အခန်း (၄၂၈)
Vol. 43 Ch. 428
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၂၈
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
"နှစ်ပေါင်းရာနဲ့ချီ ကြာသွားတဲ့အခါ ငါတို့ မြောက်ပိုင်းဂိုဏ်းခွဲရဲ့ လက်ကျန်အင်အားတွေက အင်မတန် အစွမ်းထက်လာခဲ့တယ်။ တကယ်လို့များ ပြန်လည် စုစည်းလိုက်မယ်ဆိုရင် ဒါဟာ အလွန်ကြီးမားတဲ့ အင်အားစုကြီး ဖြစ်လာလိမ့်မယ်။ ပေမင်ဓားဂိုဏ်းရဲ့ တောင်ပိုင်းဂိုဏ်းခွဲကို ပြန်လည်တိုက်ခိုက်ပြီး ငါတို့ရဲ့ မူလလက်ရင်းနေရာကို ပြန်လည်ရယူနိုင်ကောင်း ရယူနိုင်လိမ့်မယ်"
မိစ္ဆာအိုကြီးက ဆက်လက်၍ မေးမြန်းလိုက်၏။
"ဒီအချက် ၄ ချက်ကို မှတ်မိကြရဲ့လား"
တုပိုင်မှလွဲ၍ ကျန်ရှိသော ၃၁ ယောက်က တစ်ညီတစ်ညွတ်တည်း ဖြေလိုက်ကြလေသည်။
"မှတ်မိပါတယ်"
မိစ္ဆာအိုကြီးက စူးရှစွာ အော်ဟစ်လိုက်ပြန်၏။
"ဒါဆိုရင် စလိုက်ကြတော့... မှတ်ထားပါ... ၃၂ ယောက်မှာ တစ်ယောက်ပဲ အသက်ရှင်ခွင့် ရှိမယ်။ ကျန်တဲ့လူတွေ အကုန်သေရမယ်။ အသက်ရှင်ကျန်ရစ်သူကသာ ကောင်းကင်ကို အံတုနိုင်ပြီး ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်း ဖြစ်စေမယ့် ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို ရရှိလိမ့်မယ်"
တုပိုင် ကြောင်အမ်းသွားလေသည်။ ဤသည်မှာ အစပျိုးရုံသာ ရှိသေးသည် မဟုတ်ပါလော။ ရောက်ရှိနေသော ၃၂ ယောက် အချင်းချင်း ပြန်လည် သတ်ဖြတ်ရတော့မည်လော။ သူ၏ သိုင်းပညာသည် ဤမျှ နိမ့်ပါးနေရာ... မည်သို့ ပြုလုပ်ရမည်နည်း။ မိမိကိုယ်ကိုယ် မည်သို့ ကာကွယ်ရမည်နည်း။
ရှေ့၌ ရှိနေသော ၃၁ ယောက်စလုံးသည် မဟာဆရာသခင်အဆင့် သိုင်းပညာရှင်များ ဖြစ်ကြသည်။ ထို့ပြင် လူသတ်ဝါသနာပါသော စုန်းမကြီး မိုချိုလည်း ပါဝင်နေသေးသည်။ သူမသည် ယွီမဟာဆရာသခင်အဆင့် ပညာရှင် ဖြစ်သည်။
ဤလူများထဲမှ ကြုံရာကျပန်းတစ်ယောက်ယောက်သည်ပင် တုပိုင်ကို အလွယ်တကူ သတ်ဖြတ်သွားနိုင်သည်။
တုပိုင်သည် အခြေအနေ မဟန်ပါက လင်းပိုဝေပု သိုင်းကွက်ကို အသုံးပြုပြီး ချက်ချင်း ထွက်ပြေးရန်အတွက် အတွင်းအားများကို စုစည်းလိုက်သည်။
သို့သော် သူ အတွေးလွန်သွားမိသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ သိုင်းပညာသည် အလွန်နိမ့်ပါးလွန်းသဖြင့် မည်သူကမျှ သူ့ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်ခြင်း မရှိသလို လုံးဝ မရှိတော့သည့် လူတစ်ယောက်အဖြစ် သဘောထားလိုက်ကြသောကြောင့် ဖြစ်သည်။
ဆရာသခင်အဆင့် သိုင်းပညာရှင် ၃၀ သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ပြောလိုက်ကြလေ၏။
