← Chapters

အခန်း (၁၈၆၉)

Vol. 134 Ch. 1869

အခန်း (၁၈၆၉)

Vol. 134 Ch. 1869

"ရှင်က ကြာလိုက်တာ... အရာရာကို အချိန်ဆွဲရတာ သိပ်ဝါသနာပါတာပဲ...”

ရုတ်တရက်... စိတ်ပျက်လက်ပျက် အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက ချက်ချင်းပင် လူတိုင်း၏ အာရုံကို ဖမ်းစားသွားသည်။ မကြာခင်မှာပင် ဟင်းလင်းပြင် ပေါ်တယ်အတွင်းမှ ရင်သပ်ရှုမောဖွယ် ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။

ယွီစွန်းလီ...

မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ နံပတ်တစ် အလှမယ်ဟောင်း...

လူများစွာမှာ အသက်ရှူမှားသွားကြ၏။ အချို့မှာမူ အသက်ရှူသံများ ပြင်းထန်လာကြသည်။ အနည်းငယ်ကမူ မကျေမနပ်ဖြင့် နှုတ်ခမ်းဆူနေကြ၏။

ယွီစွန်းလီမှာ ဟင်းလင်းပြင် ပေါ်တယ် အတွင်းမှ ငြူစူကာ ထွက်လာရင်းမှ သင်္ဘောပေါ်ရှိ လူအားလုံးကို မြင်လိုက်ရသောအခါ အံ့အားသင့်ကာ စကားမပြောနိုင် ဖြစ်သွားတော့၏။

တစ်ချိန်တည်း၌... အဝေးတစ်နေရာတွင် အဖြူရောင် ဟင်းလင်းပြင်သင်္ဘောတစ်စင်းမှာ လျှင်မြန်စွာ ချဉ်းကပ်လာနေ၏။

ထိုသင်္ဘောထက်၌ ချောင်စွေ့ဖုန်းမှာ အမှောင် ဟင်းလင်းပြင်ကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။ လက်တစ်ဖက်တည်းရှိသော လူအိုကြီးမှာ မျက်လုံးများ ကျဉ်းမြောင်းနေပြီး ဝိုင်သောက်နေသည့် သခင်လေးရှန့်မှာမူ ဝိုင်များ ဝတ်ရုံပေါ်သို့ ဖိတ်စင်ကျသည်အထိ အံ့အားသင့်လျက် ရပ်တန့်သွားတော့၏။

“ဒီမိန်းကလေးက ဘယ်သူလဲ...”

တစ်ချိန်တည်း၌ ယွီစွန်းလီမှာ ရှက်ကိုးရှက်ကန်း ဖြစ်နေခဲ့၏။ ဝေ့ဝူယင်က သူမကို လူငယ်လူကြီး ကျင့်ကြံသူများစွာ၏ ရှေ့မှောက်သို့ ခေါ်ဆောင်လာလိမ့်မည်ဟု သူမ အနည်းငယ်မျှပင် ထင်မှတ်မထားခဲ့မိပေ။ ထို့ကြောင့်လည်း သူမက ဝေ့ဝူယင်အား နှေးကွေးလှသည်ဟု စိတ်ပျက်လက်ပျက် အပြစ်တင်မိခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင် ဆိုစေ... ဝေ့ဝူယင်မှာ သူမကို နှစ်ပေါင်းများစွာ စောင့်ခိုင်းခဲ့သည် မဟုတ်ပါလား။ ၎င်းမှာ သူမ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ ကိန်းအောင်းနေသော်လည်း ပေါ့ပါးပြီး အရေးမပါလှသည့် ရန်ငြိုးလေးတစ်ခုသာ ဖြစ်သည်။ ရှက်ရွံ့မှုတို့က မိန်းကလေး ရင်ထဲတွင် လှိုင်းထသကဲ့သို့ ပေါ်ပေါက်လာကာ မျက်နှာတစ်ခုလုံး နီမြန်း၍ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့လိုက်မိတော့၏။

