အခန်း (၄၂၄)
Vol. 43 Ch. 424
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၂၄
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
ဘုရင်လီချန်က ပြောလိုက်၏။
“မင်းရဲ့ ကဗျာတွေ အများကြီးကို ငါကြားဖူးတယ်။ မင်းရဲ့ စာစီစာကုံးတွေကိုလည်း ဖတ်ဖူးတယ်။ အဲဒီတုန်းက ငါ တွေးမိတာ တစ်ခု ရှိတယ်။ အကယ်၍များ ငါ့မှာ မင်းလို ကဗျာဉာဏ် ၊ စာဉာဏ်တွေသာ ရှိခဲ့မယ်ဆိုရင် နင်းချန်ကို လိုက်ဖို့အတွက် ဒီလောက် အပင်ပန်းခံစရာ လိုမှာ မဟုတ်ဘူး”
ထိုစကားကို ကြားလိုက်ရသောအခါ မိဖုရားနင်းချန် မျက်နှာရဲသွားပြီး ဘုရင်ကို ဆွဲလိမ်လိုက်မိသော်လည်း သူမ၏ ကျောက်စိမ်းလက်ချောင်းလေးများက ချက်ချင်းပင် ပြန်လွှတ်ပေးလိုက်သည်။
ဘုရင်လီချန် သက်ပြင်းချလိုက်ပြီး ဆက်ပြောသည်။
“ကံဆိုးစွာနဲ့ မင်းနဲ့ ငါက ဒီလို ကပ်ဘေးကာလကြီးမှာ ရှင်သန်နေရတယ်။ ငါက ဘုရင်တစ်ပါးရဲ့ ထီးနန်းဝန်ကို ထမ်းထားရတယ်။ မင်းကျတော့ ထူးချွန်ထက်မြက်လွန်းနေတဲ့အတွက် သာမန်လူတွေထက် ပိုကြီးမားတဲ့ တာဝန်တွေကို ထမ်းဆောင်ရဖို့ ကံပါလာတယ်။ သေဆုံးရတဲ့အထိတောင် ဖြစ်နိုင်တယ်။ ပိုင်ဆယ်စီရင်စုမှာ မင်း ဘာတွေ လုပ်ခဲ့တယ်ဆိုတာ ငါ သိပါတယ်။ ငါတို့အားလုံးက လူမိုက်တွေပါ။ ဒီလမ်းက အန္တရာယ်များမှန်း သိရက်နဲ့ ၊ သေလမ်းနဲ့ နီးမှန်း သိရက်နဲ့ လျှောက်လှမ်းနေကြဆဲပါပဲ”
ဘုရင်လီချန်၏ စကားများကို နားထောင်ပြီးနောက် တုပိုင် အမှန်တကယ် အံ့သြသွားရသည်။ ဘုရင်တစ်ပါးက ရင်ဘတ်ချင်းနီးသော မိတ်ဆွေတစ်ဦးကဲ့သို့ စကားပြောနေသည်။
သူသည် ဧကရာဇ်ထျန်ယွင်နှင့် မတူပေ။ ဧကရာဇ်ထျန်ယွင်၏ တော်ဝင်မိသားစုသည် ဘဝပေး ကြမ်းတမ်းသော်လည်း အလွန်ပြင်းထန်သော ဧကရာဇ်အရှိန်အဝါ ရှိသည်။ သူသည် အမတ်များကို ကာကွယ်ပေးပြီး အဆုံးထိ ယုံကြည်ပေးတတ်သော်လည်း လှည့်ကွက်များကို အသုံးပြုလေ့ မရှိပေ။ သူသည် ခေါင်းမာသော ယုံကြည်မှုနှင့် ရိုးသားမှုကိုသာ အသုံးပြုလေ့ရှိသည်။
တစ်ဖက်တွင်မူ ဘုရင်လီချန်သည် ချက်ချင်းပင် ရင်းနှီးသွားအောင် စကားပြောတတ်သည်။ နွေဦးလေပြေကဲ့သို့ နူးညံ့ပြီး ဘုရင်တစ်ပါး၏ ဟိတ်ဟန် လုံးဝ မရှိဘဲ ရင်ဘတ်ချင်းနီးသော မိတ်ဆွေတစ်ဦးကဲ့သို့ ပြောဆိုတတ်သည်။
“တုပိုင်... ငါ မင်းကို အန်နမ်နိုင်ငံရဲ့ ဖူဖုန်းနယ်စား ရာထူး ပေးအပ်လိုက်တယ်။ ပြီးတော့ အိမ်ရှေ့မင်းသားရဲ့ ဆရာအဖြစ် ခန့်အပ်ချင်ပါတယ်။ မင်း လက်ခံနိုင်မလား”
