အခန်း (၁၈၆၃)
Vol. 134 Ch. 1863
“ဟန်ဟိုဂျူး...”
အစစ်အမှန် မွေးဖွားခြင်း အဖွဲ့ ခေါင်းဆောင်သည် ကျားယန်နှင့် စုနန်ကျူးတို့ လျှို့ဝှက် ကစားပွဲ ကစားနေသည့် စားပွဲတွင် ဝင်ထိုင်လိုက်၏။ သူမသည် မိမိကိုယ်ကို မိတ်ဆက်ရင်း ကျားယန်ကို သတ်ဖြတ်လုမတတ် မုန်းတီးသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ အကယ်၍ အကြည့်ဖြင့် လူသတ်နိုင်စွမ်းသာ ရှိပါက ကျားယန် ယနေ့ပင် အသုဘ ချရပေလိမ့်မည်။
ကျားယန်၏ အကြံပေးချက်အရ 'ဘေးကင်းလုံခြုံစေရန်' ဟူသော အကြောင်းပြချက်ဖြင့် သူမကို ကိုယ်လုံးထီး ထားခဲ့သည် မဟုတ်ပါလော။
ဝေ့ဝူယင် ၏ ဝဲယာတွင်မူ အဆုံးမဲ့ ခရီးသွား နယ်မြေ မှ လောက အင်ပါယာ နှစ်ဦးက ရိုသေခန့်ညားစွာ ရပ်နေကြသည်။ သူတို့သည် သာမန်ထက် အဆပေါင်းများစွာ ပိုမို မြင့်မားသည့် ပညာရှင်ကြီးများ ဖြစ်သောလည်း ဝေ့ဝူယင်၏ ရှေ့မှောက်တွင်မူ ငြိမ်သက်စွာပင် ခစားနေခဲ့ကြသည်။
ကျားယန်၏ ရမ္မက်ခိုး ဝေနေသည့် အကြည့်များကို သတိထားလိုက်မိသော အခိုက်၌ ဟန်ဟိုဂျူးမှာ ဒေါသတကြီး အကြည့်လွှဲလိုက်ကာ ဝေ့ဝူယင်ဘက်သို့ လှည့်၍ ဆက်ပြောလိုက်သည်။
“ဟန်ဟိုဂျူးဆိုတာ ကျွန်မရဲ့ နာမည်ပါ... ကောင်းကင်မျိုးနွယ်ရဲ့ အလင်း အင်ပါယာ သုံးခုထဲက တစ်ခုဖြစ်တဲ့ ကြယ်တာရာ အလင်းတန်း အင်ပါယာ ကနေ ဆင်းသက်လာတာပါ။ အဲဒီနေရာဟာ ကောင်းကင်မျိုးနွယ် အာဏာရှင် အင်ပါယာကြီး မွေးဖွားခဲ့တဲ့ ဇာတိလည်း ဖြစ်ပါတယ်”
သူမက အဝတ်အစားများကို ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း ဂုဏ်ယူဝင့်ကြွားသော လေသံဖြင့် ပြောကြားလိုက်၏။
ဝေ့ဝူယင်ကမူ ထိုစကားများကို သိပ်ဂရုမထားဘဲ လျှို့ဝှက် ကစားပွဲ အတွင်း သီးခြားဖြစ်တည်နေသည့် လောကနယ်မြေကိုသာ စိုက်ကြည့်နေသည်။ ထိုကစားပွဲမှာ သူ့အတွက်ပင်အလွန် စိတ်ဝင်စားစရာ ကောင်းလှပြီး အချို့သော ကိစ္စရပ်များကို ဆက်စပ် စဉ်းစားနေမိသည်။ ဟန်ဟိုဂျူး၏ မိတ်ဆက်စကားများကို သူ လုံးဝ စိတ်မဝင်စားပေ။
“အင်း...”
