← Chapters

အခန်း (၁၈၇၁)

Vol. 134 Ch. 1871

အခန်း (၁၈၇၁)

Vol. 134 Ch. 1871

လူတိုင်းက ဝေ့ဝူယင်ထံမှ အဖြေကို မလွတ်စေရန် နားစွင့်လိုက်ကြ၏။ အားလုံး၏ မျက်နှာများမှာ ညှိုးငယ်နေကြသည်။ ယွီစွန်းလီကတော့ ဝေ့ဝူယင်၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား၏။ သို့သော်လည်း... စုမေ့၏ မျက်နှာထက်တွင်မူ အပြုံးရိပ်တစ်ခု ပေါ်လာခဲ့သည်။

ဝေ့ဝူယင်၏ ဥပဒေသအပေါ် သာမာ အာဏာ ခြောက်ခုမှာ လောကကြီးကို သိမ်မွေ့စွာ လွှမ်းမိုးလိုက်ပြီး သူတို့ကို ဘေးမှ လူများ မမြင်နိုင်အောင် ကာကွယ်လိုက်သည်။ မိန်းမလှလေးများကို တစ်ဦးချင်း လိုက်လံကြည့်ရှုလိုက်ပြီးနောက် ဝေ့ဝူယင် အားလုံး မိန်းမောသွားစေလောက်သည့် တောက်ပသော အပြုံးတစ်ခုကို ပြုံးပြလိုက်၏။

"ဘာမှ မဖြစ်ပါဘူး... ဟားဟား"

ပေါ့ပေါ့ပါးပါး ရယ်မောရင်း ဝေ့ဝူယင်က ကြယ်တာရာ ကောင်းကင်ယံကို လှမ်းကြည့်လိုက်သည်။

"အမ်... ဒါပေမဲ့... ရှင်ပြောတော့..."

လင်းကျိရန်မှာ ဇဝေဇဝါ ဖြစ်သွားရ၏။ ဝေ့ဝူယင်က ပြုံးလိုက်သည်။

"ဒါကို မင်းတို့အတွက် ပထမဆုံး အကာအကွယ်လို့ပဲ မှတ်ယူလိုက်ပါ... အဲဒီစကားက တခြားသူတွေရဲ့ အာရုံကို လွှဲပေးလိမ့်မယ်... ပြီးတော့ ဘယ်သူမှ မင်းတို့ကို အတိအလင်း မနှောင့်ယှက်ရဲအောင် တားဆီးပေးလိမ့်မယ်... အထူးသဖြင့် အာဏာရှင် အင်ပါယာကြီးတွေပေါ့လေ... ဘာပဲဖြစ်ဖြစ် ငါပြောတဲ့စကားက မမှန်ဘူးဆိုတာကို သူတို့ သက်သေမပြနိုင်ဘူးလေ... နောက်ပြီး သူတို့က မသိနိုင်တဲ့ ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ မင်းတို့ကို နောက်ကွယ်ကနေ ကူညီပေးရင်တောင် ပေးဦးမှာ"

စုမေ့၏ အပြုံးမှာ ပိုမို ထင်ရှားလာ၏။ ဝေ့ဝူယင်မှာ အမြဲတမ်းလိုလို ပရိယာယ် ကြွယ်ဝသူပင်။

ဝူပိုင်ကျိုးမှာ အစပိုင်းတွင် အံ့သြသွားသော်လည်း နောက်မှ သဘောပေါက်သွားသဖြင့် သူမ၏ မျက်လုံးများမှာ တောက်ပလာခဲ့၏။ ဝေ့ဝူယင်မှာ ကြောက်ရွံ့မှုနှင့် သံသယစိတ်တို့ကို အသုံးချ၍ အကာအကွယ်တစ်ခု ဖန်တီးလိုက်ခြင်းပင်။

