နှစ်တစ်သောင်း သက်တမ်း၊ ကောင်းကင်မြေကြီး၏ ထူးဆန်းအံ့ဖွယ် ကူပိုးကောင် ‘ဆေးဝါးကူ’(၃)။
Vol. 34 Ch. 381
ဤအချိန်တွင် ချန်လန်ပင်လယ်ဒေသရှိ ပင်လယ်မျိုးနွယ်စု ဘုရားကျောင်း၌...။
ဤတိုက်ပွဲအပြီးတွင် ပင်လယ်မျိုးနွယ်စုသည် မရေမတွက်နိုင်သော သေကျေဒဏ်ရာရရှိမှုများဖြင့် ကြီးမားသော ရှုံးနိမ့်မှုကို ကြုံတွေ့ခဲ့ရသည်ဟု ဆိုနိုင်ပေသည်။
မြောက်မြားစွာသော ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူများသည် မျှော်လင့်ချက်မဲ့နေသော မျက်နှာများ ရှိနေကြသည်။
ဝမ်းနည်းဖွယ် မြင်ကွင်းတစ်ခု ဖြစ်သည်။ တိုက်ပွဲသည် ဤမျှ ကပ်ဘေးဆိုက်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
ပင်လယ်မျိုးနွယ်စု၏ လွှမ်းမိုးမှုကို ပြန်လည် မရယူနိုင်ရုံသာမက လူသားကျင့်ကြံသူများ၏ မျိုးသုဉ်းသတ်ဖြတ်ခြင်းကိုပင် ခံရလုနီးပါး ဖြစ်ခဲ့ရသည်။
အကယ်၍ သူတို့သာ အချိန်မီ မထွက်ပြေးခဲ့လျှင်၊ ဤပင်လယ်မျိုးနွယ်စု ကျင့်ကြံသူ အားလုံး လုံးဝ သုတ်သင်ရှင်းလင်းခံရပြီး ဖြစ်ပေလိမ့်မည်။
"အကြီးအကဲချုပ်... ကျွန်တော်တို့ ပင်လယ်မျိုးနွယ်စုက ဒီတိုက်ပွဲမှာ လုံးဝ ရှုံးနိမ့်သွားပါပြီ..."
"အခုကစပြီး ကျွန်တော်တို့ ပင်လယ်မျိုးနွယ်စုက လူသားကျင့်ကြံသူတွေကို ယှဉ်နိုင်တော့မှာ မဟုတ်ဘူးလို့ ကြောက်မိပါတယ်..."
"ကျွန်တော်တို့ ပင်လယ်နက်ထဲမှာပဲ ပုန်းအောင်းနေရတော့မှာ..."
ပင်လယ်မျိုးနွယ်စု ဝိညာဉ်သန္ဓေသားအဆင့် တစ်ဦးသည် မျှော်လင့်ချက်မဲ့သော အကြည့်ဖြင့် ပြောလိုက်သည်။
စစ်ပွဲမစမီက ပင်လယ်မျိုးနွယ်စုသည် လူသားမျိုးနွယ်စုကို ယှဉ်ပြိုင်နိုင်ပြီး၊ လူသားမျိုးနွယ်စုကို တွန်းလှန်နိုင်မည်ဟု သူ ထင်မှတ်ခဲ့သည်။
သို့သော် လူသားများ အမှန်တကယ် စိတ်အားထက်သန်လာပြီး ဝိညာဉ်သန္ဓေသား ဂိုဏ်းကြီးငါးခုကို စုစည်းလိုက်သောအခါ၊ ပင်လယ်မျိုးနွယ်စု တစ်ခုလုံးသည် မရေမတွက်နိုင်သော ထိခိုက်သေဆုံးမှုများဖြင့် မျှော်လင့်ချက်မဲ့စွာ ဆုတ်ခွာခဲ့ရလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
ထိုအချိန်တွင် သူသည် လူသားများ၏ ကြောက်မက်ဖွယ်ကောင်းမှုကို အမှန်တကယ် အသိအမှတ်ပြုလိုက်ရသည်။ လက်ရှိ ပင်လယ်မျိုးနွယ်စုသည် ရိုးရှင်းစွာပင် နှိုင်းယှဉ်၍ မရနိုင်ပေ။
လူသားမျိုးနွယ်စုသည် ချန်လန်ပင်လယ်ဒေသကို သိမ်းပိုက်ပြီးကတည်းက သူတို့၏ စွမ်းအားသည် ပိုမို ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။
"စိတ်မပူပါနဲ့... ငါ ဒီရလဒ်ကို မျှော်လင့်ထားပြီးသားပါ..."
