အခန်း (၄၂၇)
Vol. 43 Ch. 427
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၂၇
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
အလွန်ကြီးမားပြီး ထူးဆန်းအံ့သြဖွယ်ကောင်းသော သားရဲကြီးတစ်ကောင်သည် တုပိုင်ကို ဝါးမြိုလိုက်ပြီး ဝမ်းဗိုက်ထဲသို့ တိုက်ရိုက် ရောက်ရှိသွားလေ၏။
တုပိုင်သည် စိတ်ထဲတွင် ကျိန်ဆဲလိုက်မိလေသည်။
“ဒါကိုများ ထိန်းချုပ်မှုအောက်မှာ ရှိတယ်လို့ ခေါ်သလား။ ငါ့ကိုများ အရာအားလုံး အဆင်ပြေပါတယ်တဲ့…”
သူ အစားခံလိုက်ရပြီ ဖြစ်သည်။ သို့သော် အိပ်မက်စနစ်၏ ထူးဆန်းသော အလင်းရောင်အရိပ်ကမူ ပြောနေဆဲပင်။
“စိတ်မလောပါနဲ့… စိတ်မလောပါနဲ့…”
ထို့နောက်တွင်တော့ တုပိုင်သည် တစ်ခါမျှ မကြုံဖူးသော ခရီးစဉ်တစ်ခုကို ဖြတ်သန်းရတော့သည်။
သားရဲဆန်း၏ မျိုချခြင်းကို ခံလိုက်ရသော်လည်း ဝါးစားခံရခြင်း သို့မဟုတ် အစာချေဖျက်ခံရခြင်း မရှိပေ။ ဥမင်လိုဏ်ခေါင်းတစ်ခုထဲတွင် တစ်ရှိန်ထိုး လျှောစီးဆင်းသွားရသကဲ့သို့ ဖြစ်နေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးသည် အနီရောင်များ ဖြစ်ပြီး ပျော့အိအိနှင့် မာကျောသော အရာများ ရောထွေးနေသည်။
တုပိုင် သိလိုက်သည်မှာ ယခုအချိန်တွင် သူသည် အလွန်အစွမ်းထက်သော သားရဲဆန်းကြီး၏ ခန္ဓာကိုယ်ထဲတွင် ရောက်ရှိနေခြင်း ဖြစ်သည်။ သို့သော် ခံစားချက်မှာ ဥမင်လိုဏ်ခေါင်းတစ်ခုထဲ ရောက်နေသကဲ့သို့ပင်။
တုပိုင် မီတာရာပေါင်းများစွာ လျှောကျသွားလေ၏။
“ပလုံ…”
တုပိုင်သည် အပေါက်တစ်ပေါက်မှ ပြုတ်ကျသွားသည်။
သူသည် ရေကန်တစ်ခုထဲသို့ တည့်တည့် ပြုတ်ကျသွားခြင်း ဖြစ်ပြီး သူ့ခန္ဓာကိုယ်မှ အညစ်အကြေးများကို ဆေးကြောပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
တုပိုင် ရုတ်တရက် ဘာလုပ်ရမှန်းမသိ ကြောင်သွားသည်။
သို့ဖြစ်၍... ဤသားရဲဆန်းကြီး မျိုချခံရခြင်းသည် ထင်ယောင်ထင်မှားကျွန်း၏ အတွင်းပိုင်းကို ဝင်ရောက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်း ၊ အန္တိမလမ်းကြောင်း ဖြစ်နေသည် မဟုတ်ပါလော။
ဤသည်မှာ အမှန်တကယ်ပင် ထူးဆန်းလွန်းလှပေသည်။
ဤရေကန်သည် အလွန် သက်တောင့်သက်သာ ရှိလှပေသည်။ သာမန်ရေပူစမ်းများထက် အပူချိန်ပိုမြင့်သော်လည်း နေလို့အလွန်ကောင်းသည်။
