← Chapters

အခန်း (၄၃၂)

Vol. 44 Ch. 432

အခန်း (၄၃၂)

Vol. 44 Ch. 432

တုပိုင်က လက်ညှိုးတစ်ချောင်း ထိုးလိုက်သည်။ ချက်ချင်းပင် ဝိညာဉ်အရိပ် စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသည်။ ပေမင်ဓားဂိုဏ်း၏ တပည့်ရင်း ကျီလန်ထင်းသည် မျက်လုံးများ ပြာဝေသွားသကဲ့သို့ ခံစားလိုက်ရပြီး စိတ်ဝိညာဉ်တစ်ခုလုံး တုန်လှုပ်သွားကာ တုပိုင်ထံ ခုတ်ပိုင်းလာသော ဓားသည် မရပ်တန့်ဘဲ မနေနိုင် ဖြစ်သွားသည်။

သို့သော်... ထိုမျှသာ ဖြစ်သည်။

သူ၏ ဝိညာဉ်စွမ်းအင် ကျင့်ကြံမှု အခြေခံက မြင့်မားလွန်းပြီး တုပိုင်၏ လက်ကျန် ဝိညာဉ်အရိပ် စွမ်းအင်က မများပြားတော့ပေ။ ထို့ကြောင့် စိတ်စွမ်းအင် တိုက်ခိုက်မှုသည် သူ့ကို တစ်ခဏမျှသာ မျက်လုံးပြာဝေသွားစေပြီး ခေါင်းကိုက်သွားစေသည်။ အခြားသူများကဲ့သို့ စိတ်ဝိညာဉ် ဗလာဖြစ်သွားခြင်း ၊ ခေတ္တမျှ လှုပ်ရှား၍မရဘဲ သတိလစ်သွားခြင်းမျိုး မဖြစ်ပေါ်ခဲ့ပေ။

သို့သော်ငြားလည်း ကျီလန်ထင်းသည် လုံးဝ တုန်လှုပ်သွားပြီး လေသံဖြင့် ပြောလိုက်သည်။ “စိတ်စွမ်းအင် တိုက်ခိုက်မှုလား...”

ပေမင်ဓားဂိုဏ်း၏ တပည့်ရင်း တစ်ယောက်အနေဖြင့် စိတ်စွမ်းအင် တိုက်ခိုက်မှုသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းပြီး အံ့သြဖွယ် ကောင်းကြောင်း သူ ကောင်းစွာ သိရှိထားသည်။

ဝိညာဉ်စွမ်းအင် ကျင့်ကြံမှု ၊ သိုင်းပညာ ကျင့်ကြံမှုနှင့် ဝိညာဉ်အရိပ် စွမ်းအင် မလုံလောက်မှုတို့ကြောင့် တုပိုင်၏ စိတ်စွမ်းအင် တိုက်ခိုက်မှု အားကောင်းခြင်း မရှိသော်လည်း ရှိနေခြင်းကပင် မေးခွန်းထုတ်စရာ ဖြစ်နေသည်။

ယနေ့ အားမကောင်းသော်လည်း အနာဂတ်တွင် အားကောင်းလာနိုင်သည်။ နီရှန်နှင့် အခြားလူလတ်ပိုင်းအရွယ် အမျိုးသားတို့သည် တုပိုင်ကို အံ့သြစွာ ကြည့်လိုက်ကြသည်။

တုပိုင်၏ ကျင့်ကြံမှု အဆင့် နိမ့်ပါးသော်လည်း စိတ်စွမ်းအင် တိုက်ခိုက်မှုကို ပြုလုပ်နိုင်သည်လား။

“ကျီလန်ထင်း... ဂိုဏ်းချုပ်ရဲ့ တူတော်မောင်...” တုပိုင်က အေးစက်စွာ ပြောလိုက်သည်။ “ပေမင်ဓားဂိုဏ်းက တပည့်တွေက ငါ့ကို သတ်ဖို့ အရည်အချင်း မပြည့်မီဘူး။ ငါက ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုကို ခံယူပြီး မသေဆုံးခဲ့တဲ့သူ ၊ နတ်မိစ္ဆာစမ်းသပ်စစ်ဆေးမှုကို ခံယူခဲ့တဲ့သူပဲ”

