← Chapters

အခန်း (၄၂၅)

Vol. 43 Ch. 425

အခန်း (၄၂၅)

Vol. 43 Ch. 425

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၂၅

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

မျက်စိတစ်မှိတ်အတွင်းမှာပင် တုပိုင်သည် မြေပြင်ပေါ်သို့ ပစ်လဲကျသွားပြီး အလူးအလဲ အရိုက်ခံလိုက်ရလေတော့၏။

မင်းသမီးယွီကျိန်း... ဤကျားမကြီး... ဤမိစ္ဆာမလေးသည် လူရိုက်နှက်ရာတွင် အမှန်တကယ် ရက်စက်လှပေသည်။

“လွှတ်... လွှတ်...”

တုပိုင်၏ ညာဘက်လက်မောင်းသည် ကျောဘက်သို့ လိမ်ချိုးချုပ်နှောင်ခြင်း ခံထားရပြီး ခါးကို မင်းသမီးယွီကျိန်းက ဒူးခေါင်းဖြင့် ဖိထားသဖြင့် လုံးဝ လှုပ်မရတော့ချေ။

“တုပိုင်... ခွေးကောင်လေး... နင် ငါ့ကို မတော်တရော် လုပ်ရဲသေးလား”

“အမဆုန်ယွီကျိန်း... ကျနော့်သိုင်းပညာက အခုဆို အတော်ကောင်းနေပြီနော်။ အမ အရင် လွှတ်ပေးလိုက်။ ပြီးရင် ပုံမှန်အတိုင်း ယှဉ်တိုက်ကြည့်ရအောင်။ အမ ကျနော့်ကို နိုင်ချင်မှ နိုင်တော့မှာ”

ရုတ်တရက် မင်းသမီးယွီကျိန်းက သူ့ကို လွှတ်ပေးလိုက်ပြီး စိန်ခေါ်လိုက်၏။

“လာလေ... နိုင်တယ်ဆို... လာစမ်းပါ”

ထိုအခါ တုပိုင် ရုတ်တရက် ဇဝေဇဝါ ဖြစ်သွားလေသည်။

‘ငါ ဘယ်လို တိုက်ရမလဲ’

‘ဝိညာဉ်ဖြတ်ဓားသိုင်းနဲ့ တိုက်ရမလား။ မဖြစ်ပါဘူး... ဒါက ဝိညာဉ်ကို အများကြီး ထိခိုက်စေတယ်။ သွေးကြောခြောက်သွယ် ဓားသိုင်းနဲ့ တိုက်ရမလား’

‘သောက်ကျိုးနည်း... ရူးနေလား။ ဒါ မင်းရဲ့ စီနီယာအစ်မတော်လေ။ မင်းကို ကာကွယ်ဖို့ သူ့ကိုယ်သူ စတေးခဲ့တဲ့သူလေ’

ထို့ကြောင့် တုပိုင်သည် အလွန်အစွမ်းထက်သော်လည်း သူ၏ အစွမ်းထက်သော သိုင်းပညာများကို ထုတ်သုံး၍ မရချေ။ တစ်ခုတည်းသော သုံးနိုင်သည့် အရာမှာ လင်းပိုခြေလှမ်းဖြင့် ထွက်ပြေးခြင်းသာ ဖြစ်သည်။

အမှန်စင်စစ် ဆိုရလျှင် တုပိုင်သည် သွေးကြောခြောက်သွယ် ဓားသိုင်းကို သုံးလျှင်ပင် မင်းသမီးယွီကျိန်း၏ ပြိုင်ဘက် မဟုတ်ပေ။ လွန်ခဲ့သော နှစ်ဝက်ခန့်က တုပိုင် သူမနှင့် တွေ့ဆုံစဉ်က သူမသည် အဆင့်သုံး သိုင်းပညာရှင် ဖြစ်ပြီး ယခုအခါ အဆင့်နှစ်သို့ ချိုးဖောက်ဝင်ရောက်သွားပြီ ဖြစ်လေသည်။

မင်းသမီးယွီကျိန်းက လက်ယပ်ခေါ်လိုက်သည်။

“လာလေ...”

တုပိုင်သည် လက်ဝါးကို ဝှေ့ယမ်းလိုက်၏။

‘တခြားဟာ မသုံးရင် နေပါစေ... ကြက်ခြောက်ကောင်သိုင်း လောက်တော့ ငါ တတ်ပါသေးတယ်’

သို့သော် နောက်တစ်စက္ကန့်တွင် သူ့ကို မင်းသမီးယွီကျိန်းက မြေပြင်ပေါ်သို့ ထပ်မံ ဖိချလိုက်ပြန်သည်။

“လွှတ်ပါ... လွှတ်ပါ... လွှတ်ပါ... နာတယ်...”

