အခန်း (၁၈၆၆)
Vol. 134 Ch. 1866
လူအိုကြီးနှင့် သခင်လေးရှန့်တို့ နှစ်ဦးစလုံး မသိရှိလိုက်သည့် အရာက ဝေ့ဝူယင်မှာ သူတို့၏ စကားဝိုင်း တစ်ခုလုံးကို ကြားဖြတ် နားထောင်နေခြင်းပင်။ အကြိမ်ကြိမ် ဖော်ထုတ်ခံရပြီးနောက်တွင် ဝေ့ဝူယင်သည် သူ၏ 'ဒုတိယ စိတ်' ၏ အကူအညီဖြင့် ထောက်လှမ်းခြင်း နည်းပညာကို ပိုမို တိုးတက်အောင် ပြုလုပ်ထားပြီး ဖြစ်သည်။
အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံနှင့် ပေါင်းစပ်လိုက်သောအခါ သူ၏ ချောင်းမြောင်း နားထောင်နိုင်စွမ်းမှာ အပြစ်ပြောစရာ မရှိတော့ပေ။
ထိုမတိုင်ခင် အချိန်အထိ... သင်ယူလိုစိတ် ပြင်းပြသည့် ဒုတိယမြောက် စိတ်မှာ ဟင်းလင်းပြင် ပုန်းကွယ်ခြင်း ပညာရပ် ဖော်ထုတ်ခံရမှုများအပေါ် အတော်ပင် မကျေမချမ်း ဖြစ်နေခဲ့ခြင်း ဖြစ်သည်။
“ဝိညာဉ်ဆေးလုံး... ဆိုတော့ ခင်ဗျားက အစစ်အမှန် ဝိညာဉ် အဆင့်မှာ ရှိနေတာပေါ့...”
ဝေ့ဝူယင်သည် အဘိုးအို၏ ကျင့်ကြံခြင်း အဆင့်ကို စောစောက မခန့်မှန်းနိုင်ခဲ့သော်လည်း ယခုမူ သူတို့၏ စကားဝိုင်းအရ နားလည်သွားခဲ့ပြီ ဖြစ်သည်။ ကံမကောင်းစွာဖြင့် အာဏာရှင် အင်ပါယာကြီးများ၏ အဆင့်ကိုမူ မသိနိုင်သေးပေ။ သူတို့က ကိုယ်ပွားများကိုသာ အသုံးပြုနေကြသောကြောင့် ဖြစ်သည်။
“အစစ်အမှန် သူတော်စင် အဆင့်လား... ပဲ့တင်သံ ဝိညာဉ် အဆင့်လား...”
ခဏမျှ စဉ်းစားပြီးနောက် ဝေ့ဝူယင် လောက၏ နက်ရှိုင်းသော နေရာတွင်ရှိသည့် 'ကြယ်တာရာ အသိုက်' ဘက်သို့ လှည့်ကြည့်လိုက်သည်။
“အဆိုးဆုံး အခြေအနေကို သတ်မှတ်ရမှာပဲ... ပဲ့တင်သံ ဝိညာဉ်အဆင့်ပေါ့... အလုပ်ရှုပ်စရာပဲ”
ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။ ကြယ်ကွင်းပြင်ဖျက် ကပ်ဘေးမှ အကျိုးအမြတ် အများဆုံး ရရှိစေရန် အစီအစဉ်များကို ပြန်လည် ထိန်းညှိရပေဦးမည်။ ထို့ပြင်... နတ်ဆိုး အာဏာရှင်သည်လည်း သူ၏ အစီအစဉ်များအတွက် စိတ်ချရသော အာရုံလွှဲစရာတစ်ခု မဟုတ်တော့ပေ။
ကြယ်တံခွန်ပေါ်တွင် စီးနင်းရင်း အမှောင်ဟင်းလင်းပြင်ကို တစ်နာရီခန့် ဖြတ်သန်းပြီးနောက် ဝေ့ဝူယင်၏ မျက်လုံးများမှာ တောက်ပလာ၏။ အဖြေကို သူ တွေ့ရှိသွားပြီ ဖြစ်သည်။
“ငါ နတ်ဆိုး အာဏာရှင်ကို နည်းနည်းလောက် ပိုပြီး အစွမ်းထက်အောင် လုပ်ပေးရမယ် ထင်တယ်”