"မိတ်ဆွေတို့... ဒီနေရာမှာ ရှိတဲ့လူတွေအားလုံးက မဟာဆရာသခင်အဆင့် ပညာရှင်တွေချည်းပဲ။ တစ်ယောက်ကလွဲရင်ပေါ့... အဲဒါက မိစ္ဆာမိုချိုပဲ။ ငါတို့ အယောက် ၃၀ အရင်ဆုံး ပူးပေါင်းပြီး သူမကို သတ်လိုက်ကြရအောင်။ ပြီးမှ ငါတို့အချင်းချင်း ယှဉ်ပြိုင်ကြတာပေါ့"
သောက်ကျိုးနည်း။ တုပိုင် တောက်ခေါက်လိုက်မိသည်။ ထိုသူများသည် သူ့အား အလွန်အမင်း အထင်သေးလွန်းနေကြသည်။ ဖာသည်မမိုချိုအား ဝိုင်းတိုက်သည့်အချိန်တွင်ပင် မဖိတ်ခေါ်ကြချေ။
သို့သော် ဤအခြေအနေက ပုံမှန်ပင် ဖြစ်သည်။ မိုချို၏ သိုင်းပညာသည် မြင့်မားလွန်းလှပြီး လူအုပ်ကြားတွင် ထင်ရှားနေသဖြင့် အနိုင်ရရန် သေချာသလောက် ရှိနေသည်။
ထို့ကြောင့် လူအများက မိုချိုကို အရင်ဆုံး ပူးပေါင်းသတ်ဖြတ်ပြီးမှ သူတို့အချင်းချင်း ယှဉ်ပြိုင်ကြရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။
ဤရလဒ်နှင့် ပတ်သက်ပြီး မိစ္ဆာမိုချိုသည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု အပြည့်အဝ ရှိနေပုံရသည်။
"ဟွန်း..."
လှပသော မျက်နှာလေးပေါ်တွင် အထင်အမြင်သေးသော အပြုံးတစ်ခု ပေါ်လာသည်။
ထို့နောက်... သူမ၏ ပုံရိပ်သည် ရုတ်တရက် သရဲတစ္ဆေတစ်ကောင်အသွင် ပြောင်းလဲသွားကာ ပျောက်ကွယ်သွားလေ၏။
"ရွှပ်..."
ဤသည်မှာ တင်စား၍ ပြောဆိုခြင်း မဟုတ်ပေ။ အမှန်တကယ်ပင် သရဲတစ္ဆေကဲ့သို့ ဖြစ်သွားပြီး ရုတ်တရက် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။
"ရွှပ်... ရွှပ်... ရွှပ်..."
သူမ၏ နုနယ်သော ခန္ဓာကိုယ်သည် သရဲတစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြန်လွန်းလှသဖြင့် မျက်စိဖြင့် လိုက်ကြည့်၍ပင် မရနိုင်ပေ။ အမြန်နှုန်းက အထွတ်အထိပ်သို့ ရောက်ရှိနေသည်။
တုပိုင် မနေနိုင်တော့ဘဲ မေးလိုက်မိသည်။
"စနစ်... သူ့ရဲ့ ကိုယ်ဖော့ပညာက ဘာလဲ။ လင်းပိုဝေပုထက်တောင် ပိုပြီး ကောင်းကင်ကို အံတုနိုင်သလို ခံစားနေရတယ်"
အိပ်မက်စနစ်၏ ထူးဆန်းသော အလင်းရောင်အရိပ်က ပြောလိုက်၏။
"ဒါက လင်းပိုဝေပုနဲ့ သရဲတစ္ဆေမိစ္ဆာပညာကို ပေါင်းစပ်ထားတာ"
ဤသည်က လင်းပိုဝေပုလော။
တုပိုင်သည် သူ၏ လင်းပိုဝေပုက ကောင်းကင်ကို အံတုနိုင်ပြီဟု ထင်မှတ်နေခြင်း ဖြစ်သည်။ သို့သော် မိုချို၏ လင်းပိုဝေပုနှင့် ယှဉ်လိုက်လျှင် လုံးဝ အမှိုက်သဖွယ် ဖြစ်သွားရသည်။
သူမ၏ အမြန်နှုန်းသည် သာမန်မျက်စိဖြင့် လိုက်ကြည့်၍ မရနိုင်လောက်အောင်ပင် ဖြစ်သည်။
"ဘုန်း... ဘုန်း... ဘုန်း..."