သူက နားထောင်နေသည်ဟူသော သဘောဖြင့် အလေးမထားသလို ခေါင်ညိတ်လိုက်၏။
သို့သော်လည်း... ဟန်ဟိုဂျူးကတော့ ဝေ့ဝူယင်၏ စိတ်မပါမှုကို အရေးမစိုက်ဘဲ ပွင့်လင်းစွာပင် ဆက်ပြောလိုက်သည်။
“ရှင် သိချင်တာရှိရင် မေးနိုင်ပါတယ်... ကျွန်မ အကုန်ဖြေပါ့မယ်”
ဟန်ဟိုဂျူးသည် ယင်မီးဖို ကျင့်စဉ်ကို ကျင့်ကြံရန်နှင့် ကျင့်ကြံခြင်း အခြေအနေ ကောင်းမွန်သော နေရာတစ်ခုတွင် အကျဉ်းကျခံရန် စိတ်ကို ဒုံးဒုံးချလိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် သူမ၏ မူလတာဝန်မှာ အရေးမကြီးတော့ပေ။
သူမသည် ဉာဏ်ရည် ထက်မြက်သူ ဖြစ်သည်။ အဆုံးမဲ့ ခရီးသွား နယ်မြေမှ လောက အင်ပါယာများပင် ဝေ့ဝူယင်အား အလွန်အမင်း ရိုသေနေကြသည်ကို မြင်လိုက်ရကတည်းက တတိယမြောက် ချိပ်ဆက်ကို ဖျက်ဆီးရန် အခွင့်အရေး မရှိတော့ကြောင်း သူမ နားလည်သွားခဲ့သည်။
ကောင်းကင် အာဏာရှင်အတွက် အနိုင်ရအောင် လုပ်ပေးမည့် ရည်မှန်းချက်မှာ မဖြစ်နိုင်တော့ပေ။ ထိုသို့သော အခြေအနေတွင် အသက်အသေခံခြင်း၊ မိစ္ဆာနည်းလမ်းများနှင့် သန့်စင်ခံရခြင်းထက် ဝေ့ဝူယင်၏ လက်အောက်သို့ ဝင်ရောက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
အကယ်၍ ဝေ့ဝူယင်သာ သူမ၏ ပါရမီကို အသုံးချရန် ဆုံးဖြတ်ပါက ကြယ်ကွင်းပြင်ဖျက် ကပ်ဘေးကြောင့် ဤကစားပွဲကြီး ပြီးဆုံးသွားသည့်အခါ ကောင်းကင်ရှန့်ထို တစ်ဦး ဖြစ်လာနိုင်မည်ဟု မျှော်လင့်နေသည်။
“ဘာကို အလောင်းအစား လုပ်ထားတာလဲ”
ဝေ့ဝူယင်က လောကနယ်မြေ အတွင်းရှိ ကစားပွဲကို စိုက်ကြည့်ရင်း မေးလိုက်၏။
ကျားယန်မှာ ထိုမေးခွန်းကြောင့် အံ့အားသင့်သွား၏။
“ဟိုဟာ... လျှို့ဝှက်လောက အမတေ ကျောက်တုံး နည်းနည်းပါပဲ...”
သူ ကပျာကယာ ပြန်ဖြေလိုက်သည်။
“မဟုတ်ဘူး... ခင်ဗျားကို မေးတာ မဟုတ်ဘူး”
ဝေ့ဝူယင်က ဟန်ဟိုဂျူးဘက်သို့ ပျင်းရိစွာ လှည့်ကြည့်လိုက်သည်။
“ခင်ဗျားကို မေးတာ... ရှေးဟောင်း ချိပ်ပိတ်နယ်မြေတွေအတွက် ဘာကို အလောင်းအစား လုပ်ထားတာလဲ... ပြီးတော့ အောင်မြင်ရင် မင်း ရမယ့် ဆုလာဘ်က ဘာလဲ...”
အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ ချိပ်ဆက်များအား ဖျက်ဆီးရန် တာဝန်မှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက စတင်ခဲ့ခြင်း ဖြစ်သော်လည်း ဟန်ဟိုဂျူး၏ အသက်မှာ ထိုအချိန်နှင့် ကိုက်ညီမှု မရှိပေ။ သူမက ဒုတိယမြောက် သို့မဟုတ် တတိယမြောက် အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်သာ ဖြစ်ပေလိမ့်မည်။ ကျန်သူများမှာမူ ရှုံးနိမ့်သွားခဲ့ပုံရသည်။
ထို့ပြင်... သူမသည် ဤနေရာမှ ဇာတိဖွား မဟုတ်ဘဲ စစ်မှန်သော ကောင်းကင်မျိုးနွယ် ဖြစ်သည်။ သို့သော်လည်း... သူမ၏ အော်ရာမှာ ပြောင်းလဲခံထားရပုံ ပေါ်သည်။ ဆိုလိုသည်က ဟန်ဟိုဂျူးမှာ ဤနေရာတွင် ရှိနေခွင့်ရရန် အထူးအခွင့်အရေးများ ရရှိထားသူ ဖြစ်၏။
ဝေ့ဝူယင်သည် အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံကို ထိန်းချုပ်လာနိုင်ခြင်းနှင့် အတူ သူမ အပါအဝင် အခြားသူ အနည်းငယ်အပေါ်တွင် ပေးသနားထားသည့် ခြွင်းချက် အော်ရာ မှိန်ပျပျကို မြင်တွေ့နေရသည်။
ဟန်ဟိုဂျူး တစ်ယောက် တုန်လှုပ်သွာကော လက်သီးကို တင်းတင်းဆုပ်လိုက်မိ၏။
“ကျွန်မ... ပြောလို့ မရဘူး... ကျွန်မ...”
“သစ္စာဆိုထားလို့လား”
ဝေ့ဝူယင်က အေးစက်စက် အသံဖြင့် မေးလိုက်၏။ ဟန်ဟိုဂျူး တစ်ယောက် ကြောက်ရွံ့ တုန်လှုပ်မှုများကြောင့် နှလုံးခုန်သံ မြန်လာခဲ့သည်။ သူမသည် ဝေ့ဝူယင်ကို မည်သည့် အရာမဆို မေးနိုင်သည်ဟု အာမခံထားပြီးကာမှ ယခုအခါ မဖြေနိုင် ဖြစ်နေရသည်။
“ဒါဆိုလည်း ကိစ္စမရှိပါဘူး...”
ဝေ့ဝူယင်က သူမကို ကြည့်လိုက်၏။ သူ့ မျက်လုံးများထဲတွင် အဂ္ဂိရတ် ဧဒင် အင်အားက တဖျပ်ဖျပ် လင်းလက် လာခဲ့သည်။
ဟူး... ဟူး...
ခုနစ်ရောင်ခြယ်သည့် ထိုအလင်းတန်းများမှာ သူ၏ မျက်လုံး သူငယ်အိမ်များမှတစ်ဆင့် မျက်လုံး တစ်ပြင်လုံးသို့ စီးဝင်သွားတော့၏။
ဟန်ဟိုဂျူး တစ်ယောက် ချက်ချင်းပင် သတိလစ်သွားကာ မျက်လုံးများမှာ ဗလာဖြစ်သွား၏။ ဝေ့ဝူယင် သူမ၏ မှတ်ဉာဏ်များကို စူးစမ်းရှာဖွေကာ လိုအပ်သော အဖြေအားလုံးကို ထုတ်ယူလိုက်သည်။
'အခုဆိုရင် အဝေးကနေတောင် လုပ်နိုင်နေပြီ...'
