အခန်း (၄၃၉)
Vol. 44 Ch. 439
ဝူကျန့်တောက် အမိန့်ပေးလိုက်သည်နှင့် အပြင်ဘက်မှ သိုင်းပညာရှင် ဒါဇင်ပေါင်းများစွာ ဝင်ရောက်လာပြီး တုပိုင်နှင့် ကျီပြောင်ပြောင်ကို ဝိုင်းရံထားလိုက်ကြသည်။
ထိုသိုင်းပညာရှင် အများစုမှာ စတုတ္ထအဆင့်နှင့် ပဉ္စမအဆင့် သိုင်းပညာရှင်များ ဖြစ်ကြသည်။
တုပိုင် အံ့အားသင့်သွားသည်။ ဝူကျန့်တောက်သည် ကြွယ်ဝချမ်းသာသော်လည်း စတုတ္ထအဆင့် သိုင်းပညာရှင် အနည်းငယ်ကိုသာ မွေးမြူထားနိုင်ပေလိမ့်မည်။ ယခုကဲ့သို့ ဒါဇင်နှင့်ချီ၍ မွေးမြူထားရန်မှာ ဝန်ထုပ်ဝန်ပိုး ကြီးလွန်းလှသည်။ သူက ကြွယ်ဝချမ်းသာသည် ဆိုသော်လည်း စီရင်စုမြို့လေးတစ်မြို့မှ သူဌေးတစ်ဦးသာ ဖြစ်သည်။ ပိုက်ဆံမရှိခြင်း မဟုတ်ဘဲ ဤမျှများပြားသော စတုတ္ထအဆင့် သိုင်းပညာရှင်များကို ထိန်းချုပ်နိုင်သည့် အာဏာမရှိခြင်း ဖြစ်သည်။
အစ်မကြီးကျီပြောင်ပြောင်သည် သရုပ်ဆောင်ကောင်းသူ ပီပီ မြေကြီးပေါ်သို့ လဲကျသွားပြီး မလှုပ်မယှက် နေလိုက်သည်။
သို့သော် တုပိုင်ကမူ မျက်နှာကို ရှုံ့မဲ့နေစေပြီး အပြာရောင် ၊ ခရမ်းရောင် သန်းလာကာ အချိန်မရွေး သွေးအန်တော့မည့်ပုံစံမျိုး လုပ်ထားလိုက်သည်။
စျေးပေါသည့် ယောက်ဖ ဝူယန်မင်သည် တုပိုင်၏ ရှေ့တွင် ထိုင်ချလိုက်ပြီး ရှုပ်ထွေးသော အမူအရာဖြင့် ပြောလိုက်၏။
“ခွေးကောင်လေး တုပိုင်... မင်းမှာ ဒီလိုနေ့မျိုး ရှိလာမယ်လို့ ထင်ထားလား”
“ပထမဆုံး အနေနဲ့ ငါက ရုပ်ချောတယ် ၊ စာတတ်ပေတတ် ပညာရှင်တစ်ယောက် ဖြစ်ရုံသာမက နန်ဟိုင်သိုင်းသင်တန်းကျောင်းက ကျောင်းသားတစ်ယောက် ဖြစ်တယ်။ မင်းကတော့ အိမ်ထောင်ပျက်က အမှိုက်ကောင်တစ်ကောင်ပဲ။ တစ်မိသားစုလုံး ငါ့မိန်းမ တုဖိန်အာ ရှာကျွေးတာကို စောင့်နေရတာ။ မင်းတို့မိသားစု နေစရာအိမ်ကိုတောင် တုဖိန်အာက ဝယ်ပေးထားရတာ။ တုဖိန်အာရဲ့ ပိုက်ဆံတွေက ငါပေးထားတာလေ...”
