← Chapters

အခန်း (၄၂၃)

Vol. 43 Ch. 423

အခန်း (၄၂၃)

Vol. 43 Ch. 423

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၂၃

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

ထိုအချိန်တွင် တုပိုင်သည် မွေးစားအဖေ လီဝမ်ဟွေ့နှင့် သားအဖချင်း စကားပြောရန် အခွင့်အရေး ရရှိသွားလေ၏။

“နှစ်လအတွင်းမှာပဲ ဧကရာဇ်မင်းမြတ်က ငါ့ကို ရာထူးသုံးဆင့် တိုးပေးခဲ့တယ်။ အဆင့်လေးကနေ အဆင့်သုံး ၊ အဆင့်သုံးကနေ အခုဆို အဆင့်နှစ်ကို ရောက်လာပြီ”

လီဝမ်ဟွေ့က ခေါင်းခါရင်း ဆက်ပြောလေသည်။

“ဒါက သတင်းဆိုးပဲ... ဧကရာဇ်မင်းမြတ်ဘက်က အသည်းအသန်ဖြစ်နေပြီ။ အရပ်ဘက်အရာရှိအုပ်စုနဲ့ စစ်ဘက်အရာရှိအုပ်စုကြားက ပဋိပက္ခ ပိုမိုကြီးထွားလာတာကို ပြသနေရုံသာမက မိန်းမစိုးအသိုင်းအဝိုင်းကလည်း သစ္စာဖောက်တော့မယ်”

တုပိုင်လည်း ယင်းအချက်ကို လေးလေးနက်နက် ခံစားမိ၏။ ယခင်က ဧကရာဇ်သည် လီဝမ်ဟွေ့ကို အလွန် စနစ်တကျ လေ့ကျင့်ပေးခဲ့ပြီး အဆင့်တိုင်းတွင် ခိုင်မာသော အခြေခံအုတ်မြစ် ရှိစေရန် ၊ အာဏာကို ဦးစွာ ရရှိစေပြီး ရာထူးကို ဒုတိယမှ ပေးအပ်ရန် စီစဉ်ခဲ့သည်။

သို့သော် ယခု ရုတ်တရက် ရာထူးတိုးပေးလိုက်ရာ မွေးစားအဖေ လီဝမ်ဟွေ့၏ ရာထူးသည် သူ၏ အာဏာထက် များစွာ ကျော်လွန်သွားခဲ့ရသည်။ ကွမ်ရှီးနယ်စောင့် မိန်းမစိုး ရာထူးကိုပင် သူ မနည်း ထိန်းသိမ်းထားရသည်။ ယခု တောင်ပိုင်း စစ်ဆင်ရေးတပ်မတော်၏ ကြီးကြပ်ရေးမိန်းမစိုးနှင့် ကွမ်ရှီးတပ်မတော်သစ်၏ ကြီးကြပ်ရေးမိန်းမစိုး ရာထူးများပါ ထပ်တိုးလာသည်။

ဤရာထူးသုံးခုစလုံးသည် အလွန် အရေးကြီးသည်။ ပုံမှန် အခြေအနေမျိုးတွင် ရာထူးကြီးသုံးခုကို တစ်ပြိုင်နက်တည်း မည်သို့ ပေးအပ်နိုင်ပါမည်နည်း။

ထို့ပြင် မွေးစားအဖေ လီဝမ်ဟွေ့၏ အရည်အချင်းဖြင့် ကျန်းနန်နယ်စားမင်း ဆုန်ချွဲ၏ တပ်မတော်ကို ကြီးကြပ်ရန် လုံးဝ မဖြစ်နိုင်ပေ။ အနည်းဆုံးတော့ အခမ်းအနား ဦးစီးမှူး အဆင့် ရှိမှသာ ဖြစ်နိုင်သည်။

သို့သော် ဧကရာဇ်က ထိုအဆင့်ရှိ ပုဂ္ဂိုလ်ကို မစေလွှတ်ခဲ့ပေ။ ထိုသည်က မည်သည်ကို ဆိုလိုနေသနည်း။