သူ ဖန်တီးလိုက်သည့် အခြေအနေက ရိုးရှင်းသည်။ အကယ်၍ အာရုဏ်ဦး ကြယ်တာရာနယ်မြေမှ ကျင့်ကြံသူများ ထင်ရှားကျော်ကြားလာလျှင် လောကကြီးကို ကယ်တင်နိုင်လိမ့်မည်။ အကယ်၍ သူတို့ ထင်ရှားကျော်ကြားခြင်း မရှိခဲ့လျှင် လောကကြီးကို ကယ်တင်နိုင်မည် မဟုတ်ပေ။

"အင်ပါယာက တကယ် တော်တာပဲ"

ဝူပိုင်ကျိုးက မှတ်ချက်ပေးလိုက်၏။

"အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံနဲ့ ကောင်းကင် ပုရောဟိတ်တွေ ရှိနေတဲ့အတွက် ပြင်ပလောကကို တိတ်တဆိတ် ဝင်ရောက်ဖို့ဆိုတာ အရမ်း ခက်ခဲပါတယ်... မင်းတို့ ရောက်ရှိသွားတာကို အဲဒီ လူတွေဆီကနေ ငါ ဖုံးကွယ်ထားလို့ မရဘူး... သူတို့တွေ အရမ်းကြီး ဝင်ရောက်စွက်ဖက်တာမျိုး မပြုဖို့ပဲ မျှော်လင့်ရမှာပဲ... မင်းတို့ကို တစ်ခုခု လုပ်ပေးစေချင်တာ ရှိပေမဲ့ အဲဒါက အခုလောလောဆယ် သိပ်မရေးကြီးသေးပါဘူး... မင်းတို့ စိတ်ကျေနပ်တဲ့အထိ စိတ်ကြိုက် လှုပ်ရှားကြပါ"

ဝေ့ဝူယင်မှာ အာရုဏ်ဦး ကြယ်ကွင်းပြင်သားများ အတွက် အကာအကွယ်တစ်ခု ဖန်တီးရန် ဤပရိယာယ်ကိုသာ အသုံးပြုနိုင်ခဲ့သည်။ ၎င်းမှာ အလွန် ခိုင်မာလှသည်မဟုတ်သော်လည်း သူ၏ ကောင်းချီးခံ ဆိုသော အဆင့်အတန်းကြောင့် အခြေအနေကို အနည်းငယ် ဝေဝါးသွားစေနိုင်မည် ဖြစ်သည်။

ကောင်းချီးခံများသည် များသောအားဖြင့် အမျိုးမျိုးသော ဘေးအန္တရာယ်များကို သယ်ဆောင်လာတတ်ကြောင်း ကောင်းကင် ပုရောဟိတ်များ ကြားတွင် လူသိများလှသဖြင့် သူ၏ သတိပေးစကားမှာ ထိပ်တန်း အင်အားကြီး ပုဂ္ဂိုလ်များကို တုံ့ဆိုင်းသွားစေရန် လုံလောက်လှသည်။ ထို့ပြင် အရာခပ်သိမ်းကို အဆုံးသတ်စေမည့် ကြယ်ကွင်းပြင်ဖျက် ကပ်ဘေးကြီးကလည်း အချိန်မရွေး၊ နေရာမရွေး ကျရောက်လာနိုင်သည် မဟုတ်ပါလား။

ထိုအကာအကွယ်က ထာဝရ တည်မြဲနေစရာ မလိုပေ။ ယခုလောလောဆယ်အတွက်ဆိုလျှင် လုံလောက်လှပြီ ဖြစ်သည်။

"ဒါဆိုရင် နောက်ထပ် ဘာဆက်လုပ်မှာလဲ"

တရှန်းက နယ်လာရှားကို ပွေ့ချီထားရင်း မေးလိုက်၏။

"ငါ မင်းတို့အားလုံးကို အဇူရာ မူလ ဂလက်ဆီဇုံအတွက် ပြင်ဆင်ပေးမယ်..."