အားလုံးမှာ မိန်းကလေး၏ အလှအပကို ကြည့်ကာ မှင်သက် နေခဲ့ကြ၏။ ယွီစွန်းလီမှာ ယခင် မျိုးဆက်တွင် 'နံပါတ်တစ် အလှမယ်' အဖြစ် ကျော်ကြားခဲ့သော်လည်း သူမကို လူကိုယ်တိုင် မြင်ဖူးသူမှာ အလွန်ပင် ရှားပါးလှသည်။

မိန်းကလေးမှာ နှစ်ပေါင်းရာနှင့်ချီ၍ ပျောက်ဆုံးနေခဲ့ပြီး သေဆုံးသွားပြီဟုပင် အများက ယူဆခဲ့ကြသည်။ ပြန်လည် ရောက်ရှိလာပြီးနောက်တွင်လည်း အစစ်အမှန်မွေးဖွားခြင်း အဖွဲ့၏ အန္တရာယ်ကို စိုးရိမ်သဖြင့် အပြင်သို့ မထွက်ခဲ့သလောက် ဖြစ်သည်။

လွန်ခဲ့သည့် နှစ်များ အတွင်း၌ ယွီစွန်းလီမှာ မည်သည့် အဆင့်သတ်မှတ်ချက်တွင်မှ ပြန်လည် မပါဝင်ခဲ့သလို အခြားသော ထူးချွန်ထက်မြက်သည့် လူငယ်များနှင့်လည်း ယှဉ်ပြိုင်ခြင်း မပြုခဲ့ပေ။ သို့သော်လည်း နံပတ်တစ် အလှမယ်တစ်ဦး ပျောက်ဆုံးသွားပြီး လျှို့ဝှက်အာဏာရှင်အဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းမှာ လောကကြီးအတွက် အလွန်တုန်လှုပ်ဖွယ်ရာ ဖြစ်သဖြင့် သူမ၏ ဇာတ်ကြောင်းကိုမူ အကြမ်းဖျင်း သိရှိထားကြသည်။

ကောလာဟလများကြောင့် လူတိုင်းက ယွီစွန်းလီ အပေါ် စူးစမ်းလိုစိတ်များ ပြင်းပြနေကြသော်လည်း အာရုဏ်ဦး အာဏာရှင် အင်ပါယာနှင့် ပတ်သက်နေကြောင်း သတင်းများ ပျံ့နှံ့လာခဲ့ပြီး နောက်တွင်တော့ ထိုစူးစမ်းလိုစိတ်များမှာ တဖြည်းဖြည်း မှေးမှိန်သွားခဲ့ရသည်။ ဝေ့ဝူယင်နှင့် ယှဉ်ပြိုင်ရန်မှာ အလွန်ပင် ခက်ခဲလွန်းလှသည် မဟုတ်ပါလား။

သို့သော်လည်း... ယခု သူမကို မြင်တွေ့လိုက်ရချိန်တွင်မူ 'နံပါတ်တစ် အလှမယ်' ဟူသော ဘွဲ့အမည်မှာ သူမနှင့် ထိုက်တန်လှကြောင်း လက်ခံလိုက်ကြရသည်။

ဝေ့ဝူယင်မှာ အားလုံး၏ တုန့်ပြန်မှုများကို ကြည့်ရင်း ဂုဏ်ယူ ဝင့်ကြွားမှုကို ခံစားလိုက်ရ၏။ သို့သော်လည်း... တစ်ချိန်တည်း၌ မိန်းကလေး အချို့ထံမှ ပြင်းထန်သည့် ယှဉ်ပြိုင်လိုစိတ်များကိုလည်း သူ ခံစားလိုက်ရသည်။ တရှန်းမှာ ထိုအထဲမှ တစ်ဦးပင် ဖြစ်သည်။ သူမသည် မည်သည့်ကိစ္စတွင်မှ အရှုံးမပေးလိုသည့် ရဲရင့်သော မိန်းကလေး တစ်ဦးပင်။ နောက်တစ်ကြိမ် သူတို့ အတူတူ အိပ်စက်ကြချိန်တွင် လေပွေတစ်ခုကဲ့သို့ ပြင်းထန်သော ဒဏ်ကို ခံနိုင်ရန် သူ အသင့်ပြင်ထားရတော့မည်ဟု ဝေ့ဝူယင် တွေးလိုက်မိသည်။ ထိုအတွေးဖြင့်ပင် သူ ရင်တစ်ချက် ခုန်သွားမိ၏။