အခမ်းအနားများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနကို ဧကရာဇ် မယုံကြည်တော့ကြောင်းဟု ဆိုလိုသည်။ အခမ်းအနားများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနသည် ဧကရာဇ်၏ အမာခံ အာဏာအရှိဆုံး နေရာ ဖြစ်သင့်သည်။

သမိုင်းကြောင်းအရ မင်မင်းဆက်၏ ဧကရာဇ်ကျားကျင်းသည် အဂ္ဂိရတ်ပညာကို အရူးအမူး လိုက်စားချိန်တွင်ပင် အခမ်းအနားများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနသည် သူ၏ ခွေးကဲ့သို့ သစ္စာရှိခဲ့သည်။ ယန်ဆုန် ကျဆုံးပြီးနောက် ရွှီကျဲ့နှင့် အခြားသူများသည် ဧကရာဇ်ကျားကျင်းကို လက်ခုပ်ထဲကရေလိုကို ကစားခဲ့ကြသော်လည်း အခမ်းအနားများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနသည် ဧကရာဇ်ကျားကျင်း၏ ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားခြင်း မရှိခဲ့ပေ။

“ပိုင်အာ... မင်း ဟွေစီရင်စုကို ဘာကိစ္စနဲ့ လာတာလဲ”

လီဝမ်ဟွေ့က မေးမြန်းလာ၏။

“အလွန်အရေးကြီးတဲ့ သိုင်းကျမ်းတစ်အုပ်အတွက်ပါ”

လီဝမ်ဟွေ့ အံ့သြသွားသည်။ ‘ဘယ်သိုင်းကျမ်းကများ ဒီလောက် အရေးကြီးနေရတာလဲ။’

“ဒီသိုင်းကျမ်းက ကျွန်တော့်အတွက် သိပ်မအရေးကြီးပေမဲ့ တခြားသူလက်ထဲ မရောက်သွားဖို့က အရေးကြီးပါတယ်။ မဟုတ်ရင် နောက်ဆယ်နှစ်အတွင်း ကြီးမားတဲ့ အန္တရာယ် ဖြစ်လာနိုင်ပြီး သိုင်းလောကရဲ့ မျှခြေကို ပျက်စီးသွားစေလိမ့်မယ်”

လီဝမ်ဟွေ့ ခေါင်းညိတ်လိုက်သည်။

“ဒီက ကိစ္စတွေ ပြီးတာနဲ့ ကွမ်ရှီးကို ချက်ချင်းပြန်ပြီး ပိုင်ဆယ်စီရင်စုကို သွားပါ။ အဲဒီက အခြေအနေက အခု နည်းနည်း ထူးဆန်းနေတယ်”

“ထူးဆန်းနေတယ် ဟုတ်လား”

တုပိုင် လန့်သွားသည်။

“ဟုတ်တယ်... ထူးဆန်းနေတယ်... ငါ့ရဲ့ လျှို့ဝှက်သူလျှိုတွေဆီက သတင်းတွေ အများကြီး ရထားတယ်။ ကွမ်ရှီးပြည်နယ်ရဲ့ အခြေအနေက မကြုံစဖူး အန္တရာယ်ကြီးမားနေတယ်လို့ ငါ ခံစားနေရတယ်။ ဒါပေမဲ့ ငါ ဒီကနေ ခွာလို့မရဘူး။ မင်းပြန်ရောက်ရင် လီယွီထန်ကို ပြောလိုက်ပါ။ စိတ်မလောဖို့ မှာလိုက်ပါ”