“မင်း အလုပ်များနေတယ်ဆိုတာ ငါ သိပါတယ်။ ငါ့ရဲ့ သားတော်ကို လမ်းညွှန်ပြသပေးဖို့ အချိန်မရှိဘူး ဆိုတာလည်း ငါ နားလည်ပါတယ်။ ငါ့ရဲ့ အိမ်ရှေ့မင်းသားကို ကဗျာနဲ့ စာပေပိုင်းဆိုင်ရာ လမ်းညွှန်ပြသပေးရုံပါပဲ”
တုပိုင် အံ့သြသွား၏။ ဖူဖုန်းနယ်စားဆိုသည့် ရာထူးက လူရိုသေ ရှင်ရိုသေဖြစ်သော်လည်း ပိုင်ဆယ်နယ်စားရာထူးနှင့် အတူတူပင်ဖြစ်၏။ တကယ် အပိုင်စားရမည့် နယ်မရှိချေ။
အဓိကအချက်က ဘုရင်လီချန်က တုပိုင်ကို အိမ်ရှေ့မင်းသား၏ ဆရာအဖြစ် ခန့်အပ်လိုက်ခြင်း ဖြစ်သည်။ အဆင့်အတန်း သတ်မှတ်ချက် မရှိသော်လည်း ဤဆရာရာထူးသည် ကြီးသည်ဖြစ်စေ ၊ ငယ်သည်ဖြစ်စေ အလွန်အရေးပါသည်။
ဘုရင်လီချန်သည် တုပိုင် တာ့နင်အင်ပါယာတွင် ရာထူးတိုးလာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ ထိုအခါကျမှ ယနေ့ သူ၏ နှုတ်မိန့်တော်သည် တကယ့် အိမ်ရှေ့မင်းသား၏ ဆရာ ဖြစ်လာပေလိမ့်မည်။
တုပိုင် ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဦးညွှတ်ကာ ပြန်လည်လျှောက်တင်လိုက်သည်။
“အရှင်မင်းကြီးရဲ့ မေတ္တာရပ်ခံချက်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျိုး ဘယ်တော့မှ မမေ့ပါဘူး။ အိမ်ရှေ့မင်းသားနဲ့ တွေ့တဲ့အခါ အကောင်းဆုံး ကြိုးစားပါ့မယ်”
ထို့နောက် တုပိုင် ဦးညွှတ်ပြီး နှုတ်ဆက်လိုက်သည်။
“ကျွန်တော်မျိုးကို သွားခွင့်ပြုပါဦး”
“မင်းမှာ လုပ်စရာတွေ ရှိနေမှန်း သိပါတယ်။ သွားပါတော့...”
မိဖုရားနင်းချန်က ခွင့်ပြုလိုက်သည်။ တုပိုင် ထွက်ခွာသွားသောအခါ မိဖုရားနင်းချန် သက်ပြင်းချသံကို ကြားလိုက်ရလေ၏။
“သြော်... ဒီကလေးက ဘာလို့များ မိန်းမစိုး ဖြစ်နေရတာလဲ။ မဟုတ်ရင် နင်းရွှဲ့နဲ့ လက်ထပ်ပေးလိုက်ရင် ဘယ်လောက် ကောင်းလိုက်မလဲ။ မီးအိမ်ထွန်းရှာရင်တောင် မတွေ့နိုင်တဲ့ ခင်ပွန်းကောင်းမျိုးပဲ”
**--**--**--**--**--**--**--**
“တုပိုင်”
ဟွေမြို့တော်၏ တောင်ဘက် ၊ တောင်ထိပ်ပေါ်ရှိ စစ်တန်းလျားငယ်လေးတစ်ခုတွင် မင်းသမီးယွီကျိန်းနှင့် တုပိုင် တွေ့ဆုံလေ၏။
‘သောက်ကျိုးနည်း’
ယွီကျိန်းကို မြင်ရတိုင်း တုပိုင်၏ သွေးသားဆန္ဒများ လှုပ်ရှားလာသလို ခံစားရသည်။