ဝေ့ဝူယင်သည် ဟန်ဟိုဂျူး၏ အသိစိတ် ပင်လယ်ထဲသို့ ဝင်ရောက်ကာ မှတ်ဉာဏ်များကို ကြည့်ရှုရင်း စိတ်ဝင်တစား တွေးတောမိသည်။ လျှို့ဝှက်ချက်များကို ထိန်းသိမ်းရန် သစ္စာဆိုထားသမျှမှာ စိတ်တာအို၏ ရှေ့မှောက်တွင်မူ အားနည်းချက်များ ရှိနေစမြဲ ဖြစ်သည်။ စိတ်ဖတ်ခြင်း ဆိုသည်မှာ တကယ်တမ်းအားဖြင့် ဝိညာဉ် အင်အား အလုံးအရင်းဖြင့် ကျူးကျော်ဝင်ရောက်ကာ အသိစိတ် ပင်လယ်ကို သိမ်းပိုက်ပြီး နှစ်ပေါင်းများစွာကြာအောင် လေ့လာရခြင်း ဖြစ်သည်။ နှစ်ပေါင်း သောင်းချီသော မှတ်ဉာဏ်များကို ရှာဖွေရခြင်းမှာ အလွန် ငြီးငွေ့စရာကောင်းပြီး ခက်ခဲလှသည်။
၎င်းမှာ စာကြည့်တိုက်မှူးလည်း မရှိ၊ စာအုပ်များကိုလည်း စနစ်တကျ စီမံထားခြင်း မရှိသော စာကြည့်တိုက်ကြီးတစ်ခုထဲတွင် မိမိလိုချင်သည့် အရာကို ရှာဖွေရသကဲ့သို့ပင် ဖြစ်သည်။
သို့သော်လည်း... ဝေ့ဝူယင်၏ အဂ္ဂိရတ် ဧဒင် အင်အားသည် အဂ္ဂိရတ် တာအို၏ အခြေခံမူ ခုနစ်ချက်ဖြစ်သော - ထုတ်ယူခြင်း၊ ကြီးထွားခြင်း၊ ထိန်းသိမ်းခြင်း၊ သန့်စင်ခြင်း၊ ဖန်တီးခြင်း၊ အသွင်ပြောင်းခြင်းနှင့် ပေါင်းစပ်ခြင်းတို့ကို စိတ်ဝိညာဉ် တာအိုထဲသို့ အသုံးချထားခြင်း ဖြစ်သည်။
ထို့အပြင်... ဟန်ဟိုဂျူး၏ အသိစိတ် ကာကွယ်မှုမှာ ပုံမှန်ထက် အားနည်းနေသဖြင့် သူသည် အချက်အလက် အချို့ကို သိရှိလိုက်ရသည်။
ပထမဦး အနေဖြင့်... ဟန်ဟိုဂျူးသည် ရှေးဟောင်း ချိပ်ပိတ်နယ်မြေ၏ ပြင်ပတွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... သူမသည် အစစ်အမှန် မွေးဖွားခြင်း အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သူမ မွေးဖွားစဉ်ကပင် ရှေးဟောင်း ချိပ်ပိတ်နယ်မြေထဲသို့ ဝင်ရောက်နိုင်မည့် နည်းလမ်းကို ထည့်သွင်းပေးခြင်း ခံခဲ့ရသည်။ သူမသည် ကောင်းကင် အာဏာရှင်၏ 'ကြယ်တာရာ ရင်သွေး' များထဲမှ တစ်ဦးဖြစ်ပြီး သူမ၏ တာဝန်မှာ ကြေးမုံချိပ်ဆက်များကို ဖျက်ဆီးကာ ရှေးဟောင်း ချိပ်ပိတ်နယ်မြေကို အတွင်းပိုင်းမှ ပြိုလဲသွားစေရန် ဖြစ်သည်။