“ဟုတ်ကဲ့ပါ အဖေ... ဒါနဲ့ အဖေ... ကျွန်တော့်ဆီမှာ ပေမင်ဓားဂိုဏ်းရဲ့ ချန်ကွန်းဟွန်ယွမ်ဆေးလုံးတစ်လုံး ရှိပါတယ်။ အရိုးနဲ့ ကြွက်သားတွေကို သန်မာစေပြီး မူလသိုင်းပညာကို အမြင့်ဆုံးအထိ မြှင့်တင်ပေးနိုင်ပါတယ်။ အဖေ့ကို ဂါရဝပြု လက်ဆောင်ပေးပါတယ်”

လီဝမ်ဟွေ့ အံ့သြသွားပြီး ငြင်းဆန်လေ၏။

“မင်းရဲ့ စေတနာကို ငါ လက်ခံပါတယ်။ ဒါပေမဲ့ မင်းဘာသာမင်း ဘာလို့ မသောက်တာလဲ”

“ဒီဆေးက ကျွန်တော့်ကို သိပ်ပြီး တိုးတက်မှု မပေးနိုင်ပါဘူး။ ကျွန်တော်က အရိုးနဲ့ ကြွက်သားတွေ သန်မာဖို့အတွက် သွေးကြောတွေကို သန့်စင်ပေးနိုင်တဲ့ ပိုမိုပြင်းထန်တဲ့ အရာတစ်ခု လိုအပ်ပါတယ်”

လီဝမ်ဟွေ့ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ခေါင်းခါလိုက်သည်။

“အခု အင်ပါယာရဲ့ အခြေအနေက မှန်းဆလို့ မရနိုင်ဘူး။ ငါ သိုင်းပညာဘက်ကို အာရုံစိုက်ဖို့ ခက်ခဲလိမ့်မယ်။ ငါ့အတွက် အလဟဿ မဖြစ်စေပါနဲ့။ ပိုလိုအပ်တဲ့သူတွေ ၊ အထူးသဖြင့် လူငယ်တွေကိုပဲ ပေးလိုက်ပါ”

လီဝမ်ဟွေ့သည် ချန်ကွန်းဟွန်ယွမ်ဆေးလုံးထည့်ထားသော သေတ္တာကို ပြန်တွန်းပေးလိုက်သည်။

ဤဆေးလုံးသည် ရှားပါးရတနာတစ်ပါး ဖြစ်သည်။ အန်ချိုကျွန်းကြီးတွင် ဆယ်နှစ်မှ တစ်လုံးသာ ရရှိနိုင်သည်။ အရိုးနှင့် ကြွက်သားများကို သန်မာစေပြီး သိုင်းပညာ အကန့်အသတ်ကို မြှင့်တင်ပေးနိုင်သည်။ လူပေါင်းများစွာသည် ဤ ချန်ကွန်းဟွန်ယွမ်ဆေးလုံးကို ရရှိရန်အတွက် ဂုဏ်သိက္ခာအပါအဝင် အရာအားလုံးကို ရောင်းချရန် ဝန်လေးကြမည် မဟုတ်ပေ။

သို့သော် လီဝမ်ဟွေ့သည် ငြင်းပယ်ခဲ့ပြီး ပိုလိုအပ်သော လူငယ်များကို ပေးရန် ပြောခဲ့သည်။

“ကောင်းပါပြီ အဖေ့သဘောအတိုင်းပါ”

“သွား... နယ်စားမင်းဆုန်ချွဲကို သွားတွေ့လိုက်ဦး”

တုပိုင် ခြေလှမ်းအနည်းငယ် လှမ်းပြီး ကျန်းနန်နယ်စားမင်း ဆုန်ချွဲ၏ ရှေ့သို့ သွားကာ ဦးညွှတ်လိုက်သည်။

“နယ်စားမင်းကို ဂါရဝပြုပါတယ်”

“သောက်ကျိုးနည်း...”