သူ ပြုံးလိုက်သည်။ သူ၏ စိတ်ပျက်လုံး အတွင်းတွင်တော့ ဖီဆန်လေးမှာ စိတ်လှုပ်ရှားစွာဖြင့် ချာချာလည် လည်ပတ်နေတော့၏။
ဝေ့ဝူယင်၏ အတွေးများက အခြား တစ်နေရာသို့ ရောက်ရှိသွား၏။ ပြင်ပလောကသို့ ထွက်ခွာမည့် အစီအစဉ်မှလွဲ၍ ကျန်ရှိသည့် လုပ်ငန်းဆောင်တာ အားလုံးကို သူ ပြန်လာသည့်တိုင်အောင် ရွှေ့ဆိုင်းထားနိုင်သည်ဟု ခံစားလိုက်ရသည်။
သူ မင်ရှုဖုန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရွှေရောင် ဂိတ်တံခါး နန်းတော် အကြောင်းကို စဉ်းစားလိုက်မိသည်။ သူတို့ ဘာတွေပဲ စီစဉ်နေနေ... သူ စိတ်ဝင်တစား စောင့်ကြည့်သွားမည် ဖြစ်သည်။ သူ့အတွက် အကျိုးရှိလျှင် ကောင်းသော်လည်း အကယ်၍ သူ့ကို ထိခိုက်စေမည်ဆိုပါက... ထျန်းထိုက်ကျုံးက သူတို့ကို အမြစ်ပြတ် မချေမှုန်းနိုင်ခဲ့သော်လည်း သူကမူ ထိုသို့ စိတ်ရှည်လိမ့်မည် မဟုတ်ပေ။
ဝေ့ဝူယင် အတွေးတစ်ချက်ဖြင့်ပင် ဟင်းလင်းပြင် ပေါ်တယ် တစ်ခုကို ဖန်တီးလိုက်၏။
...
လသာသာ လှပ ကျယ်ပြောလှသည့် လွင်ပြင်တစ်ခု၏ ဗဟိုတွင် ဆံပင်တိုတို၊ နက်မှောင်စင်ကြယ်သည့် မျက်ဝန်းအစုံရှိနှင့် မိန်းကလေး တစ်ဦးသည် ဆေဘာဓား ထည့်ထားသည့် ဓားအိမ် တစ်ခုကို မြဲမြံစွာ ဆုပ်ကိုင်ထား၏။
သူမ၏ ကိုယ်ဟန်မှာ အလွန်ပင် တည်ငြိမ်နေပြီး ထွက်သက်ဝင်သက်များမှာလည်း လေပြေညင်းကဲ့သို့ ညင်သာလှသည်။ မျက်လုံးအစုံကို ခပ်ဖွဖွမှိတ်ထားသော သူမ၏ ဦးခေါင်းထက်တွင်မူ စစ်ဘုရင်မတစ်ဦးနှင့် လိုက်ဖက်ညီသည့် သရဖူတစ်ခုကို ဆောင်းနှင်ထား၏။
ထိုသရဖူမှာ လရောင်အောက်တွင် တလက်လက်တောက်ပနေပြီး လက်ရာမြောက် ကျောက်သံပတ္တမြားများဖြင့် စီခြယ်ထားသဖြင့် အနှိုင်းမဲ့သော ခန့်ညားမှုကိုလည်း ပေါ်လွင်စေသည်။ ထိုသရဖူကြောင့် မိန်းကလေး၏ အရှိန်အဝါမှာ ဆယ်ဆမက ပိုမိုထည်ဝါသွားရသည်။ အကယ်၍ အထက်မှ လမင်းကြီးသာ လူသားတစ်ဦးတည်းအပေါ် တစ်သက်လုံး အလင်းဖြာပေးရမည်ဆိုလျှင် ထိုသူမှာ ဤမိန်းမငယ်လေး ဖြစ်မည်မှာ ဧကန်မသွေပင်။
အသက်တစ်ချက် ရှူလိုက်တိုင်းတွင် မန်နာလှိုင်းလုံးများနှင့် အလင်းတန်းများမှာ မိန်းကလေး၏ ပတ်ပတ်လည်၌ ကခုန်မြူးထူးနေကြ၏။ ၎င်းတို့မှာ သူမ၏ အမိန့်ကို နာခံရန် စောင့်ဆိုင်းနေကြသကဲ့သို့ ရှိလေရာ အလွန်ပင် လှပဆန်းကြယ်လှသော သဘာဝလွန် ဖြစ်ရပ်တစ်ခုပင်။