မိုချို၏ ပုံရိပ်သည် သရဲတစ္ဆေနှင့် တူနေပြီး သူမ၏ ကျောက်စိမ်းလက်ဝါးများသည် ဆက်တိုက် ရိုက်ထုတ်နေသည်။
ကြောက်မက်ဖွယ်ကောင်းသော မြေအောက်ကမ္ဘာလက်ဝါးသိုင်း။ ယခုတစ်ကြိမ်တွင် သူမသည် လီတောက်ယွဲ့ကို သတ်ဖြတ်စဉ်ကထက် ပိုမို ရက်စက်နေသည်။
လက်ဝါးရိုက်ချက်တိုင်းတွင် ဖျော့တော့သော အပြာရောင်အငွေ့အသက်များ ပါဝင်နေသည်။
မူလက ဤနေရာသည် အလွန် ပူပြင်းသော်လည်း မိစ္ဆာမိုချို၏ မြေအောက်ကမ္ဘာလက်ဝါးသိုင်း ရိုက်ချက်များနှင့်အတူ ပတ်ဝန်းကျင် အပူချိန်သည် သိသိသာသာ ကျဆင်းသွားသည်ကို တုပိုင် ခံစားလိုက်ရသည်။
"ဝုန်း... ဝုန်း... ဝုန်း..."
မဟာဆရာသခင်အဆင့် သိုင်းပညာရှင် ၃၀ သည် တစ်ယောက်ပြီးတစ်ယောက် မြေကြီးပေါ်သို့ လဲကျသွားကြသည်။
တုပိုင် လုံးဝ အံ့သြမှင်တက်သွားလေသည်။
မိစ္ဆာမိုချိုသည် အလွန် အလွန် အစွမ်းထက်ကြောင်း သူသိသည်။ သူမ၏ သိုင်းပညာသည် အန်ချိုကျွန်းသခင် ဟယ်ကျင်းထက် သာလွန်ကြောင်းလည်း သူသိသည်။
သို့သော် ဤအဆင့်ထိ အစွမ်းထက်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ သူတို့အားလုံးသည် မဟာဆရာသခင်အဆင့် ပညာရှင်များ ဖြစ်ကြသည်။ သို့သော် သူမ၏ သိုင်းပညာသည် နင်ဇောင်ဝူနှင့် ကျီချင်းတို့ထက် သိသိသာသာ သာလွန်နေသည်။
ပုံမှန်အားဖြင့် သူမ၏ တစ်ကိုယ်ရည် စွမ်းရည်ဖြင့် မဟာဆရာသခင်အဆင့် ၃၀ ကို အနိုင်ယူရန် ခက်ခဲလိမ့်မည်။ ထို့ပြင် ထိုအထဲတွင် အထွတ်အထိပ်အဆင့် မဟာဆရာသခင် ၇ ယောက်လည်း ပါဝင်နေသေးသည်။
သို့သော် သူမ၏ လင်းပိုဝေပု ကိုယ်ဖော့ပညာသည် အလွန် အစွမ်းထက်လွန်းသဖြင့် ရန်သူများက သူမကို အမီလိုက်နိုင်ခြင်း မရှိသလို တိုက်ခိုက်၍လည်း မထိနိုင်ပေ။
လင်းပိုဝေပုနှင့် မြေအောက်ကမ္ဘာလက်ဝါးသိုင်း ပေါင်းစပ်လိုက်သောအခါ မိုချိုသည် ဤနေရာတွင် ပြိုင်ဘက်ကင်းနီးပါး ဖြစ်နေသည်။
"ဝုန်း... ဝုန်း... ဝုန်း..."
မိနစ်ပိုင်းအတွင်းမှာပင် ဆရာသခင်အဆင့် သိုင်းပညာရှင် ၃၀ စလုံး မြေကြီးပေါ်သို့ လဲကျသွားကြသည်။
တုပိုင် ခေါင်းနပန်းကြီးသွားသည်။ ဤသည်မှာ... ဤသည်မှာ အလွန် ကြမ်းတမ်းလွန်းလှသည်။
မိစ္ဆာမိုချို၏ သိုင်းပညာသည် မည်မျှပင် မြင့်မားနေသနည်း။ .သို့သော် သူမသည် ဤမျှ အစွမ်းထက်နေသော်လည်း ပေမင်ဓားဂိုဏ်း၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။ အဆင့်များ တောက်လျှောက် လျှော့ချခံခဲ့ရသည်။ သူမ သစ္စာမဖောက်ခင်အထိ မည်သည့်အရာမျှ မလုပ်ရဲခဲ့ပေ။
သို့ဆိုလျှင် နင်တောက်ရွှမ်သည် မည်မျှပင် အစွမ်းထက်မည်နည်း။ ပေမင်ဓားဂိုဏ်းသည် မည်မျှပင် အစွမ်းထက်မည်နည်း။ အမှန်တကယ်ပင် တွင်းနက်ကြီးတစ်ခုကဲ့သို့ ဖြစ်ချေသည်။
