← Chapters

အခန်း (၄၂၆)

Vol. 43 Ch. 426

အခန်း (၄၂၆)

Vol. 43 Ch. 426

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၂၆

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ထို့ကြောင့် မင်းသမီးယွီကျိန်းသည် လှေကို ကမ်းစပ်သို့ ဆွဲတင်ကာ ဝှက်ထားလိုက်၏။ ထို့နောက် တုပိုင်ကို ထုရိုက်ကာ ဒေါသတကြီး ပြောလိုက်လေသည်။

“နင့်လိုလူနဲ့ အတူရှိနေရရင် တစ်နေ့ကို သုံးခါလောက် ရိုက်ချင်စိတ်ပေါက်တယ်”

ထို့နောက် လူငယ်နှစ်ဦးသည် ကမ်းစပ်အနောက်ဘက်ရှိ ထူထပ်သော တောအုပ်ထဲတွင် တိတ်ဆိတ်စွာ ထိုင်နေလိုက်ကြသည်။

“အစ်မယွီကျိန်း...”

တုပိုင်က ခေါ်လိုက်သည်။

မင်းသမီးယွီကျိန်းက ပြောလိုက်ပြီးနောက် မြေပြင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ မျက်လုံးများကို မှိတ်ထားလိုက်၏။

“ငါ့ကို လာစကားမပြောနဲ့... ငါ ချီကွန်းသိုင်းပညာ ကျင့်ကြံမလို့”

တုပိုင်က ဆက်ပြောလိုက်သည်။

“အရေးကြီးကိစ္စ ရှိလို့ပါ”

ယွီကျိန်းသည် သူမ၏ လှပသော မျက်ဝန်းများကို ဖွင့်ကြည့်လိုက်ပြီး မေးလိုက်၏။

“ဘာကိစ္စလဲ”

“ကျွန်တော့်ဆီမှာ သားရဲဆန်းအရေခွံနဲ့ လုပ်ထားတဲ့ မျက်နှာဖုံးတစ်ခု ရှိတယ်။ ကျွန်တော့်မျက်နှာပုံစံနဲ့ ကိုက်ညီအောင် ပြုပြင်ဖို့ ရက်အနည်းငယ်လောက် အချိန်ယူခဲ့ရတယ်။ အခု အစ်မက ဒီမျက်နှာဖုံးကို ကျွန်တော့်မျက်နှာပေါ်မှာ သေသေချာချာ ကပ်ပေးဖို့ ကူညီပေးပါဦး။ မျက်နှာပေါ်က အမွေးအမျှင်တွေကိုလည်း သေသေချာချာ ညှိပေးပါဦး”

မင်းသမီးယွီကျိန်းက ငြင်းလိုက်သည်။

“နေ့ခင်းကြောင်တောင်တုန်းက ငါ့ကို မပြောနဲ့... အခု ညရောက်မှ လုပ်”

တုပိုင်သည် ထျန်ကျီကျွန်းသခင်၏ ရတနာသိုက်ထဲမှ ရရှိခဲ့သော ညလင်းပုလဲတစ်လုံးကို ထုတ်လိုက်ပြီး ပြုံးကာ ပြောလိုက်လေ၏။

“ညချမ်းအချိန်ခါရဲ့ ကဗျာဆန်မှုပေါ့...”

မင်းသမီးယွီကျိန်းသည် သည်းမခံနိုင်တော့ဘဲ သူ့ကို မြေပြင်ပေါ် လဲကျသွားအောင် ထပ်မံ ရိုက်နှက်လိုက်ပြန်လေသည်။

ထို့နောက်တွင်တော့ မင်းသမီးယွီကျိန်းသည် ညလင်းပုလဲ၏ အလင်းရောင်အောက်၌ တုပိုင်၏ မျက်နှာပေါ်တွင် ထူးဆန်းသော သားရဲအရေခွံ မျက်နှာဖုံးကို တစ်စတစ်စ တပ်ဆင်ပေးရတော့သည်။ မျက်နှာပေါ်ရှိ အမွေးအမျှင်များကို တစ်ချောင်းချင်းစီ သေသေချာချာ ညှိယူပေးနေရ၏။

အလင်းရောင် အားနည်းသောကြောင့် သူမသည် တုပိုင်နှင့် အလွန်နီးကပ်စွာ နေရပြီး ထွက်သက်ဝင်သက် လေငွေ့သံကိုပင် ကြားနေရလောက်အောင် နီးကပ်နေသည်။