နယ်လာရှားမှာလည်း အလားတူပင်ဖြစ်ပြီး သူမမှာ ရန်သူကြီးနှင့် ရင်ဆိုင်နေရသည့်အလား အစွယ်များကို တိတ်တဆိတ် ထုတ်ဖော်နေသည်။ တစ်ဖက်တွင်မူ ချင်းရိုင်မှာ အံ့သြလွန်းသဖြင့် ခေတ္တမျှပင် ငြိမ်သက်သွားခဲ့၏။ ထို့နောက်တွင်တော့ သူမ၏ စိတ်အစဉ်မှာ စိုးရိမ်မှုများနှင့် ပြည့်နှက် သွားတော့၏။ ဝေ့ဝူယင်၏ နံဘေးတွင် ကြယ်ကွင်းပြင် တစ်ခုလုံးကို တုန်လှုပ်စေနိုင်သည့် အလှပဂေး များစွာ ရှိနေခြင်းက သူမအား ကြီးမားလှသည့် ဖိအားများကို ခံစားရစေသည်။

ဝူပိုင်ကျိုးကတော့ တုန်လှုပ်ခြင်း မရှိပေ။ ဤသည်မှာ ကိုယ်ပိုင်ယုံကြည်ချက်ဖြင့် တည်ဆောက်ထားသည့် တော်ဝင် မင်းသမီး တစ်ဦး၏ စိတ်ဓာတ်နှင့် ယုံကြည်မှုပင် ဖြစ်သည်။ သူမ၏ စိတ်ထဲတွင် ဝေ့ဝူယင်မှာ အလှအပတစ်ခုတည်းကိုသာ ကြည့်မည့် အမြင်ကျဉ်းမြောင်းသူတစ်ဦး မဟုတ်ကြောင်း သိထားသည်။ အလှအပဆိုသည်မှာ အချိန်တန်လျှင် ပျောက်ကွယ်သွားမည်ဖြစ်သော်လည်း နှလုံးသားကတော့ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ပေ။ ဝေ့ဝူယင်တွင် ချစ်သူများစွာ ရှိသည်ဟု ဆိုကြသော်လည်း သူ၏ တရားဝင် ဇနီး သို့မဟုတ် ကိုယ်လုပ်တော်မှာ မည်မျှ ရှိသနည်း။

တစ်ဦးတည်းသာ ရှိသည်။ ၎င်းမှာ ရွှယ်ရီဖေး ပင် ဖြစ်သည်။

ထိုဘွဲ့အမည်သည်သာလျှင် ဝေ့ဝူယင်၏ အစစ်အမှန် မိန်းကလေး ဖြစ်ကြောင်း သက်သေပင်။ ကျန်ရှိသော လူများမှာမူ ရှည်လျားလှသည့် သက်တမ်းကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများအတွက် ခေတ္တခဏမျှ စိတ်အပန်းဖြေစရာများသာ ဖြစ်ပေလိမ့်မည်။

ဝေ့ဝူယင်ကတော့ ဝူပိုင်ကျိုး၏ ထိုအတွေးများကို သိရှိလိုက်ရသောအခါ ရယ်ရမလို ငိုရမလို ဖြစ်သွားခဲ့သည်။

"သူကတော့ ယွီစွန်းလီ ပါ"

ဝေ့ဝူယင်က မိန်းကလေးကို အနားသို့ ခေါ်ယူရင်း အားလုံးကို မိတ်ဆက်ပေးလိုက်သည်။ ယွီစွန်းလီက သူ့ကို တစ်ချက် စွေကြည့်လိုက်ပြီးမှ ဘေးနားသို့ တိုးလာခဲ့၏။

