အခန်း (၁၈၇၀)
Vol. 134 Ch. 1870
"တာဝန်တစ်ခု... အာရုဏ်ဦး အာဏာရှင် အင်ပါယာရဲ့ ကိုယ်စား"
လူတိုင်းမှာ အံ့အားသင့် သွားခဲ့ကြ၏။ သို့သော်လည်း... သူတို့ တစ်စုံတစ်ရာ မမေးနိုင်ခင်မှာပင် ဝေ့ဝူယင်က ဆက်လက်၍ ပြောလိုက်သည်။
"ခင်ဗျားတို့ထဲက အချို့အတွက်ကတော့ ဒါဟာ ရွေးချယ်ခံ ဧကရာဇ် ယှဉ်ပြိုင်ပွဲရဲ့ ဆုလာဘ်တစ်ခု ဖြစ်မှာဖြစ်ပါတယ်... ဒီတာဝန်ကို အတူတူ ထမ်းဆောင်ရတဲ့အတွက် ကျုပ်ဘက်က အပိုဆောင်း ထောက်ပံ့မှုတွေလည်း ပေးသွားမှာပါ"
အားလုံးမှာ ပိုမို၍ စိတ်လှုပ်ရှားလာကာ မသိစိတ်ဖြင့် "ဘယ်လို တာဝန်မျိုးလဲ..." ဟု တွေးနေမိကြသည်။ သို့သော်လည်း... ဝေ့ဝူယင်၏ အရှိန်အဝါကြောင့် သူတို့ မည်သည့်စကားမှ မဆိုဝံ့ကြပေ။
"တာဝန်ကတော့..."
ဝေ့ဝူယင်က အဝေးရှိ ကြယ်တာရာ ကောင်းကင်ကို ညွှန်ပြလိုက်၏။
"အာရုဏ်ဦး ကြယ်တာရာ နယ်မြေရဲ့ အပြင်ဘက်က လောကမှာ ခင်ဗျားတို့ရဲ့ ခြေကုပ်ကို တည်ဆောက်ဖို့ပဲ... ခင်ဗျားတို့ရဲ့ တာဝန်က ရိုးရှင်းပါတယ်... အောင်မြင်အောင် ကြိုးစားပါ၊ အောင်မြင်အောင် ကြိုးစားပြီး ခင်ဗျားတို့ရဲ့ ရွယ်တူတွေထက် ပိုပြီး ထူးချွန်အောင် လုပ်ပါ... ကျုပ်တို့ လောကရဲ့ ပြင်ပမှာ ရှိနေတဲ့သူတွေကို အာရုဏ်ဦး ကြယ်တာရာ နယ်မြေရဲ့ အရည်အချင်းတွေကို ပြသလိုက်ပါ...
ခင်ဗျားတို့ ကြိုက်တဲ့နည်းနဲ့ လုပ်နိုင်တယ်... မျိုးဆက်သစ်တွေနဲ့ ယှဉ်ပြိုင်တာပဲဖြစ်ဖြစ်၊ ရွေးချယ်ခံတွေကို အနိုင်ယူတာ ဒါမှမဟုတ် သတ်ဖြတ်တာပဲဖြစ်ဖြစ်... ထူးခြားတဲ့ ကံကောင်းမှုတွေ အတွက် တိုက်ပွဲဝင်တာပဲဖြစ်ဖြစ်၊ ထိပ်တန်း ဖန်တီးခြင်း ပညာရှင် တစ်ယောက်အဖြစ် ရပ်တည်တာပဲဖြစ်ဖြစ်၊ အားကောင်းတဲ့ ကျင့်ကြံသူကြီးတွေရဲ့ မျက်နှာသာပေးမှုကို ရယူတာပဲဖြစ်ဖြစ်၊ နယ်မြေတစ်ခုကို စိုးမိုးပြီး ကိုယ့်အပိုင်အဖြစ် သတ်မှတ်တာပဲဖြစ်ဖြစ် ခင်ဗျားတို့ စိတ်ကြိုက် လုပ်နိုင်တယ်... ခင်ဗျားတို့ကိုယ်တိုင် စဉ်းစားပြီး ဆုံးဖြတ်ကြပါ... ဒါဟာ ခင်ဗျားတို့အတွက် အခွင့်အရေးပဲ... ခင်ဗျားတို့အနေနဲ့ နာမည်ကျော်ကြားမှု ရရှိလာပြီဆိုရင်.. ကောင်းတဲ့ဘက်ကပဲဖြစ်ဖြစ် ဆိုးတဲ့ဘက်ကပဲဖြစ်ဖြစ်ပေါ့လေ... ခင်ဗျားတို့ရဲ့ တာဝန်ဟာ တစ်ဝက် ပြီးမြောက်သွားပြီလို့ ဆိုနိုင်တယ်"
‘ခဏလေး... အာရုဏ်ဦး ကြယ်တာရာ နယ်မြေရဲ့ အပြင်ဘက်ကို သွားရမှာလား... ကိုယ်ပိုင်ခြေကုပ် တည်ဆောက်ရမှာလား...’
