အခန်း (၁၈၆၇)
Vol. 134 Ch. 1867
“ကျွန်မတို့ ဘယ်တော့ ထွက်ကြမှာလဲ”
ရုတ်တရက်... စုမေ့က မေးလိုက်၏။
“ငါ့အကြံကို ခန့်မှန်းရတာ အဲဒီလောက်တောင် လွယ်နေတာလား”
ရှောင်ပိုင်၏ လည်ပင်းကို ပွတ်သပ်ကာ ၎င်း၏ စွမ်းအားနှင့် သွေးမျိုးဆက်တို့ကို စစ်ဆေးနေရာမှ ဝေ့ဝူယင် စုမေ့ကို မော့ကြည့်ကာ ပြုံးလိုက်သည်။
“...”
စုမေ့၏ မျက်နှာလေးမှာ လရောင်အောက်တွင် ဝင်းပနေပြီး နှုတ်ခမ်းထောင့်တွင် အပြုံးရိပ်ကလေး သန်းသွား၏။ ၎င်းမှာ တကယ့်ကို ဆွဲဆောင်မှုရှိသော မြင်ကွင်းတစ်ခုပင်။
“ထွက်ဖို့ အချိန်တန်ပြီလို့ ထင်တာပဲ... ငါ့မှာ ဖြည့်ဆည်းပေးရမယ့် ဆန္ဒတွေလည်း ရှိသေးတယ်လေ”
ဝေ့ဝူယင်က ရယ်မောရင်း ဆက်ပြောလိုက်၏။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲတွင် အနိုင် ရရှိခဲ့သည့် ရွှယ်ရီဖေး၏ ဆန္ဒမှာ သူ့အတွက် အတော်ပင် အလုပ်ရှုပ်စေခဲ့သည်။
“ငါတို့ တခြား ဂလက်ဆီတစ်ခုကို သွားကြမယ်...”
ဝေ့ဝူယင်က ပြောလိုက်၏။ ဟင်းလင်းပြင် ပေါ်တယ် တစ်ခုမှာ လေတိုးသံများနှင့် ပြန်လည်၍ ပေါ်လာခဲ့သည်။ ဝေ့ဝူယင် ပေါ်တယ်ဆီသို့ လျှောက်သွားလိုက်ရာ စုမေ့ကလည်း ရှောင်ပိုင်ကို ဆွဲရင်း ဘေးမှ လိုက်ပါလာခဲ့၏။
“ပြောရရင်တော့ အရှည်ကြီးပေါ့လေ... လိုရင်းကို ပြောရရင် ထူးဆန်းတဲ့ မိန်းကလေး တစ်ယောက်ကြောင့် ငါတို့ သွားရတယ် ဆိုပါတော့... သူက ငါ့ရဲ့ အပိုင် ဖြစ်ပါ့မယ်လို့ သစ္စာဆိုထားတာလေ... အဲဒါကို သူတို့က ပြန်ရုပ်သိမ်းစေချင်နေကြတာ”
ဝေ့ဝူယင်က ထပ်မံ ရှင်းပြလိုက်သည်။
“...”
စုမေ့က မည်သည့် စကားမျှ မဆိုပေ။ သူမသည် ဝေ့ဝူယင်ကို သိရှိနားလည်ပြီး ဖြစ်သဖြင့် ဘာမှ ပြောရန် မလိုတော့ပေ။
ဆယ့်လေးငါးလှမ်းခန့် လျှောက်ပြီးနောက် သူတို့ ဟင်းလင်းပြင် ပေါ်တယ်ထံသို့ ရောက်ရှိသွားကြ၏။
“ငါ ဂလက်ဆီ အဆင့် ရှိတဲ့ စစ်ပွဲတစ်ခုကို စတင်ဖို့ ရည်ရွယ်ထားတယ်”
ဝေ့ဝူယင်က ပွင့်လင်းစွာ ပြောလိုက်သည်။
“ဘယ်လောက်ကြာမှာလဲ...”