ဝေ့ဝူယင်က လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ရာ ရှန့်ထိုလက်စွပ် ဆယ်ဂဏန်းခန့် ပေါ်ထွက်လာသည်။ ထိုမြင်ကွင်းက လူတိုင်း၏ မျက်လုံးများကို တောက်ပသွားစေ၏။

ယွီစွန်းလီကတော့ ထိုလက်စွပ်များကို စူးစမ်းဟန်ဖြင့် ကြည့်နေမိသည်။ လူတိုင်း၏ အကြည့်တို့က လက်စွပ်များထံ၌ ရှိနေစဉ် ဝေ့ဝူယင်ထံသို့ တိတ်တဆိတ် သတင်းစကားတစ်ခု ရောက်ရှိလာသည်။

"ဒုတိယအသုတ်နဲ့ တတိယအသုတ်တွေ မှတ်သားပြီးပါပြီ... ပို့ဆောင်ဖို့ အသင့်ပါပဲ"

ဝေ့ဝူယင် ကျေနပ် အားရစွာ ပြုံးလိုက်မိ၏။ ပြင်ဆင်စရာ သိပ်မကျန်တော့ပေ။ လူတိုင်းကို ခေါ်သွားရန် သူ ရည်ရွယ် မထားသော်လည်း သူ ကိုယ်တိုင်ကတော့ အဇူရာ မူလ ဂလက်ဆီဇုံ၏ အပြင်ဘက်သို့ ထွက်ခွာတော့မည်ဖြစ်ကြောင်း လူ မသိလေ ကောင်းလေ ဖြစ်သည်။ လူအနည်းငယ်သာလျှင် သူနှင့် အတူ လိုက်ပါလိမ့်မည် ဖြစ်သည်။

ကောင်းချီးခံ ရီအင်ပါယာနှင့် အပြောကျယ်လှသော ကြယ်တာရာ ကောင်းကင်ယံကြီးက သူတို့ကို စောင့်ကြိုနေသည်။ ထိုနေရာတွင် ဖြစ်ပျက်မည့် အဖြစ်အပျက်များမှာ ဂလက်ဆီများကိုပင် တုန်လှုပ်သွားစေမည်မှာ အသေအချာပင်။ ဝေ့ဝူယင်က ထိုသို့ ဖြစ်လာစေရန် ရည်ရွယ်ထားပြီးသား ဖြစ်လေသည်။

တစ်ချိန်တည်း၌ ချင်ချူးမူက ဝေ့စီထံသို့ လျှောက်သွားလိုက်၏။

"မောင်လေးနဲ့ အခုလို ဆုံခွင့်ရတာ တကယ့်ကို ဝမ်းသာပါတယ်၊ မောင်လေး အကြောင်း ကောင်းသတင်းတွေပဲ ကြားဖူးထားတာ... မမ နာမည်က ချင်ချူးမူ ပါ"

မိန်းကလေးက ယဉ်ကျေးပျူငှာစွာဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်ရာ ခန္ဓာကိုယ် ထွားကြိုင်းလှသော ဝေ့စီမှာ စိတ်လှုပ်ရှားသွားကာ အူကြောင်ကြောင်ဖြင့် ပြုံးနေမိတော့သည်။

"ကျွန်တော်က ဂျိုးငှက်နီမြို့တော်က ဝေ့စီပါ...”

ဝေ့စီ၏ မိတ်ဆက်ပုံမှာ ဝေ့ဝူယင် မိမိကိုယ်ကို အမြဲမိတ်ဆက်လေ့ရှိသည့် ပုံစံနှင့် ထပ်တူကျလှသဖြင့် ချင်ချူးမူမှာ အမှတ်ရမိသွားကာ ပြုံးမိသွား၏။ သူတို့နှစ်ဦးမှာ ရုပ်ချင်းမတူသော်လည်း အမူအရာနှင့် စကားပြောပုံ လေယူလေသိမ်းတို့မှာမူ အတော်ပင် ဆင်တူလှသည်။