“မင်းက ဘာကောင်မို့လို့လဲ။ ငါတို့ အိမ်က ဆင်းရဲတဲ့ ဆွေမျိုးတစ်ယောက် ၊ ငါတို့အိမ်ကို မှီခိုနေရတဲ့ ကပ်ပါးကောင်တစ်ကောင်ပဲ။ မင်းလို အိမ်ထောင်ပျက်က ကောင်တစ်ကောင်က ဘာလို့များ ကြီးပွားလာရတာလဲ။ ဘာလို့များ ငါတို့ရှေ့မှာ လူရာဝင်လာရတာလဲ။ ဘာလို့ ငါတို့မိသားစုကို အကြိမ်ကြိမ် ကယ်တင်နိုင်ရတာလဲ။ ဘာလို့ ငါတို့သားအဖက မင်းကို ဒူးထောက်နေရတာလဲ”
ထိုစကားကို ကြားလိုက်ရသောအခါ တုပိုင် သက်ပြင်းချလိုက်မိသည်။ ရက်စက်လိုက်တဲ့ အမှန်တရားဖြစ်၏။
အမှန်တရားသည် မကြာခဏဆိုသလို နားထောင်ရ ခက်ခဲတတ်ပြီး ဝူယန်မင်၏ စကားများသည် နှလုံးသားကို ထိုးခွဲလိုက်သကဲ့သို့ ခံစားရကာ လူ့သဘောသဘာဝ၏ အရုပ်ဆိုးသော ဘက်ခြမ်းကို တိုက်ရိုက် လှစ်ဟပြလိုက်ခြင်း ဖြစ်သည်။
မနာလိုဝန်တိုမှု...။ မဟုတ်သေးပေ။ မနာလိုဝန်တိုမှုဖြင့်ပင် ဤခံစားချက်ကို ဖော်ပြရန် မလုံလောက်ပေ။ တုပိုင်သည် စကားလုံး ရှာဖွေကြည့်သော်လည်း မတွေ့ရှိပေ။ မနာလိုဝန်တိုမှုထက် များစွာ ပိုမို ပြင်းထန်သည်။
လူအများစုအတွက် လက်မခံနိုင်ဆုံးအရာက ဆင်းရဲတဲ့ ဆွေမျိုးတွေ ကြီးပွားချမ်းသာလာခြင်း ဖြစ်သည်။ ထို့အပြင် ကိုယ်က တစ်ဖက်လူကို အကြိမ်ကြိမ် အသနားခံခဲ့ရပြီး တစ်ဖက်လူက ကိုယ့်အပေါ် အကြိမ်ကြိမ် ကျေးဇူးပြုခဲ့ဖူးတယ် ဆိုပါက ပို၍ ဆိုးရွားလေသည်။
ရန်ငြိုး...။ သို့သော် ဝူကျန့်တောက် သားအဖ သစ္စာဖောက်ရခြင်း၏ အကြောင်းရင်းမှာ ထိုအရာတစ်ခုတည်းကြောင့် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ဝူကျန့်တောက်သည် လက်တွေ့ဆန်သော လူတစ်ယောက် ဖြစ်ပြီး အကျိုးအမြတ်ကိုသာ အဓိကထားသူ ဖြစ်သည်။
ပင်လယ်ကူးကုန်သည်ကြီး ဝူကျန့်တောက်ကလည်း ဘေးနားတွင် ထိုင်ချလိုက်ပြီး ကျဉ်းမြောင်းသော လေသံဖြင့် ပြောလိုက်၏။
“နယ်စားတုပိုင်... ခင်ဗျားကို အကြောင်းရင်း ပြောပြမယ်”
“ပထမဆုံးအချက်က ခင်ဗျားက နာမည်တောင် မမှတ်မိတဲ့ ဆင်းရဲတဲ့ ဆွေမျိုးတစ်ယောက်ပဲ။ ရုတ်တရက် ကျုပ်ရဲ့ အသက်သခင်ကျေးဇူးရှင် ဖြစ်လာတယ်။ ကျုပ်က ခင်ဗျားကို မော့ကြည့်နေရတယ်။ ဒါက လက်ခံဖို့ နည်းနည်း ခက်ခဲတာ အမှန်ပဲ”
ဝူကျန့်တောက်က ရယ်မောလိုက်ပြီး ဆက်ပြောသည်။
“ဒါပေမဲ့ ကျုပ်က လူငယ်တစ်ယောက် မဟုတ်တော့ပါဘူး။ ဒီလို စိတ်ထိခိုက်မှုမျိုးကို လက်ခံနိုင်ပါသေးတယ်။ အသက်ရှင်သန်ဖို့ ၊ ကြီးပွားချမ်းသာဖို့အတွက် အရင်တုန်းက ဆင်းရဲတဲ့ ဆွေမျိုးကို ခေါင်းငုံ့ရတာ ဘာများ ဆန်းလို့လဲ။ ခင်ဗျားရဲ့ တကယ့်အပြစ်က တခြားစီပါ”