ကျန်းနန်နယ်စားမင်း ဆုန်ချွဲက တုပိုင်၏ ပခုံးကို ရိုက်ချလိုက်ရာ တုပိုင် ခန္ဓာကိုယ်တစ်ဝက် ပြိုလဲမတတ် ဖြစ်သွားသည်။

“ကောင်စုတ်လေး... မင်းအဖေကို ဘာလို့ နည်းနည်းမှ အတုမယူတာလဲ။ သူက မိန်းမလှလေးတွေကို ရှောင်တယ်။ မင်းကတော့ ငါ့သမီး ယွီကျိန်းနဲ့ သုံးရက်လောက် ပရောပရည် လုပ်ခဲ့တယ်ပေါ့လေ။ မင်းသာ မိန်းမစိုး မဟုတ်ရင် မင်းက အရည်အချင်းရှိပြီး သစ္စာရှိတဲ့အတွက် ငါ့သမီး ယွီကျိန်းနဲ့ စေ့စပ်ပေးဖို့ အဆင်ပြေပါတယ်။ အဓိကပြဿနာက မင်းက မိန်းမစိုး ဖြစ်နေရက်နဲ့ သူ့ကို မတော်တရော် လုပ်ရဲတယ်ပေါ့။ ငါ မင်းကို ရိုက်သင့်တယ်လို့ မထင်ဘူးလား”

ရုတ်တရက် တုပိုင်သည် မြေကြီးထဲသို့သာ ဝင်သွားချင်စိတ် ပေါက်သွားသည်။

‘နယ်စားမင်း ပြောတာကလည်း လွန်လွန်းပါတယ်။ ဘယ်လိုလုပ် နှစ်ကြိမ်နှစ်ခါ လုပ်ရမှာလဲ။ သေရေးရှင်ရေး အခြေအနေမှာ အမှတ်တမဲ့ ဖြစ်သွားတာပါ’

‘ပြီးတော့ မင်းသမီးယွီကျိန်း... ခင်ဗျားက ဦးနှောက်မရှိဘူးလား။ ခင်ဗျားအဖေကို အကုန်လျှောက်ပြောရလား။ ကျုပ်ကို မျက်နှာပျက်အောင် လုပ်နေတာပဲ’

ထို့နောက် ကျန်းနန်နယ်စားမင်း ဆုန်ချွဲသည် အပြုံးကို ရုပ်သိမ်းလိုက်ပြီး လေးနက်သော လေသံဖြင့် ဆိုလေ၏။

“မင်းအဖေက ကွမ်ရှီးပြည်နယ်ရဲ့ အခြေအနေကို ပြောပြပြီးလောက်ပြီ။ ငါက သူ့လောက် အသေးစိတ် မသိပေမဲ့ နိုင်ငံရေးအမြော်အမြင် ပိုမြင့်တယ်”

ကျန်းနန်နယ်စားမင်းသည် မျိုးရိုးစဉ်ဆက် နယ်စားဖြစ်ပြီး သူ၏ ဘိုးဘေးသည် ဧကရာဇ်ထိုက်ကျူ၏ သားတော် ၊ တာ့နင်အင်ပါယာ၏ ထိပ်တန်း မင်းညီမင်းသား ဖြစ်သည်။ ထို့ကြောင် နယ်စားမင်းဆုန်ချွဲ၏ နိုင်ငံရေးအမြော်အမြင်သည် အမှန်တကယ် မြင့်မားသည်။

“ငါ စကားတစ်ခွန်း ပြောမယ်... မလန့်နဲ့ဦး... နိုင်ငံရေး အခြေအနေက အန္တရာယ်ရှိနေပြီလို့ မင်း ထင်တဲ့အချိန်မှာ အမှန်တကယ် အခြေအနေက ပိုပြီး အန္တရာယ်များနေတတ်တယ်။ အခြေအနေက အရမ်းဆိုးနေပြီလို့ မင်း ထင်တဲ့အချိန်မှာ ပိုပြီး ဆိုးရွားလာလိမ့်မယ်။ ဒါကြောင့်... မင်း စိတ်ကို ပြင်ဆင်ထားပါ။ မင်းက... ကွမ်ရှီးပြည်နယ်မှာ အင်ပါယာရဲ့ အကြီးမားဆုံး ကျောက်တိုင်ကြီး ၊ အကြီးမားဆုံး အရာရှိ ဖြစ်လာလိမ့်မယ်”