မိန်းကလေး၏ လက်သည် ဓားရိုးပေါ်တွင် ပိုမိုတင်းကျပ်သွား၏။ လောကကြီးတစ်ခုလုံးမှာ သေမင်းကို ကြောက်ရွံ့နေသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ ထို့နောက် သူမက လက်ကို ပြန်လွှတ်လိုက်ကာ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။
သူမ၏ ကိုယ်မှ ထွက်ပေါ်နေသော အလင်းတန်းများက ပျောက်ကွယ်သွားကာ ကိုယ်ဟန်မှာလည်း ပြန်လည် တည့်မတ်သွားသည်။ သူမ၏ မျက်ဝန်းထဲတွင် ပျော်ရွှင်မှု အရိပ်အယောင်ကလေးတစ်ခု ဖြတ်ပြေးသွားပြီး နှုတ်ခမ်းအစုံမှာလည်း ဖြူစင်သော ခံစားချက်များ ပါဝင်သည့် ပြုံးယောင်ကလေး သန်းသွားတော့သည်။
သူမ၏ နှလုံးသားထဲတွင် သူရောက်ရှိတော့မည် ဖြစ်ကြောင်း အသိပေးသည့် ခံစားချက်တစ်ခု ပေါ်လာသည်။ ၎င်းမှာ ဝိညာဉ်အတွင်းမှ တိုက်ရိုက် ဆင်းသက်လာသည့် ဗီဇအသိစိတ်တစ်ခုပင်။ လောက၏ နက်နဲသော လျှို့ဝှက်ချက်များကဲ့သို့ပင် အကြောင်းပြချက် မရှိသော်လည်း ထိုခံစားချက်မှာ အမြဲတမ်း မှန်ကန်နေစမြဲပင်။
သူမက အခြားသူမဟုတ်... စုမေ့ပင်...။
ရွှီ...
စုမေ့ ခပ်တိုးတိုး လေချွန်လိုက်၏။
ဟီ... ဟီ...
လမင်း၏ အရိပ်ထဲမှ အတောင်ပံပါသည့် မြင်းဖြူတစ်ကောင်သည် ဂုဏ်ယူဝင့်ကြွားစွာ ဟီသံပြုရင်း ဆင်းသက်လာ၏။ ၎င်းမှာ ဖြူစင်လွန်းလှသော်လည်း လည်ဆံမွေးများထဲတွင် အနက်ရောင် လျှပ်စီးများ တလက်လက် ထွက်ပေါ်နေသဖြင့် ပြိုင်စံရှား အလှတရားကြားမှ ပြင်းထန်သည့် မိုးကြိုးအရှိန်အဝါကို ရရှိစေသည်။
“ရှောင်ပိုင်...”
စုမေ့က တိုးတိုးလေး ရေရွတ်လိုက်၏။ ရှောင်ပိုင်သည် သူမ၏ ရှေ့တွင် ဆင်းသက်လိုက်သည်။ စုမေ့ ထိုကောင်လေး၏ ကျောရိုးကို အသာအယာ ပွတ်သပ်ပေးလိုက်ရာ အရေပြားပေါ်တွင် သင်္ကေတများ တလက်လက် ထွက်ပေါ်လာ၏။ ချက်ချင်းပင် ရှောင်ပိုင်၏ အမွေးဖြူများမှာ အနက်ရောင် သံချပ်ကာများအဖြစ် ပြောင်းလဲသွားကာ ရန်သူပေါင်းများစွာကို နင်းချေမည့် အနှိုင်းမဲ့ စစ်မြင်းတစ်ကောင်အသွင်သို့ ရောက်ရှိသွားတော့သည်။
ရှောင်ပိုင်မှာ သူရဲကောင်းတစ်ဦး၏ မြင်းနှင့် ဂုဏ်အင်္ဂါရပ်များ အလွန်ပင် လိုက်ဖက်ညီလှသည်။ စုမေ့က သံချပ်ကာကို စစ်ဆေးပြီးနောက် တစ်ကြိမ် ထပ်မံ ပွတ်သပ်ပေးလိုက်ရာ သင်္ကေတများမှာ ပြန်လည် အရည်ပျော် ဝင်ရောက်သွား၏။ စစ်အမတေ ၏ အသုံးဝင်မှုမှာ ကျင့်ကြံသူ၏ စိတ်ကူးစိတ်သန်းအပေါ်တွင်သာ မူတည်ပေသည်။
ဝှစ်...