“ပထမဆုံး အချက်က... အုပ်ချုပ်ရေးမှူး တုကျန်းရဲ့ မိသားစုကို ဧည့်ခံဖို့ ကျုပ် ဘယ်လောက် ပေးဆပ်ခဲ့ရလဲ ခင်ဗျား သိလား။ တရားသူကြီး ၊ စီရင်စုမှူးနဲ့ တခြားအရာရှိတွေကို ကျုပ် ဘယ်လောက် လာဘ်ထိုးခဲ့ရလဲ။ ဒါတွေအားလုံးက တုကျန်းနဲ့ ဖန်းမိသားစုကို မျက်နှာလုပ်ဖို့ပဲ။ ခင်ဗျား တုပိုင်က ရွှီစစ်ဆေးရေးမှူး လက်ထဲကနေ ကျုပ်မိန်းမနဲ့ ချွေးမကို ကယ်ပေးခဲ့တယ်။ ကုန်သည်သင်္ဘောကို ထုတ်ပေးခဲ့ပြီး ကျုပ်ကို ဒေဝါလီခံရမယ့် ဘေးကနေ ကယ်တင်ပေးခဲ့တာ မှန်ပါတယ်”
“ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် ခင်ဗျားက မိန်းမစိုးဂိုဏ်းဝင်လေ။ လူတိုင်း ရွံရှာမုန်းတီးပြီး လမ်းပေါ်က ကြွက်တစ်ကောင်လို အော်ဟစ်မောင်းထုတ်ခံရတဲ့ ကုန်းကုန်းပဲ။ ခင်ဗျား ရာထူးဘယ်လောက်ကြီးကြီး ခင်ဗျားက ကုန်းကုန်းပဲ။ လူရာသွင်းလို့ မရဘူး။ ကျုပ်ရင်ထဲမှာတော့ ခင်ဗျားနဲ့ ဘာပတ်သက်မှုမှ မရှိချင်ဘူး။ အကူအညီ လိုတဲ့အချိန်ပဲ ပေါ်လာစေချင်ပြီး မလိုတဲ့အချိန်ကျရင် ထာဝရ ပျောက်ကွယ်သွားစေချင်တာ။ ကျုပ်မိသားစုနဲ့ ဘာမှ လာမပတ်သက်စေချင်ဘူး”
ဝူကျန့်တောက်က နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်၏။
“တုပိုင်... ကျုပ်က တုကျန်းကို ဖားချင်တာ ၊ ဖန်းမိသားစုရဲ့ အာဏာကို လိုချင်တာ။ ခင်ဗျားလို မိန်းမစိုးဂိုဏ်းနဲ့ အဆက်အသွယ် ဖြတ်ချင်တာ။ နယ်စားမင်းရဲ့ မိသားစုကို ဖိတ်ခေါ်ဧည့်ခံနိုင်ဖို့ အများကြီး ရင်းနှီးထားရတာ။ ခင်ဗျားကျတော့ ကျုပ်အိမ်ထဲမှာတင် အုပ်ချုပ်ရေးမှူး တုကျန်းရဲ့ လက်မောင်းကို ဖြတ်ပစ်တယ်။ သခင်မကျန်းရဲ့ မျက်နှာကို ရိုက်တယ်။ ကျုပ်ရဲ့ ကြိုးစားအားထုတ်မှုတွေကို သဲထဲရေသွန် ဖြစ်စေခဲ့တယ်။ ကျုပ် ခင်ဗျားကို မမုန်းသင့်ဘူးလား”
တုပိုင်က ပြောလိုက်၏။
“တုကျန်းက ကျုပ်ရဲ့ စတုတ္ထဦးလေး ၊ သူ့သား တုယွီက ခင်ဗျား ချွေးမကို မတော်မတရား လုပ်ချင်နေတာလေ။ အဲဒီကောင်လက်ထဲကနေ ခင်ဗျားချွေးမကို ကယ်ပေးခဲ့တာကလည်း မှားတာလား”
ပင်လယ်ကူးကုန်သည်ကြီး ဝူကျန့်တောက်က ခဏမျှ တိတ်ဆိတ်နေပြီး ပြောလိုက်၏။
“အမှန်တရားကို ကြားချင်လား”
“ပြော”
ဝူကျန့်တောက်က ပြုံးလိုက်ပြီး ပြောလေ၏။