၎င်းမှာ ကောင်းကင် အာဏာရှင်၏ ရည်မှန်းချက် ဖြစ်သည်။ မိမိ၏ မျိုးနွယ်စုဝင်များကို စေလွှတ်သည့် ချုံကုန်း (လူသား) အင်ပါယာနှင့် ခြားနားစွာပင် ကောင်းကင် အာဏာရှင်သည် ပြင်ပတွင် မွေးဖွားသူများကိုသာ အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
အကြောင်းကား ကောင်းကင် အာဏာရှင်သည် မွေးဖွားရာ ပတ်ဝန်းကျင်က လူတစ်ဦး၏ ပါရမီနှင့် စွမ်းဆောင်ရည်အပေါ် သက်ရောက်မှုရှိသည်ဟု ယုံကြည်သောကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် သူသည် ကောင်းကင်မျိုးနွယ်ဝင်များကို ရှေးဟောင်း ချိပ်ပိတ်နယ်မြေအတွင်း မွေးဖွားခွင့် မပြုဘဲ ရှာဖွေသူများအဖြစ်သာ လာရောက်ခွင့် ပေးခဲ့ခြင်း ဖြစ်သည်။
'ငရဲ အာဏာရှင်' ဟု ခေါ်သည့် တိုက်တန်မျိုးနွယ်မှ အာဏာရှင်မှာမူ နောက်မှ ပါဝင်လာသူ ဖြစ်သည်။ ဟန်ဟိုဂျူး၏ မှတ်ဉာဏ်များအရ ငရဲ အာဏာရှင်၏ ရည်မှန်းချက်မှာ အချိန်ပေါ်တွင် မူတည်နေသည်။ သူတို့သည် မိမိတို့ မျိုးနွယ်စုဝင်များကို မစေလွှတ်နိုင်သော်လည်း အခြား အာဏာရှင်များ၏ အစီအစဉ်ကို နှောင့်ယှက်နိုင်မည့် ရှာဖွေသူများကို ဖန်တီးကာ ကစားပွဲတွင် ပါဝင်လာခြင်း ဖြစ်သည်။ အကယ်၍ သတ်မှတ်ထားသော အချိန်အတွင်း မည်သူမျှ အနိုင်မရပါက ငရဲအာဏာရှင်က အနိုင်ရရှိမည် ဖြစ်သည်။ သို့သော်လည်း... အတိအကျ သတ်မှတ်ထားသော အချိန်ကိုမူ သူမ မသိပေ။
ထို့အပြင် ထျန်းထိုက်ကျုံးသည် ချုံးကုန်း အာဏာရှင်နှင့် ငရဲ အာဏာရှင်တို့၏ အကူအညီကို တစ်နည်းနည်းဖြင့် ရယူနေသည်ဟု သူမ သံသယရှိသော်လည်း အထောက်အထား မရှိပေ။
‘နတ်ဆိုး အာဏာရှင်' ကမူ ကနဦးကတည်းက ရှိနေခဲ့ခြင်း ဖြစ်သည်။ သူမ သိရှိထားသည့် နတ်ဆိုး အာဏာရှင်၏ ရည်မှန်းချက်မှာ အလွန် တင်းကျပ်သော စည်းကမ်းချက်များအောက်မှ လွတ်မြောက်ရန် ဖြစ်သည်။ ချုံးကုန်း အာဏာရှင်ထံမှ သစ္စာဖောက်ခဲ့သော ဝူမျိုးနွယ်စု၊ လရောင်ဖြာ ဧကရီနှင့် မူလ နတ်ဆိုးများသည် ထိုရည်မှန်းချက်အတွက် ကူညီပေးခဲ့ကြသည်။
နတ်ဆိုး အာဏာရှင်သည် အခြားသူများထက် ပိုမို လွတ်လပ်စွာ လှုပ်ရှားနိုင်ပြီး ရှေးဟောင်း ချိပ်ပိတ်နယ်မြေအတွင်း အစီအစဉ်များစွာကို ကိုယ်တိုင် ရေးဆွဲ အကောင်အထည်ဖော်နိုင်သည်။ သို့သော်လည်း... သူ အနိုင်ရမည့် စည်းကမ်းချက်မှာမူ အလွန်ပင် ခက်ခဲလှသည်။