တင်းရင်းနေသော စပါးအုံးမြွေအရေခွံဝတ်စုံကို ဝတ်ဆင်ထားသည်မှာ ယောင်္ကျားသားများကို သွေးရူးသွေးတန်း ဖြစ်စေနိုင်သည်။ အထူးသဖြင့် သူမ ရေချိုးပြီးစ ဖြစ်ပုံရပြီး ဆံပင်များ စိုစွတ်နေကာ ခန္ဓာကိုယ်မှ ပြင်းထန်သော အမျိုးသမီးရနံ့များ သင်းပျံ့နေသည်။
တုပိုင်၏ အံ့သြနေသော မျက်လုံးများကို မြင်လိုက်ရသောအခါ မင်းသမီးယွီကျိန်းသည် အလိုအလျောက် သံချပ်ကာဝတ်စုံကို ကောက်ဝတ်ချင်စိတ် ပေါက်သွားသော်လည်း လက်လျော့လိုက်သည်။
‘ဒီကောင်စုတ်က မိန်းမစိုးလေ။ သူ့မျက်လုံးတွေ အမြတ်ထွက်သွားလည်း ဘာမှ မဖြစ်ပါဘူး’
“ငါ သတိပေးလိုက်မယ်နော်... နင့်မျက်လုံးတွေက သိပ်ပြီး ရိုင်းစိုင်းမနေနဲ့။ အတော်အတင့်ပဲ ကြည့်။ မကြည့်သင့်တဲ့နေရာကို စိုက်ကြည့်နေမယ်ဆိုရင် ငါ နင့်ကို သေချာပေါက် ရိုက်မှာ”
တုပိုင်က မကြည့်သင့်သည့်နေရာက မည်သည့်နေရာနည်းဟု မေးချင်စိတ် ပေါက်သွားသော်လည်း ချက်ချင်းပင် ပါးစပ်ပိတ်လိုက်သည်။
“ပြောပါဦး... ဘာကိစ္စ လာရှာတာလဲ”
တုပိုင် ရောက်လာသောကြောင့် သူမ အလွန် ပျော်ရွှင်နေသည်။ မည်သို့ပင်ဖြစ်စေကာမူ ဤအကောင်က သူမ၏ ချစ်ဖို့ကောင်းသည့် မောင်လေးတစ်ယောက်ဖြစ်၏။
သူသည် အတော်ဆိုးသွမ်းပြီး မိန်းမစိုး ဖြစ်နေလျက်နှင့် သူ၏ ကျမ်းသစ္စာကျိန်ဆိုထားသော ညီမတော် သွေးကွမ်ရင်ကို ကုတင်ပေါ် ခေါ်တင်နိုင်ခဲ့သည့် ကောင်စုတ်လေးပင် ဖြစ်သည်။
“မင်းသမီး... ထင်ယောင်ထင်မှားကျွန်းကို သိလား”
“ထင်ယောင်ထင်မှားကျွန်း ဟုတ်လား။ သိတာပေါ့... အဲဒါက ကျွန်းမဟုတ်ဘူး။ လူသိနည်းတယ်။ လူသူမရှိတဲ့ နေရာတစ်ခုပဲ။ အဲဒီကို မင်း ဘာသွားလုပ်မလို့လဲ။ အဲဒီနေရာက တော်တော် ထူးဆန်းတယ်။ မသွားတာ ပိုကောင်းမယ်”
“အရေးကြီးကိစ္စ ရှိလို့ပါ။ ထင်ယောင်ထင်မှားကျွန်းကို မဖြစ်မနေ သွားရမယ်”
တုပိုင် အမှန်အတိုင်း ပြောပြလိုက်သည်။ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်သည် ထင်ယောင်ထင်မှားကျွန်းပေါ်တွင် ရှိနေသောကြောင့် ဖြစ်သည်။
“ကောင်းပြီလေ... ခဏနေရင် ငါ လိုက်ပို့ပေးမယ်... နောက်သုံးရက်အတွင်း ငါ့မှာ တာဝန် မရှိဘူး”
တုပိုင် ခဏမျှ စဉ်းစားလိုက်ပြီး ရင်ဘတ်ထဲမှ ချန်ကွန်းဟွန်ယွမ်ဆေးလုံးကို ထုတ်ယူကာ ယွီကျိန်းကို ပေးလိုက်သည်။
“ရော့... ဒါ အမအတွက်”
“ဘာလဲ”
“ချန်ကွန်းဟွန်ယွမ်ဆေးလုံး... ပေမင်ဓားဂိုဏ်းက ရတာ”
“ဟယ်...”
