အခန်း (၁၈၆၄)
Vol. 134 Ch. 1864
“စိတ်ဝင်စားဖို့ ကောင်းသားပဲ...”
ဝေ့ဝူယင်ကတော့ ဟန်ဟိုဂျူး၏ ကယောင်ကတမ်း အမူအရာကို ကြည့်ရင်း ပြုံးကာ မှတ်ချက်ချလိုက်၏။ သူ့အနေဖြင့် ဧဒင်၏ ဤစွမ်းအားသစ်ကို ထိန်းချုပ်ဖို့ အနည်းငယ် အချိန်ယူရဦးမည် ဖြစ်သော်လည်း ၎င်းက သူ့အား ပိုမိုနက်ရှိုင်းသော ထိုးထွင်းသိမြင်မှုကို ပေးစွမ်းနိုင်သည်။ စိတ်တာအို၏ အတိမ်အနက်မှာ အတိုင်းအဆ မရှိနိုင်သလို၊ ၎င်းအား အဂ္ဂိရတ်ပညာ၏ အခြေခံမူများနှင့် ပေါင်းစပ်လိုက်လျှင် မည်မျှအထိ စွမ်းဆောင်နိုင်မည်ကို ခန့်မှန်းရန်ပင် မဖြစ်နိုင်တော့ပေ။
ဟန်ဟိုဂျူး ကိုယ်တိုင် အပါအဝင် လူအများက သူမ ယင်မီးဖို တစ်ခုဖြစ်လာတော့မည်ဟု သတ်မှတ်ထားကြသဖြင့် ဝေ့ဝူယင်ကလည်း ထိုအတိုင်းပင် ဟန်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။
“ယင်ယန် အသက်အာဟာရ စုံတွဲ ကျင့်စဉ်က ခင်ဗျားနဲ့ သင့်တော်လိမ့်မယ်...”
သူ မှတ်ချက်ချလိုက်၏။ ထို့နောက် စုနန်ကျူးနှင့် ကျားယန်တို့ကို ဘက်ကို လှည့်လိုက်သည်။
“ခင်ဗျားတို့ နှစ်ယောက်ကတော့ ဟန်ဟိုဂျူးရဲ့ ကျင့်ကြံခြင်း အခြေခံကို မပျက်စီးအောင် သေသေချာချာ ထိန်းသိမ်းပေးထားတဲ့အတွက် ကျုပ် အနေနဲ့ ကျေးဇူးတင်စကား ဆိုရပါလိမ့်မယ်”
ဝေ့ဝူယင် နေရာမှ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ ဟန်ဟိုဂျူး၏ မျက်လုံးများမှာ တောက်ပသွားပြီး စောစောက စိုးရိမ်စိတ်များ လျော့ပါးသွား၏။ စောစောက ဝေ့ဝူယင်မှာ သူမ၏ ပါရမီကို စစ်ဆေးနေခြင်းလော။ ထို့ကြောင့်ပင် သူမ နေရထိုင်ရ ခက်ခဲနေခြင်း ဖြစ်နိုင်ပေသည်။
မူလက သူမသည် တစ်ဖက်သတ် အသုံးချခံရမည့် ယင်မီးဖို ဖြစ်ရတော့မည်ဟု ထင်မှတ်ထားသော်လည်း စုံတွဲ ကျင့်စဉ်ကို ကျင့်ကြံရမည်မှာ များစွာ ပိုကောင်းလှသည်။ အနည်းဆုံးတော့ သူမ၏ ကျင့်ကြံခြင်း အခြေခံမှာ ပျက်စီးသွားလိမ့်မည် မဟုတ်ပေ။
စုနန်ကျူးနှင့် ကျားယန်တို့၏ မျက်လုံးများမှာလည်း ဝင်းလက်သွားကြ၏။ ဂုဏ်သရေရှိသည့် လောက အင်ပါယာ တစ်ဦးဖြစ်သူ ဟန်ဟိုဂျူးအား ယင်မီးဖိုအဖြစ် ရောင်းစားလိုက်ရခြင်းကို သူတို့ ဂရုမစိုက်အားပေ။ ရရှိမည့် အကျိုးအမြတ်က များစွာ တန်ဖိုးရှိလှသည် မဟုတ်ပါလား။