လွန်ခဲ့သည့် နှစ်ပေါင်း ထောင်ဂဏန်းခန့်က နောက်ထပ် ပုဂ္ဂိုလ်တစ်ဦး ထပ်မံ ပါဝင်လာခဲ့သည်။ ထိုအချိန်မှစ၍ ကောင်းကင် အာဏာရှင်ဘက်မှ သတင်းများ အစပျောက်သွားခဲ့သည်။ သူမ၏ အဆက်အသွယ်က အသေးစိတ်အချက်အလက်များကို မဆိုသလောက်သာ ပြောကြားတော့သည်။
သူမ သာမက ထျန်းထိုက်ကျုံးနှင့် အဆုံးမဲ့ ခရီးသွား နယ်မြေတို့၏ အဆက်အသွယ်များမှာလည်း သိပ်ဆက်သွယ် မလာတော့ချေ။ ဖုန်ယွဲ့နှင့် ကျန့်ယန်တို့ကဲ့သို့သော အဖွဲ့ဝင်သစ်များ ရောက်လာကြသော်လည်း အာဏာရှင်များထံမှ ညွှန်ကြားချက်အသစ်များ မရှိတော့ပေ။
၎င်းမှာ အဖက်ဖက်မှ ကစားပွဲကို ရပ်ဆိုင်းလိုက်ခြင်း သို့မဟုတ် ဝင်ရောက်စွက်ဖက်မှု မပြုတော့ခြင်းနှင့် တူနေသည်။
ဟန်ဟိုဂျူးအတွက် အနိုင်ရလျှင် ရမည့် ဆုလာဘ်မှာ ကောင်းကင် အာဏာရှင်၏ တိုက်ရိုက်တပည့် ဖြစ်ခွင့်ရရှိခြင်း ဖြစ်သည်။ ၎င်းမှာ သူမ၏ ကံကြမ္မာ တစ်ခုလုံးကို ပေါင်းလဲပစ်နိုင်မည့် မဟာ အခွင့်အရေးကြီး ဖြစ်၏။
ထို့အပြင် သူမသည် ဒုတိယမြောက် သို့မဟုတ် တတိယမြောက် ခေါင်းဆောင် မဟုတ်ဘဲ အစကတည်းက ယနေ့အထိ တစ်ဦးတည်းသော ခေါင်းဆောင် ဖြစ်ပေသည်။ သူမ၏ အသက်မှာ အလွန်ကြီးရင့်နေပြီ ဖြစ်သည်။
ပိုမိုတိတိကျကျ ဆိုရလျှင် သူမသည် အသက် ရှစ်သောင်းနီးပါး ရှိနေပြီ ဖြစ်၏။
ဟန်ဟိုဂျူးမှာ အသက်ဝိညာဉ် နှင့်အတူ အရိပ်ချီ၊ အရိပ်အင်အားတို့ကို ကျင့်ကြံပြီး 'သက်ရှိအရိပ် လျှို့ဝှက်ဝိညာဉ်' ကို ပိုင်ဆိုင်ထားကြောင်း သိလိုက်ရပြီးနောက်တွင်မူ... ထိုအသက်အရွယ်မှာ အလွန်အံ့ဩစရာ မဟုတ်တော့ပေ။
အသက်၊ သစ်သားနှင့် အချိန်တို့ကို ကျင့်ကြံသော ကျင့်ကြံသူများသည် အခြားသော ကျင့်ကြံသူများထက် မယုံနိုင်လောက်အောင် ရှည်လျားသော သက်တမ်းကို ပိုင်ဆိုင်လေ့ရှိကြသည်။ ၎င်းတွင် ကောင်းကျိုးများ ရှိသကဲ့သို့ ဆိုးကျိုးများလည်း ရှိနေသည်သာ ဖြစ်သည်။