“မိသားစု ကြီးပွားတိုးတက်ဖို့အတွက် ဘယ်လိုပေးဆပ်မှုမျိုးမဆို တန်ဖိုးရှိတယ်။ အမှန်တိုင်း ပြောရရင် ကိုယ့်သားမယားနဲ့ ချွေးမတွေကို သခင်လေးတုယွီရဲ့ အိပ်ရာပေါ် ပို့ပေးချင်နေတဲ့ ကုန်သည်တွေ အများကြီးပဲ။ ဒါက အခွင့်အရေးပဲ။ ခင်ဗျားကြောင့် ပျက်စီးသွားရတာ။ ပြီးတော့ ဝူယန်မင်နဲ့ တုဖိန်အာရဲ့ အိမ်ထောင်ရေးကလည်း သိပ်အဆင်ပြေတာ မဟုတ်ဘူး။ အဲဒီလို ချွေးမမျိုးက တန်ဖိုးမှ မရှိတာ။ ရုပ်ကလည်း ချောတာမဟုတ်ဘူး”
တုပိုင်က ဝူကျန့်တောက်၏ ချွေးမကို ကယ်တင်ခဲ့ခြင်း မဟုတ်ဘဲ ဝူကျန့်တောက်၏ အစီအစဉ်ကို ဖျက်ဆီးခဲ့ခြင်း ဖြစ်နေသည်။ သူက သူ့ချွေးမကို အရာရှိကြီး၏ အိပ်ရာပေါ်သို့ ပို့ပေးချင်နေခြင်း ဖြစ်လေသည်။
တုပိုင်က မေးလိုက်၏။
“ကျုပ်ကို သစ္စာဖောက်တဲ့ ဒုတိယအကြောင်းရင်းက ဘာလဲ”
ဝူကျန့်တောက်က သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။
“ခင်ဗျားက ဘယ်သူလဲ တုပိုင်... တိုင်းပြည်ကို ဒုက္ခပေးနေတဲ့ ကွမ်ရှီးအရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ သခင်လေးလေ။ အရင်တုန်းကတော့ ကျုပ် သည်းခံခဲ့ရတာပေါ့။ ခင်ဗျားကို ပြစ်မှားရဲပါ့မလား။ ဒါပေမဲ့ အခု ခေတ်ကာလက ပြောင်းလဲသွားပြီ။ ကွမ်ရှီးရဲ့ ကောင်းကင်က ပြောင်းလဲသွားပြီ။ အရင်တုန်းက ခင်ဗျားက အနိုင်ကျင့်တတ်တဲ့ ကုန်းကုန်း ၊ အခုတော့ ခင်ဗျားက လေလည်သံလောက်ပဲ ရှိတော့တယ်။ ကျုပ်က ဝူမိသားစုရဲ့ ကြီးပွားတိုးတက်မှုအတွက် ခင်ဗျားကို သတ်ချင်နေတယ်လို့ ထင်နေလား။ ကွမ်ရှီးမိန်းမစိုးဂိုဏ်းက ပျက်စီးသွားပြီ သိလား။ အခု ကွမ်ရှီးတစ်ခုလုံးက ဖန်းမိသားစုရဲ့ ကမ္ဘာဖြစ်နေပြီ။ အုပ်ချုပ်ရေးမှူး တုကျန်းက ကွမ်ရှီးရဲ့ ကောင်းကင်ပဲ”
ဤစကားတွင် သတင်းအချက်အလက်များစွာ ပါဝင်နေသော်လည်း တုပိုင် လိုချင်သည်မှာ ပင်လယ်ကူးကုန်သည်တစ်ယောက်၏ သတင်းစကား မဟုတ်ဘဲ တိကျသော သတင်းအချက်အလက် ဖြစ်သည်။
တုပိုင် အံကြိတ်လိုက်ပြီး မေးလိုက်သည်။ “နောက်ထပ် ဘာရှိသေးလဲ”
ဝူကျန့်တောက်က အောင်နိုင်သူအပြုံးဖြင့် ပြောလိုက်၏။
“လူကြီးလူကောင်း ဆိုတာ လူကြီးလူကောင်းပါပဲ။ အုပ်ချုပ်ရေးမှူး တုကျန်းက သဘောထားကြီးတယ်။ ကျုပ် ဝူမိသားစုက ခင်ဗျားကြောင့် သူ့ကို ပြစ်မှားမိခဲ့ပေမဲ့ သူက ခွင့်လွှတ်ပေးတယ်။ ကျုပ် ဒူးထောက်ပြီး အညံ့ခံလိုက်တာနဲ့ တုကျန်းက လက်ခံလိုက်တာပဲ။ အခုဆိုရင် ကျုပ်က အုပ်ချုပ်ရေးမှူးမင်းရဲ့ အစောင့်ခွေးတစ်ကောင် ဖြစ်နေပြီ။ ကျုပ်ဆီမှာ ကုန်သည်သင်္ဘောကြီး သုံးစင်း ဘာလို့ ရှိနေလဲ မသိချင်ဘူးလား။ ဒါက အုပ်ချုပ်ရေးမှူးမင်းရဲ့ အစောင့်ခွေး ဖြစ်ရခြင်းရဲ့ အကျိုးကျေးဇူးပဲ”