ရေကန်ထဲမှ ကုန်းပေါ်သို့ တက်လိုက်သောအခါ လေထုက အလွန်ပူပြင်းနေသည်ကို တုပိုင် ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သောအခါ သူ အံ့သြမှင်တက်သွားလေ၏။
အကြောင်းပြချက်မရှိဘဲ ရင်းနှီးနေသော ခံစားချက်တစ်ခုကို ရလိုက်သည်။
ဤနေရာတွင် မြစ်တစ်စင်း ရှိသော်လည်း ရေမဟုတ်ဘဲ မီးတောင်ချော်ရည်များ စီးဆင်းနေခြင်း ဖြစ်သည်။
အန်ချိုကျွန်းမကြီး၏ အောက်ခြေတွင်လည်း မီးတောင်ချော်ရည် ပင်လယ်ရှိပြီး ယခုနေရာတွင်လည်း မီတာဆယ်ဂဏန်းကျယ်ဝန်းသော မီးတောင်ချော်ရည်မြစ် ရှိနေသည်။ မည်မျှနက်သည်ကိုတော့ မသိပေ။
ဤသည်မှာ တိုက်ဆိုင်မှုလော ၊ မလွဲမသွေ ဖြစ်လာမည့် ကိစ္စလော။
တုပိုင်သည် မီးတောင်ချော်ရည်မြစ်နှင့် ဝေးနိုင်သမျှ ဝေးဝေးနေပြီး ရှေ့တွင်ရှိသော ကျွန်းကြီးဆီသို့ လျှောက်သွားလိုက်သည်။
သို့သော် ဤကျွန်းသည် ပင်လယ်ထဲမှ ကျွန်းမဟုတ်ဘဲ မီးတောင်ချော်ရည်ပင်လယ်ထဲမှ ကျွန်းတစ်ကျွန်း ဖြစ်သည်။
မင်းသမီးယွီကျိန်းက အောက်တွင် ဘယ်သူမှ မရှိဘူးဟု ပြောခဲ့သည်မှာ မဆန်းပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် ပစ်မှတ်ထားခံရသူ မဟုတ်သောကြောင့် သားရဲဆန်းကြီးက သူမကို မျိုချမည် မဟုတ်ချေ။ ထို့ကြောင့် သူမအနေဖြင့် ထင်ယောင်ထင်မှားကျွန်း၏ မြေအောက်အနက်ပိုင်းသို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။
ဤနေရာသည် အလွန် လျှို့ဝှက်လွန်းလှသည်။ ဝင်ပေါက်ကို သိသူ ရှိလျှင်ပင် အတွင်းပိုင်းအထိ ဝင်ရောက်နိုင်ရန် မလွယ်ကူပေ။
မီတာရာဂဏန်းခန့် လျှောက်ပြီးနောက် တုပိုင်၏ အဝတ်အစားများ ခြောက်သွေ့သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာရှိ လေထုသည် အလွန် ခြောက်သွေ့လွန်းသောကြောင့် ဖြစ်သည်။
သို့သော် ဤမျှနက်ရှိုင်းသော မြေအောက် မီးတောင်ချော်ရည်မြစ်ဘေးတွင် လေထု မည်သို့ ရှိနေသနည်း။ တုပိုင် သေချာခံစားမိသည်မှာ အောက်ဆီဂျင် ပြတ်လပ်ခြင်း မရှိသည့်အပြင် အလွန်ပင် သန့်ရှင်း လုံလောက်နေသေးသည်။
တကယ့်ကို ထူးဆန်းအံ့သြဖွယ် ကောင်းလှသည်။
ထင်ယောင်ထင်မှားကျွန်း၏ မြေအောက်သို့ ရောက်သောအခါ ကျောက်တံခါးကြီးတစ်ချပ် ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရသည်။
တုပိုင် တံခါးကို တွန်းဖွင့်လိုက်၏။
ရုတ်တရက် မျက်စိမဖွင့်နိုင်လောက်အောင် တောက်ပသော အလင်းရောင်များ ဖြာထွက်လာသည်။