"ဘာလို့လဲဆိုတော့ လက်ရှိ လူသားမျိုးနွယ်စုနဲ့ ပင်လယ်မျိုးနွယ်စုကြား ကွာဟချက်က အရမ်း ကြီးမားလွန်းတယ်..."
"ဒီတိုက်ပွဲမှာ ငါတို့ရဲ့ ရှုံးနိမ့်မှုက သေချာနေပြီးသား..."
ပင်လယ်မျိုးနွယ်စု၏ အကြီးအကဲချုပ်က တည်ငြိမ်စွာ ပြောလိုက်သည်။
ဘာ…။
ဤစကားကို ကြားသောအခါ ပင်လယ်မျိုးနွယ်စု ဝိညာဉ်သန္ဓေသားများ အားလုံး အကြီးအကဲချုပ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။
"အကြီးအကဲချုပ်... ခင်ဗျား ဘာကို ဆိုလိုတာလဲ..."
"ပင်လယ်မျိုးနွယ်စု သေချာပေါက် ကျဆုံးမယ်ဆိုတာ ခင်ဗျား ကြိုသိနေရင်… ဘာလို့ ကျွန်တော်တို့ကို သေမင်းဆီ လွှတ်လိုက်ရတာလဲ..."
"အရင်တုန်းက ပင်လယ်မျိုးနွယ်စုရဲ့ ဘုန်းအသရေနဲ့ လွှမ်းမိုးမှုကို ပြန်လည် ရယူချင်တယ်လို့ ခင်ဗျား ပြောခဲ့တယ် မဟုတ်လား… ကျွန်တော်တို့ကို လှည့်စားနေတာလား..."
"ခင်ဗျားက လူသားတွေနဲ့ ပူးပေါင်းကြံစည်နေတာလား… ပင်လယ်မျိုးနွယ်စုကို လုံးဝ ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ထားတာလား..."
ဤစကားကို ကြားသောအခါ မြောက်မြားစွာသော ပင်လယ်မျိုးနွယ်စု ဝိညာဉ်သန္ဓေသားများသည် လေးစားရသော အကြီးအကဲချုပ်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်ရင်း ချက်ချင်း ဒေါသထွက်လာကြသည်။
လူသားမျိုးနွယ်စုကို စစ်ကြေငြာခဲ့သော အကြီးအကဲချုပ်သည် ပင်လယ်မျိုးနွယ်စု ရှုံးနိမ့်မည်ကို ကြိုတင်သိရှိထားလျက်နှင့် စစ်ပွဲကို ဆက်လက် ဆွပေးခဲ့သည်ကို သူတို့ လက်မခံနိုင်ကြပေ။
ဤသည်မှာ ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူများကို သေလမ်းဆီသို့ ပို့လိုက်ခြင်းပင် မဟုတ်ပါလော။
"ဟုတ်တယ်... ငါ မင်းတို့ကို သေလမ်းဆီ ရောက်အောင် လှည့်စားခဲ့တာ..."
"ဒါပေမဲ့ အရာအားလုံးက တန်ပါတယ်..."
"ဘာလို့လဲဆိုတော့ ပင်လယ်မျိုးနွယ်စုအနေနဲ့ ငါတို့ရဲ့ စစ်မှန်တဲ့ အစီအစဉ်က ပြီးမြောက်ခါနီးပြီမို့လို့ပဲ..."
ပင်လယ်မျိုးနွယ်စု၏ အကြီးအကဲချုပ်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ခင်ဗျား ဘာကို ဆိုလိုတာလဲ… ပင်လယ်မျိုးနွယ်စုရဲ့ စစ်မှန်တဲ့ အစီအစဉ်က ဘာလဲ..."