ထိုစကားကို ကြားလိုက်ရသောအခါ တုပိုင်၏ ခေါင်းထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားသည်။

“ဒါက ငါ့ရဲ့ ခံစားချက် သက်သက်ပါ။ မမြင်ရတဲ့ လက်မည်းကြီးတစ်ဖက် ထွက်ပေါ်လာပြီလို့ ငါ ခံစားနေရတယ်။ အန်နမ်နိုင်ငံက ငုယင်မိသားစု ပုန်ကန်တာတင် မကဘူး... ကွမ်ရှီးပြည်နယ်နဲ့ လီမိသားစုဆီကိုပါ လက်လှမ်းနေပြီ။ ငါ့ရဲ့ စိုးရိမ်စိတ်ကြောင့် ပြောမိတာ ဖြစ်ပါစေလို့ပဲ မျှော်လင့်ပါတယ်”

ကျန်းနန်နယ်စားမင်း ဆုန်ချွဲက ဆက်ပြောသည်။

“အန်နမ်နိုင်ငံရဲ့ အခြေအနေက အရေးကြီးနေတုန်းပဲ။ ပုန်ကန်သူတွေကို တောင်ဘက် လီ ၁၀၀၀ အကွာအဝေးအထိ မောင်းထုတ်ရမယ်။ ဒါမှ ဟွေမြို့တော်က လုံခြုံစိတ်ချရမယ်။ အဲဒီကျမှ မင်းအဖေ လီဝမ်ဟွေ့ ကွမ်ရှီးကို ပြန်ပြီး မင်းနဲ့အတူ လက်တွဲတိုက်ခိုက်နိုင်လိမ့်မယ်။ အခုတော့ မဖြစ်သေးဘူး။ စစ်မြေပြင် ထောက်လှမ်းရေးနဲ့ ထောက်ပံ့ရေး ကိစ္စတွေ အားလုံးကို သူပဲ တာဝန်ယူထားရတာ။ သူ မရှိရင် ငါ တကယ် မလုပ်တတ်ဘူး”

“ကျွန်တော် နားလည်ပါပြီ... ဒါနဲ့ နယ်စားမင်း... ဟွေမြို့တော်ရဲ့ အရှေ့ဘက် ပင်လယ်ပြင်မှာ ထင်ယောင်ထင်မှားကျွန်းဆိုတာ ရှိတယ်လို့ ကြားဖူးလားခင်ဗျ”

“ထင်ယောင်ထင်မှားကျွန်း ဟုတ်လား။ ငါ မကြားဖူးပါဘူး... သွေးကွမ်ရင်ရဲ့ ရေတပ်က မြောက်ဘက်ကို ရိက္ခာတွေ သယ်ပို့နေတယ်။ မင်း ယွီကျိန်းကို သွားရှာလိုက်။ သူက ကင်းထောက်ခေါင်းဆောင်ဆိုတော့ ပတ်ဝန်းကျင် ကျွန်းတွေကို အကျွမ်းကျင်ဆုံးပဲ။ အခု သူ မြို့ပြင်က တောင်ဘက် စစ်တန်းလျားမှာ ရှိနေလောက်တယ်”

“ဟုတ်ကဲ့ပါ”

ဆုန်ချွဲက မျက်လုံးဖွင့်ပြီး သတိပေးလိုက်သေး၏။

“မှတ်ထားနော်... ယွီကျိန်းကို ထပ်ပြီး မတော်တရော် မလုပ်နဲ့တော့။ မင်းက မိန်းမစိုးလေး ဖြစ်ပြီးတော့ ဘယ်လိုလုပ် ဒီလောက် ဆိုးသွမ်းနေရတာလဲ။ နင်ဇောင်ဝူဆီက မကောင်းတဲ့အကျင့်တွေ သင်လာတာ သေချာတယ်”