မိန်းကလေးမှာ ရုတ်တရက် ဆုံတွေ့ရသော လူမှု အသိုင်းအဝိုင်းများတွင် အသားမကျလှဘဲ အမြဲတမ်းလိုလို အနေအေးသူ ဖြစ်သည်။ ထို့ကြောင့်ပင် သူမ၏ အလှတရားနှင့် ရှက်ရွံ့သည့် အမူအရာလေးများက အခြားသူများ၏ မျက်စိထဲတွင် ပိုမို တန်ဖိုးရှိလာခဲ့သည်။

ဝေ့ဝူယင်က သူမအား အားပေးသည့် အကြည့်ဖြင့် ပြန်လည်ကြည့်လိုက်၏။ နောင်တွင် မိန်းကလေးမှာ သူ၏ ဇနီးမယား တစ်ယောက် အနေဖြင့် ကျင့်ကြံခြင်း အခြေခံ အလွန် မြင့်မားသော ဧည့်သည်တော်များကို ဧည့်ခံရမည် ဖြစ်သဖြင့် သူမ၏ လူမှုရေး ကြောက်ရွံ့မှုများကို တစ်စချင်း ရိုက်ခွဲဖျက်ဆီးပစ်ရန် လိုအပ်လှသည်။

ဝေ့ဝူယင် သင်္ဘောထက်ရှိ များလှစွာသော လူများကို မျက်နှာမူ၍ မိန့်ခွန်းပြောရန် ပြင်လိုက်စဉ် စိတ်စွမ်းအင် လှိုင်းတစ်ခုမှာ သူ့ လက်ထံသို့ ထူးခြားစွာ ဦးတည်လာ၏။ ယွီစွန်းလီကို ကြည့်လိုက်ရင်း ဝေ့ဝူယင်၏ မျက်လုံးများမှာ ခုနစ်ရောင်ခြယ် အလင်းတန်းများဖြင့် ခဏမျှ တောက်ပသွားသည်။

ချက်ချင်းပင်... ယွီစွန်းလီ၏ အတွေးများမှာ သူ၏ စိတ်ထဲတွင် အထင်အရှား ပဲ့တင်ထပ်လာ၏။

"တကယ်လို့ သူသာ လူအားလုံးရဲ့ ရှေ့မှာ ငါ့လက်ကို ကိုင်လိုက်မယ်ဆိုရင်... ငါ... ငါ..."

ဝေ့ဝူယင် ဧဒင်၏ စွမ်းအားကို ပြန်လည်၍ ထိန်းချုပ် လိုက်သည်။

"ဒီကို လာပါဦး"

ဝေ့ဝူယင်က အမူအရာပြလိုက်ရာ ယွီစွန်းလီမှာ အံ့အားသင့်သွားခဲ့၏။ သူမက အခြားသူများကို ကြည့်လိုက်ပြီးနောက်... ဝေ့ဝူယင်ထံသို့ ပြန်လည်ကြည့်လိုက်ရာ ကမ်းလင့်ထားသည့် လက်တစ်ဖက်ကို တွေ့လိုက်ရသည်။

တံတွေးကို အသာအယာ မျိုချလိုက်ရင်း ယွီစွန်းလီ၏ ရင်ခုန်သံများမှာ မြန်လာခဲ့၏။ သူမ ဝေခွဲမရဖြစ်နေစဉ်မှာပင် မမြင်ရသော အင်အားတစ်ခုက သူမကို ရှေ့သို့ ဆွဲခေါ်သွားသည်။

ထို့နောက်တွင်တော့... သူမ၏ နူးညံ့သော လက်ကလေးမှာ ကြံ့ခိုင်ပြီး နွေးထွေးလှသည့် အမျိုးသားတစ်ဦး၏ လက်ဖဝါးအတွင်းသို့ ရောက်ရှိသွားတော့၏။ ယွီစွန်းလီ၏ မျက်နှာမှာလည်း အဆမတန် နီမြန်းသွားခဲ့သည်။ ဤလုပ်ရပ်တစ်ခုတည်းကပင် ယွီစွန်းလီသည် ဝေ့ဝူယင်၏ လူဖြစ်ကြောင်း တစ်လောကလုံးကို ကြေညာလိုက်ခြင်းပင် ဖြစ်သည်။