မင်းသမီးယွီကျိန်းက ဒေါသတကြီး ပြောလိုက်၏။

“တုပိုင်... နင်က တကယ့် ကောင်စုတ်လေးပဲ။ နင် တမင်သက်သက် လုပ်တာမလား”

တစ်နာရီကျော် ကြာပြီးနောက် မင်းသမီးယွီကျိန်းသည် နောက်ဆုံးတွင် တုပိုင်၏ မျက်နှာဖုံးကို အောင်မြင်စွာ တပ်ဆင်ပေးနိုင်ခဲ့သည်။ အမွေးအမျှင် တစ်ပင်ချင်းစီကို သေသေချာချာ ညှိပေးထားပြီး သူမ၏ လှုပ်ရှားမှုများသည် မဟာဆရာသခင်ကြီး နင်ဇောင်ဝူထက်ပင် ပိုမိုသွက်လက်နေသေးသည်။

တုပိုင်၏ ပြောင်းလဲသွားသော ရုပ်သွင်ကို မြင်လိုက်ရသောအခါ မင်းသမီးယွီကျိန်း အနည်းငယ် ကြောင်အမ်းသွားသည်။

ဤသည်က မည်သူ့မျက်နှာဖြစ်သနည်း။ အလွန် ချောမောခန့်ညားလွန်းနေသည်။ မည်သည့်အမျိုးသမီးမဆို မြင်လိုက်သည်နှင့် ရင်ခုန်သွားနိုင်လောက်အောင် ဆွဲဆောင်မှု ရှိလွန်းနေ၏။

တုပိုင်သည်လည်း မူလကတည်းက အလွန်ချောမောသူ ဖြစ်သော်လည်း သူသည် အသက်ငယ်လွန်းပြီး ယောကျာ်းပီသသော ဆွဲဆောင်မှုအပိုင်းတွင် အားနည်းနေသေးသည်။

သို့ဆိုလျှင် တုပိုင်၏ မျက်နှာဖုံးပိုင်ရှင်ကား မည်သူနည်း။

တုပိုင် ကိုယ်တိုင်ပင် ကြောက်လန့်မိသည်ဟု ဆိုရမည်။ သူသည် ပေမင်ဓားဂိုဏ်းချုပ် ၊ သိုင်းလောကဧကရာဇ် နင်တောက်ရွှမ်ပင် ဖြစ်သည်။

သေချာသည်မှာ ဤသည်က နင်တောက်ရွှမ်၏ လူငယ်ဘဝ ၊ အသက် ၂၀ ကျော်ဝန်းကျင် ပုံစံဖြစ်သည်။

တုပိုင်သည် နင်တောက်ရွှမ်၏ ငယ်ဘဝပုံစံကို ဟန်ဆောင်ရန် သတ္တိမရှိသလို ဆန္ဒလည်း မရှိချေ။ သို့သော် စနစ်က သူ့ကို ဤသို့ လုပ်ရန် အတင်းအကျပ် ခိုင်းစေခဲ့သည်။

စနစ်က အဘယ်ကြောင့် သူ့ကို နင်တောက်ရွှမ်၏ ငယ်ဘဝပုံစံ ဟန်ဆောင်ခိုင်းရသနည်း။ ဤသည်မှာ သတ္တိကောင်းလွန်းရာ ကျနေပြီး အလွန် စိတ်ပျက်စရာ ကောင်းလှသည်။

တုပိုင်က စနောက်လိုက်၏။

“ဘယ်လိုလဲ... ချောတယ်မလား။ အစ်မတောင် ရင်ခုန်သွားပြီပေါ့”

“နင် ဘာတွေ လာပေါက်ကရ ပြောနေတာလဲ”

မင်းသမီးယွီကျိန်းက ဒေါသတကြီး ပြောလိုက်ပြီးနောက် ရှားရှားပါးပါး နူးညံ့သိမ်မွေ့စွာဖြင့် ဆက်ပြောလိုက်သည်။

“နင်က ငယ်ပါသေးတယ်။ နောက် ဆယ်နှစ်လောက်ကြာရင် နင်လည်း ဒီလို ဆွဲဆောင်မှုမျိုး ရှိလာမှာပါ”

တုပိုင်က မေးလိုက်၏။

“မေးပါရစေဦး... ဘာဖြစ်လို့ ဖြစ်နိုင်တယ်ဆိုတဲ့ စကားလုံးကို ထည့်ပြောရတာလဲ”