ပင်လယ်မျိုးနွယ်စုမှ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများသည် ရှုပ်ထွေးနေကြပြီး အကြီးအကဲချုပ် ဘာကို ပြောဆိုနေမှန်း မသိကြပေ။
အမှန်အတိုင်း ပြောရလျှင် သူတို့သည် ပင်လယ်မျိုးနွယ်စု၏ အထက်တန်းလွှာ အစိတ်အပိုင်း ဖြစ်သော်လည်း စစ်မှန်သော အစီအစဉ်ကို မသိရှိခဲ့ကြပေ။
ထင်ရှားသည်မှာ ဤအစီအစဉ်ကို ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူ အများစု မသိရှိကြချေ။
"ငါတို့ ပင်လယ်မျိုးနွယ်စုထဲမှာ ရှေးဟောင်း မိစ္ဆာယဇ်ပလ္လင်တစ်ခု ရှိတယ်ဆိုတာ မင်းတို့ သိထားရမယ်..."
"ရှေးဟောင်းခေတ်က ကပ်ဘေးတစ်ခုကြောင့် ရှေးဟောင်း မိစ္ဆာယဇ်ပလ္လင် ပျက်စီးသွားခဲ့ရတယ်..."
"ဒီနေ့ နှစ်ပေါင်းသောင်းချီ ကြာပြီးနောက် ငါတို့ ပင်လယ်မျိုးနွယ်စုအနေနဲ့ ရှေးဟောင်း မိစ္ဆာယဇ်ပလ္လင်ကို နောက်ဆုံးတော့ ပြုပြင်နိုင်ခဲ့ပြီ..."
"ရှေးဟောင်း မိစ္ဆာယဇ်ပလ္လင်ကို အသက်သွင်းလိုက်တာနဲ့ ငါတို့က ရှေးဟောင်း မိစ္ဆာနယ်မြေနဲ့ ဆက်သွယ်နိုင်ပြီး ရှေးဟောင်း မိစ္ဆာတွေဆီ တံခါးဖွင့်ပေးနိုင်လိမ့်မယ်..."
ပင်လယ်မျိုးနွယ်စု၏ အကြီးအကဲချုပ်က ရှင်းပြလိုက်သည်။
ဘာရယ်…။
ဤစကားကြောင့် ပင်လယ်မျိုးနွယ်စု၏ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူ အများအပြား တုန်လှုပ်သွားကြပြီး သူတို့၏ နှလုံးသားများ ပြင်းထန်စွာ တုန်လှုပ်သွားကြသည်။
မှန်ပေသည်၊ သူတို့သည် ရှေးဟောင်း မိစ္ဆာနယ်မြေဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း သိထားကြသည်။
ကောလာဟလများအရ အဆုံးမဲ့ဟင်းလင်းပြင်၏ အလွန်တွင် လောကတစ်ခုရှိသည်ဟု ဆိုကြသည်။ ဤဟင်းလင်းပြင်ထဲတွင် မရေမတွက်နိုင်သော ကမ္ဘာများ တည်ရှိနေကြသည်။
သို့သော် ဤကမ္ဘာများသည် အလွန် ဝေးကွာလွန်းသဖြင့် ၎င်းတို့အကြား ဆက်သွယ်မှု မရှိပေ။
ရှေးဟောင်း မိစ္ဆာနယ်မြေသည် ထိုကဲ့သို့သော ကမ္ဘာတစ်ခု ဖြစ်သည်။
ဤသည်မှာ မိစ္ဆာများ သောင်းကျန်းသော ကမ္ဘာတစ်ခု ဖြစ်ပြီး မရေမတွက်နိုင်သော ရှေးဟောင်း မိစ္ဆာများဖြင့် ပြည့်နှက်နေသည်ဟု ဆိုကြသည်။
မှန်ပေသည်၊ ၎င်း၏ စွမ်းအားအဆင့်သည် ကျင့်ကြံခြင်းလောကနှင့် တန်းတူနီးပါး ဖြစ်ပြီး အသန်မာဆုံး မိစ္ဆာများသည် နတ်ဘုရားအသွင်ပြောင်းအဆင့် ၊ တစ်နည်းအားဖြင့် ပဉ္စမအဆင့် မိစ္ဆာကျင့်ကြံခြင်းသို့သာ ရောက်ရှိကြသည်။