တုပိုင်သည် မြေပြင်ကို လက်ဖြင့် တဘုန်းဘုန်းရိုက်ကာ အရှုံးပေးကြောင်း ပြသလိုက်ရ၏။

“နင် ငါ့ကို မတော်တရော် လုပ်ရဲသေးလား”

“မလုပ်ရဲတော့ပါဘူး... မလုပ်ရဲတော့ပါဘူး...”

မင်းသမီးယွီကျိန်းသည် တုပိုင်ကို လွှတ်ပေးလိုက်သည်။ သူမ၏ ပါးပြင်များနှင့် လှပသော မျက်ဝန်းများသည် အနည်းငယ် နီမြန်းနေလေသည်။

‘ဒီကောင်မလေးနဲ့ သိပ်ပြီး နောက်ပြောင်လို့ မရပါလား’

မင်းသမီးယွီကျိန်းက တုပိုင်ကို ကြည့်ပြီး လေးနက်စွာ ပြောဆိုလာ၏။

“ဂိုဏ်းတူမောင်လေး... နင်နဲ့ ငါက အလွန်ရင်းနှီးတဲ့သူတွေပါ။ နင်က ငါ့မောင်လေး အရင်းလိုပါပဲ”

“နင့်အတွက်ဆို ငါ အများကြီး လုပ်ပေးနိုင်တယ်။ အများကြီး ပေးဆပ်နိုင်တယ်။ လိုအပ်ရင် ငါ့အသက်ကိုတောင် ပေးရဲတယ်။ ဒါပေမဲ့... နင် ငါ့ကို အမြဲတမ်း စနောက်နေလို့ မရဘူး။ အဲဒါက နင် ငါ့ကို မလေးစားဘူးလို့ ခံစားရစေတယ်”

တုပိုင်သည် ခေါင်းငုံ့ကာ ဝန်ခံလိုက်၏။

“သိပါပြီ”

“ပြီးတော့... ငါ ဒီလို ခန္ဓာကိုယ်မျိုး ဖြစ်လာတာ ငါ့ဆန္ဒ မဟုတ်ဘူး။ စပါးအုံးမြွေအရေခွံဝတ်စုံ ဝတ်တာက တိုက်ခိုက်တဲ့နေရာမှာ ပိုပြီး လှုပ်ရှားရ လွယ်ကူစေဖို့လေ။ အပြင်သွားရင် ငါ သတိထားပါတယ်။ နွေရာသီဆိုရင် သံချပ်ကာဝတ်စုံနဲ့ ဖုံးထားပါတယ်”

“သိပါပြီ”

“အစ်မတော်ယွီကျိန်း... ကျွန်တော် အစ်မတော်ကို အပြစ်ပြောတာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့တစ်ခေါက် နယ်စားမင်းဆီမှာ ကျွန်တော် မတော်တဆ စကားကျွံပြီး အစ်မတော်ကို လက်ထပ်ချင်တယ်လို့ ပြောမိတာကို အစ်မတော်က နယ်စားမင်းဆုန်ချွဲကို ပြန်ပြောလိုက်တယ်လေ။ အဲဒါကြောင့် ခုနက သူ ကျွန်တော့်ကို ပခုံးပုတ်ပြီး သတိပေးလိုက်သေးတယ်။ အစ်မတော်ကို မစနောက်ဖို့တဲ့။ သူက လူကြီးလေ... အဲဒီတုန်းက ကျွန်တော် မြေကြီးထဲပဲ တိုးဝင်သွားချင်တော့တယ်”

မင်းသမီးယွီကျိန်းက အံကြိတ်ရင်း ဆိုလေ၏။

“ငါ့အဖေက နင့်ကို ခုနလေးတင် သတိပေးလိုက်တာ။ မနင်က ချက်ချင်း လှည့်ပြီး ငါ့ကို လာစတယ်ပေါ့လေ။ ပြီးတော့ စကားလုံးတွေကလည်း အရမ်း ရိုင်းစိုင်းတယ်။ ငါ ထင်တာတော့ နင် အတော်လေး အရိုက်ခံချင်နေပုံရတယ်”

တုပိုင်သည် လက်နှစ်ဖက်ကို မြှောက်ကာ အလျင်အမြန် တားဆီးလိုက်လေသည်။

“ရပ်ပါ... ရပ်ပါ... အစ်မတော်... ကျွန်တော် လက်မြှောက်ပါပြီ”