မင်းသမီးယွီကျိန်းက ရှင်းပြလိုက်သည်။

“နင်သာ ဒီအတိုင်း ဆက်သွားရင် နောင်တစ်ချိန်ကျရင် တိမ်တိုက်ကြားမှ မိစ္ဆာဖြစ်လာမှာ စိုးရိမ်လို့လေ”

တုပိုင် ရုတ်တရက် ပြောစရာ စကားမဲ့သွားပြီး ကိုယ့်လိပ်ပြာကိုယ် မလုံဖြစ်သွားသည်။

မင်းသမီးယွီကျိန်းက မေးလိုက်၏။

“နင် စိတ်ဆိုးသွားပြန်ပြီလား။ နင်က ဘာလို့ ဒီလောက်တောင် စိတ်ကြီးရတာလဲ။ ခဏခဏ စိတ်ကောက်နေတာပဲ”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

တုပိုင်က ပြန်ပြောလိုက်သည်။

“ကျွန်တော်က အစ်မကို ဘယ်တော့မှ စိတ်မဆိုးပါဘူး”

မင်းသမီးယွီကျိန်းက ပြောလိုက်၏။

“ပါးစပ်ပိတ်ထား... ငါ နင့်ကို စကားမပြောတော့ဘူး”

တုပိုင်က မေးလိုက်ပြန်သည်။

“အစ်မယွီကျိန်း... ကျွန်တော်တို့ ဘာကို စောင့်နေကြတာလဲ”

မင်းသမီးယွီကျိန်း ပြန်မဖြေပေ။

တုပိုင်က ထပ်မေးလိုက်သည်။

“အစ်မ... ကျွန်တော်တို့ ဘာကို စောင့်နေကြတာလဲလို့”

မင်းသမီးယွီကျိန်းက ဆက်လက်၍ ပြန်မဖြေဘဲ နေလိုက်သည်။

“ယွီကျိန်း... ကျွန်တော်တို့ ဘာကို စောင့်နေကြတာလဲ”

တုပိုင်က ထပ်မံ မေးလိုက်ပြန်သည်။ မင်းသမီးယွီကျိန်းသည် သူမ၏ လှပသော မျက်ဝန်းများကို ဖွင့်လိုက်ပြီး တစ်လုံးချင်း ပြောလိုက်လေ၏။

“ဒီရေကျတာကို စောင့်နေတာ... နောက်ထပ် စကားတစ်ခွန်း ထပ်ပြောရင် နင့်ကို စရိုက်တော့မယ်”

တုပိုင်သည် ချက်ချင်း ပါးစပ်ပိတ်သွားသော်လည်း ခဏအကြာတွင် မရယ်ဘဲ မနေနိုင်တော့ပေ။

“နင် ဘာရယ်တာလဲ။ ငါ့ကို ရိုင်းစိုင်းတယ်ဆိုပြီး လှောင်နေတာလား။ ငါ နင့်ကို ပြောထားမယ်... ငါက ဘယ်တော့မှ သွေးကွမ်ရင်မယ်တော်လို နူးညံ့သိမ်မွေ့လာမှာ မဟုတ်ဘူး”

သို့သော် လူယုတ်မာကောင် တုပိုင် တွေးနေသည်မှာ အစ်မကြီး သွေးကွမ်ရင်အကြောင်း မဟုတ်ဘဲ အစ်မကြီး လီတောက်ယွဲ့၏ အကြောင်း ဖြစ်နေသည်။

လီတောက်ယွဲ့နှင့် ဆုန်ယွီကျိန်း... နှစ်ယောက်စလုံးတွင် စစ်မှန်သော နာမည်ရင်းကိုယ်စီ ရှိကြသော်လည်း သူတို့၏ စိတ်နေသဘောထားမှာ လုံးဝ ကွာခြားသည်။

တစ်ယောက်က ရေလို နူးညံ့ပြီး ဆွဲဆောင်မှုရှိကာ ၊ နောက်တစ်ယောက်ကတော့ လက်သီးနှင့်သာ စကားပြောတတ်သည်။

မင်းသမီးယွီကျိန်း တစ်စုံတစ်ခု ပြောချင်နေသော်လည်း တုပိုင်က မျက်လုံးမှိတ်ထားလိုက်သည်။