ထို့နောက် သူတို့နှင့် ပေအနည်းငယ် အကွာတွင် ဟင်းလင်းပြင် ပေါ်တယ် တစ်ခု ပေါ်လာ၏။ ရှောင်ပိုင်၏ မျက်လုံးများမှာ တောက်ပသွားကာ စိတ်လှုပ်ရှားစွာဖြင့် ဟီသံပြု ကြိုဆိုလိုက်သည်။ မည်သူလာနေသည်ကို သူမ ကောင်းစွာ သိရှိပြီး ဖြစ်သည်။
စုမေ့သည်လည်း ဟင်းလင်းပြင် ပေါ်တယ်ကို အာရုံစိုက်ထား၏။ ဝေ့ဝူယင်သည် နှစ်ဖက်ဖွင့် ပေါ်တယ်မျိုးကို အသုံးပြုလေ့ မရှိသော်လည်း ယခုအခါ သူ ရောက်ရှိလာခြင်းကို အသိပေးရန်အတွက် ထိုသို့ ပြုလုပ်နေခြင်း ဖြစ်သည်။ အာဏာရှင် အဖွဲ့ဝင်များအတွက်မူ ဤကဲ့သို့ ဟင်းလင်းပြင် ပေါ်တယ် ပေါ်လာခြင်းသည် သူတို့၏ အင်ပါယာ ရောက်ရှိလာခြင်းပင် ဖြစ်သည်ဟု သတ်မှတ်ထားကြပြီး ဖြစ်သည်။
မျှော်လင့်ထားသည့် အတိုင်းပင် ဝေ့ဝူယင်သည် တံခါးပေါက်မှ တည်ငြိမ်သော ခြေလှမ်းများဖြင့် ထွက်လာ၏။ သို့သော်လည်း... သူ၏ ခြေထောက်များ မြက်ခင်းလွင်ပြင်ပေါ် ကျဆင်းသွားသည်နျင့် တစ်ပြိုင်နက် သူ့ ငွေရောင် မျက်ဝန်းများထဲတွင် ဆေဘာ ရည်ရွယ်ချက်များ လျှပ်ခနဲ ပေါ်လာခဲ့သည်။ ဆေဘာ ရည်ရွယ်ချက်က ချက်ချင်းပင် နိုးထလာကာ ဆေဘာဥပဒေသများက သူ့ ခန္ဓာကိုယ် အတွင်း ဟိန်းဟောက်လာသည်။
“မြန်လိုက်တဲ့ ဆေဘာချက်တွေ...”
ဝေ့ဝူယင်က ချီးကျူးလိုက်၏။ ဟင်းလင်းပြင်၏ အလွှာတိုင်းတွင် ဆေဘာအင်အားများ ပျံ့နှံ့နေကာ အချိန်စီးဆင်းမှုများ ပိုင်းဖြတ်ထားသည်ကိုပင် သူ ခံစားမိသည်။ ထို့ပြင် ဆေဘာ အင်အားမှာ အလင်းနှင့် ဝိညာဉ်အင်အားများကြားတွင်လည်း ချောမွေ့စွာ စီးဆင်းနေသည်။ တကယ့်ကို လျင်မြန်လှပေသည်။
“ဓားချက်ပေါင်း ခြောက်ရာ့နှစ်ချက်ပဲ ရှိပါသေးတယ်”
စုမေ့က ဆိုလိုက်ရင်း စိတ်လှုပ်ရှားနေသည့် ရှောင်ပိုင်ကို ခေါ်ကာ ဝေ့ဝူယင်ထံသို့ လျှောက်လာခဲ့သည်။ ဝေ့ဝူယင်က ရှောင်ပိုင်ကို ကြည့်ကာ ပြုံးလိုက်ရင်း ပွတ်သပ်ပေးလိုက်၏။ ထို့နောက် သူက သကြားခဲလေး တစ်ခဲကို ထုတ်လိုက်ရာ ရှောင်ပိုင်မှာ ပို၍ပင် စိတ်လှုပ်ရှား လာခဲ့သည်။ သို့သော်လည်း... ဝေ့ဝူယင်က ပါးစပ်နားသို့ တိုးပေးလိုက်မှသာ လျှာဖြင့် သိမ်းယူစားလိုက်လေ၏။
ထိုသကြားခဲ၏ အလယ်တွင် အဆင့်မြင့် အရည်အသွေးရှိသည့် အဆင့်ကိုး ဆေးလုံးတစ်လုံးကို ထည့်သွင်းထားပေသည်။ ဆေးလုံး၏ အာနိသင်က ချက်ချင်းပင် သက်ရောက်လာလေရာ ရှောင်ပိုင်၏ လည်ဆံမွေးများပေါ်မှ အနက်ရောင် လျှပ်စီးများမှာ ပိုမို ပြင်းထန်လာ၏။ တစ်ကိုယ်လုံးတွင် အေးမြလန်းဆန်းသော ခံစားချက်ကို ရရှိနေသဖြင့် ခေါင်းကို တရမ်းရမ်း ပြုလုပ်နေတော့သည်။
“ကျွန်မတို့ ဘယ်တော့ ထွက်ကြမှာလဲ”
ရုတ်တရက်... စုမေ့က မေးလိုက်လေ၏။