ဥပမာအားဖြင့် သူမထံတွင် ရန်သူ၏ အသက်အင်အားများကို စုပ်ယူခြင်းကဲ့သို့သော တိုက်ခိုက်ရေးစွမ်းရည်များ ရှိသော်လည်း သူမ၏ 'သက်ရှိအရိပ်စွမ်းအား' မှာ အဂ္ဂိရတ် ဝိညာဉ် စွမ်းအားနှင့် များစွာ ဆင်တူနေသည်။ ထို့ကြောင့်ပင်... တိုက်ရိုက် တိုက်ခိုက်ပြီး ထိခိုက်နာကျင်အောင် ပြုလုပ်ရန် ခက်ခဲလှသည်။ သို့သော်လည်း... အရိပ်စွမ်းအား၏ ပုန်းကွယ်နိုင်စွမ်းနှင့် အသက်စွမ်းအား၏ ပြန်လည်ရှင်သန်နိုင်စွမ်းတို့ကြောင့် သူမ၏ ရှင်သန်နိုင်စွမ်းမှာမူ အံ့မခန်း အဆင့်အတန်းတွင် ရှိနေသည်။
အကယ်၍ သူမသာ လောကရှန့်ထို အဆင့်သို့ အသစ်စက်စက် တက်လှမ်းထားသူသာ မဟုတ်ခဲ့လျှင်... တစ်နည်းအားဖြင့် သူမ၏ ကျင့်ကြံခြင်း အခြေခံမှာ မတည်မငြိမ်ဖြစ်ပြီး အော်ရာများ ယိုစိမ့် မနေခဲ့လျှင် သူမအား ဤမျှ လွယ်ကူစွာ ဖမ်းဆီးနိုင်ရန် မည်သို့မှ မဖြစ်နိုင်ပေ။
အာဏာရှင်တို့၏ ကစားပွဲ၌ အနိုင်ရသူ ရရှိမည့် ဆုလာဘ်နှင့် ပတ်သက်၍မူ... ဟန်ဟိုဂျူး သိထားသလောက် ၎င်းမှာ အဇူရာ မူလ ဂလက်ဆီနယ်မြေ တစ်ခုလုံး၏ အနာဂတ်ကို ဆုံးဖြတ်ပေးမည် ဖြစ်ပြီး၊ ဂလက်ဆီတစ်ခုလုံး၏ တစ်ဦးတည်းသော အရှင်သခင်ကိုပင် ပေါ်ထွက်လာစေနိုင်သည် ဟူသော ဖြစ်နိုင်ချေပင် ရှိသည်။
ထူးဆန်းသည်က... ချုံကုန်း အာဏာရှင် အနိုင်ရဖို့ လိုအပ်သည့် စည်းကမ်းချက်ကိုမူ သူမ မသိရှိခြင်းပင်။ သူမ၏ ခန့်မှန်းချက်အရ သူတို့ မျိုးနွယ်စုဝင်တစ်ဦး ဤချိပ်ပိတ်ထားသော လောကအတွင်းမှ လွတ်မြောက်သွားရန် ဖြစ်နိုင်သော်လည်း အသေအချာမူ မသိပေ။
မိနစ်အနည်းငယ် ကြာမြင့်ပြီးနောက် ဟန်ဟိုဂျူးသည် မျက်ခုံးနှစ်ခုကြားတွင် အိပ်ချင်မူးတူး ဖြစ်နေသည့် ဝေဝေဝါးဝါး ခံစားချက်ဖြင့် သတိပြန်လည်လာ၏။ သူမ တစ်ကိုယ်လုံး တုန်ရီသွားပြီး မိမိကိုယ်မိမိ အကာအကွယ်မဲ့စွာ ဖော်ထုတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
မိန်းကလေးမျာ စိတ်ရှုပ်ထွေးသွားကာ ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်ရင်း အလိုအလျောက်ပင် သူမ၏ ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် ကာကွယ်လိုက်မိ၏။ သူမသည် ကျူးကျော် စော်ကားခံလိုက်ရသည်ဟု ခံစားနေရသော်လည်း မည်သို့ ကျူးကျော်ခံလိုက်ရသည်ကိုမူ မသိရှိပေ။
လောကရှန့်ထို အာရုဏ်ဦးက သူမအပေါ် မည်သည့်အရာများ လုပ်ခဲ့သနည်း။