စုမေ့၏ တုံ့ပြန်မှုမှာ မြန်ဆန်ပြီး ရိုးရှင်းလှသည်။ သူမ၏ လေသံကလည်း အံ့ဩစရာ ကောင်းလောက်အောင် တည်ငြိမ်နေသည်။
ဝေ့ဝူယင်၏ ငွေရောင်မျက်ဝန်းများမှာ ကြယ်တာရာများ ကဲ့သို့ တောက်ပကာ လမင်းကဲ့သို့ လှပနေ၏။
“ဂလက်ဆီ တစ်ခုလုံးကို ဆန့်ကျင်ရမှာလား... ဒါမှမဟုတ် နှစ်ခုလား... ငါ့ အထက် တစ်နှစ်... ဒါမှမဟုတ် နှစ်နှစ်ပေါ့”
“...”
စုမေ့က ခေါင်းညိတ်လိုက်၏။ ထို့နောက် သူတို့ နှစ်ယောက် ဝင်ရောက်သွားကာ တံခါးပေါက်လည်း ပိတ်သွားခဲ့သည်။ လွန်လေခဲ့ပြီးသော နှစ်ပေါင်းများစွာ အကြာက နေသွေးနီနီဂိုဏ်းမှ ထွက်လာခဲ့သော လူငယ်နှင့် မိန်းမငယ်တို့ နှစ်ယောက်မှာ ယခုအခါ အပြောကျယ်လှသော လောကကြီးကို ဖြတ်သန်းရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။
...
အပြောကျယ်လှသော အချိန်မြစ်ကြီးသည် အမျိုးမျိုးသော အလှည့်အပြောင်းများ ပြည့်နှက်လျှက် အနန္တတိုင်အောင် ရှိနေသည်ဟု ဆိုကြသည်။ ထိုကောလဟလ မှန်သည်၊ မမှန်သည်ကိုမူ မြစ်ကြီး၏ အထက်တွင် ရပ်တည်နိုင်သူ သို့မဟုတ် ၎င်း၏ ကောင်းချီးကို ရရှိသူများသာ နားလည်နိုင်ပေလိမ့်မည်။
သို့သော်လည်း... ထိုသို့သော အလှည့်အပြောင်းများထဲတွင် ထူးခြား ဆန်းပြားသော အရာ တစ်ခုရှိနေသည်။ လူတစ်ဦး၏ အတိတ်က ဆုံးဖြတ်ချက်တစ်ခုကြောင့် ခွဲထွက်သွားသည့် အချိန်စီးဆင်းမှု တစ်ခုပင်။ ထိုဆုံးဖြတ်ချက် တစ်ခုတည်းကပင် နယ်မြေတစ်ခုအတွင်းရှိ ဆုံးဖြတ်ချက်တိုင်းကို သက်ရောက်မှုရှိစေပြီး ထာဝရ ပြောင်းလဲမှုများကို ဖြစ်ပေါ်စေခဲ့သည်။
တစ်ယောက်သော ဝေ့ဝူယင်သည် သာမန် အမျိုးသမီးတစ်ဦး၏ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒကို ဖြည့်ဆည်းပေးရန် ကတိပြုခဲ့ပြီး သူမအား သူ၏ ဇနီးအဖြစ် ဘွဲ့နှင်းခဲ့သည်။ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ တစ်ခုလုံးသည် အာရုဏ်ဦး ဧကရီ ဖြစ်လာသော မေ့မေ့ အကြောင်းကို သိရှိသွားကြသည်။
ခမ်းနားထည်ဝါလှသော မင်္ဂလာပွဲကြီးကို ကျင်းပခဲ့ကြပြီး အာရုဏ်ဦး ကြယ်တာရာ နယ်မြေတစ်ခုလုံးသာမက အဇူရာ မူလ ဂလက်ဆီနယ်မြေနှင့် အဆုံးမဲ့ ခရီးသွား နယ်မြေမှ ကျင့်ကြံသူများပါ ဆင်နွှဲခဲ့ကြသည်။ ၎င်းမှာ အလွန်ပင် ခမ်းနားလှပြီး အနုပညာ လက်ရာတစ်ခုကဲ့သို့ ရင်သပ်ရှုမောဖွယ် ကောင်းလှသလို ခေတ်တစ်ခုကို အဓိပ္ပာယ်ဖွင့်ဆိုလိုက်သကဲ့သို့ပင် ရှိနေတော့သည်။