တုပိုင် အော်ဟစ်လိုက်၏။
“ကျုပ်က ကွေ့မင်းသားနဲ့ မိတ်ဆက်ပေးခဲ့တယ်လေ။ ကွေ့မင်းသား အကာအကွယ် ပေးထားတာ မလုံလောက်ဘူးလား”
“ကွေ့မင်းသားလား... သူက လေလည်သံလောက်ပဲ ရှိတာ”
ဝူကျန့်တောက်က မထီမဲ့မြင် ပြုလိုက်၏။
“ဝူကျိုးစီရင်စုထဲမှာတော့ ကွေ့မင်းသားက နည်းနည်း အသုံးဝင်ပေမဲ့ ကွမ်တုံနဲ့ ကွမ်ရှီးနယ်မြေထဲ ရောက်သွားတာနဲ့ ဘာမှမဟုတ်တော့ဘူး။ နယ်စားပယ်ရာတွေ ဆိုတာ နန်းတွင်းက မွေးထားတဲ့ ဝက်တွေပဲ။ ကျွေးထားရုံပဲ ရှိတာ ၊ သတ်လို့ မရဘူး။ ကွေ့မင်းသားက ကျုပ်ကို ကာကွယ်ပေးနိုင်တယ် ဆိုပေမဲ့ အမိန့်အာဏာ မရှိဘူး။ သူ ဝူကျိုးစီရင်စုကနေ ထွက်ရဲရင် ခရိုင်တရားသူကြီးလေးတစ်ယောက်ကတောင် သူ့ကို ဖိနှိပ်လို့ ရတယ်”
တုပိုင် တကယ် ဒေါသထွက်သွားသည်။ ကွေ့မင်းသားသည် သူ အလွန် လေးစားရသော ပုဂ္ဂိုလ်ဖြစ်သည်။
ထိုစဉ်က ဝူကျိုးစီရင်စုမှူး ၊ တရားသူကြီးနှင့် ဝူကျိုးလီကျင်းဌာန တပ်ရင်းမှူးတို့ ဝူကျန့်တောက်၏ အိမ်တော်ကို ဝိုင်းရံထားစဉ်က ဝူကျန့်တောက်မှာ လုံးဝ ပျက်စီးလုနီးပါး ဖြစ်နေခဲ့သည်။ ကွေ့မင်းသားက တပ်များကို ဦးဆောင်ပြီး အချိန်မီ ရောက်လာကာ ဝူကျန့်တောက်၏ မိသားစုကို ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။
သူသည် မြင့်မြတ်သော မင်းသားတစ်ပါး ဖြစ်သော်လည်း တုပိုင်၏ မျက်နှာကို ထောက်ပြီး ဝူကျန့်တောက်၏ မိသားစုကို လာရောက် ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။
ယခုတွင် ဝူကျန့်တောက်က ကွေ့မင်းသားကို နင်းချေပြီး စော်ကားပြောဆိုနေသည်။ ဤသည်ကား အင်ပါယာ၏ မင်းသားတစ်ပါး ဖြစ်သည်။ ထို့ပြင် ပိုင်ဆယ်စီရင်စုတွင် တုပိုင် အခက်ခဲဆုံး အချိန်များ ကြုံတွေ့နေရစဉ်က ကွေ့မင်းသား အချိန်မီ ရောက်လာပြီး တုပိုင်ကို ကယ်တင်ပေးခဲ့ဖူးသည်။
“ကွေ့မင်းသားက သူ့ကိုယ်သူတောင် မကာကွယ်နိုင်ဘူး။ ကျုပ်က သူ့ကို ခိုလှုံရမှာလား။ အခု ကုန်သည်သင်္ဘောကြီး သုံးစင်း ရှိနေပြီ။ လအနည်းငယ်အတွင်း ဝင်ငွေက နှစ်ဆ တိုးလာတယ်။ ဒါက အုပ်ချုပ်ရေးမှူး တုကျန်းရဲ့ ခွေးဖြစ်ရခြင်းရဲ့ အကျိုးကျေးဇူးပဲ။ ကွေ့မင်းသားကတော့...”