တံခါးအနောက်တွင် အလွန်ကြီးမားကျယ်ဝန်းသော မြေကွက်လပ်ကြီး ရှိပြီး လူပေါင်း ၃၀ ကျော်ခန့် တင်ပလ္လင်ခွေကာ ကိုယ်စီ ထိုင်နေကြလေသည်။
တုပိုင်သည် မိစ္ဆာမိုချိုကို တစ်ချက်တည်းဖြင့် မှတ်မိလိုက်သည်။ သူမ အသက် မည်မျှ ရှိပြီနည်း။
အန်ချိုကျွန်းမကြီးတွင် ရှိစဉ်က မိစ္ဆာမိုချိုသည် ကျီမင်းကျစ်နှင့် လီတောက်ယွဲ့တို့ထက်ပင် ပို၍ ငယ်ရွယ်နုပျိုပုံ ပေါက်သည်။
ယခုအချိန်တွင် အလင်းရောင်စူးစူးအောက်၌ ကြည့်လိုက်သောအခါ သူမသည် ဦးနှောက်မရှိသော ဘုရင်မ မိုဟန်ထက် လေးငါးနှစ်ခန့်သာ ပိုကြီးပုံရသည်။
အလှအပနှင့် ပတ်သက်လျှင်မူကား အန်ချိုကျွန်းမကြီးမှ မိန်းမလှများသည် တိမ်တိုက်များသဖွယ် များပြားလှပြီး တုပိုင်၏ မိခင်အရင်း ကျီမင်းကျစ်သည်လည်း ပြိုင်ဘက်ကင်း အလှပိုင်ရှင် ဖြစ်သည်။ သို့သော် မိစ္ဆာမိုချို၏ ရှေ့မှောက်တွင် သူမတို့အားလုံး အနည်းငယ် မှေးမှိန်သွားရသည်။
အန်ချိုကျွန်းမကြီး၏ နံပါတ်တစ် အလှပိုင်ရှင်ဆိုသည်မှာ အလကား ပြောထားခြင်း မဟုတ်ပေ။ နှစ်တစ်ထောင် မြွေမိစ္ဆာစွမ်းအင်ပုလဲကို သောက်သုံးပြီးနောက်တွင်ပင် လီတောက်ယွဲ့သည် ရုပ်ရည်အသွင်အပြင်၌ မိုချိုကို မယှဉ်နိုင်သေးပေ။
ဤကဲ့သို့သော သဘာဝလွန် အလှတရားသည် ကောင်းကင်ဘုံ၏ လက်ဆောင်မွန်ပင် ဖြစ်ချေသည်။
ထိုလူ ၃၀ ကျော်ထဲတွင် တုပိုင်သည် လီတောက်ယွဲ့ကိုသာ သိပြီး ကျန်လူများကို တစ်ယောက်မျှ မသိပေ။
လူကို မသိသော်လည်း ထိုလူများ၏ သိုင်းပညာအဆင့်ကိုတော့ သူ သိသည်။
အားလုံးသည် မဟာဆရာသခင်အဆင့်နှင့် အထက်တွင် ရှိကြပြီး ၊ အထွတ်အထိပ် မဟာဆရာသခင်အဆင့်သည်ပင် ၇ ယောက် ၊ ၈ ယောက်ထက် မနည်းပေ။
သို့သော် ယွီမဟာဆရာသခင်အဆင့်မှာမူ မိစ္ဆာမိုချို တစ်ယောက်တည်းသာ ရှိသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ယွီမဟာဆရာသခင်အဆင့်သို့ တက်လှမ်းရန် မည်မျှ ခက်ခဲကြောင်း သိနိုင်လေသည်။
ရုတ်တရက် အလွန် ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
“ရောက်လာပြီလား... ဒါ နောက်ဆုံးတစ်ယောက်ပဲ”
ညဉ့်ငှက်ဆိုးအော်သံနှင့် တူပြီး တုပိုင် နားမခံနိုင်လောက်အောင် ဖြစ်သွားသဖြင့် နားနှစ်ဖက်ကို အုပ်ထားလိုက်ရသည်။ အသံက အလွန် အရုပ်ဆိုး အကျည်းတန်လွန်းလှသည်။
ထူးဆန်းသော အသံပိုင်ရှင်က ဆက်ပြောလိုက်၏။