၎င်းမှာ မင်္ဂလာပွဲ တစ်ခုတည်း ဖြစ်သော်လည်း စုပေါင်း မင်္ဂလာပွဲကြီးလည်း ဖြစ်ပေသည်။ မျိုးနွယ်စုပေါင်းစုံမှ ချောမောလှပသော အမျိုးသမီး ဆယ်ဂဏန်းကျော် ပါဝင်နေသည်။ ထိုအထဲတွင် မြစိမ်းရောင် ဆံပင်နှင့် အမျိုးသမီးငယ်လေး၊ ဆွဲဆောင်မှုရှိလှသည့် နံပတ်တစ် အလှမယ်ဟောင်းနှင့် အလှမယ်နှင့် မဟာ မင်းသမီး တစ်ဦးတို့လည်း ပါဝင်နေကြလေသည်။
စည်းလုံးညီညွတ်သော မိသားစုဝင်များအလား သူတို့အားလုံးသည် ကြယ်တာရာများရှိရာသို့ ခရီးဆန့်ခဲ့ကြလေသည်။ သို့သော်လည်း... ဝေ့ဝူယင်၏ ကမ်းလှမ်းမှုနှင့် မေ့မေ့၏ သဘောတူညီမှု ရရှိခဲ့သည့် ထိုအခိုက်အတန့်မှစ၍ အရာအားလုံးသည် အချိန်ရေစီးကြောင်းနှစ်ခုနှင့် ထပ်တူမကျတော့ပေ။
အနီရောင်ရင့်ရင့် အရောင်အဝါများ လွှမ်းခြုံထားပြီး အနန္တသော အချိန်ကာလများ၏ ကွဲပြားမှုဒဏ်မှ ကင်းလွတ်နေသည့် လောကတစ်ခုအတွင်း၌ နူးညံ့သိမ်မွေ့သော အသံတစ်ခု ပဲ့တင်ထပ်လာခဲ့၏။
"နောက်ထပ် တစ်ယောက်ကတော့ အတည်တကျ ဖြစ်သွားပြီပဲ..."
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အသံက တိုးညင်းစွာ ဆက်လက်ထွက်ပေါ်လာပြန်သည်။
"ကလေးတို့ရေ... မင်းတို့အတွက် အကြီးမားဆုံး စိန်ခေါ်မှုက လာနေပြီ... ဒီတစ်ကြိမ်မှာတော့ ငါ မင်းတို့ကို ဘာမှ ကူညီပေးနိုင်မှာ မဟုတ်ဘူး"
...
ကြယ်ကိုးပွင့် ကြယ်တာရာနယ်မြေ၏ အစွန်အဖျား တစ်နေရာတွင် ကောင်းကင်ဖျက်ဆီးသူ၏ အခြေခံ သဘောတရားများကို အခြေခံ၍ တည်ဆောက်ထားသည့် အဆင့်မြင့် ဟင်းလင်းပြင်သင်္ဘောကြီးတစ်စင်းမှာ ဝဲပျံလျက် ရှိနေသည်။
သင်္ဘောကုန်းပတ်ပေါ်တွင် လူပေါင်း ဒါဇင်နှင့်ချီ၍ စုဝေးနေကြပြီး အများစုမှာ တိုင်းပြည်ကိုပင် တုန်လှုပ်စေနိုင်လောက်သည့် အလှတရားပိုင်ရှင် မိန်းကလေးများ ဖြစ်ကြသည်။ ထိုသူတို့၏ ရှေ့ဆုံးတွင် ရပ်နေသူကတော့ အခြားသူမဟုတ်၊ အာရုဏ်ဦး၏ မဟာသူရဲကောင်း ဝူယု ပင် ဖြစ်လေသည်။