ချက်ချင်းပင် အများစု၏ မျက်လုံးများမှာ တက်ကြွလှုပ်ရှားမှုများ၊ ရည်မှန်းချက်များ၊ မျှော်လင့်ချက်များနှင့် တောက်ပလာကြ၏။ ကျန်လူများမှာ နှိုင်းယှဉ်လျှင် တည်ငြိမ်သော အကြည့်များ ရှိနေကြသော်လည်း သူတို့၏ စိတ်ကူးများမှာမူ ထိန်းမနိုင်သိမ်းမရ ဖြစ်နေကြပြီ ဖြစ်သည်။
"လွတ်လွတ်လပ်လပ် လှုပ်ရှားကြပါ... ဒါပေမဲ့ အရေးကြီးဆုံးက ခင်ဗျားတို့ရဲ့ အသက်ဟာ လွယ်လွယ်နဲ့ မသေနိုင်ဘူး ဆိုပြီး ကိုယ့်ကိုယ်ကို အထင်မကြီးကြပါနဲ့... ခင်ဗျားတို့ရဲ့ အဆင်မခြင် လုပ်ရပ်တွေကြောင့် ဘေးအန္တရာယ်တွေ ကြုံလာရလို့ သေဆုံးသွားခဲ့ရင် အရာအားလုံး ပြီးဆုံးသွားလိမ့်မယ်... ကျုပ်က ခင်ဗျားတို့ ကယ်တင်နိုင်လိမ့်မယ်၊ လာကယ်တင်လိမ့်မယ်လို့ မမျှော်လင့်ကြပါနဲ့... နားလည်ကြရဲ့လား..."
နာ့ရှင်းရီက ရှေ့သို့ တစ်လှမ်းတိုးလိုက်၏။ သူမ၏ မီးခိုးရောင် မျက်လုံးအစုံမှာ သံမဏိအလား ခိုင်မာသော စိတ်ဆန္ဒဖြင့် တောက်ပနေ၏။
"ဒါဆိုရင် အင်ပါယာက ကျွန်မတို့ကို ကျွန်မတို့ထက် အစစ အရာရာ သာလွန်တဲ့ အရည်အချင်း၊ အင်အားနဲ့ နောက်ခံရှိသူတွေကြားမှာ ကျင့်ကြံခွင့်ပေးလိုက်တာပေါ့... ကျွန်မတို့က အရာအားလုံးကို ကိုယ်တိုင် တိုက်ယူရမယ်၊ ကိုယ်တိုင် ရှာဖွေရမယ်... ဟုတ်ပါသလား"
"အတိအကျပဲ"
ဝေ့ဝူယင်က ခေါင်းညိတ်လျက် ပြန်လည်ဖြေကြားသည်။
"သွားချင်တဲ့သူတွေကို အစပိုင်းမှာတော့ ငါကူညီပေးမယ်... ဒါပေမဲ့ ငါပေးမယ့် အကူအညီက အကန့်အသတ် ရှိလိမ့်မယ်... အဲဒီနောက် မင်းတို့ဘာသာ ရုန်းကန်ကြရမယ်... မင်းတို့ ဆန္ဒရှိသလို လုပ်ဆောင်နိုင်တယ်"
ဝူပိုင်ကျိုးကလည်း ရှေ့သို့ တစ်လှမ်း တိုးလာ၏။
"ကျွန်မတို့နဲ့အတူ တခြားသူတွေကို ခေါ်သွားလို့ရမလား"
"ရတာပေါ့"
ဝေ့ဝူယင်က ချက်ချင်းပင် ဖြေလိုက်သည်။
"ဒီတာဝန်ကို မင်းတို့ကိုပဲ ပေးအပ်တာဆိုပေမဲ့ မင်းတို့ ခေါ်လာတဲ့သူတွေကလည်း မင်းတို့ရဲ့ ကျော်ကြားမှုကို အထောက်အကူပြုမှာဖြစ်သလို သူတို့တွေ နာမည်တစ်လုံး ရလာခဲ့ရင်လည်း ဒီတာဝန်အတွက် အထောက်အပံ့ ဖြစ်စေမှာပဲ... သူတို့ရဲ့ အောင်မြင်မှုဟာ မင်းတို့ရဲ့ ဂုဏ်သတင်းပဲ... ခေါ်သွားနိုင်သမျှ လူတွေကို ခေါ်သွားကြ... ဒီမှာရှိတဲ့ သူတွေနဲ့ စုပေါင်းပြီးတော့လည်း သွားနိုင်တယ်"
နာ့ရှင်းရီနှင့် ဝူပိုင်ကျိုး တို့၏ မျက်လုံးများမှာ တောက်ပသွားကြ၏။ နာ့ရှင်းရီ အနေဖြင့် သူမ၏ ဂိုဏ်းဝင်များကို ခေါ်သွားနိုင်သလို ဝူပိုင်ကျိုးသည်လည်း အလားတူပင် ပြုလုပ်နိုင်သည်။ တစ်ဖက်တွင်မူ လုံထျန်းယုကဲ့သို့သော သူများကလည်း မူလ နတ်ဆိုးများကို ခေါ်ဆောင်သွားနိုင်သည်။