ထို့နောက် သူက နီရှန်နတ်မိမယ်ကို ကြည့်ပြီး ပြောလိုက်သည်။ “ကျီလန်ထင်းက ဒီအချက်ကို မသိချင်ယောင် ဆောင်နိုင်ပေမယ့်... နီရှန်နတ်မိမယ်ကတော့ မသိဘဲ မနေဘူး မဟုတ်လား”

နီရှန်နတ်မိမယ်က တုပိုင်ကို စိုက်ကြည့်ကာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ဟုတ်တယ်... ဒါကြောင့် ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုကို ခံယူပြီး မသေဆုံးခဲ့တဲ့သူကို ကိုင်တွယ်ဖို့ ကျွန်မတို့မှာ အခွင့်အရေး မရှိဘူး”

“ဘုန်းးး ဘုန်းးး ဘုန်းးး”

ထိုအချိန်တွင် ပတ်ဝန်းကျင်၌ ပြင်းထန်သော တုန်ခါမှုများ ဖြစ်ပေါ်လာသည်။ အပေါ်ဘက်ရှိ ကျောက်ဆောင်များလည်း စတင် ကွဲအက်လာကာ ပြိုကျလာသည်။

ကျောက်ရည်ပူမြစ်များသည် မိုးထိအောင် မြင့်မားသော မီးတောက်များအဖြစ် စတင် ပေါက်ကွဲလာသည်။ အဘယ်ကြောင့်မှန်း မသိပေ။ ဧရာမ သားရဲဆန်းကြီး သေဆုံးသွားသောကြောင့် ဖြစ်နိုင်သလို အခြား အကြောင်းပြချက်များကြောင့်လည်း ဖြစ်နိုင်သည်။ ဤထင်ယောင်ထင်မှားကျွန်း၏ အတွင်းပိုင်းသည် ပြိုကျပျက်စီးတော့မည် ဖြစ်သည်။

ထို့ပြင် တုပိုင်သည် ဤနေရာရှိ အောက်ဆီဂျင် ပိုမို နည်းပါးလာသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။

ယခင်က မြေအောက်တွင် ရှိသော်လည်း အောက်ဆီဂျင်သည် အံ့သြဖွယ် ကောင်းလောက်အောင် ကြွယ်ဝခဲ့သည်။ ယခု ကြည့်ရသည်မှာ ထိုအောက်ဆီဂျင်များကို ဧရာမ လက်သည်းများစွာ ပါရှိသော သားရဲဆန်းကြီးက ထောက်ပံ့ပေးထားပုံ ရသည်။

ယခု သားရဲဆန်းကြီး သေဆုံးသွားပြီ ဖြစ်သဖြင့် ဤနေရာရှိ အောက်ဆီဂျင်သည်လည်း ကုန်ခမ်းတော့မည် ဖြစ်သည်။

“တုပိုင်... ရှင့်ကို ကိုင်တွယ်ဖို့ ကျွန်မတို့မှာ အခွင့်အရေး မရှိပေမယ့်...” နီရှန်နတ်မိမယ်က ပြောလိုက်သည်။ “ရှင့်ကို ကျွန်မတို့ မကယ်နိုင်ဘူး။ ရှင် ဒီမှာပဲ အသက်ဆက်ရှင်ဖို့ ကြိုးစားပေတော့”

“သွားကြစို့...” နီရှန်နတ်မိမယ်က ပြောလိုက်သည်။

ထို့နောက် သူမ၏ ကျောက်စိမ်းခြေထောက်လေးကို ခပ်ဖွဖွ နင်းလိုက်ပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ပျံတက်သွားကာ အပြင်ဘက်သို့ ပြေးထွက်သွားလေသည်။