“တကယ့်ကို ထူးဆန်းတာပဲ။ ဒီနေရာကို ရောက်လာတဲ့ မဟာဆရာသခင်အဆင့် သိုင်းသမား ၃၁ ယောက်ထဲမာ မိစ္ဆာဂိုဏ်းကပါတယ် ၊ အနောက်ပိုင်းဒေသကပါတယ် ၊ တောင်ပိုင်းပင်လယ်ကပါတယ် ၊ ပြီးတော့ အလယ်ပိုင်းလွင်ပြင် သိုင်းလောကကလည်း ပါတယ်။ နောက်ပြီး ယွီမဟာဆရာသခင်အဆင့် တစ်ယောက်ပါတယ်။ ပေမင်ဓားဂိုဏ်းရဲ့ သစ္စာဖောက်တစ်ယောက်လည်း ပါတယ်။ ဒါပေမဲ့ နောက်ဆုံးရောက်လာတဲ့သူက ဒီလောက် သိုင်းပညာနိမ့်ပါးတဲ့ လူငယ်လေးတစ်ယောက် ဖြစ်နေရသလား”
တုပိုင် ပြောစရာ စကားမဲ့သွားသည်။ သူ၏ သိုင်းပညာသည် ရှိနေသူအားလုံးနှင့် ယှဉ်လျှင် အလွန် နိမ့်ပါးကြောင်း သူသိသည်။ သို့သော် သုံးခါလောက် ထပ်ခါတလဲလဲ ပြောနေဖို့ လိုလို့လား။
ထိုအချိန်တွင် တုပိုင် ထိုလူကို မြင်လိုက်ရလေ၏။
ကျောက်ကြိုကျောက်ကြားထဲတွင် ပေါက်ဖွားလာသူလော။ မျက်နှာမဲ့လူထက်ပင် ရုပ်ဆိုးနေသေးသည်။
ဦးခေါင်းခွံကဲ့သို့ အရိုးပေါ်အရေတင် ပိန်လှီနေသော အဘိုးအိုတစ်ဦး။ ခေါင်းပေါ်တွင် ဆံပင်အနည်းငယ်သာ ကျန်တော့သော်လည်း အလွန် ရှည်လျားသည်။
မျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြူးကျယ်နေပြီး မျက်နှာတစ်ခုလုံးတွင် အရေပြားတစ်လွှာသာ ရှိတော့သည်။ နှာခေါင်းသည် တံံစဉ်ကဲ့သို့ ကွေးကောက်နေသည်။
လက်မောင်းနှစ်ဖက်သည် ထူးဆန်းစွာ ရှည်လျားပြီး လက်ချောင်း ၁၀ ချောင်း၏ ပျမ်းမျှအရှည်သည် ခုနစ်လက်မခန့် ရှည်လျားသည်။
အိုမင်းလွန်းလှသဖြင့် အသက်ဘယ်လောက်ရှိမှန်း ခန့်မှန်း၍ပင် မရတော့ပေ။
ဤအရာက လူတစ်ယောက် ဖြစ်သော်လည်း လူနှင့် လုံးဝ မတူတော့ပေ။ အသံက ထူးဆန်းနေသည်မှာ မဆန်းတော့ချေ။
မိစ္ဆာအိုကြီးက ဆက်ပြောလိုက်သည်။
“မင်းတို့အားလုံး ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်အတွက် ရောက်လာကြတာပဲ။ ထင်ယောင်ထင်မှားကျွန်းမှာ ဒီပညာရပ် ရှိတယ်ဆိုတာကို ဘယ်လမ်းကြောင်းကနေ သိခဲ့ရတယ်ဆိုတာ အရေးမကြီးဘူး။ မင်းတို့အားလုံး ရည်မှန်းချက်တစ်ခုတည်းအတွက် ရောက်လာကြတာပဲ”
“ငါ့အကြောင်းကို မိတ်ဆက်နေဖို့ မလိုလောက်ပါဘူး။ ငါက ပေမင်ဓားဂိုဏ်းရဲ့ အကြီးမားဆုံး သစ္စာဖောက်လို့ ခေါ်ကြတဲ့သူရဲ့ ဆက်ခံသူပဲ”
ပေမင်ဓားဂိုဏ်း သမိုင်းကြောင်းတွင် နတ်မိစ္ဆာစမ်းသပ်မှုကို အောင်မြင်ပြီး ကောင်းကင်ပြစ်ဒဏ်မှ လွတ်မြောက်သူ နှစ်ဦးသာ ရှိခဲ့ဖူးသည်။