မင်းသမီးယွီကျိန်း အာမေဋိတ်သံပြုလိုက်မိသည်။
“တန်ဖိုးမဖြတ်နိုင်တဲ့ ချန်ကွန်းဟွန်ယွမ်ဆေးလုံးလား။ အရိုးနဲ့ ကြွက်သားတွေကို အမြဲတမ်း သန်မာစေနိုင်တဲ့ ချန်ကွန်းဟွန်ယွမ်ဆေးလုံးလား”
“ဟုတ်တယ်”
“ငါ့ကို ပေးတာလား။ ဘာလို့လဲ”
မင်းသမီးယွီကျိန်း တုန်ယင်စွာ မေးမြန်းလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဤအရာသည် သိုင်းပညာရှင်များအတွက် အလွန် တန်ဖိုးရှိလွန်းသောကြောင့် ဖြစ်သည်။ တကယ့်တန်ဖိုးက ဖြတ်မရနိုင်ပေ။ သိုင်းလောကတစ်ခုလုံးကို ရူးသွပ်သွားစေနိုင်သော ဆေးလုံးဖြစ်သည်။ တုပိုင်သည် မည်သည့်အတွက်ကြောင့် သူ့ကို ပေးရသနည်း။ ဤမျှပင် ရက်ရောပါသလော။
ထိုအချိန်တွင် တုပိုင် ပေးလိုက်ပုံက ရွှေတောင်ကြီးကို ပစ်ပေးလိုက်သကဲ့သို့ ပေါ့ပါးလွန်းနေသည်။
“ချစ်သူများနေ့အတွက် လက်ဆောင်”
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဆုန်ယွီကျိန်းသည် သူမ၏ ဖခင်ကဲ့သို့ပင် သိုင်းပညာ ပါရမီနည်းပါးသောကြောင့် တစ်သက်လုံး မဟာဆရာသခင်အဆင့်ကို ဘယ်တော့မှ ကျော်ဖြတ်နိုင်မည် မဟုတ်ဘဲ ဆရာသခင်အဆင့်မှာပင် ရပ်တန့်နေမည့်သူ ဖြစ်သည်။ ချန်ကွန်းဟွန်ယွမ်ဆေးလုံး ရှိလျှင် အရိုးတွင်းခြင်ဆီကို ဆေးကြောပြီး သွေးကြောများကို ဖြတ်တောက်ကာ အရိုးနှင့် ကြွက်သားများ၏ ပါရမီကို ပိုပြီး တိုးတတ်လာနိုင်စေသည်။
ထိုအခါ သူမသည် မဟာဆရာသခင်အဆင့်သို့ တက်လှမ်းနိုင်ရန် မျှော်လင့်ချက် ရှိလာပေလိမ့်မည်။ ယခု တုပိုင်ပေးလိုက်သည့် ဆေးလုံးမှာ သူမအတွက်တော့ နတ်ဆေးလုံးကဲ့သို့ကို အဖိုးတန်လေ၏။
“နင်... နင်ဘာလို့ ကိုယ့်ဘာသာ မသုံးဘဲ ငါ့ကို ပေးရတာလဲ”
“အာ... စကားတွေ များမနေပါနဲ့”
တုပိုင်သည် ချန်ကွန်းဟွန်ယွမ်ဆေးလုံးကို ထုတ်ယူပြီး ဆုန်ယွီကျိန်း၏ ပါးစပ်ထဲသို့ အတင်း ထည့်ပေးလိုက်သည်။ မင်းသမီးယွီကျိန်း လန့်သွားပြီး ချက်ချင်းပင် တင်ပျဉ်ခွေထိုင်လိုက်ကာ ချန်ကွန်းဟွန်ယွမ်ဆေးလုံး၏ အာနိသင်ကို စတင် စုပ်ယူလိုက်သည်။
‘အမလေး...’
တုပိုင် စိတ်ထဲမှ တီးတိုး ရေရွတ်လိုက်သည်။
‘တကယ့်ကို ကြောက်စရာ ကောင်းလိုက်တာ’
တင်ပျဉ်ခွေထိုင်လိုက်သောအခါ ပေါက်ကွဲထွက်မတတ် တင်းရင်းနေသော ခါးနှင့် တင်ပါး အချိုးအစားသည် လူသတ်နိုင်လောက်ပေသည်။
‘ငါ ဆက်မကြည့်ရဲတော့ဘူး။ ငါလိုမိန်းမစိုးတောင် ဆက်မကြည့်ရဲရင် သာမန်လူတွေဆို ဘယ်လိုနေမလဲ’
နောက်ပိုင်းတွင် မင်းသမီးယွီကျိန်း၏ မျက်နှာသည် ပိုမို နီမြန်းလာပြီး ခန္ဓာကိုယ် တစ်ခုလုံးမှ အဖြူရောင် အငွေ့များ ထွက်ပေါ်လာသည်။ တဲအတွင်းရှိ ရနံ့သည်လည်း ပိုမို ပြင်းထန်လာသည်။
“ဖောက်... ဖောက်... ဖောက်...”