မိမိဘက်မှလူများ အားလုံး လဲကျကုန်သည်ကို မြင်လိုက်ရသောအခါ ကျန်ရှိနေသော မဟာဆရာသခင် ၁၅ ယောက်သည် စိုးရိမ်လာကြသည်။ အထွတ်အထိပ် မဟာဆရာသခင်တစ်ယောက်က အော်ပြောလိုက်၏။
"မြန်မြန်... မြန်မြန်... သူ့ကို ဝိုင်းထားလိုက်။ ပြီးရင် အရူးအမူး တိုက်ခိုက်ကြ"
ရုတ်တရက် မဟာဆရာသခင်အဆင့် ၁၅ ယောက်သည် ချက်ချင်း လူခွဲလိုက်ပြီး အချင်း ၁၀ မီတာကျော်ရှိသော စက်ဝိုင်းတစ်ခု ဖွဲ့ကာ တုပိုင်နှင့် မိုချိုကို အလယ်တွင် ဝိုင်းထားလိုက်ကြသည်။
ဤသည်ကို မြင်လိုက်ရသော် တုပိုင်သည် ဝိုင်းထားသော စက်ဝိုင်းအတွင်းမှ အမြန်ဆုံး နောက်ဆုတ်ထွက်ခွာလိုက်သည်။
သူ၏ သိုင်းပညာသည် နိမ့်ပါးလွန်းသောကြောင့် သူ စက်ဝိုင်းအတွင်းမှ ထွက်လာသောအခါ မည်သူမျှ တားဆီးခြင်း မရှိပေ။ မည်သူမျှလည်း ဂရုမစိုက်ကြပေ။ သူ မရှိတော့သကဲ့သို့ပင် သဘောထားလိုက်ကြသည်။
ထို့ကြောင့် တုပိုင်သည် စက်ဝိုင်းအတွင်းမှ ချောချောမွေ့မွေ့ ထွက်လာနိုင်ခဲ့သည်။ ထို့နောက် သူသည် ပြင်းထန်သော ထင်ယောင်ထင်မှား ဖြစ်စေနိုင်သည့် ကျောက်တုံးကို တိတ်တဆိတ် ထုတ်ယူလိုက်သည်။ အမှုန့်ဖြစ်အောင် ချေမွလိုက်ပြီး လေထဲသို့ ဖြန့်လိုက်လေ၏။
ဤလုပ်ငန်းစဉ်တစ်လျှောက်လုံး တုပိုင်သည် အသက်အောင့်ထားလိုက်သည်။ ရုတ်တရက် ထင်ယောင်ထင်မှား ဖြစ်စေနိုင်သော ကျောက်မှုန့်များ လွင့်ပျံ့သွားသည်။
ကျောက်ကြားထဲမှ မိစ္ဆာအိုကြီးသည် ဤသည်ကို သတိထားမိပုံရသော်လည်း ပြုံးစစသာ လုပ်နေပြီး မည်သည့်စကားမျှ မဆိုပေ။
--------------
မိုချို အဝိုင်းခံလိုက်ရ၏။ သို့သော် သူမ၏ ပြိုင်ဘက်ကင်း လှပသော မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင် မတွေ့ရဘဲ အထင်အမြင်သေးမှုများသာ တွေ့ရလေသည်။
"သတ်..."
ဆရာသခင် ၁၅ ယောက်က ဝိုင်းထားသော စုန်းမကြီး မိုချိုထံသို့ တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြသည်။
"ဝုန်း..."
အစွမ်းထက်သော စွမ်းအင် ၁၅ ခုသည် မိစ္ဆာမိုချိုထံသို့ တစ်ရှိန်ထိုး ဝင်ရောက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဗုံးတစ်လုံးကဲ့သို့ ပေါက်ကွဲသွားလေသည်။
မိုချိုက အထင်အမြင်သေးစွာ ပြုံးလိုက်သည်။
"ရွှပ်..."
ဤကဲ့သို့ မြင့်တက်လာသော စွမ်းအင်များကြားတွင် သူမ၏ လင်းပိုဝေပုသည် လေထဲသို့ မီတာ ဆယ်ဂဏန်းခန့် ပျံတက်သွားလေသည်။ ထို့နောက် ကောင်းကင်ပေါ်အထိ မြင့်တက်သွားလေ၏။
"ဝုန်း..."
သူမသည် ကြမ်းပြင်ကို လက်ဝါးဖြင့် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။ ကျောက်သားကဲ့သို့ ၊ သတ္တုကဲ့သို့ မာကျောခိုင်ခံ့သော ကြမ်းပြင်ကြီးသည် သူမ၏ လက်ဝါးရိုက်ချက်ကြောင့် အက်ကွဲသွားလေသည်။
"ဒုန်း..."