ပထမလူသည် ပေမင်ဓားဂိုဏ်း၏ အကြီးမားဆုံး သစ္စာဖောက်ဖြစ်လာပြီး ဂိုဏ်းကို နှစ်ပိုင်းခွဲလိုက်သည်။ ပေမင်မဟာအတတ်သည်လည်း နှစ်ပိုင်းကွဲသွားပြီး တစ်ဝက်သည် ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ဖြစ်လာသည်။
နောက်ထပ် ရာစုနှစ်အနည်းငယ် ကြာသောအခါ နောက်ထပ်လူတစ်ဦးသည်လည်း ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့သည်။ သူသည် ပေမင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်လာပြီး ပေမင်ဓားဂိုဏ်းမှ ခွဲထွက်သွားသော အင်အားစုများကို ရှင်းလင်းကာ ပေမင်ဓားဂိုဏ်းကို ပြန်လည် ပေါင်းစည်းစေခဲ့သည်။
သို့သော် ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်၏ တည်နေရာသည် ပျောက်ဆုံးနေဆဲ ဖြစ်သည်။
မိစ္ဆာအိုကြီးက စူးရှသောအသံဖြင့် အော်ဟစ်လိုက်သည်။
“သေချာတာပေါ့... ငါတို့က ငါတို့ကိုယ်ငါတို့ ပေမင်ဓားဂိုဏ်း မြောက်ပိုင်းဂိုဏ်းခွဲလို့ ခေါ်ကြတယ်။ ငါတို့က ပေမင်ဓားဂိုဏ်းရဲ့ မူလလက်ရင်းတွေပဲ။ ဒါပေမဲ့ အနိုင်ရသူက ဘုရင် ၊ ရှုံးနိမ့်သူက သူပုန်ပဲလေ။ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက ငါတို့ သုတ်သင်ခံလိုက်ရကတည်းက တောင်ပိုင်းဂိုဏ်းခွဲက အာဏာရသွားခဲ့တယ်။ ဒါက ရှက်စရာပဲ... ရှက်စရာပဲ... အရမ်း ရှက်စရာကောင်းတယ်”
ပေမင်ဓားဂိုဏ်း၏ မြောက်ပိုင်းဂိုဏ်းခွဲနှင့် တောင်ပိုင်းဂိုဏ်းခွဲ။ တုပိုင် ဤကိစ္စကို လုံးဝ မသိထားပေ။ သစ္စာဖောက်အင်အားစု မြောက်ပိုင်းဂိုဏ်းခွဲသည် မူလလက်ရင်းလား။
မိစ္ဆာအိုကြီး အနည်းငယ် ငြိမ်သက်သွားပြီး ပြောလိုက်သည်။
“မင်းတို့ ၃၂ ယောက်ထဲမှာ ခြွင်းချက်မရှိ သီးသန့်ရွေးချယ်ထားခြင်း ဖြစ်တယ်။ လူတိုင်းက ပေမင်ဓားဂိုဏ်းရဲ့ ရန်သူတွေချည်းပဲ။ ဒါက အရမ်းကောင်းတယ်။ ဘာလို့လဲဆိုတော့ မင်းတို့တစ်ယောက်ချင်းစီတိုင်းကို သေသေချာချာ ရွေးချယ်ထားလို့ပဲ။ ဒါပေမဲ့ ခြွင်းချက်တစ်ယောက်တော့ ပါတာပေါ့လေ”
တုပိုင် သိလိုက်သည်မှာ ထိုခြွင်းချက်က သူပင် ဖြစ်ကြောင်း။
သို့သော် သူသည် ခြွင်းချက်ဖြစ်နေလျှင် တစ်ဖက်လူသည် မင်းသမီးယွီကျိန်းကို ထင်ယောင်ထင်မှားကျွန်း၏ ဝင်ပေါက်မြေပုံ ပေးလိုက်ခြင်းမှာ သူ့ကို လာစေချင်၍ မဟုတ်ပါလော။
မိစ္ဆာအိုကြီးက ဆက်ပြောလိုက်သည်။