**--**--**--**--**--**--**--**

နာရီအနည်းငယ် ကြာပြီးနောက် ဒီရေကျသွားလေ၏။

ပင်လယ်ရေများ ဖုံးလွှမ်းနေသော နေရာတွင် ကြောက်မက်ဖွယ်ကောင်းပြီး ကြီးမားသော ကျောက်ဆောင်အချို့ ပေါ်ထွက်လာသည်။

အသေအချာ ကြည့်လိုက်လျှင် ဤကျောက်ဆောင်များသည် ကောင်းကင်ကို မော့ကြည့်နေသော လူငါးယောက် ပုံသဏ္ဍာန်နှင့် တူနေသည်။ နာကျင်မှုကြောင့်လား သို့မဟုတ် အထူးအနုပညာလက်ရာ ပုံစံလား ဆိုသည်ကိုတော့ မသိပေ။ အတိုချုပ်ဆိုရလျှင် ဤလူငါးယောက်၏ မျက်နှာထားများမှာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။

မင်းသမီးယွီကျိန်း ရှေ့တက်သွားပြီး ထိုကျောက်ဆောင်များကို တိကျသော ငါးပွင့်ဆိုင် အနေအထား ဖြစ်ပေါ်လာအောင် တွန်းရွှေ့လိုက်သည်။

“ဝုန်း... ဝုန်း...”

ရုတ်တရက် ကြီးမားသော ကျောက်ဆောင်ငါးခုကြားတွင် ဝင်ပေါက်တစ်ခု ပေါ်လာသည်။

မင်းသမီးယွီကျိန်းက ပြောလိုက်၏။

“ဒါက ထင်ယောင်ထင်မှားကျွန်းရဲ့ ဝင်ပေါက်ပဲ။ တကယ်တမ်းကျတော့ ဒါက ကျွန်းမဟုတ်ဘူး”

တုပိုင် အံ့သြသွားပြီး မေးလိုက်သည်။

“အစ်မ ဘယ်လိုလုပ် သိတာလဲ”

ဤကိစ္စသည် ပုံမှန် မဟုတ်ပေ။ ဤနေရာသည် အလွန် လျှို့ဝှက်လွန်းလှသဖြင့် ကျန်းနန်နယ်စားမင်း ဆုန်ချွဲပင် မသိရှိပေ။ မင်းသမီးယွီကျိန်းသည် ကင်းထောက်ခေါင်းဆောင် ဖြစ်သော်လည်း လျှို့ဝှက်ချက်များကို စူးစမ်းရန် ဤကဲ့သို့သော နေရာမျိုးသို့ ရောက်လာမည် မဟုတ်ချေ။

မင်းသမီးယွီကျိန်းက ရှင်းပြလေသည်။

“လွန်ခဲ့တဲ့ သုံးရက်က လူတစ်ယောက်က ငါ့ကို ထင်ယောင်ထင်မှားကျွန်းရဲ့ ဝင်ပေါက်ပါတဲ့ မြေပုံတစ်ခု လာပေးတယ်။ အဲဒီတုန်းက ငါ ဒီနေရာကို အရမ်း စိတ်ဝင်စားသွားခဲ့တယ်။ စစ်သည်တွေ ဝှက်ထားလို့ရမယ် ၊ ဒါမှမဟုတ် လျှို့ဝှက်ဂိုဒေါင် လုပ်လို့ရမယ်လို့ ငါ ထင်ခဲ့တာ။ ငါ တစ်ခေါက် လာကြည့်ဖူးတယ်။ အောက်မှာ ဘာမှမရှိဘူး။ ထူးဆန်းတဲ့ အငွေ့အသက်တွေပဲ ရှိတယ်”

တုပိုင်က မေးလိုက်၏။

“ဘယ်သူက ပေးတာလဲ”

မင်းသမီးယွီကျိန်းက ပြန်ဖြေလိုက်၏။

“သူက စစ်ဘက်ကင်းထောက် ဝတ်စုံ ဝတ်ထားတယ်။ ငါ လွှတ်လိုက်တဲ့ မြေပုံဆွဲကင်းထောက် ဖြစ်လောက်တယ်”

လူတစ်ယောက်ယောက်က မင်းသမီးယွီကျိန်းလက်ထဲသို့ ထင်ယောင်ထင်မှားကျွန်း၏ ဝင်ပေါက်မြေပုံကို တမင်သက်သက် လာရောက် ပေးအပ်ခဲ့ခြင်း ဖြစ်ရမည်။ ရည်ရွယ်ချက်မှာ တုပိုင်ကို ပစ်မှတ်ထားပြီး ဤနေရာသို့ မျှားခေါ်လိုခြင်း ဖြစ်နိုင်သည်။