(စကားချပ် - ယခင်က ကူပိုးကောင်တွေ၊ မိစ္ဆာသားရဲတွေနဲ့ လူတွေရဲ့ ကျင့်ကြံဆင့်တွေကို ကွဲပြားစေချင်လို့ အဆင့်တစ်၊ အဆင့်နှစ် စသဖြင့် သုံးနှုန်းခဲ့ပါတယ်။ နောက်ပိုင်းက စပြီး ပထမအဆင့်၊ ဒုတိယအဆင့် စသဖြင့်ပဲ သုံးစွဲသွားပါမယ်ဗျ)
တစ်ချိန်က ရှေးဟောင်း မိစ္ဆာနယ်မြေသည် ကျင့်ကြံခြင်းလောကကို ကျူးကျော်ခဲ့ဖူးသည်။
သူတို့သည် မိစ္ဆာကျင့်ကြံသူ အမြောက်အမြားကို ကျင့်ကြံခြင်းလောကထဲသို့ စေလွှတ်ခဲ့ပြီး အဆုံးမဲ့ ရုန်းရင်းဆန်ခတ်မှုများနှင့် သတ်ဖြတ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
ရှေးဟောင်းခေတ် ကပ်ဘေးသည် ရှေးဟောင်း မိစ္ဆာနယ်မြေနှင့် ကြီးမားသော ဆက်နွယ်မှု ရှိသည်။
ကျင့်ကြံခြင်းလောကတွင် မိစ္ဆာသားရဲများစွာ ရှိနေရခြင်း အကြောင်းရင်းမှာ ရှေးဟောင်း မိစ္ဆာနယ်မြေ၏ အမွေအနှစ်ကြောင့် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
မိစ္ဆာများစွာသည် ရှေးဟောင်း မိစ္ဆာနယ်မြေမှ ရှေးဟောင်း မိစ္ဆာများ၏ မျိုးဆက်များ ဖြစ်ကြသည်။
"အကြီးအကဲချုပ်... ခင်ဗျား အခု ရှေးဟောင်း မိစ္ဆာယဇ်ပလ္လင်ကို အသက်သွင်းနိုင်ပြီလား..."
"ဒါပေမဲ့ ဒါက ခင်ဗျားရဲ့ အစီအစဉ်နဲ့ ဘယ်လို သက်ဆိုင်နေတာလဲ..."
ပင်လယ်မျိုးနွယ်စု၏ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူ အများအပြား သိသိသာသာ စိတ်လှုပ်ရှားနေကြသည်။
"သေချာတာပေါ့... သက်ဆိုင်တာပေါ့..."
"ရှေးဟောင်း မိစ္ဆာယဇ်ပလ္လင်ကို အသက်သွင်းဖို့အတွက် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး အများအပြား လိုအပ်ရုံတင် မကဘူး..."
"မိစ္ဆာသွေး အမြောက်အမြားလည်း လိုအပ်သေးတယ်..."
"တစ်နည်းအားဖြင့် ပြောရရင် သွေးယဇ်ပူဇော်မှု လိုအပ်တယ်..."
"ပြဿနာက ငါတို့ ပင်လယ်မျိုးနွယ်စု အဖွဲ့ဝင်တွေကို အမြောက်အမြား သတ်ဖြတ်လိုက်ရင် ပင်လယ်မျိုးနွယ်စု သွေးကွဲမှုကို ဖြစ်ပေါ်လာလိမ့်မယ်..."
"ဒါကြောင့် ငါက ပင်လယ်မျိုးနွယ်စုနဲ့ လူသားမျိုးနွယ်စုကြား စစ်ပွဲကို စတင်ခဲ့ပြီးတော့… မြောက်မြားစွာသော ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူတွေကို လူသားတွေရဲ့ လက်ချက်နဲ့ သေဆုံးစေခဲ့တာပဲ..."