“လွန်ခဲ့တဲ့ နှစ် ၆၀ လောက်တုန်းက ငါ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို ရရှိခဲ့တယ်။ ငါ သိုင်းလောကကို တုန်လှုပ်စေခဲ့သင့်တာပေါ့”
“ဒါပေမဲ့ ဒီထိပ်တန်းသိုင်းကျမ်းကို ရပြီး ၁၃ နှစ်အကြာမှာ ငါ့ခြေကြောလက်ကြောတွေ ဖျက်ဆီးခံလိုက်ရတယ်။ မသန်စွမ်းတစ်ယောက် ဖြစ်သွားခဲ့တယ်။ ငါ ပြိုင်ဘက်ကင်း မဖြစ်ခင်မှာတင် မသန်စွမ်းတစ်ယောက် ဖြစ်သွားခဲ့ရတယ်။ ဝမ်းနည်းစရာပဲ... သက်ပြင်းချစရာပဲကွာ”
“အခု... ငါ သေတော့မယ်။ ဒါကြောင့် ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်အတွက် ဆက်ခံသူအသစ် ရှာပေးဖို့ လိုအပ်လာတယ်”
ထိုစကားကို ကြားလိုက်သည်နှင့် ရှိနေသူ ဒါဇင်ပေါင်းများစွာ၏ မျက်လုံးများ အရောင်တောက်လာကြသည်။
မိစ္ဆာအိုကြီးက စူးရှစွာ ပြောလိုက်လေသည်။
“ငါ စည်းကမ်းသတ်မှတ်မယ်”
“ပထမအချက် ၊ ဒီမှာရှိတဲ့ မင်းတို့ ၃၂ ယောက်ထဲက တစ်ယောက်ပဲ အသက်ရှင်ခွင့်ရမယ်။ ကျန်တဲ့ ၃၁ ယောက် သေရမယ်”
လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။
“ဒုတိယအချက် ၊ နောက်ဆုံး အသက်ရှင်ကျန်ရစ်သူက ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်သိုင်းကျမ်းကို ရရှိမယ်”
“တတိယအချက် ၊ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို ရတဲ့သူက တာဝန်တစ်ခုကို မမေ့မလျော့ ထမ်းဆောင်ရမယ်။ ကမ္ဘာမှာ ပြိုင်ဘက်ကင်း ဖြစ်လာပြီးရင် ပေမင်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်နေရာကို ပြန်လည်ရယူပြီး ငါတို့ မြောက်ပိုင်းဂိုဏ်းခွဲအတွက် ရွံ့ရှာဖွယ်ရာ ဘဝဆိုးတွေကို ဆေးကြောပေးရမယ်”
“စတုတ္ထအချက် ၊ ငါတို့ မြောက်ပိုင်းဂိုဏ်းခွဲက လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက သုတ်သင်ခံခဲ့ရပေမယ့် ခြေများတဲ့ပိုးကောင်က သေတောင် မတောင့်ဘူး ဆိုသလိုပဲ... နှစ်ရာပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် ကမ္ဘာအနှံ့မှာ ငါတို့ မြောက်ပိုင်းဂိုဏ်းခွဲရဲ့ အင်အားတွေ ရှိနေတယ်။ ဒါကြောင့် ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို ရတဲ့သူက အလိုအလျောက် မြောက်ပိုင်းဂိုဏ်းခွဲရဲ့ သခင် ဖြစ်လာလိမ့်မယ်။ မြောက်ပိုင်းဂိုဏ်းခွဲရဲ့ လက်ကျန်အင်အားတွေကို ရှာဖွေပြီး ပြန်လည် စုစည်းရမယ်”
အပိုင်း ၄၂၇ ပြီး။
True Immortal Team