“ကျွန်တော် ဆိုလိုတာက ဒီလို ကိစ္စမျိုးကို အဖေဖြစ်သူဆီ ပြန်ပြောပြရလောက်အောင် အစ်မတော်က မရှက်ဘူးလားလို့ မေးချင်တာပါ”

မင်းသမီးယွီကျိန်းက ခေါင်းလှည့်ပြီး ရှက်ရွံ့စွာ ဖြေရှင်းလေ၏။

“ငါ တမင်ပြောတာ မဟုတ်ပါဘူး။ ငါ ယောင်ပြီး ပြောမိတာကို အဖေ ကြားသွားတာ။ အဲဒီကတည်းက အဖေက ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ့ကို ခဏခဏ စနောက်နေတာ။ ဒါကြောင့် နောက်တစ်ခါ နင် ငါ့ကို ထပ်စရင် နင့်အဖေတောင် နင်ကို မမှတ်မိနိုင်လောက်အောင် ရိုက်ပစ်မယ်”

“ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ... အစ်မတော်က အတော်ဆုံးပါ”

တုပိုင် တောင်းပန်လိုက်သည်။ ထို့နောက် တုပိုင်သည် သူမ၏ သံချပ်ကာဘေးရှိ စစ်ဓားကို ကြည့်လိုက်သည်။ ယင်းသည် ရတနာဓားတစ်လက် ဖြစ်သော်လည်း ဓားသွားတွင် ပဲ့ရာများစွာ ရှိနေပြီး အချို့နေရာများတွင် တွန့်လိပ်နေသည်။ သိသာထင်ရှားစွာပင် သူမသည် အလွန် ပြင်းထန်သော တိုက်ပွဲများကို ဖြတ်သန်းခဲ့ရသည်။

တုပိုင်သည် စကားတစ်ခွန်းမျှ မပြောဘဲ တဲပြင်သို့ ထွက်သွားလေ၏။ မင်းသမီးယွီကျိန်း အံ့သြသွားပြီး နောက်မှ လိုက်ကာ မေးမြန်းလိုက်သည်။

“မောင်လေး စိတ်ဆိုးသွားတာလား။ အမှားလုပ်တာက နင်လေ... ဘာလို့ စိတ်ဆိုးနေရတာလဲ”

“အမြန် ဝင်သွားစမ်းပါ အစ်မတော်ရာ... အစ်မတော်က အလွန် ဆွဲဆောင်မှု ရှိလွန်းတယ်။ အဲဒီ တင်းရင်းနေတဲ့ စပါးအုံးမြွေအရေခွံဝတ်စုံကြီး ဝတ်ထားတာ တခြားယောက်ျားတွေ မြင်ရင် သေကုန်ကြလိမ့်မယ်”

သူ့စကားကြောင့် မင်းသမီးယွီကျိန်း လက်သီးဆုပ်လိုက်ပြီး သူ့ကို ထပ်ရိုက်ချင်စိတ် ပေါက်သွားသည်။

တုပိုင်သည် တောရိုင်းမြင်းဘုရင်ပေါ်မှ အထုပ်ကို ဖြေလိုက်သည်။ အထဲတွင် လျှို့ဝှက်ရွှေဓားတစ်လက် ရှိသည်။ ယင်းကို မိုထျန်နန်၏ ရတနာသိုက်မှ ရရှိခဲ့ခြင်း ဖြစ်သည်။ မိုချို ဖမ်းဆီးခြင်း ခံရစဉ်က ဤအထုပ်သည် ပေမင်ဓားဂိုဏ်း၏ အန်ချိုကျွန်းသခင် လက်ထဲသို့ ရောက်သွားခဲ့သည်။ ဤဓားသည် အဆင့်မြင့်ဓားတစ်လက် ဖြစ်သော်လည်း အန်ချိုကျွန်းသခင်က သိမ်းပိုက်ခြင်း မရှိဘဲ တုပိုင် ပြန်လာသောအခါ အားလုံး ပြန်ပေးခဲ့သည်။

တုပိုင်သည် ရတနာဓားကို ကိုင်ပြီး တဲထဲသို့ ဝင်သွားကာ ဆုန်ယွီကျိန်း၏ စစ်ဓားကို ဆွဲထုတ်ပြီး ခုတ်ချလိုက်လေ၏။

“ထန်းးးး”