“ခင်ဗျားတို့ နှစ်ယောက် စဉ်းစားဖို့ အချိန်ပေးပါ့မယ်... ဆုံးဖြတ်ပြီးရင် လျှို့ဝှက်လောက အဆင့်ရှိတဲ့ အဂ္ဂိရတ် ထုတ်ကုန်အတွက် အာရုဏ်ဦး အင်ပါယာ ထံမှာ တောင်းဆိုလွှာ တင်သွင်းလိုက်ပါ... နှစ်ပေါင်း ငါးဆယ် အတွင်း ခင်ဗျားတို့ဆီ အရောက်ပို့ပေးမယ်”
ဝေ့ဝူယင်သည် သူပေးမည့် ဆုလာဘ်ကို အမိန့်ဆန်ဆန်ပင် ပြောကြားလိုက်သည်။ ထို့နောက် ဟန်ဟိုဂျူးအား လက်ဟန်ပြလိုက်ရာ သူမသည်လည်း ချက်ချင်းပင် ထရပ်လိုက်၏။
ထို့နောက်တွင်တော့ ဝေ့ဝူယင်၊ မင်ရှုဖုန်းနှင့် ဟန်ဟိုဂျူးတို့ သုံးဦးစလုံးမှာ ဟင်းလင်းပြင်နှင့် တစ်သားတည်း ဖြစ်သွားသလိုမျိုး မည်သည့် အော်ရာ တုန်ခါမှုကိုမျှ မချန်ရစ်ဘဲ ပျောက်ကွယ်သွားကြတော့၏။
လောက အင်ပါယာ နှစ်ဦးစလုံးမှာ တုန်လှုပ်သွားကြသော်လည်း သူတို့၏ ရင်ထဲမှ စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်ထားခဲ့ကြသည်။
လျှို့ဝှက်လောက အဆင့် ထုတ်ကုန်... နှစ်ပေါင်း ငါးဆယ် အတွင်း...
၎င်းက သူတို့ အတွက်တော့ ထီပေါက်လိုက် သလိုပင်။ သေမျိုးတစ်ဦးအတွက် အနှစ်ငါးဆယ်မှာ ကြာမြင့်သည်ဟု ထင်ရသော်လည်း သူတို့အတွက်မူ ရာစုနှစ်ဝက်ဆိုသည်မှာ ပြောပလောက်သော အချိန်မဟုတ်ပေ။ လျှို့ဝှက်လောက အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခု အတွက် ဆိုပါက အနှစ်ငါးဆယ်မက၊ ရာနှင့်ချီ၊ ထောင်နှင့်ချီ၍ပင် စောင့်နိုင်ကြသည်။ ၎င်းမှာ ကောင်းကင်ရှန့်ထိုနှင့် အထက်ဆင့် လျှို့ဝှက်အာဏာရှင်များအတွက် ရည်ရွယ်သည့် အဆင့်မြင့် ထုတ်ကုန် ဖြစ်သည်။ သုံးစွဲဖို့ မဆိုထားနှင့်...။ မြင်တွေ့ခွင့် ရလျှင်ပင် သူတို့ အတွက် ကံကောင်းခြင်း တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။
လောကအင်ပါယာ နှစ်ဦး၏ နှလုံးသားများမှာ ပြင်းထန်စွာ ခုန်နေကြ၏။ လောကကြီး တစ်ခုလုံး ရှုပ်ထွေးနေချိန်တွင် အခွင့်ကောင်းယူရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းမှာ တကယ်ပင် ထိုက်တန်လှပေတော့သည်။
...
“အချိန် တဖြည်းဖြည်း ကပ်လာပြီ...”