“ဘုန်းးး ဘုန်းးး”

ထင်ယောင်ထင်မှားကျွန်း တစ်ခုလုံး ဆက်လက် ပြိုကျနေသည်။ ဧရာမ သားရဲဆန်းကြီး သေဆုံးသွားသဖြင့် ပိတ်လှောင်နေသော ထင်ယောင်ထင်မှားကျွန်း၏ အတွင်းပိုင်း ကျောက်နံရံတွင် ထွက်ပေါက်တစ်ခု ပေါ်လာသည်။ နီရှန်နတ်မိမယ်သည် သိုင်းပညာကို အသုံးပြုကာ ပြုတ်ကျနေသော ကျောက်တုံးကြီးများကို နင်းလျက် ထွက်ပေါက်မှတစ်ဆင့် ခုန်ထွက်သွားသည်။ မြေအောက် ထင်ယောင်ထင်မှားကျွန်းမှ ထွက်ခွာသွားခြင်း ဖြစ်သည်။

ထို့နောက် ချက်ချင်းပင် လူလတ်ပိုင်းအရွယ် အမျိုးသားသည်လည်း သိုင်းပညာကို အသုံးပြုကာ ထွက်ပေါက်မှတစ်ဆင့် ပြေးထွက်သွားသည်။

ယခုအချိန်တွင် ထင်ယောင်ထင်မှားကျွန်း၏ အတွင်းပိုင်းသည် ပိုမို ပြင်းထန်စွာ ပြိုကျနေပြီး ပြိုကျလာသော ကျောက်တုံးကြီးများသည် ပို၍ ပို၍ မြင့်မားလာကာ ထွက်ပေါက်ကိုပင် ပိတ်ဆို့လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

နောက်ဆုံးတွင် ကျီလန်ထင်းသည် သိုင်းပညာကို အသုံးပြုကာ ထွက်ပေါက်မှ အလွယ်တကူ ခုန်ထွက်လိုက်သည်။

“တုပိုင်... ငါ ဒီထွက်ပေါက်မှာ နေခဲ့မယ်။ မင်း အိပ်မက်ထဲတောင် ထွက်ပြေးဖို့ မစဉ်းစားနဲ့တော့... အထဲမှာပဲ သေလိုက်တော့” ကျီလန်ထင်းက ပြောလိုက်သည်။

ထို့နောက် သူသည် တုပိုင် ထွက်ပြေး၍ မရနိုင်စေရန် ထွက်ပေါက်ကို ပိတ်ဆို့လိုက်လေသည်။

ထင်ယောင်ထင်မှားကျွန်း အတွင်းရှိ အောက်ဆီဂျင်သည် ပိုမို နည်းပါးလာပြီး ပြိုကျမှုသည် ပိုမို ပြင်းထန်လာသည်။ တုပိုင်သာ ဤနေရာတွင် ၁၅ မိနစ်ခန့် ဆက်နေပါက လုံးဝ သေဆုံးသွားပေလိမ့်မည်။

“ဘုန်းးး ဘုန်းးး”

ပြိုကျမှုသည် ပိုမို ပြင်းထန်လာပြီး နှစ်မိနစ် အတွင်းမှာပင် ကျောက်တုံးကြီးများသည် ထွက်ပေါက်ကို လုံးဝ ပိတ်ဆို့သွားသည်။ ကျီလန်ထင်း ထွက်ခွာသွားချိန်တွင် သူသည် တုပိုင်ကို အတွင်း၌ အသေပိတ်လှောင်ထားခဲ့ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

**--**--**--**--**--**--**--**

ထင်ယောင်ထင်မှားကျွန်း၏ အတွင်းပိုင်းတစ်ခုလုံး ဆက်လက် ပြိုကျပျက်စီးနေပြီး ကျောက်တုံးကြီးများ ဆက်တိုက် ပြုတ်ကျနေကာ လေထုသည် ပိုမို ပါးလွှာလာသည်။ တုပိုင်သည် လှုပ်ရှားခြင်း မရှိဘဲ မြေပြင်ပေါ်တွင် ထိုင်နေပြီး အသက်ရှူနှုန်းကို တဖြည်းဖြည်း လျှော့ချလိုက်သည်။