တစ်ချိန်တည်း၌ ချောင်စွေ့ဖုန်းက ဝေ့ဝူယင်ထံ ဆက်သွယ်ရေး မေးလိုက်၏။

"ရှင်နဲ့အတူ အဂ္ဂိရတ်သူရဲကောင်းတွေကို ခေါ်မသွားဘူးလား"

ဝူယုသည် အံ့မခန်း ထူးချွန်သူတစ်ဦး ဖြစ်သလို မည်သည့် ခရီးစဉ်အတွက်မဆို အားကိုးထိုက်သော ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ ကျန်နှစ်ဦးမှာ သာမန်ကာလျှံကာဟု ဆိုနိုင်သော်လည်း ဝူယု ကိုယ်၌ကတော့ မြေကြီးရှန့်ထိုများ ကြားတွင် ပြိုင်ဘက်ကင်းကြောင်း ယခင်ကတည်းက သက်သေပြထားခဲ့ပြီး ဖြစ်သည်။

ဝေ့ဝူယင်မှာ သင်္ဘောဦးပိုင်းတွင် ရပ်နေရင်းမှ တိတ်တဆိတ် ခေါင်းယမ်းပြလိုက်၏။ သူ၏ လက်ကိုမူ ယွီစွန်းလီက တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲ ဖြစ်ပြီး လွှတ်ပေးရန် ငြင်းဆန်နေ၏။ မိန်းကလေးမှာ ကျေနပ် ပီတိဖြစ်မှုတို့ကို လှပသော အပြုံး၊ နီမြန်းနေသော ပါးပြင်တို့ဖြင့် ဖုံးကွယ်ထားသော်လည်း တောက်ပလှသည့် မျက်ဝန်းများနှင့် ကိုယ်ငွေ့နွေးနွေးတို့က သူမ၏ ခံစားချက်ကို သက်သေပြနေသည်။

ချောင်စွေ့ဖုန်းတို့၏ သင်္ဘောမှာ မကြာခင်မှာပင် ဝေ့ဝူယင်တို့ အနားသို့ ရောက်ရှိလာခဲ့၏။ ဝေ့ဝူယင်က ယွီစွန်းလီ အပါအဝင် လူအချို့ကို ခေါ်ဆောင်သာ လက်တစ်ဖက်ပြတ် လူအိုကြီး မောင်းနှင်နေသည့် အဖြူရောင် သင်္ဘောပေါ်သို့ တက်လာခဲ့သည်။

မကြာခင်မှာပင် သူတို့သည် ရှေးဟောင်း ချိပ်ပိတ် နယ်မြေမှ အတွင်းမှ ထွက်ခွာတော့မည် ဖြစ်သည်။ အတိအကျ ပြောရလျှင် နောက်ထပ် မိနစ်အနည်းငယ်အတွင်းပင် သူတို့ ထွက်ခွာတော့မည် ဖြစ်သည်။

ဝေ့ဝူယင် ခေါ်ဆောင်လာသည့် လူများကို ချောင်စွေ့ဖုန်း ကြည့်လိုက်မိ၏။ မူလက ဝေ့ဝူယင် တစ်ယောက် သူ၏ အလှပဂေး မိန်းကလေး အုပ်စုလိုက်ကြီးကို ခေါ်ဆောင်ကာ ပြင်ပလောကသို့ ခရီးနှင်ပြီး ကောင်းချီးခံ ရီအင်ပါယာ၏ အရေးကိစ္စများကို ဖြေရှင်းလိမ့်မည်ဟု သူမ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... ယခု ရောက်ရှိနေသူများမှာ သူမ ထင်မှတ်ထားသူများ မဟုတ်ပေ။