ဝေ့ဝူယင်သည် အမှောင်ဟင်းလင်းပြင်ကို ဖြတ်သန်းပျံသန်းနေသည့် အေးစိမ့်စိမ့် အအေးဓာတ်များ ထွက်ပေါ်နေသော ကြယ်တံခွန်တစ်ခုပေါ်တွင် မတ်မတ်ရပ်နေသည်။ သူ၏ အော်ရာမှာ တစ်လောကလုံးကို လွှမ်းမိုးချုပ်ကိုင်ထားကာ အချိန်နှင့် အာကာသကို စိတ်တိုင်းကျ စီရင်ပိုင်ခွင့်ရှိသော သေမျိုး အာဏာရှင်တစ်ဦးကဲ့သို့ပင် ခန့်ညားထည်ဝါနေ၏။ သူ့ ဘေးတွင်မူ နတ်မိမယ်ကဲ့သို့ လှပသော မင်ရှုဖုန်း နှင့် တည်ငြိမ်ရင့်ကျက်သော အသွင်အပြင်ရှိသည့် ဟန်ဟိုဂျူး တို့ လိုက်ပါလာကြသည်။
မင်ရှုဖုန်း၏ စိတ်ထဲတွင်မူ အတိတ်က အကြောင်းအရာများမှာ ရစ်ဝဲနေ၏။ လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ်ကမှ သူမ၏ ရှေ့တွင် ရူးသွပ်စွာ အော်ဟစ်ခဲ့နေခဲ့သည့် ငွေရောင်မျက်လုံးများနှင့် လူငယ်လေးသည် ယခုအခါတွင်မူ ကောင်းကင်ကို ပြောင်းပြန်လှန်နိုင်ပြီး ပိုမို ခမ်းနား ထည်ဝါသည့် တစ်နယ်တစ်ကျေးတွင် အနှိုင်းမဲ့ အထွတ်အထိပ် အာဏာကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။
တစ်ချိန်တည်း၌... ဟန်ဟိုဂျူးကမူ အနာဂတ်အတွက် တွေးတောနေသည်။ သူမသည် ထွက်ပြေးရန်၊ ပုန်းအောင်းနေရန် နည်းလမ်းများကို မစဉ်းစားတော့ပေ။ ဝေ့ဝူယင်၏ လက်ရှိ ဩဇာအာဏာနှင့် စွမ်းအားများကို သိမြင်ပြီးနောက် ထိုသို့ပြုလုပ်ခြင်းမှာ အခြေအနေကို ပိုမိုဆိုးရွားစေမည် ဖြစ်ကြောင်း သူမ နားလည်သည်။ ထို့အစား... ဝေ့ဝူယင်က သူမကို လျှို့ဝှက်လောက အဆင့် အဂ္ဂိရတ် ထုတ်ကုန်များဖြင့် အေးအေးဆေးဆေး ဝယ်ယူလိုက်သော မြင်ကွင်းကသာ သူမ၏ စိတ်ထဲတွင် ထပ်ခါတလဲလဲ ပေါ်လာတော့သည်။
သူမသည် ဝေ့ဝူယင်ထံမှ မျက်နှာသာပေးမှုကို မည်ကဲ့သို့ ရယူရမည်ကို စတင်စဉ်းစားနေပြီ ဖြစ်သည်။ အခွင့်အရေးဟူသည် မည်သည့် ပုံစံ၊ မည်သို့သော အကြောင်းတရာများနှင့် မဆို ပေါ်လာတတ်ကြောင်း သူမ နားလည်သည်။ သေလောက်အောင် ကြိုးစားနေသော်လည်း နည်းလမ်း မမှန်ပါက ဘယ်တော့မှ ပေါ်မလာခြင်းမျိုးလည်း ရှိနိုင်သည်။ ကံ၊ အကြောင်းတရား တိုက်ဆိုင်လျှင်မူ အဆိုးရွားဆုံးသော အခြေအနေများ ကြားမှပင် နိုးထလာတတ်သည်။ အရေးကြီးသည်က... ထိုအခြေအနေကို ဆုပ်ကိုင်ပြီး မိမိအတွက် အကျိုးအမြတ် အများဆုံးရအောင် ထုတ်ယူနိုင်ရန်သာ ဖြစ်သည်။
လောကရှန့်ထို အဆင့် အဂ္ဂိရတ်ပညာရှင် တစ်ဦး၏ ယင်ယန် စုံတွဲ ကျင့်ကြံဖော် ဖြစ်ခွင့် ဟူသည် အဇူရာ မူလ ဂလက်ဆီနယ်မြေရှိ လူများကြားတွင်ပင် သတ်ဖြတ်လုယူချင်လောက်အောင်ပင် တန်ဖိုးရှိလှသည်။ ထိုသို့သော အဖြစ်အပျက်များ အမှန်တကယ် ရှိခဲ့ဖူးကြောင်း မှတ်တမ်းများပင် ရှိသည်။