တစ်စုံတစ်ယောက် ပေါ်လာမည်ကို သူ စောင့်ဆိုင်းနေသည်။ ထိုသူ မည်သူဖြစ်သည်ကို သူ မသိသော်လည်း တစ်စုံတစ်ယောက် ရှိရမည် ဖြစ်သည်။ သူသည် ဓမ္မတစ်ဆစ် ၊ မာရ်တစ်မိုက် ဆိုသလို အခြေအနေကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

ပတ်ဝန်းကျင်မှ ကျောက်တုံးများ ပြုတ်ကျနေသည်ကို လုံးဝ လစ်လျူရှုပြီး တုပိုင်သည် မျက်လုံးများကို မှိတ်ထားလိုက်သည်။

ရုတ်တရက် သူ့ရှေ့တွင် လူတစ်ယောက် ရှိနေကြောင်း ခံစားလိုက်ရသည်။ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူ့ရှေ့တွင် အရပ်ပုပု အဘိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။ မိစ္ဆာအိုကြီး စစ်ခုန်းမြဲ့နှင့် ရွယ်တူခန့်ရှိသော အဘိုးအိုတစ်ဦး ဖြစ်သည်။

သူ၏ လက်ထဲတွင် ကျမ်းလိပ်တစ်ခု ကိုင်ဆောင်ထားသည်။ တိတိကျကျ ပြောရလျှင် ကျမ်းလိပ်တစ်ဝက် ဖြစ်သည်။ နက်နဲဆန်းကြယ်သော စွမ်းအင်များ ပြည့်နှက်နေသည့် ရှေးဟောင်းကျမ်းလိပ်တစ်ခု ဖြစ်သည်။

ထိုသည်က စစ်မှန်သော ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်သိုင်းကျမ်း ဖြစ်သည်။

“ဆရာသခင်ကို ဂါရဝပြုပါတယ်” တုပိုင်က ဦးညွှတ် ဂါရဝပြုလိုက်သည်။

အရပ်ပုပု အဘိုးအိုက ပြန်လည် ဂါရဝပြုလိုက်ပြီးနောက် သူ၏ ပါးစပ်ကို လက်ညှိုးထိုးပြလိုက်သည်။ ပါးစပ်ကို ဖွင့်လိုက်သောအခါ တုပိုင်သည် သူ့တွင် လျှာမရှိကြောင်း တွေ့လိုက်ရပြီး မအံ့သြဘဲ မနေနိုင် ဖြစ်သွားသည်။ “ဘယ်သူ ဖြတ်လိုက်တာလဲ”

“ငါ့ဘာသာ ငါဖြတ်လိုက်တာ” အရပ်ပုပု အဘိုးအိုက တုပိုင်နှင့် စိတ်ချင်း ဆက်သွယ်ပြီး ပြောလိုက်သည်။ “တချို့အရာတွေကို ထိုးထွင်းမြင်ပြီး ပြောမိမှာ စိုးလို့... အများကြီး သိပြီး အများကြီး ပြောမိမှာ စိုးလို့... ငါ့လျှာကို ငါဖြတ်ပစ်လိုက်တာ။ လျှာမဖြတ်ခဲ့ရင် ငါ ဟိုးအရင်ကတည်းက သေနေလောက်ပြီ”

တုပိုင်က ပြောလိုက်၏။ “ဒီနေ့ အခြေအနေကို စီနီယာ စီစဉ်ခဲ့တာလား”