"ဒါပေမဲ့ ငါပေးမယ် ဆိုတဲ့ အစပိုင်း အထောက်အပံ့ကတော့ မင်းတို့အတွက်ပဲ ဖြစ်လိမ့်မယ်... အကယ်၍ တခြားသူတွေကို ခေါ်သွားမယ်ဆိုရင် အဲဒီအထောက်အပံ့တွေကို ခွဲဝေပေးတာ ဒါမှမဟုတ် သူတို့ ကျင့်ကြံဖို့ နည်းလမ်းရှာတာတွေကို မင်းတို့ကိုယ်တိုင်ပဲ လုပ်ရလိမ့်မယ်... သူတို့ရဲ့ သေခြင်းရှင်ခြင်း အပါအဝင် အရာအားလုံးဟာ မင်းတို့ရဲ့ တာဝန်ပဲ"
အားလုံးမှာ တိတ်ဆိတ်ကာ စိတ်လှုပ်ရှား နေကြ၏။ အဘယ်ကြောင့် ဤသို့ လုပ်ခိုင်းရသနည်းဟု မည်သူမျှ မမေးကြပေ။ အာရုဏ်ဦး ကြယ်တာရာနယ်မြေမှ ကျင့်ကြံသူများ၏ အရည်အချင်းနှင့် အစွမ်းကို ပြသရန်ဟူသော အကြောင်းပြချက်မှာပင် လုံလောက်လှပြီဟု သူတို့ ခံစားရသည်။
"အစပိုင်းမှာ မင်းတို့ဟာ အာရုဏ်ဦး အင်ပါယာရဲ့ နိုင်ငံသားဖြစ်ကြောင်း ထုတ်ဖော်မပြောဘဲ နေလို့လည်း ရတယ်... နာမည်ဝှက်တွေသုံးပြီး အမှောင်ထဲကနေ လှုပ်ရှားတာမျိုး အပါအဝင် မင်းတို့ စိတ်ကြိုက် ပြုမူနိုင်တယ်"
"အချိန်ရော ဘယ်လောက်ကြာမှာလဲ"
ယောင်ကျန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
"သတ်မှတ်ရက် မရှိဘူး... ခင်ဗျား တို့ရဲ့ ကျော်ကြားမှုက လုံလောက်တဲ့ အဆင့်ကို ရောက်ပြီဆိုရင် ကျုပ် က ကျန်တဲ့တာဝန်တစ်ဝက်ကို ထပ်ပေးမယ်"
"အဲဒီတာဝန်က သိပ်ကို အရေးကြီးလိမ့်မယ်... အမှန်အတိုင်း ပြောရရင်..."
ဝေ့ဝူယင်က ထိုစကားကို ပြောသင့်မပြောသင့် ဝေခွဲမရဖြစ်နေဟန်ဖြင့် ခဏမျှ စဉ်းစားနေပြီးမှ မတတ်သာသည့်အဆုံး ခပ်ပြတ်ပြတ်ပင် ဆိုလိုက်၏။
"အကယ်၍ ခင်ဗျားတို့သာ ပထမတာဝန်မှာ ရှုံးနိမ့်ခဲ့ပြီး ကိုယ်ပိုင်ခြေကုပ် မတည်ဆောက်နိုင်ခဲ့ဘူးဆိုရင် ကျုပ်တို့ရဲ့ အမိမြေအပါအဝင် ဂလက်ဆီတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်... ဒီတော့ ခင်ဗျားတို့ အောင်မြင်မှ ဖြစ်မယ်... မဟုတ်လို့ကတော့... မကြာခင် ရောက်ရှိလာတော့မယ့် ဘေးအန္တရာယ်ကို အာဏာရှင် အင်ပါယာကြီးတွေတောင် တားဆီးနိုင်မှာ မဟုတ်ဘူး... သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က ပဲ့တင်သံ ဝိညာဉ် အလယ် အလတ်အဆင့်မှာ ရှိနေရင်တောင် မရဘူး... ကျုပ်ကိုယ်တိုင်လည်း တားနိုင်မှာ မဟုတ်ဘူး... လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်လောက် အတွင်း ကျုပ်ရဲ့ ကြိုးစားအားထုတ်မှုတွေကပဲ လုပ်နိုင်မယ်လို့ မျှော်လင့်ရတာပေါ့..."