အမှောင်ဟင်းလင်းပြင်အတွင်း ဆိုက်ကပ်ထားသည့် ထိုဟင်းလင်းပြင်သင်္ဘောကြီးကို အာကာသ လှိုင်းများ ထုတ်လွှတ်နေသည့် ကျောက်ဆူးကြီးတစ်ခုဖြင့် ခိုင်ခံ့စွာ ချည်နှောင်ထားသည်။ သင်္ဘောကုန်းပတ်ပေါ်တွင် ထူးချွန်ထက်မြက်လှသည့် သူရဲကောင်းများနှင့် အလှပဂေးများစွာတို့သည် တစ်ဦးနှင့်တစ်ဦး စကားလက်ဆုံကျနေကြသလို အချို့မှာလည်း အတွေးကိုယ်စီဖြင့် နက်နက်ရှိုင်းရှိုင်း ငြိမ်သက်နေကြသည်။
အာရုဏ်ဦး အာဏာရှင် အင်ပါယာသည် ထိုလူများကို သွားရောက်ခေါ်ယူရန် သူ၏ မဟာသူရဲကောင်းကို အထူးတလည် စေလွှတ်ခဲ့ခြင်းဖြစ်သည်။ မည်သည့်အကြောင်းကြောင့် ခေါ်ယူသည်ကို သူတို့မသိကြသော်လည်း မည်သူမျှ နှောင့်နှေးကြန့်ကြာခြင်း သို့မဟုတ် ငြင်းဆန်ခြင်း မပြုဝံ့ကြပေ။
မဟာသူရဲကောင်း ဝူယု၏ ဘယ်ဘက်တည့်တည့်တွင် ကျောရိုးကို မတ်မတ်ဆန့်၍ ကိုးရောင်ခြယ်မျက်လုံးများဖြင့် ရပ်နေသည့် လူတစ်ယောက်ရှိ၏။ သူကတော့ ဒြပ်စင် စောင့်ရှောက်သူကြီး ဟန်ယုဟိုင်ပင် ဖြစ်သည်။ သူ၏ အမူအရာက သိသိသာသာပင် တက်ကြွနေပြီး မျက်နှာထက်တွင် အပြုံးရိပ်များ စွဲထင်နေသောကြောင့် သူ အလွန် ပျော်ရွှင်နေသည်မှာ အထင်အရှားပင်။
"ကောင်လေး... မင်းရဲ့ ခံစားချက်တွေကို နည်းနည်းလောက် ဖုံးကွယ်ထားသင့်တယ်... မြင်သာလွန်းနေတယ်"
ဝူယုက ပြုံးလျက် စနောက်လိုက်၏။ ယခင်ကဆိုလျှင် ဟန်ယုဟိုင်သည် ထိုကဲ့သို့ ပြောဆိုမှုကို ဒေါသတကြီး တုံ့ပြန်မိမည်ဖြစ်ပြီး မနိုင်မှန်း သိသည့် ကြားမှပင် ပြန်လည် တိုက်ခိုက်မိပေလိမ့်မည်။ သို့သော်လည်း... ယခုအချိန်တွင်မူ သူ၏ ကိုးရောင်ခြယ်မျက်လုံးများမှာ တောက်ပသွားကာ သွားဖြဲ၍ ပြုံးလိုက်၏။
"အဘိုးကြီးဝူ... ဒီနေ့က တကယ့်ကို နေ့ကောင်းရက်သာလေဗျာ၊ ဘာလို့ ထိန်းချုပ်ထားရမှာလဲ... ကျွန်တော့်ရဲ့ တတိယမြောက်ဇနီးက ကျွန်တော့်ကို အမြဲတမ်း ပြုံးနေစေချင်တာ... ရုပ်တည်တည်နဲ့ အေးစက်နေတာထက်စာရင် အလင်းရောင်အောက်မှာ ပျော်ပျော်ရွှင်ရွှင် နေတာက ပိုကောင်းပါတယ်... ဖုံးကွယ်နေရတာက အရမ်း အလုပ်ရှုပ်လွန်းတယ်... ကိုယ့် ဇနီးလေး ပြောတာ တကယ် မှန်တာဗျ”
ဝူယုက နှာခေါင်းရှုံ့လိုက်သော်လည်း ဟန်ယုဟိုင်၏ သဘောထားအပေါ် ကျေနပ်မိသွားပြီး သူ ကိုယ်တိုင်လည်း ပြုံးလိုက်မိသည်။ အပတ်တကုပ် ကြိုးစားအားထုတ်မှုကြောင့် ထိုကောင်စုတ်လေး၏ ရည်မှန်းချက်များ အောင်မြင်သွားသည်ကို မြင်ရသည်မှာ ဂုဏ်ယူစရာပင် ဖြစ်သည်။ တစ်ချိန်တစ်ခါက သူတို့၏ စကားဝိုင်းတွင် ဝိုင်ငှဲ့ပေးခဲ့ရသည့် ကောင်လေးငယ်မှာ ယခုတော့ အတော်လေး အရွယ်ရောက်လာခဲ့လေပြီ။