ချောင်စွေ့ဖုန်း၏ အကြည့်များက သင်္ဘော လက်ရန်းကို မှီလျက် ပေါ့ပေါ့ပါးပါး ရပ်နေသော လူအိုကြီး တစ်ဦးထံသို့ ရောက်ရှိသွားသည်။ သူ၏ ကျောပေါ်တွင် ပတ်တီးဖြူများဖြင့် ပတ်ထားသည့် အလွန် ကြီးမားသော အရာတစ်ခု ရှိနေသည်။ ၎င်းမှာ ကြမ်းတမ်းစွာ သွန်းလုပ်ထားသော သံတုံးကြီးတစ်ခုနှင့် ဆင်တူသော်လည်း အနီးကပ်ကြည့်လျှင် မြင်ရသည်ထက် ပိုမိုကြီးမားပုံရသည်။

လူအိုကြီးအား စိုက်ကြည့်နေစဉ်တွင် နှလုံးခုန်သံမှာ ပုံမှန်မဟုတ်ဘဲ မြန်လာသဖြင့် သူမ ကိုယ်တိုင်ပင် လန့်သွားခဲ့၏။ သူကတော့ ဝေ့ဝူယင်၏ အထူးစေတမန်အဖြစ် မကြာခဏ ဆောင်ရွက်လေ့ရှိသော ထို့ပိဟန်ပင် ဖြစ်သည်။ သူသည် အဖွဲ့အစည်းပေါင်းစုံနှင့် ရင်းနှီးကျွမ်းဝင်သူလည်း ဖြစ်သည်။

ထို့အပြင်... ဝေ့ဝူယင်၏ အတိတ်ဇာတ်ကြောင်းများကို လေ့လာစဉ်က ကြားဖူးခဲ့သော်လည်း အပြင်တွင် တစ်ခါမျှ မမြင်ဖူးသည့် အယ်ဗန်မျိုးနွယ် မိန်းကလေးတစ်ဦးကိုလည်း တွေ့ရသည်။ သူမသည် ဝေ့ဝူယင် အနန္တ ဧကရာဇ်ဂိုဏ်းတွင် ရှိစဉ်က ကယ်တင်ခဲ့သူ ဖြစ်ပြီး သစ်သားဒြပ်စင် ပါရမီ သုံးမျိုးကို ပိုင်ဆိုင်ထားသည့် ဒဏ္ဍာရီလာ ကျင့်ကြံသူအဖြစ် ကျော်ကြားသူ ဖြစ်သည်။

ဝေ့ဝူယင်၏ လက်ရုံးဖြစ်သူ စုမေ့ နှင့် သူမ၏ နတ်မြင်းပျံမှာလည်း မီးဖီးနစ်ကဲ့သို့ အစွမ်းထက်သည်ဟု သတင်းကြီးလှသည်။

သင်္ဘောပေါ်တွင် ရွှေဖုန်းပေါင်ဟု အမည်ရသော ဆံပင်နီနီနှင့် လူငယ်တစ်ဦးသည်လည်း စကားတပြောပြောဖြင့် ရှိနေသည်။ အာဏာရှင်အဖွဲ့ဝင်များက သူ့တို့ကို မူလ အာဏာရှင်ဟု ရည်ညွှန်းကြပြီး အာရုဏ်ဦး အာဏာရှင် အင်ပါယာ၏ ရှားပါးလှသည့် ရွေးချယ်ခံ တစ်ဦးလည်း ဖြစ်သည်။ သူ့ ဘေးတွင်တော့ ကောင်းကင်မျိုးနွယ်ဝင် မိန်းကလေး တစ်ဦး ဖြစ်သည့် မေမင်ကျိကမြတ်နိုးသော မျက်ဝန်းများဖြင့် ကြည့်နေသည်။ သူမမှာ အသက်ရာနှင့်ချီရှိပြီ ဖြစ်သော်လည်း ဆယ်ကျော်သက် မိန်းကလေး တစ်ဦးကဲ့သို့ပင် နိုပျိုလှသည်။