ဝေ့ဝူယင်၏ အမူအရာက အလွန်ပင် လေးနက် တည်ကြည်နေ၏။ သူတို့၏ တာဝန်မှာ လူသားအားလုံး၏ ရှင်သန်ရေးအတွက် အလွန်တရာ အရေးကြီးနေသည့်အလား။ ထိုအခိုက်၌ သင်္ဘောထက်၌ ရှိနေသည့် လူများမှာ အရာအားလုံး ပျက်စီးသွားမည့် မြင်ကွင်းကို မြင်ယောင်နေခဲ့ကြရ၏။ သူတို့၏ ရင်ခုန်သံများက အဆမတန် မြန်ဆန်လာခဲ့ကြသည်။ သူတို့ အစွမ်းကုန် ကြိုးစားရမည်ဖြစ်ကြောင်း သိလိုက်ကြရသည်။ ကြိုးစားမှ ဖြစ်မည်။
ကြိုးစားမှ ဖြစ်ပေလိမ့်မည်။
"ဂလက်စီ တစ်ခုလုံး ပျက်စီးမယ်..."
ပြင်ပလောကမှ ရွေးချယ်ခံများမှာလည်း တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း တုန်လှုပ် နေခဲ့ကြ၏။ ဂလက်စီ တစ်ခုလုံး ဆိုသည်က ရှေးဟောင်း ချိပ်ပိတ်နယ်မြေကိုသာ ဆိုလိုခြင်း မဟုတ်ချေ။ အဇူရာ မူလ ဂလက်စီ နယ်မြေ တစ်ခုလုံးကို ဆိုလိုခြင်း ဖြစ်သည်။ မည်သည့် အရာက ရောက်ရှိလာမည်နည်း။
ဝေ့ဝူယင်က စကားအနည်းငယ် ထပ်မံပြောကြားပြီးနောက် ကျန်ရှိသော အချက်အလက်များကို ဆက်လက် ရှင်းပြရန် ဝူယု၊ ထျန်းမူယန်နှင့် ဟန်ယုဟိုင် တို့အား ညွှန်ကြားလိုက်သည်။ ထို့နောက် ဟင်းလင်းပြင် ပေါ်တယ်များကို တစ်ခုပြီးတစ်ခု ဖန်တီးပေးလိုက်ကာ သူတို့မှာ တစ်ယောက်ပြီး တစ်ယောက်၊ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ထွက်ခွာ သွားခဲ့ကြသည်။
သူတို့ အနေဖြင့် ခေါ်ဆောင်သွားလိုသူများကို စုစည်းပြီးနောက် အာရုဏ်ဦး အဂ္ဂိရတ်သူရဲကောင်းများက (ဝေ့ဝူယင် ဖန်တီးထားသည့် ဟင်းလင်းပြင် စွမ်းအင် ပုံဆောင်ခဲများကို အသုံးပြု၍) သူတို့ကို အဇူရာ မူလ ဂလက်ဆီဇုံ၏ နေရာအသီးသီးသို့ ပို့ဆောင်ပေးကြလိမ့်မည်။ သူတို့၏ တာဝန်မှာ ထိုနေရာမှ စတင်ပေလိမ့်မည်။
ယခုအခါ ဟင်လင်းပြင် သင်္ဘောထက်တွင် ဝေ့ဝူယင်၊ ယွီစွန်းလီ၊ စုမေ့၊ ချင်ချူးမူ၊ ရှောင်ပင်း၊ နာ့ရှင်းရီ၊ ဝူပိုင်ကျိုး၊ တရှန်း၊ နယ်လာရှား၊ ဟုန်ရု၊ ရှောင်ပင်း၊ လင်းကျိရန်၊ ကောင်းထျန်းယု၊ ထို့ပိဟန်နှင့် ဝူယု တို့သာ ကျန်ရှိတော့သည်။
ထိုအချိန်ထိရောက်အောင် ဝေ့ဝူယင်၏ အမူအရာက အနည်းငယ် မှုန်မှိုင်းနေသည်ကို သတိထားမိလေရာ လင်းကျိရန်က ရှေ့သို့ လှမ်းလာရင်း တုန်ရီသောအသံဖြင့် မေးလိုက်လေ၏။
"အကယ်၍ ကျွန်မတို့ ရှုံးနိမ့်သွားခဲ့ရင်... ဘာတွေ ဖြစ်လာမှာလဲ"