"ငါလည်း သဘောတူတယ်"
ထျန်းမူယန်မှာ ဝူယု၏ အခြားတစ်ဖက်တွင် ရှိနေ၏။ တစ်ချိန်က နာမည်ကျော်ခဲ့သည့် အင်ပါယာ ဧကရာဇ်ကြီးမှာ ယခုအခါတွင်တော့ အဆုံးမဲ့ကောင်းကင် ကြယ်တာရာနယ်မြေ၏ တော်ဝင်အဝတ်အစားများကို မဝတ်ဆင်တော့ဘဲ မီးခိုးရောင်နှင့် အဖြူရောင် ရောယှက်ထားသည့် လက်ရှည်ဝတ်ရုံကိုသာ ဝတ်ဆင်ထားသည်။
"ကိုယ်ပျော်နေရင် ပျော်နေတဲ့အတိုင်း နေလိုက်ရုံပဲ... ဘာလို့ ဖုံးကွယ်ထားမှာလဲ... ငါ့ကိုလည်း ပင်းမျိုးနွယ်ဝင် အလှလေး သုံးယောက်က ခဏခဏ ပြုံးဖို့ ပြောကြတယ်... သူတို့က စေတနာနဲ့ ပူညံပူညံ လုပ်ကြတာပါ... အရင်ကတော့ ငါ ဒါကို နားမလည်ခဲ့ဘူး"
သူ၏ မျက်နှာတွင်လည်း အပြုံးကြီးတစ်ခု ရှိနေသည်။ ပင်းမျိုးနွယ်စု၏ သခင်မလေး ပင်းလီယာ၊ သူ၏ ချစ်လှစွာသော ဇနီး ပင်းဖေး နှင့် ပင်းမျိုးနွယ်စု ခေါင်းဆောင် ပင်းကျင်းရု တို့အကြောင်းကို တွေးမိသောအခါ သူ ရင်ခုန်သံများပင် မြန်လာခဲ့၏။ သူတို့၏ လှပသော ခန္ဓာကိုယ်များ၊ မကြာသေးမီက ထိုမိန်းကလေး သုံးယောက်နှင့် အတူ မိသားစု စုံစုံညီညီ ရှိခဲ့သည့် အချိန်များက သူ့ အမှတ်သညာထဲတွင် လျှပ်ခနဲ ပေါ်လာကာ အရာအားလုံးကို ပြည့်စုံသွားစေသည်။
ဝူယုက အားရပါးရ ရယ်မောလိုက်ပြီး ထျန်းမူယန်ကလည်း လိုက်၍ ရယ်မောသည်။ ဟန်ယုဟိုင်၏ အပြုံးမှာလည်း ပိုမို၍ နက်ရှိုင်းလာခဲ့၏။
သူတို့ သုံးယောက်သည် မတူညီသည့် လမ်းကြောင်းများမှ လာခဲ့ကြသော်လည်း နောက်ဆုံးတွင်တော့ပ ရည်မှန်းချက်များကို အောင်မြင်စွာ ရရှိခဲ့ကြသည်။ တစ်ဦးမှာ ဝေ့ဝူယင်၏ အာရုံစိုက်မှုကို စောစီးစွာ ရရှိခဲ့ပြီး အများကြီး ကူညီပေးနိုင်ခဲ့သူဖြစ်သည်။ နောက်တစ်ဦးမှာ ဝေ့ဝူယင်ကို ကူညီရန် နောက်ကွယ်မှ မနားမနေ ကြိုးစားခဲ့သူဖြစ်ပြီး၊ နောက်ဆုံးတစ်ဦးမှာမူ သစ္စာရှိမှုကို ပြသနိုင်သည့် ချီးကျူးဖွယ် လုပ်ရပ်တစ်ခုကို လုပ်ဆောင်နိုင်ခဲ့သူ ဖြစ်သည်။
ထျန်းမူယန်နှင့် ဟန်ယုဟိုင်တို့ နှစ်ဦးမှာ မကြာသေးမီကမှ ဝေ့ဝူယင်၏ တရားဝင် အဂ္ဂိရတ်သူရဲကောင်းများ အဖြစ် ကြေညာခြင်း ခံခဲ့ရသည်။ ဤမျှ ပျော်စရာကောင်းသော ကိစ္စမျိုးကို သူတို့က မည်သို့လျှင် မပျော်ဘဲ နေနိုင်ပါမည်နည်း။