အရပ်ပုပု အဘိုးအိုက ခေါင်းညိတ်လိုက်သည်။

တုပိုင်က ဆက်ပြောလိုက်သည်။ “ပေမင်ဓားဂိုဏ်းက တပည့်တွေ နောက်ဆုံးမှာ ပေါ်လာပြီး ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်သိုင်းကျမ်းကို လာလုကြမယ် ဆိုတာကိုလည်း စီနီယာ ခန့်မှန်းခဲ့တာလား”

အရပ်ပုပု အဘိုးအိုက ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူသည် စစ်မှန်သော ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်သိုင်းကျမ်းကို တုပိုင်၏ လက်ထဲသို့ တိုက်ရိုက် ထည့်ပေးလိုက်သည်။ မည်သည့် အကန့်အသတ်မှ မပါ ၊ မည်သည့် သွေးသစ္စာဆိုခြင်းမှ မပါဘဲ ပေးအပ်လိုက်ခြင်း ဖြစ်သည်။

“ဒီကြယ်တာရာစုပ်ယူခြင်း မဟာအတတ်က ပြီးပြည့်စုံတဲ့ ပေမင်မဟာအတတ်မဟုတ်ဘူး။ အတင်းအဓမ္မ ကျင့်ကြံရင် အကျိုးဆက်က အရမ်း ပြင်းထန်တယ်” အရပ်ပုပု အဘိုးအိုက ပြောလိုက်သည်။ “ဒါကြောင့် မဖြစ်မနေ အခြေအနေ မဟုတ်ရင် ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို မင်း လုံးဝ မသုံးရဘူး။ ပြီးပြည့်စုံတဲ့ ပေမင်မဟာအတတ်ကို ရပြီးမှပဲ စိတ်ချလက်ချ ကျင့်ကြံလို့ ရမယ်။ စစ်ခုန်းမြဲ့ရဲ့ အဖြစ်ကို မင်း မြင်တယ်မလား”

တုပိုင် ခေါင်းညိတ်လိုက်သည်။

အရပ်ပုပု အဘိုးအိုက စိတ်စွမ်းအင်ဖြင့် ဆက်ပြောလိုက်သည်။ “သူက ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို ကျင့်ကြံခဲ့တဲ့အထဲမှာ ရလဒ်အကောင်းဆုံး လူတစ်ယောက်ပဲ။ သူ့အရင် မျိုးဆက် မြောက်ပိုင်းဂိုဏ်း ဆက်ခံသူတွေက ‘ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို ဆယ်နှစ်တောင် မပြည့်အောင် ကျင့်ကြံပြီး ရုတ်တရက် သေဆုံးခဲ့ကြရတာ။ စစ်ခုန်းမြဲ့ကျတော့ မျက်လုံးကွယ်ပြီး ခြေထောက်ကျုံ့သွားရုံပဲ ရှိသေးတယ်။ ငါ တားခဲ့လို့သာ ၊ မဟုတ်ရင် သူလည်း ရုတ်တရက် သေသွားမှာပဲ”

တုပိုင် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။ “ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ”

အရပ်ပုပု အဘိုးအိုက ပြောလိုက်သည်။ “မှတ်ထားနော်... မဖြစ်မနေ အခြေအနေ မဟုတ်ရင် ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို လုံးဝ မသုံးနဲ့”

တုပိုင်က ပြောလိုက်၏။ “စီနီယာမှာ မှာစရာ ရှိသေးလား။ ဥပမာ... ပေမင်ဓားဂိုဏ်းရဲ့ မြောက်ပိုင်းဂိုဏ်းနဲ့ တောင်ပိုင်းဂိုဏ်း ကိစ္စ... ပေမင်ဓားဂိုဏ်းရဲ့ မူလလမ်းစဉ်ကို ပြန်လည် ရယူမယ့် ကိစ္စမျိုးပေါ့”