ဝူကျန့်တောက်က ပွင့်ပွင့်လင်းလင်းပင် ဆက်ပြောလိုက်သည်။
“ကျုပ်သင်္ဘောပေါ်မှာ ဘာတွေ ပါလဲ ခင်ဗျား မေးချင်နေတာမလား။ ပြောပြလိုက်မယ်... ဆား ၊ သံ ၊ လျှို့ဝှက်ရွှေနဲ့ ဖယောင်းပုဆိုးတွေ... အားလုံးက တားမြစ်ထားတဲ့ ပစ္စည်းတွေပဲ။ နန်းတွင်းက ပိတ်ပင်ထားတဲ့ မဟာဗျူဟာမြောက် ကုန်ပစ္စည်းတွေကို သယ်မှ ပိုက်ဆံရမှာလေ”
တုပိုင် နာကျင်စွာ မျက်လုံးမှိတ်လိုက်သည်။ ပင်လယ်ရေကြောင်းကုန်သွယ်ရေး လုံးဝ ပြန်လည် အသက်ဝင်လာပြီ ဖြစ်သလို မဟာဗျူဟာမြောက် ကုန်ပစ္စည်း ကူးသန်းရောင်းဝယ်မှုကလည်း ပိုမို ပြင်းထန်လာသည်။
တုပိုင် ဟန်ဆောင်နေရန် မလိုတော့ဘဲ အက်ကွဲသောအသံဖြင့် မေးလိုက်၏။
“အဲဒီ သံတွေ ၊ လျှို့ဝှက်ရွှေတွေ ၊ ဆားတွေက ဘယ်သူ့ပစ္စည်းတွေလဲ”
ဝူကျန့်တောက်က အေးစက်စွာ ပြောလိုက်၏။
“ကျုပ်က ပိုက်ဆံပဲ ရှာတာ။ ဘယ်သူ့ပစ္စည်းဖြစ်ဖြစ် ဘာဂရုစိုက်စရာ လိုလဲ။ အစားအစာ ၊ သံချပ်ကာနဲ့ လက်နက်တွေကိုလည်း သယ်တယ်။ အတိုချုပ်ပြောရရင် သယ်ခွင့်ပြုတာ မှန်သမျှ ကျုပ်သယ်မှာပဲ။ နန်းတွင်းအစိုးရ ဆိုတာကတော့ လေလည်သံလောက်ပဲ ရှိတာ”
နန်းတွင်းအစိုးရဆိုတာ လေလည်သံလောက်ပဲ ရှိတာ...။ ဤစကားသည် ပင်လယ်ကူးကုန်သည်တစ်ယောက်၏ ပါးစပ်မှ ထွက်လာခြင်း ဖြစ်သည်။ သူတို့၏ စိတ်ထဲတွင် တာ့နင်အင်ပါယာသည် သေဆုံးသွားပြီဟု မှတ်ယူထားကြပုံရသည်။
ဝူကျန့်တောက်က သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။
“ခင်ဗျားလို လူသတ်ကောင်ကို ကျုပ်လည်း ရန်မစချင်ပါဘူး။ ဒါပေမဲ့ ခင်ဗျားက ပြန်ရောက်လာပြီး ကျုပ် သစ္စာဖောက်တာကို မြင်သွားပြီဆိုတော့... ကျုပ်ဘက်က လက်ဦးမှု ရယူရတော့မှာပေါ့။ စိတ်ထဲက အမုန်းတရားတွေ ပြေပျောက်ဖို့အတွက် ခင်ဗျားကို သတ်ရတော့မယ်”
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၃၉ ပြီး။