ရုတ်တရက် ဆုန်ယွီကျိန်း၏ ဓားသည် တိုက်ရိုက် ပြတ်ထွက်သွားသော်လည်း တုပိုင်၏ ဓားမှာ အနည်းငယ်မျှပင် ပွန်းပဲ့ထိခိုက်သွားခြင်း မရှိချေ။ မင်းသမီးယွီကျိန်း၏ လှပသော မျက်ဝန်းများ တောက်ပလာပြီး တုပိုင်လက်ထဲမှ ရတနာဓားကို မယုံနိုင်စွာ ကြည့်နေမိသည်။

‘လောကကြီးမှာ ဒီလောက် ထက်မြက်ပြီး မာကျောတဲ့ ဓားမျိုး ရှိသေးတာလား’

“အစ်မတော်... ကျွန်တော် ခုနက ဓားအကြောင်း လိမ်ပြောလိုက်တာပါ။ ဒီဓားကို အစ်မတော်ကို ပေးမလို့ပါ။ စစ်မြေပြင်မှာ တိုက်ခိုက်ဖို့ အစ်မတော်နဲ့ ပိုလိုက်ဖက်တယ်။ ဒီဓားရှိရင် ရန်သူက ဘယ်လို သံချပ်ကာပဲ ဝတ်ထားဝတ်ထား... အကုန် ခုတ်ပိုင်းပစ်လို့ ရတယ်”

“နင့်မှာ တစ်လက်ပဲ ရှိတာ... ငါ မယူရက်ပါဘူး”

“ကျွန်တော့်မှာ အလက်တစ်ရာကျော် ရှိတယ်။ ကိစ္စမရှိပါဘူး”

မင်းသမီးယွီကျိန်းက မယုံကြည်နိုင်စွာဖြင့် မေးမြန်းလိုက်၏။

“ဘာ... ဒီလောက် တန်ဖိုးရှိတဲ့ ရတနာဓားမျိုး အလက်တစ်ရာကျော် ရှိတယ် ဟုတ်လား”

တုပိုင်က သူမ၏ နှာခေါင်းကို ဆွဲညှစ်ရင်း ကျီစယ်လိုက်လေသည်။

“စတာပါ”

“မြေအောက် ရတနာသိုက်တစ်ခုကနေ အများကြီး ဒုက္ခခံပြီး ယူလာရတာပါ။ ရရချင်း အစ်မတော်ယွီကျိန်းကို ပေးဖို့ အရင်ဆုံး သတိရမိတယ်။ ကျွန်တော်က ဓားသမားလေ။ ကျွန်တော်က အစ်မတော်ရဲ့ ဓားကို သုံးမယ်။ အစ်မတော်က ကျွန်တော့်ဓားကို သုံး။ အဲဒါဆို မျှတသွားပြီ”

မင်းသမီးယွီကျိန်း အလွန် စိတ်လှုပ်ရှားသွားသော်လည်း သူ့ကို စူးစူးဝါးဝါး ကြည့်လိုက်သည်။ မြင့်မြတ်သော ကိစ္စကို အဘယ်ကြောင့် ဤမျှပင် နှာဘူးဆန်အောင် ပြောဆိုရသနည်း။ ဤကောင်လေးသည် အချိန်တိုင်း အခွင့်အရေး ယူချင်နေသည်သာ ဖြစ်သည်။

“တကယ် အမကို ပေးတာလား”

“ဒါပေါ့... အစ်မတော်ယွီကျိန်းကလွဲရင် ဘယ်သူက ဒီဓားမျိုးကို သုံးဖို့ ထိုက်တန်မှာလဲ”

မင်းသမီးယွီကျိန်းသည် မည်သည့်စကားမျှ မဆိုဘဲ တုပိုင်၏ လက်ကို ဖယ်ရှားကာ ရတနာဓားကို လှမ်းယူလိုက်၏။

“ခဏ ထမင်းသွားချက်လိုက်ဦးမယ်။ မောင်လေး ညစာ စားသွား။ ပြီးရင် မောင်လေးကို ထင်ယောင်ထင်မှားကျွန်းဆီ လိုက်ပို့ပေးမယ်။ ကြိုပြောထားမယ်နော်... အမလက်ရာက သိပ်မကောင်းဘူး”

မင်းသမီးယွီကျိန်းက ပြောပြီးနောက် လှည့်ထွက်သွားသည်။ တုပိုင်၏ ရမ္မက်ဆန္ဒ ပြင်းပြသော အကြည့်များကို ကာကွယ်ရန် ဝတ်ရုံတစ်ထည် ထပ်ဝတ်ရန်လည်း မမေ့ပေ။

နာရီဝက် ကြာပြီးနောက် တုပိုင်၏ မျက်နှာက ရှုံ့မဲ့သွားလေ၏။

“အစ်မတော်ယွီကျိန်း... ကျွန်တော် တကယ် မလိမ်ပါဘူး။ အစ်မတော်ရဲ့ လက်ရာက တကယ့်ကို ဆိုးရွားလွန်းပါတယ်”