အရပ်ပုပု အဘိုးအိုက ပြောလိုက်သည်။ “မြောက်ပိုင်းဂိုဏ်းနဲ့ တောင်ပိုင်းဂိုဏ်းရဲ့ အငြိုးအတေးတွေ... နင်တောက်ရွှမ်ရဲ့ အဖြူနဲ့ အမည်း ၊ အမှားနဲ့ အမှန်... အခု ပေမင်ဓားဂိုဏ်းရဲ့ အမှောင်နဲ့ တရားမျှတမှု... ဒါတွေကို မင်းကိုယ်တိုင် ကြည့်ရှုဖို့ လိုအပ်တယ်။ မင်း ပိုမြင့်တဲ့နေရာမှာ ရပ်တည်နိုင်တဲ့အခါ မင်း ပိုရှင်းရှင်းလင်းလင်း မြင်လာရလိမ့်မယ်။ ငါ ကြိုပြီး ဘာဆုံးဖြတ်ချက်မှ မပေးနိုင်ဘူး။ အရာအားလုံးက မင်းရဲ့ ဆန္ဒအတိုင်းပဲ ဖြစ်ရမယ်”

တုပိုင်သည် လေးစားသမှုဖြင့် မတ်တပ်ရပ်လိုက်ပြီး ဦးညွှတ်ကာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် စီနီယာ”

“ဘုန်းးးး” ထင်ယောင်ထင်မှားကျွန်း၏ လိုဏ်ဂူသည် ရူးသွပ်မတတ် ဆက်လက် ပြိုကျနေသည်။

အရပ်ပုပု အဘိုးအိုက ပြောလိုက်သည်။ “သွားတော့... ငါ မင်းကို အပြင်ကို ပို့ပေးမယ်”

ထို့နောက် သူသည် တုပိုင်ကို ကျောက်ကမ်းပါးထောင့်တစ်နေရာသို့ ခေါ်ဆောင်သွားပြီး လုံးဝ မထင်ရှားသော ကျောက်တုံးအဖုအထစ်တစ်ခုကို လှည့်လိုက်သည်။

အလွန် ရှုပ်ထွေးသော စည်းမျဉ်းများအတိုင်း အကြိမ်ပေါင်း ဒါဇင်များစွာ လှည့်လိုက်ပြီးနောက်...

“ဘုန်း...”

ကျောက်တုံး ကွဲအက်သွားပြီး လိုဏ်ဂူဝတွင် လျှို့ဝှက်ဥမင်တစ်ခု ပေါ်လာသည်။

“သွားတော့...” အရပ်ပုပု အဘိုးအိုက စိတ်ချင်း ဆက်သွယ်ပြောလိုက်သည်။

တုပိုင်က မေးလိုက်၏။ “စီနီယာရော...”

အရပ်ပုပု အဘိုးအိုက ပြုံးလိုက်ပြီး စကားမပြောပေ။ သူ ထွက်ခွာမည် မဟုတ်ဘဲ စစ်ခုန်းမြဲ့နှင့်အတူ အထဲတွင် သေဆုံးရန် ဆုံးဖြတ်ထားသည်မှာ ထင်ရှားလေသည်။

တုပိုင် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။ “ကောင်းကောင်း သွားပါ စီနီယာ”

အရပ်ပုပု အဘိုးအိုသည် တုပိုင်ကို လက်ပြနှုတ်ဆက်လိုက်သည်။

တုပိုင်သည် လျှို့ဝှက်လမ်းအတိုင်း လျှောက်သွားလိုက်သည်။ ကီလိုမီတာ အနည်းငယ်ခန့် လျှောက်ပြီးနောက် ရုတ်တရက် ထွက်ပေါက်ရှိ ကျောက်ပြားကို မလိုက်သည်။

“ဝေါ....ဝေါ....”

ရုတ်တရက် ပင်လယ်ရေများ ဝင်ရောက်လာသည်။ ဤလျှို့ဝှက်လမ်း၏ ထွက်ပေါက်သည် ပင်လယ်ကြမ်းပြင်နှင့် မဝေးသော နေရာတွင် ရှိနေခြင်း ဖြစ်ပေသည်။

အပိုင်း ၄၃၂ ပြီး။

All Chapters