"ဒီနည်းနဲ့ ငါတို့က လုံလောက်တဲ့ ပူဇော်မှုတွေကို သဘာဝကျကျနဲ့ လူမသိသူမသိ စုဆောင်းနိုင်ခဲ့တာပဲ..."
"ပြီးတော့ ဒါက ပင်လယ်မျိုးနွယ်စုအတွင်းမှာ ဆူပူမှု ဖြစ်စေမှာ မဟုတ်ဘူး..."
"ဘာပဲပြောပြော သူတို့ကို သတ်တာက လူသားတွေလေ… ငါတို့မှ မဟုတ်တာ..."
ပင်လယ်မျိုးနွယ်စု၏ အကြီးအကဲက တိုးညှင်းစွာ ပြောလိုက်သည်။ သူ၏ လေသံတွင် ရက်စက်မှု အရိပ်အယောင် ပါဝင်နေပြီး ကျောချမ်းသွားစေလောက်သည်။
"ဒါက…"
ပင်လယ်မျိုးနွယ်စု ဝိညာဉ်သန္ဓေသား များ၏ မျက်ဝန်းများ ကျုံ့သွားကြပြီး အကြီးအကဲချုပ်၏ အစီအစဉ်ကို ရုတ်တရက် သဘောပေါက်သွားကြသည်။
ထင်ရှားသည်မှာ အကြီးအကဲချုပ်၏ အစီအစဉ်သည် အသွားနှစ်ဖက်ပါသော ဓားတစ်လက် ဖြစ်သည်။
အကယ်၍ ပင်လယ်မျိုးနွယ်စုသည် ဤစစ်ပွဲတွင် အမှန်တကယ် အနိုင်ရခဲ့ပြီး၊ ချန်လယ်ပင်လယ်၏ အရှင်သခင် ဖြစ်လာခဲ့ပါက ရှေးဟောင်း မိစ္ဆာယဇ်ပလ္လင်ကို အသက်သွင်းစရာ လိုမည် မဟုတ်ပေ။
အုပ်စိုးသူ အရှင်သခင်အနေဖြင့် ရှေးဟောင်း မိစ္ဆာနယ်မြေ၏ အကူအညီအား မလိုအပ်တော့ချေ။
သို့သော်၊ သူတို့ ရှုံးနိမ့်ခဲ့ပါက ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူ အလောင်းများစွာအား ရှေးဟောင်း မိစ္ဆာယဇစ်ပလ္လင်ကို အသက်သွင်းနိုင်မည့် ပူဇော်လက်ဆောင်အနေဖြင့် စုဆောင်းနိုင်ပေသည်။
နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ အကြီးအကဲချုပ်၏ အစီအစဉ်သည် မလွဲမသွေ အောင်မြင်မည့် အစီအစဉ် ဖြစ်သည်။
ထိုကဲ့သို့သော မဟာဗျူဟာကို အပြစ်ဆိုဖွယ်ရာ မရှိဟု ဖော်ပြနိုင်သည်။
ဤအကြောင်း တွေးမိသောအခါ သူတို့အားလုံး အကြီးအကဲချုပ်ကို ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
သူတို့ကဲ့သို့သော ဝိညာဉ်သန္ဓေသား ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူများပင်လျှင် အကြီးအကဲချုပ်၏ တွက်ချက်မှုများ အတွင်း ကျရောက်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။
"ငါ့ကို အပြစ်မတင်ပါနဲ့… ဒီအရာအားလုံးက ပင်လယ်မျိုးနွယ်စုရဲ့ အနာဂတ်အတွက်ပါ..."
"ဒါ့အပြင် ရှေးဟောင်း မိစ္ဆာယဇ်ပလ္လင် အသက်ဝင်လာပြီး ရှေးဟောင်း မိစ္ဆာနယ်မြေဆီ တံခါးပွင့်သွားတာနဲ့..."
"ငါတို့ ပင်လယ်မျိုးနွယ်စုအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ သေချာပေါက် ရရှိလာလိမ့်မယ်..."