“စားလို့ရရင် ပြီးတာပဲ... အမအဖေအတွက်တောင် အမ တခါမှ ချက်မကျွေးဖူးဘူး။ မောင်လေးကို ကျေးဇူးတင်လို့သာ ချက်ကျွေးတာ။ မဟုတ်ရင် အမ ချက်ကျွေးမယ်များ ထင်နေလား”

“ကျွန်တော်... ကျွန်တော် စစ်တပ်ရိက္ခာပဲ စားတော့မယ်”

“စားပြီးမှ ပြောစမ်းပါ။ အမ မနည်း ချက်ထားရတာ”

ထို့နောက် တုပိုင်သည် မင်းသမီးယွီကျိန်း ချက်ထားသော ထမင်းဟင်းများကို မနည်း ကြိုးစားပြီး ကုန်အောင် စားလိုက်ရသည်။ သူမကိုယ်တိုင်ကမူ တစ်လုပ်သာ စားပြီး တူကို ချကာ ပန်းသီးတစ်လုံးကို ယူစားနေလေ၏။

“အစ်မတော်ယွီကျိန်း... အစ်မတော် အသက် ဘယ်လောက်ရှိပြီလဲ”

“ကလေးတွေက လူကြီးကိစ္စ သိပ်မမေးနဲ့”

“အစ်မတော်က ကြီးတာလား... မင်းသမီးနင်းရွှဲ့က ကြီးတာလား”

မင်းသမီးယွီကျိန်းသည် ခဏမျှ တိတ်ဆိတ်သွားပြီး ပန်းသီးကို တစ်ကိုက် ကိုက်ကာ ဖြေကြားလေ၏။

“ငါက ပိုကြီးတယ်”

“ဘယ်လောက် ကြီးတာလဲ”

“ပါးစပ်ပိတ်ထားစမ်း... စားလို့ ပြီးပြီလား။ သွားမယ်... မင်းကို ထင်ယောင်ထင်မှားကျွန်းဆီ လိုက်ပို့ပေးမယ်”

သူမ စကားလမ်းကြောင်း လွှဲလိုက်သည်။

**--**--**--**--**--**--**--**

မင်းသမီးယွီကျိန်းသည် တုပိုင်ကို ခေါ်ပြီး စစ်တန်းလျားမှ ထွက်ခွာလာကာ လှေငယ်လေးတစ်စင်းဖြင့် တောင်ဘက် ပင်လယ်ပြင်သို့ ရွက်လွှင့်လာသည်။

“ထင်ယောင်ထင်မှားကျွန်းက ကျွန်းမဟုတ်ဘူးလို့ ပြောတယ်မလား”

“ခဏနေရင် မင်း သိရမှာပါ”

ထို့နောက် သူမ၏ လှေသည် တောင်ဘက်သို့ ဆက်လက် ဦးတည်သွားသည်။ တောင်ဘက် လီ ၃၀၀ ခန့် ရောက်သောအခါ ယွီကျိန်းက ရှင်းပြလေ၏။

“တခြားအချိန်ဆိုရင် အမ မင်းနဲ့အတူ တိတ်တဆိတ် သွားရမှာ။ ဘာလို့လဲဆိုတော့ ဒီဧရိယာကို ပုန်ကန်သူတွေ ထိန်းချုပ်ထားလို့ပဲ။ အခုတော့ ပုန်ကန်သူတွေ ဆုတ်ခွာသွားကြပြီ”

နှစ်နာရီခန့် ကြာသောအခါ မင်းသမီးယွီကျိန်း၏ လှေ ရပ်သွားသည်။ နှစ်ယောက်သား လှေပေါ်မှ ဆင်းလိုက်ကြပြီး မင်းသမီးယွီကျိန်းက လှေကို ကမ်းစပ်သို့ ဆွဲတင်လိုက်သည်။

တုပိုင် ဝင်ကူချင်သော်လည်း လှေဆွဲတင်ရန် ကိုင်းညွှတ်လိုက်သော မင်းသမီးယွီကျိန်း၏ ခန္ဓာကိုယ် အချိုးအစားကို မြင်လိုက်ရသဖြင့် အနောက်တွင် လက်ပိုက်ရပ်ကာ ရှုခင်းကြည့်ရန်သာ ဆုံးဖြတ်လိုက်လေ၏။

အပိုင်း ၄၂၅ ပြီး။

True Immortal Team

All Chapters