တစ်သက်တွင် တစ်ခါလောက်သာ ကြားဖူးမည့် ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။
မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး တုပိုင် မတ်တတ်ပင် မရပ်နိုင်တော့ဘဲ လွင့်ထွက်သွားသည်။
မဟာဆရာသခင် ၁၅ ယောက်လည်း ခန္ဓာကိုယ်များ ယိုင်နဲ့သွားပြီး မနည်း ပြန်ထိန်းလိုက်ရလေသည်။
နောက်တစ်ခဏတွင် မိစ္ဆာမိုချိုသည် လင်းပိုဝေပုကို အစွမ်းကုန် ထုတ်သုံးလိုက်သည်။ အမှန်တကယ်ပင် လေပြင်းမုန်တိုင်းကဲ့သို့ ၊ သရဲတစ္ဆေကဲ့သို့၊ အလင်းရောင်နှင့် အရိပ်ကဲ့သို့ပင် ဖြစ်သည်။
"ရွှပ်... ရွှပ်... ရွှပ်..."
"ဘုန်း... ဘုန်း... ဘုန်း... ဘုန်း..."
တစ်ချက်တည်းဖြင့် စက္ကန့်ပိုင်းအတွင်းမှာပင် ဆရာသခင်အဆင့် ၈ ယောက်ကို သူမ၏ မြေအောက်ကမ္ဘာလက်ဝါးသိုင်းဖြင့် ရိုက်နှက်ပြီး မြေကြီးပေါ် လဲကျသွားစေသည်။
ဤအချိန်တွင် တုပိုင်သာမကဘဲ ကျောက်ကြားထဲမှ မိစ္ဆာအိုကြီးပါ လုံးဝ အံ့သြသွားရသည်။ ဤအမျိုးသမီးသည် အဘယ်ကြောင့် ဤမျှ အစွမ်းထက်ပြီး ကောင်းကင်ကို အံတုနိုင်ရသနည်း။
မိုမိသားစု အမျိုးသမီးများ၏ သိုင်းပညာ ပါရမီမှာ အံ့မခန်း ကောင်းမွန်သည်ကို တုပိုင် တွေ့လိုက်ရသည်။ ဦးနှောက်မရှိလေ ပါရမီ ပိုကောင်းလေပင်။
မိုချိုသည် နင်တောက်ရွှမ်အပေါ် ဆယ်စုနှစ်များစွာ တစ်ဖက်သတ် စွဲလမ်းရူးသွပ်နေခဲ့သောကြောင့် စိတ်ရောဂါသည်နီးပါး ဖြစ်နေသည်။ သို့သော် သူမ၏ သိုင်းပညာသည် အလွန် မြင့်မားနေသည်။
အကယ်၍များ သူမသာ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို ရသွားပါက ပြောစရာပင် မလိုတော့ပေ။ သိုင်းလောက တစ်ခုလုံးကို ဒုက္ခပေးမည့်သူ ဖြစ်လာပေလိမ့်မည်။
ကျန်ရှိနေသော မဟာဆရာသခင် ၇ ယောက်မှာမူ အမှန်တကယ်ပင် ထိတ်လန့်သွားကြလေပြီ။ မိစ္ဆာမိုချိုသည် သူတို့ထင်ထားသည်ထက် ပိုမို အစွမ်းထက်နေသည်။
သူတို့သည် ယွီမဟာဆရာသခင်အဆင့်ဆိုသည်မှာ ပိုမိုအစွမ်းထက်သည် ဆိုသော်လည်း အကန့်အသတ် ရှိမည်ဟု ထင်ထားကြခြင်း ဖြစ်သည်။ မဟာဆရာသခင် ၃ ယောက်ခန့်ဆိုလျှင် မနိုင်သော်လည်း ၅ ယောက်ခန့်ဆိုလျှင် ယှဉ်ပြိုင်နိုင်မည်ဟု တွက်ထားကြခြင်း ဖြစ်သည်။
မည်သူ သိနိုင်ပါမည်နည်း... မဟာဆရာသခင်ကြီးနှင့် ဆရာသခင်ကြားတွင် ကွာခြားချက်သည် ဤမျှ ကြီးမားနေသည်။
အထူးသဖြင့် မိုချို၏ လင်းပိုဝေပုနှင့် မြေအောက်ကမ္ဘာလက်ဝါးသိုင်း ပေါင်းစပ်လိုက်သောအခါ ပြိုင်ဘက်ကင်းနီးပါး ဖြစ်သွားလေသည်။
အပိုင်း ၄၂၈ ပြီး။
True Immortal Team