"အဲ့ဒီအချိန်ကျရင် ချန်လန်ပင်လယ်တင် မကဘူး… ကျင့်ကြံခြင်းလောက တစ်ခုလုံး ငါတို့ မိစ္ဆာမျိုးနွယ်စုရဲ့ အုပ်ချုပ်မှုအောက် ရောက်ရှိလာလိမ့်မယ်..."
"ကမ္ဘာလောကကြီးက ငါတို့ မိစ္ဆာမျိုးနွယ်စုရဲ့ နယ်မြေ ဖြစ်လာလိမ့်မယ်..."
ပင်လယ်မျိုးနွယ်စု၏ အကြီးအကဲချုပ် လေးနက်စွာ ပြောလိုက်သည်။
"ကျွန်တော်တို့ နားလည်ပါပြီ..."
"အကြီးအကဲချုပ်... ကျွန်တော်တို့ နောက်ထပ် ဘာလုပ်သင့်သလဲ..."
ဝိညာဉ်သန္ဓေသား ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူအားလုံး အကြီးအကဲချုပ်ကို ကြည့်နေကြသည်။
အကြီးအကဲချုပ်၏ ရက်စက်သော နည်းလမ်းများကို ကြောက်ရွံ့နေကြသော်လည်း၊ သေဆုံးသွားသော မိစ္ဆာများသည် ပြန်လည် အသက်ရှင်မလာနိုင်ကြပေ။
သေသွားသော မိစ္ဆာတစ်ကောင်က စကားပြောနိုင်တော့မည် မဟုတ်ပေ။ သူတို့ ဆက်လက် အပြစ်တင်နေလျှင်ပင် အချဉ်းနှီးသာ ဖြစ်၏။
လူသားကျင့်ကြံသူများ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသော သူတို့၏ ကံဆိုးမှုကိုသာ အပြစ်တင်ရပေမည်။
ယခုအချိန်တွင် အရေးအကြီးဆုံးမှာ ပင်လယ်မျိုးနွယ်စု၏ အနာဂတ်နှင့် ရှေးဟောင်း မိစ္ဆာယဇစ်ပလ္လင်ကို အသက်သွင်းဖို့ပင်။
"ဒီစစ်ပွဲမှာ ငါ ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူ အလောင်းအများအပြားကို စုဆောင်းထားပြီးပြီ… အားလုံးကို ပူဇော်လက်ဆောင်အနေနဲ့ သုံးလို့ ရတယ်..."
"ဒါပေမဲ့ ပြင်ဆင်စရာ တခြား ပစ္စည်းတွေ လိုသေးတယ်… ဒါကြောင့် ငါတို့ အချိန် နည်းနည်း လိုသေးတယ်..."
"ဒီကိစ္စတွေ အားလုံးအတွက် မင်းတို့ရဲ့ အပြည့်အဝ ကူညီမှု လိုအပ်တယ်..."
"အခု လူသားကျင့်ကြံသူတွေက နတ်ဘုရားအသွင်ပြောင်းအဆင့် အမွေအနှစ်တွေကြောင့် အာရုံစိုက်နေကြတော့… ငါတို့ရဲ့ လုပ်ရပ်တွေကို လုံးဝ သတိထားမိမှာ မဟုတ်ဘူး..."
"ရှေးဟောင်း မိစ္ဆာယဇ်ပလ္လင်ကို အောင်မြင်စွာ အသက်သွင်းလိုက်တာနဲ့ လူသားကျင့်ကြံသူတွေအတွက် သေမင်းတမန် ခေါင်းလောင်းသံ ဖြစ်လာလိမ့်မယ်..."
ပင်လယ်မျိုးနွယ်စု၏ အကြီးအကဲက သတ်ဖြတ်လိုစိတ်ဖြင့် ပြောလိုက်သည်။
"ကောင်းပါပြီ အကြီးအကဲချုပ်..."
ဤစကားများကို ကြားသောအခါ ပင်လယ်မျိုးနွယ်စု ဝိညာဉ်သန္ဓေသား ကျင့်ကြံသူ အများအပြား အတိုင်းအဆမဲ့ စိတ်လှုပ်ရှားသွားကြတော့သည်။
……