အကယ်၍သာ ထိုသို့ဆိုလျှင် အောက်တွင် ပိုက်ကွန်ထောင်ပြီး ဖမ်းမည့်သူ ရှိနေနိုင်သည်။

ဤသည်မှာ မိမိသေတွင်းထဲ မိမိဆင်းခိုင်းခြင်းလော။ သို့မဟုတ် နဂါးရေအိုင် ကျားသိုက်လော။ မည်သို့သော ပူးပေါင်းကြံစည်မှုမျိုးနည်း။

တုပိုင် မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်နေသည်။ လီတောက်ယွဲ့နှင့် မိစ္ဆာမိုချိုတို့က ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်၏ တည်နေရာကို သိနေသည်ဆိုခြင်းက မည်သို့ ဖြစ်နိုင်မည်နည်း။

အကယ်၍ ဤအချက်သာ မှန်ကန်ပါက တုပိုင် လာမည်ဆိုသည်ကို ကန့်လန့်ကာနောက်ကွယ်မှ လူက မည်သို့ သိရှိနေသနည်း။

ဤသည်မှာ လုံးဝ ပဟေဠိဆန်နေသည်။ ပဟေဠိဆန်ရုံသာမက လျှို့ဝှက်ဆန်းကြယ်သော ပူးပေါင်းကြံစည်မှုကြီးတစ်ခုလည်း ဖြစ်သည်။

ထို့ကြောင့် မင်းသမီးယွီကျိန်းကို သူ့နှင့်အတူ စွန့်စားခွင့် မပြုနိုင်ပေ။

တုပိုင်က မင်းသမီးယွီကျိန်းကို ပြောလိုက်သည်။

“မင်းသမီး... အစ်မ ပြန်လို့ရပါပြီ”

ဆုန်ယွီကျိန်းက ခေါင်းခါပြီး ငြင်းဆန်လေ၏။

“မပြန်ဘူး... ငါ နင်နဲ့အတူ လိုက်ခဲ့မှာ”

“အစ်မယွီကျိန်း... နောက်ဆက်တွဲ ဖြစ်လာမယ့်ကိစ္စကို အစ်မ သိဖို့ မသင့်တော်ဘူး။ ကျွန်တော် တစ်ယောက်တည်းပဲ ဆင်းသွားလို့ ရမယ်”

မင်းသမီးယွီကျိန်းက ပြတ်သားစွာ ပြောလိုက်သည်။

“နင် ဘာပြောပြော... ငါ နင်နဲ့အတူ လိုက်ခဲ့မယ်။ ငါ အဲဒီနေရာကို ရောက်ဖူးပေမယ့် နင့်ကို တစ်ယောက်တည်း စွန့်စားခွင့် မပေးနိုင်ဘူး”

တုပိုင်က ညစ်ကျယ်ကျယ် မျက်နှာထားဖြင့် ပြောလိုက်၏။

“အောက်ရောက်ရင် ကျွန်တော်က... ပုံမှန်ယောက်ျားတစ်ယောက် ပြန်ဖြစ်ဖို့ ၊ ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ ၊ ပစ္စည်းဥစ္စာ ပြန်ထွက်လာအောင် လုပ်ရမှာ... အစ်မက ကျွန်တော်နဲ့အတူ တကယ် လိုက်ချင်တာ သေချာလား။ ကျွန်တော် စိုးရိမ်တာက...”

“နှာဘူးကောင်...”

မင်းသမီးယွီကျိန်းသည် စကားတစ်ခွန်းမှ ဆက်မပြောတော့ဘဲ လှည့်ထွက်သွားလေသည်။ လှေကို ပင်လယ်ထဲသို့ တိုက်ရိုက် တွန်းချပြီး တုပိုင်နှင့် ဝေးရာ မြောက်ဘက်ဆီသို့ လှော်ခတ် ထွက်ခွာသွားလေတော့၏။

“အော်...”