ရွှေဖုန်းပေါင်မှာ မျက်စိကို စည်းထားသည့် လူလတ်ပိုင်း အရွယ် အမျိုးသားတစ်ဦးနှင့် စကားပြောနေခြင်း ဖြစ်သည်။ သူသည် မြားကျည်တောက် အလွတ်နှစ်ခု လွယ်ထားသော်လည်း လေးကိုတော့ ကိုင်ဆောင်ထားခြင်း မရှိချေ။ ထိုသူကို မြင်လိုက်ရချိန်တွင် ချောင်စွေ့ဖုန်း၏ ရင်ထဲ၌ အကြောင်းပြချက် မရှိပဲ စိုးရိမ်စိတ်များ မြင့်တက်လာ၏။

အဆိုပါ လေးသည်တော်မှာ မျက်လုံးများကို စည်းထားသော်လည်း သူမကို ဖော်ပြ၍မရသော နည်းလမ်းများဖြင့် ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။

ဝေ့ဝူယင်က သူမ၏ ပါးပြင်ကို အသာအယာပွတ်သပ်ရင်း ဖရိုဖရဲဖြစ်နေသော ဆံနွယ်တစ်ပင်ကို နားရွက်နောက်သို့ သပ်တင် ပေးလိုက်ချိန်တွင်မှ ထိုခံစားချက်မှာ ပျောက်ကွယ်သွားတော့၏။

သို့သော်လည်း... ထိုလူတွင် ထူးခြားချက်တစ်ခုခု ရှိနေသည်ဟု သူမ ခံစားနေရဆဲပင်။ ဤသူသည် နောင်တစ်ချိန်တွင် လောကကြီး တစ်ခုလုံးအား တုန်လှုပ်စေမည့် အမှုတစ်ခုခုကို ပြုလုပ်လိမ့်မည်ဟု သူမ အာမခံဝံ့သည်။

ဝေ့စီ ဟု ခေါ်သည့် သေမျိုး ပါလာသည်မှာ မျှော်လင့်မထားသော ကိစ္စဖြစ်သော်လည်း ထိုလူငယ်မှာ ဝေ့ဝူယင်၏ မွေးစားညီအစ်ကို တော်စပ်သူဖြစ်ကြောင်း သိလိုက်ရချိန်တွင် သူမ စိတ်လှုပ်ရှားသွားခဲ့သည်။ ဝေ့ဝူယင်၏ မိသားစုမှာ အနန္တ ကုန်မြေတိုက်ကြီးတွင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်ရာ သူ့တွင် တိုက်ရိုက်ဆွေမျိုး မရှိတော့ဟု သူမ ကြားဖူးထားသည်။

အံ့သြစရာအကောင်းဆုံးက မြေကြီးရှန့်ထို အဆင့် အဂ္ဂိရတ်ပညာရှင်နှင့် သူတော်စင် အာရုဏ်ဦး အဂ္ဂိရတ်အဖွဲ့၏ ခေါင်းဆောင် လော့နင် ပါဝင်လာခြင်း ဖြစ်သည်။ သူမသည် လက်ရှိတွင် သင်္ဘောအောက်ထပ်ရှိ သီးသန့်အခန်းတစ်ခုအတွင်း ဆေးဖော်စပ်ခြင်း လုပ်ငန်းကို လုပ်ဆောင်နေသည်။

သင်္ဘောထက်၌ ယွီစွန်းလီနှင့် လော့နင်တို့မှလွဲ၍ ကျန်ရှိသော သူများမှာ လျှို့ဝှက်အာဏာရှင် အဆင့်သို့ မရောက်ကြသေးပေ။ ချင်ချူးမူမှာမူ အခြေခံ တည်ဆောက်ခြင်း အဆင့်တွင်သာ ရှိနေ၏။ သူမသည် ကျင့်ကြံခြင်း အခြေခံကို မကြာသေးမီကမှ အသစ်ပြန်လည် စတင်ထားပုံရလေသည်။

All Chapters