ယွီကျိန်း၏ ခန္ဓာကိုယ်အတွင်းမှ ပဲလှော်သလို အသံများ ထွက်ပေါ်လာသည်။ ယင်းသည် အရိုးနှင့် ကြွက်သားများ၏ ပါရမီများ တိုးတက်လာခြင်း ဖြစ်သည်။
“အင်း... အင်း...”
မင်းသမီးယွီကျိန်းဆီမှ နာကျင်မှုကို မခံစားနိုင်သော ညည်းသံများ ထွက်ပေါ်လာသည်။ တုပိုင် စိတ်ထင်၍လော မသိပေ။ မင်းသမီးယွီကျိန်း၏ ခန္ဓာကိုယ်သည် အနည်းငယ် ပိုရှည်လာကြောင်း တွေ့လိုက်ရသည်။
မူလကတည်းက အလွန်လှပသော ခြေတံရှည်ကြီးများသည် ယခု ပိုမို ရှည်လျားလာသည်။ သွေးသားဆန္ဒများ ပေါက်ကွဲထွက်စေနိုင်သော ခန္ဓာကိုယ်သည် ယခု ပိုမို ဆွဲဆောင်မှု ရှိလာသည်။ ထို့ပြင် ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ပြင်းထန်သည့် ရနံ့သည် လူကို မူးဝေသွားစေနိုင်သည်။
ဤသည်မှာ ခန္ဓာကိုယ်ပါရမီကို တိုက်ရိုက် မြှင့်တင်ပေးပြီး ပြောင်းလဲပေးနိုင်သော ချန်ကွန်းဟွန်ယွမ်ဆေးလုံး၏ စွမ်းအားလော။
အချိန်ကြာမြင့်စွာ ကုန်ဆုံးပြီးနောက် မင်းသမီးယွီကျိန်းသည် သူမ၏ လှပသော မျက်လုံးများကို ဖွင့်လိုက်သည်။ သူမ၏မျက်လုံးများသည် တောက်ပပြီး ကြောက်စရာ ကောင်းလောက်အောင် လှပနေသည်။
မတ်တတ်ရပ်လိုက်သောအခါ သူမသည် တစ်လက်မခန့် ပိုအရပ်ရှည်လာသည်။ ဤခန္ဓာကိုယ် အချိုးအစားသည် စုတ်တံဖြင့် ပုံဖော်၍ မရနိုင်လောက်အောင် လှပလွန်းနေသည်။
ယွီကျိန်းသည် တုပိုင်ကို ကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။
“ငါ့ရဲ့ ကြွက်သားနဲ့ အရိုးပါရမီတွေ အမြဲတမ်း တိုးတက်သွားပြီ။ နောက်ဆို ငါ မဟာဆရာသခင်အဆင့်ကို ချိုးဖျက်နိုင်ဖို့ မျှော်လင့်ချက် ရှိလာပြီ။ ဒီလောက်ကြီးမားတဲ့ ကျေးဇူးတရားကို ငါ ဘယ်လို ပြန်ဆပ်ရမလဲ”
တုပိုင်ကို အပြစ်မတင်သင့်ချေ။ အပြစ်ဖို့လိုလျှင် ယွီကျိန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ရနံ့ကို ပိုမို ပြင်းထန်စေပြီး လူကို မူးဝေစေသည့် ချန်ကွန်းဟွန်ယွမ်ဆေးလုံးကိုသာ အပြစ်တင်လိုက်ရမည်။ အပြစ်တင်လိုလျှင် မင်းသမီးယွီကျိန်း၏ ခန္ဓာကိုယ်က ဆွဲဆောင်မှု ရှိလွန်းနေသည်ကိုသာ အပြစ်တင်ရမည်။
တုပိုင်သည် နှာဘူးစိတ်ဝင်သွားပြီး ဦးနှောက်မသုံးဘဲ လွှတ်ခနဲ ပြောလိုက်မိသည်။
“ကျေးဇူးဆပ်ချင်တာလား။ ဒါဆို ကျနော့်ကို ကိုင်ခွင့်ပေးလေ...”
အပိုင်း ၄၂၄ ပြီး။