ဤသို့သော အစ်မမျိုးက တကယ့်ကို လှည့်စားရ လွယ်လှ၏။ သူမ ဒေါသထွက်မည့် အချက်ကို ထိုးနှက်လိုက်သည်နှင့် ချက်ချင်း စိတ်ကောက်ပြီး ထွက်သွားတော့တာပင်။ စိတ်ဆိုးပြီး ထွက်သွားမှ ကိစ္စပြီးမည် ဖြစ်သည်။

တုပိုင်သည် မိစ္ဆာနှိမ်နှင်းပုတီးစေ့ကို ပါးစပ်တွင် ကိုက်ထားလိုက်ပြီး ငွေရောင်မျက်နှာဖုံးကို တပ်ဆင်လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်း ရှူကာ ထင်ယောင်ထင်မှားကျွန်း ဝင်ပေါက်ထဲသို့ ဝင်ရောက်သွားလေသည်။

တကယ့်ကို ဘာမှမမြင်ရလောက်အောင် မှောင်မိုက်နေသည်။ သို့သော် ထူးဆန်းသည်မှာ ရေစိုမနေခြင်းပင်။ ပုံမှန်အားဖြင့် ပင်လယ်ကြမ်းပြင်တွင် ရှိနေသောကြောင့် ရေစိုနေရမည် ဖြစ်သော်လည်း လုံးဝ ရေစိုမနေပေ။

တုပိုင်သည် ကျောက်လှေကားထစ်များအတိုင်း တစ်လှမ်းချင်း ဆင်းလာခဲ့သည်။ အောက်သို့ ရောက်လေလေ သူ့နှလုံးခုန်သံများ ပိုမို မြန်ဆန်လာလေလေ ဖြစ်သည်။

“ဝုန်း... ဝုန်း...”

အပြင်ဘက်တွင် ထင်ယောင်ထင်မှားကျွန်း၏ ဝင်ပေါက် ပိတ်သွားလေ၏။ ကြောက်မက်ဖွယ်ကောင်းသော ကျောက်ဆောင်လူငါးဦးသည် မူလနေရာသို့ ပြန်လည် ရောက်ရှိသွားပြီး ဘာမှ မဖြစ်ပျက်ခဲ့သကဲ့သို့ တည်ငြိမ်သွားသည်။ တုပိုင် ဤနေရာကို တကယ်ပင် ထူးဆန်းသည်ဟု ခံစားနေရသည်။

ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်၏ လျှို့ဝှက်ချက်များသည် ဤနေရာတွင် ရှိနေသည်လား။ မိစ္ဆာမိုချိုသည်ရော အထဲတွင် ရှိနေသည်လား။ စနစ်က သူ့ကို နင်တောက်ရွှမ်၏ ငယ်ဘဝပုံစံ ဟန်ဆောင်ခိုင်းထားသည်မှာ မည်သည့်အတွက်ဖြစ်သည်နည်း။

တုပိုင်က မေးလိုက်သည်။

“စနစ်... ပြဿနာ မရှိတာ သေချာရဲ့လား။ ငါ အန္တရာယ်ရှိတဲ့ အငွေ့အသက်ကို ခံစားနေရတယ်။ ဒါက ပူးပေါင်းကြံစည်မှုတစ်ခုလို့ ငါ ခံစားနေရတယ်”

အိပ်မက်စနစ်၏ ထူးဆန်းသော အလင်းရောင်အရိပ်က ပြောလိုက်၏။

“စိတ်မပူပါနဲ့... စိတ်မပူပါနဲ့... အရာအားလုံး ထိန်းချုပ်မှုအောက်မှာ ရှိပါတယ်”

အိပ်မက်စနစ်က ထိန်းချုပ်မှုအောက်တွင် ရှိသည်ဟု ပြောလာသောကြောင့် တုပိုင် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ လှေကားထစ်များအတိုင်း တည့်တည့် ဆင်းသွားလိုက်သည်။ ရုတ်တရက် ကြီးမားသော အန္တရာယ်တစ်ခုနှင့် အလွန်အစွမ်းထက်သော စွမ်းအင်အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။

“အားးးး”

ရုတ်တရက် ကြီးမားသော သားရဲဆန်းကြီး၏ ခေါင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ငရဲတံခါးပေါက်ကဲ့သို့ ပါးစပ်ကြီးကို ဖြဲကာ တုပိုင်ကို တမဟုတ်ချင်း ဝါးမြိုလိုက်ပြီး အရှင်လတ်လတ် မျိုချလိုက်၏။

သောက်ကျိးနည်း။ ဤအခြေအနေက အရာအားလုံး၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ဟု တုပိုင်မထင်မိချေ။

အပိုင်း ၄၂၆ ပြီး။

True Immortal Team

All Chapters