နာ့ရှင်းရီ၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားသော်လည်း သူမကိုယ်သူမ ဝေ့ဝူယင်၏ ဇနီး တစ်ဦး ဖြစ်ကြောင်းနှင့် သူ၏ နှုတ်ခမ်းမှ တစ်ကြိမ် တောင်းဆိုရုံနှင့်ပင် ထိုသို့ ဖြစ်လာနိုင်ကြောင်း ကိုယ့်ကိုယ်ကို ပြန်သတိပေးရင်း မနာလိုစိတ်ကို ပြန်ရုတ်သိမ်းလိုက်သည်။ အမှန်စင်စစ် သူမ၏ အလှအပမှာလည်း ယွီစွန်းလီထက် အနည်းငယ်မျှ လျော့ပါးလိမ့်မည် မဟုတ်သလို သူမ၏ ယင်ခန္ဓာကိုယ်မှာလည်း ရှုံးနိမ့်လိမ့်မည် မဟုတ်ပေ။

ချင်ချူးမူကတော့ ယွီစွန်းလီလို ပြိုင်စံရှား လှပသည့် မိန်းကလေး တစ်ဦးမှာ ဝေ့ဝူယင်လို ယောက်ျားမျိုးနှင့်သာ ထိုက်တန်သည်ဟု စိတ်ထဲမှ တွေးနေမိသည်။ သူမနှင့် ဝေ့ဝူယင်တို့ အကြားရှိ ဆက်ဆံရေးပါ ယခုအချိန်တွင် မိတ်ဆွေကောင်း ဆိုသည်ထက် အနည်းငယ် ပိုရုံမျှသာ ရှိသည် ဆိုသော်လည်း... တစ်နေ့တွင်တော့...။

သို့သော်လည်း... ဝေ့ဝူယင်ကတော့ လူတိုင်း၏ တုံ့ပြန်မှုကို ဂရုစိုက်နေရန် အချိန်မရှိပေ။ သူက စောစောက ပြောမည့် မိန့်ခွန်းကိုသာ ပြန်လည်၍ ဦးတည်လိုက်၏။

"အားလုံးပဲ နားထောင်ကြပါ... အာရုဏ်ဦး ကြယ်တာရာ နယ်မြေဟာ အခုအချိန်မှာ အသစ်ပြန်လည် ဖွဲ့စည်းတည်ဆောက်နေတဲ့ အဆင့်မှာ ရှိနေသေးပြီးတော့ နောက်လာမယ့် နှစ်တွေ အတွင်းမှာ တည်ငြိမ်မှုအတွက် အပြောင်းအလဲတွေ အများကြီး လုပ်ရဦးမှာပါ... မလိုအပ်တဲ့ အနှောင့်အယှက်တွေ ကင်းဝေးစေဖို့အတွက် အင်ပါယာ တည်ငြိမ်တဲ့အထိ ငြိမ်းချမ်းတဲ့ ကာလတစ်ခုကို အင်အားသုံးပြီး ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်... ဒါကြောင့် ခင်ဗျားတို့ ခန့်မှန်းထားတဲ့အတိုင်းပဲ ယှဉ်ပြိုင်မှုတွေ နည်းပါးသွားမှာဖြစ်သလို အခွင့်အလမ်းသစ်တွေကိုလည်း အလွယ်တကူ ရရှိနိုင်မှာ မဟုတ်ပါဘူး...

ဒါပေမဲ့ ဒါဟာ ခင်ဗျားတို့ရဲ့ ကျင့်ကြံခြင်းကို တိုက်ရိုက် အဟန့်အတား ဖြစ်စေမှာ မဟုတ်သလို အစွမ်းကုန် ကျင့်ကြံနိုင်မှာ မဟုတ်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး... အခြေအနေအရ ကျုပ် ခင်ဗျားတို့ တစ်ယောက်ချင်းစီကို ကျုပ်ကိုယ်စား တာဝန်တစ်ခုစီ ထမ်းဆောင်ဖို့ အခွင့်အရေး ပေးဖို့ ဆုံးဖြတ်လိုက်တယ်"

အားလုံးမှာ နှလုံးခုန်သံများ မြန်လာခဲ့ကြလေ၏။

All Chapters