နင်ဇောင်ဝူခမျာ အပြစ်မရှိဘဲ သေနတ်မှန်သွားရ၏။ နင်ဇောင်ဝူသာ ဤနေရာတွင်ရှိပါပ ယခုကဲ့သို် ပြောဆိုပေလိမ့်မည်။

‘ဒီကောင်စုတ်လေးက အစကတည်းက ယုတ်မာပြီးသား။ ငါက သင်ပေးစရာ လိုလို့လား။ ငါ နင်ဇောင်ဝူက နှစ်ပေါင်းများစွာ စာပေကျမ်းဂန်တွေ လေ့လာလိုက်စားခဲ့တဲ့ လူကြီးလူကောင်းကွ’

**--**--**--**--**--**--**--**

လိုဏ်ဂူနက်ကြီးထဲမှ တုပိုင် ယူဆောင်လာခဲ့သော ပုံဆောင်ခဲအမှုန့်သည် တကယ့်ကို မှော်ဆေးဖြစ်သည်။

ဘုရင်လီချန်၏ အဖျား ကျသွားပြီးနောက် ထပ်မံ အဖျားမတက်တော့ဘဲ အခြေအနေ တိုးတက်ကောင်းမွန်လာခဲ့သည်။ တစ်ရက်ခွဲကြာပြီးနောက် သူသည် ကုတင်ပေါ်မှပင် ဆင်း၍လမ်းလျှောက်နိုင်နေပြီး ဆန်ပြုတ်ကိုလည်း ကိုယ်တိုင် သောက်နိုင်ခဲ့သည်။

တုပိုင်နှင့် လူတိုင်း သက်ပြင်းချနိုင်သွားကြသည်။ ဘုရင်ကို နောက်ဆုံးတွင် ကယ်တင်နိုင်ခဲ့ပြီဖြစ်၏။ ဘုရင်၏ အသက်ကို ကယ်တင်ခြင်းသည် အန်နမ်နိုင်ငံ၏ ကံကြမ္မာကို ကယ်တင်ခြင်းနှင့် စစ်ပွဲတစ်ခုလုံးကို ကယ်တင်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

တော်ဝင်သမားတော်များနှင့် အဂ္ဂိရတ်ဆရာများသည် တုပိုင်ကို နတ်ဘုရားတစ်ပါးကဲ့သို့ ကြည့်နေကြသည်။

‘တကယ် အံ့သြစရာ ကောင်းလိုက်တာ’

အူအတက် ပြည်တည်နာသည် ကုသ၍ မရနိုင်သော ရောဂါဖြစ်သည်။ ယင်းကို နယ်စားတုပိုင်က အောင်မြင်စွာ ကုသနိုင်ခဲ့သည်။ ဤသည်က တကယ်ကို အံ့မခန်းပင်ဖြစ်လေ၏။ ချက်ချင်းပင် တော်ဝင်သမားတော်များသည် တုပိုင်အား ကောင်းကင်ဘုံမှ နတ်သတ်ကြွေလာသည့် နတ်ဆေးသမားတော်ဟု ထင်မှတ်သွားကြလေတော့သည်။

တုပိုင်သည် အလျင်လိုနေသောကြောင့် ဘုရင်လီချန်သည် နာမကျန်းဖြစ်နေသော ခန္ဓာကိုယ်ကို ဆွဲကာ တုပိုင်နှင့် တရားဝင် တွေ့ဆုံခဲ့သည်။ မိဖုရားနင်းချန်သည်လည်း ဘေးတွင် ရှိနေပြီး သားအရင်းတစ်ယောက်ကို ကြည့်သကဲ့သို့ တုပိုင်ကို အလွန် ကြင်နာသော မျက်လုံးများဖြင့် ကြည့်ကာ ပြုံးပြနေလေ၏။

အပိုင်း ၄၂၃ ပြီး။

All Chapters