သူမသည် အတိတ်က ဖြစ်ရပ်တစ်ခုကိုပင် ပြန်လည်အမှတ်ရမိ၏။ လူမှုရေး ရိုးရာဓလေ့တစ်ခု မဟုတ်ဘဲ ရှေးခေတ် ပညာရှိများနှင့် နတ်ဆရာများ ဟောကိန်းထုတ်ခဲ့သည့် ကျင့်ကြံခြင်းဆိုင်ရာ ရိုးရာပွဲတော်တစ်ခု... ထိုပွဲတွင် ထိပ်တန်းအလှမယ်များ၊ သူရဲကောင်းများနှင့် ပါရမီရှင်များသည် အဂ္ဂိရတ်ပညာရှင်များ၏ အဖော်အဖြစ် သို့မဟုတ် လက်တွဲဖော်အဖြစ် ရွေးချယ်ခံရရန် အပြိုင်အဆိုင် ကြိုးစားကြရသည်။ အဂ္ဂိရတ်ပညာရှင် တစ်ဦးတည်း၏ မျက်နှာသာပေးမှုကို ရရန် အလှမယ်များနှင့် သူရဲကောင်း အမြောက်အမြား တိုက်ခိုက်ကြသည်မှာ မဆန်းပေ။
သူမ၏ ပြင်ပအဆက်အသွယ်အရ... အထွတ်အမြတ် နိုင်ငံ မှ ပေ့ရွှမ်း မြို့စားမင်းသည် လွန်ခဲ့သည့် နှစ်ပေါင်း များစွာက ထိုကဲ့သို့ ပြိုင်ပွဲတစ်ခုတွင် အထွတ်အထိပ် အဆင့် မြေကြီးရှန့်ထို အဂ္ဂိရတ်ပညာရှင်တစ်ဦး၏ အထူးမျက်နှာသာပေးမှုကို ရရှိခဲ့ဖူးသည်ဟု ဆိုသည်။ ထိုပုဂ္ဂိုလ်မှာ ယခုအခါ အဇူရာ မူလ ဂလက်ဆီနယ်မြေ တစ်ခုလုံးတွင် ကျော်ကြားသည့် လောက အဂ္ဂိရတ်ရှန့်ထိုကြီး တစ်ဦး ဖြစ်နေပြီ ဖြစ်နေပြီး ဂလက်ဆီတစ်ခုလုံးကို တုန်ဟီးစေသည့် အလှဘုရင်မလည်း ဖြစ်နေပေသည်။
ထိုလောက အဂ္ဂိရတ် ရှန့်ထို၏ မျက်နှာသာပေးမှုကို ရရှိခဲ့သည့် ပေ့ရွှမ်း မြို့စားသည်ကား ဆိုဖွယ်ရာပင် မရှိတော့...။ သူက လောကတစ်ခုလုံး မော်ကြည့်ရသည့် တည်ရှိမှု တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။
၎င်းမှာ ပြိုင်ပွဲ၏ တိုက်ရိုက်ရလဒ် မဟုတ်သော်လည်း ထိုသို့သော ပွဲမျိုးတွင် မိမိ၏ ပါရမီကို ပြသနိုင်ခြင်းက မတွေးဝံ့စရာ ကောင်းသော ရလဒ်များနှင့် အနာဂတ် အလားအလာများကို ဆောင်ကြဉ်းပေးနိုင်သည်မှာ အမှန်ပင် ဖြစ်သည်။
ဟန်ဟိုဂျူး၏ အတွေးများမှာ ရမ္မက်ဆန္ဒများဖြင့် ရောယှက်ကာ ပျော်ရွှင်တက်ကြွနေတော့၏။ ယခုအခါ သူမအတွက် အံ့မခန်း ကံကောင်းခြင်းများ ရရှိရန် အလားအလာ ရှိနေပြီ ဖြစ်သည်။ သူမ အမိအရ ဆုပ်ကိုင်ရပေလိမ့်မည်။
ဝေ့ဝူယင်သည် ကြယ်တံခွန်ကို ထိန်းကျောင်းမောင်းနှင်ရင်း ကိစ္စရပ်များစွာကို စဉ်းစားနေကာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ ဘက်သို့ ဦးတည်လိုက်၏။
“ပေ့ရွှမ်း မြို့စားမင်း နောက်တစ်ယောက်လား...”
သူက တိုးတိုးလေး ရေရွတ်လိုက်လေ၏။