တွင် အမှုန့်ပုံတစ်ပုံ ရှိနေပြီး ယင်းအပေါ်တွင် ပြီးပြည့်စုံသော ပုံဆောင်ခဲတစ်ခု ရှိနေကာ အနည်းငယ် စတင် အက်ကွဲနေသည်။ စုစုပေါင်း လက်တစ်ဆုပ်စာခန့် ရှိသည်။

ယင်းသည် အလွန် ထူးဆန်းသော ရနံ့တစ်ခုကို ထုတ်လွှတ်နေသည်။ တုပိုင် အနည်းငယ် ရှူရှိုက်မိလိုက်ရုံဖြင့် ​ဆေးသုံးထားသလိုကို ခံစားလိုက်ရသည်။

‘သောက်ကျိုးနည်း’

“အသက်အောင့်ထား... ဒီဟာက အကြီးအကျယ် စိတ်ကယောင်ကတမ်း ဖြစ်စေတတ်တယ်”

ထူးဆန်းသော အလင်းရိပ်က သတိပေးလိုက်သည်။

တုပိုင် အသက်အောင့်လိုက်ပြီး ကျောက်သလင်းသေတ္တာတစ်လုံးကို ကောက်ကိုင်ကာ စိတ်ကယောင်ကတမ်း ဖြစ်စေသော ပုံဆောင်ခဲများအားလုံးကို ထည့်လိုက်သည်။ ထို့နောက် ဝုန်းကတည်းထွက်ခွာလာပြီး ဟွေမြို့တော် နန်းတော်သို့ ပြန်လာလိုက်၏။

**--**--**--**--**--**--**--**

တုပိုင်သည် သုံးနာရီ မပြည့်ခင်မှာပင် ပြန်ရောက်လာခဲ့သည်။

ထိုအချိန်တွင် ဘုရင်လီချန်၏ အဖျားသည် ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ခန္ဓာကိုယ်သည် တက်ကာ တုန်ယင်နေသည်။ တော်ဝင်သမားတော်များနှင့် အဂ္ဂိရတ်ဆရာများသည် နည်းလမ်းပေါင်းစုံ သုံးသော်လည်း အရာမထင်ပေ။

တုပိုင်သည် အဖြူရောင် ပုံဆောင်ခဲ အမှုန့်အနည်းငယ်ကို ထုတ်ယူလိုက်ပြီး ရေနွေးနွေးဖြင့် ဖျော်လိုက်သည်။ ဘုရင်လီချန်ကို ပွေ့ထူလိုက်သောအခါ ကိုယ်ခန္ဓာသည် မီးခဲကြီးကဲ့သို့ ပူကျစ်နေကြောင်း တွေ့လိုက်ရသည်။ တုပိုင်က ဘုရင်လီချန်၏ ပါးစပ်ကို ဟခိုင်းပြီး ပုံဆောင်ခဲအမှုန့် ဖျော်ရည်ကို တိုက်လိုက်သည်။

“မိဖုရား... ဒီ အဖြူရောင် ပုံဆောင်ခဲအမှုန့်က စိတ်ကယောင်ကတမ်း ဖြစ်စေတဲ့ အာနိသင် ရှိပါတယ်။ နောက်ပိုင်းကျရင် ဘုရင်မင်းမြတ်က ထူးဆန်းတဲ့ အပြုအမူတချို့ လုပ်လာနိုင်ပါတယ်... ကျေးဇူးပြုပြီး စိတ်ထဲ မထားပါနဲ့”

တုပိုင်က ကြိုတင် အသိပေးလိုက်သည်။

**--**--**--**--**--**--**--**

‘တကယ့်ကို မှော်ဆန်တဲ့ ဆေးဝါးပါလား...’

တုပိုင် လုံးဝ အံ့အားသင့်သွားသည်။ ဤ အဖြူရောင် ပုံဆောင်ခဲအမှုန့်သည် ဆာလ်ဖာဆေးထက် ပိုမို အစွမ်းထက်ပြီး ပင်နီဆီလင်ကိုပင် ကျော်လွန်နေသည် မဟုတ်လော။ သို့မဟုတ် ဤကမ္ဘာမှ လူများသည် ပဋိဇီဝဆေး လုံးဝ မသောက်ဖူးသဖြင့် ဤဘက်တီးရီးယားများသည် ပဋိဇီဝဆေးဒဏ်ကို မခံနိုင်ဘဲ ဆေးအလွန် တိုးနေခြင်းလည်း ဖြစ်နိုင်သည်။

မကြာမီ ဘုရင်လီချန်၏ ကိုယ်အပူချိန် စတင် ကျဆင်းလာသည်။ ထို့ပြင် လူတစ်ကိုယ်လုံး ငြိမ်သက်သွားသည်။

သို့သော် နာရီဝက်ခန့် ကြာသောအခါ လီချန်သည် ရုတ်တရက် ထူးဆန်းသော စကားများကို ရေရွတ်လာတော့သည်။

“မနက်ရောက်ပြီလား... အချိန်ပြည့်ပြီလား... ကိုယ်တော် ထလို့ ရပြီလား... ကြမ်းပြင်ကြီးက အရမ်းမာတာပဲ... ဒူးတွေ ကွဲတော့မယ်”

“ကိုယ်တော် မရွံပါဘူး... ဘယ်လောက်ကြာကြာ ခံနိုင်လဲဆိုတာ အံ့သြနေရုံပါ... ကိုယ်တော် အရမ်း ကြိုက်ပါတယ်...”

“မိဖုရားလူကျစ်က လူကျစ်ပါပဲ... သူက မင်းကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ... ကိုယ်တော် တကယ် ကြိုက်ပါတယ်... အရမ်း ချစ်ပါတယ်... တစ်နေ့ တစ်ခါ နမ်းပါ့မယ်...”

ဘုရင်လီချန်သည် တရစပ် ပြောဆိုနေပြီး လက်များကို ဟိုဝှေ့ယမ်း ဒီဝှေ့ယမ်း လုပ်နေလေသည်။

မိဖုရားနင်းချန်၏ ပါးပြင်များသည် ချက်ချင်း နီမြန်းသွားပြီး ဘုရင်လီချန်၏ ပါးစပ်ကို လှမ်းပိတ်လိုက်ရတော့သည်။

“ကျွန်တော်မျိုးတို့ သွားခွင့်ပြုပါဦး”

ကျန်းနန်နယ်စားမင်း ဆုန်ချွဲနှင့် လီဝမ်ဟွေ့တို့သည် အလျင်အမြန် ဦးညွှတ်ပြီး ထွက်ခွာသွားကြသည်။ တုပိုင် ၊ တော်ဝင်သမားတော်များနှင့် အဂ္ဂိရတ်ဆရာတို့လည်း အလျင်အမြန် ဆုတ်ခွာသွားကြသည်။ ဆက်နေလျှင် အလွန် နေရခက်စရာ ကောင်းနေတော့လေမည်။

အပိုင်း ၄၂၂ ပြီး။

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters