← Chapters

အခန်း (၁၈၇၂)

Vol. 134 Ch. 1872

အခန်း (၁၈၇၂)

Vol. 134 Ch. 1872

တစ်ချိန်တည်း၌.. သခင်လေးရှန့်မှာ ကြယ်တာရာ ကောင်းကင်ယံကို ငေးမောကြည့်ရင်း အကြောင်းမဲ့ သက်ပြင်းချနေခဲ့၏။ သူက စိတ်မချမ်းမြေ့မှုများကို ဖြေဖျောက်ရန် ကြိုးစားနေသည့်အလား ဝိုင်များကို အငမ်းမရ သောက်နေလေသည်။

"ဝိညာဉ်နှောင်ကြိုး... ချစ်ခြင်းမေတ္တာဟာ လူကို နစ်မွန်းစေတယ်... ထာဝရ ဝေးကွာခြင်း... ဝိုင်တစ်ခွက်နဲ့ စိတ်ကို နစ်မြုပ်စေခြင်းကသာလျှင် ဘဝဆီ ပျော်စရာတွေ ယူဆောင်ပေးနိုင်တယ်"

သူသည် အလွန်ပင် အထီးကျန်နေဟန် ရှိသည်။ ထိုအရာက... ယွီစွန်းလီကို မြင်လိုက်ရပြီးနောက် ဝေ့ဝူယင်က သူမ လက်အား ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရချိန်တွင် ပေါ်ထွက်လာသော ခံစားချက်ပင် ဖြစ်သည်။ ထိုမြင်ကွင်းကို ကြည့်ရုံဖြင့်ပင် မိန်းကလေးမှာ သူမကိုယ် သူမ ဝေ့ဝူယင်ထံတွင်သာ ပုံအပ်ထားပြီး အခြားအမျိုးသားများအတွက် မျှော်လင့်ချက် မရှိတော့ကြောင်း သိနိုင်ကြသည်။

လက်တစ်ဖက်တည်းရှိသော လူအိုကြီးမှာမူ သူ၏ သခင်လေး၏ အပြုအမူများကို လျစ်လျူရှုကာ သင်္ဘောကို မောင်းနှင်နေ၏။ ဖြူစင် တောက်ပလှသည့် သူတို့၏ သင်္ဘောမှာ အရှိန် မြန်လွန်းခြင်း၊ နှေးလွန်းခြင်း မရှိဘဲ ကြယ်တာရာ ကောင်းကင်ယံသို့ ခရီးနှင်နေရာ ဖီဆန်ပေါက်စလေးမှာလည်း တဖြည်းဖြည်း သေးငယ်သွားတော့သည်။

"ရှင် သူတို့ကို တကယ် ယုံကြည်ရဲ့လား၊ ကျွန်မကတော့ မရေမရာ ဖြစ်နေတုန်းပဲ..."

ချောင်စွေ့ဖုန်းက ဝိညာဉ်အင်အားဖြင့် ဝေ့ဝူယင်ထံ သတင်းစကား ပေးပို့လိုက်၏။ ထိုလူအိုကြီးမှာ သူမ၏ ဝိညာဉ်အာရုံတိုင်းကို အလွယ်တကူ ကြားဖြတ် ရယူနိုင်ကြောင်းကို သူမ မသိပါချေ။

ဝေ့ဝူယင်ကမူ မည်သည့်အရာကိုမျှ ဖုံးကွယ်ရန် မကြိုးစားဘဲ ပွင့်လင်းစွာပင် ပြန်လည်ပြောဆိုလိုက်၏။

"သူတို့သာ ငါ့ကို ရန်ပြုချင်ရင် အစောကြီးကတည်းက လုပ်ခဲ့မှာပေါ့... ငါ သူတို့ကို မယုံကြည်ပေမဲ့ မင်းကတော့ ငါ့ကို ယုံကြည်လို့ ရပါတယ်"

မူလ အာဏာရှင်များ၏ အမူအရာများက စိတ်သက်သာရာ ရသွားပုံ ပေါ်၏။ သခင်လေးရှန့်က ဝေ့ဝူယင်ထံသို့ တစ်ချက် လှည့်ကြည့်လိုက်ပြီး ယွီစွန်းလီ၏ အလှတရားကြောင့် နောက်ထပ် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြန်သည်။

ချောင်စွေ့ဖုန်းမှာ တုံးအသူ တစ်ယောက် မဟုတ်လေရာ ဝေ့ဝူယင် ယခုလို ပွင့်ပွင့်လင်းလင်း ပြောလိုက်သည့် အဓိပ္ပာယ်ကို ချက်ချင်းပင် နားလည်လိုက်သည်။ အနည်းဆုံးတော့ သူမ ပြောသမျှကို သခင်းလေးရှန့်၏ အစေခံဟု ခေါ်သည့် အဘိုးအိုကြီး သိနေပေသည်။

ထို့အပြင်... သင်္ဘောထက်ရှိ မူလ အာဏာရှင်များ၏ တုန့်ပြန်ပုံများ အရ သူတို့လည်း သိနေကြတာ သေချာသည်။ ဤသည်မှာ ကျင့်ကြံခြင်းဆိုင်ရာ ဗဟုသုတနှင့် ဝိညာဉ်အင်အား ၊ ဝိညာဉ်အာရုံ နှင့် ဝိညာဉ်အော်ရာတို့ကို အသုံးချပုံချင်း ကွာခြားသွားခြင်းသာ ဖြစ်သည်။ သူတို့တစ်ဦးချင်းစီသည် ကိုယ်ပိုင် မျက်လုံး အစီအရင်များကို အမြဲတမ်း ဖွင့်လှစ်ထားကြသူများ ဖြစ်ကြပြီး အထူးသဖြင့် ယောင်ဟုန်ရီမှာ ပို၍ပင် ထူးချွန်လှသည်။

ချောင်စွေ့ဖုန်းမှာ ရှေးဟောင်း ချိပ်ပိတ်နယ်မြေမှ လာသူများ အနက် ကျင့်ကြံခြင်းအဆင့် အမြင့်မားဆုံး ဖြစ်ပြီး ကျင့်စဉ်များ၏ အရည်အသွေး၊ အတတ်ပညာနှင့် နက်ရှိုင်းသော သဘောတရားများကို နားလည်မှုအပိုင်းတွင်လည်း လျှို့ဝှက် အာဏာရှင် အဆင့်ရှိလင့်ကစား မူလ အာဏာရှင်များနှင့် ယှဉ်လျှင်တော့ အားအနည်းဆုံး ဖြစ်နေသည်မှာ အသေအချာပင်။ သို့သော် သူမ၏ အထူးပြု နယ်ပယ်မှာ အဂ္ဂိရတ်တာအို တွင်သာ ဖြစ်သည်။ ထိုအထူးပြုပညာရပ်နှင့် ပတ်သက်လျှင်မူ လော့နင် တစ်ဦးတည်းသာ သူမနှင့် ယှဉ်နိုင်ပေလိမ့်မည်။

ဝေ့ဝူယင်မှာ ကျူးဟိုင် နှင့် အချို့သောသူများကို သူ၏ ရှန့်ထိုလက်စွပ်အတွင်း၌သာ ထားရှိထား၏။ သူတို့ထဲမှ အချို့က ကျင့်ကြံနေကြကာ အချို့မှာလည်း အပြင်သို့ ထွက်ဖို့ မလိုအပ်ကြသေးချေ။

ဝေ့ဝူယင်သည် ချင်ချူးမူကိုလည်း ရှန့်ထို လက်စွပ်အတွင်းသို့ ထည့်သွင်းဖို့ စဉ်းစားနေမိသည်။ သို့သော်လည်း... သူ အလွန်ပင် သတိထားကိုင်တွယ်ရန် လိုအပ်လှသည်။ တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်များကြောင့် လောလောဆယ်တွင် ထိုမိန်းကလေးကို ကျဉ်းမြောင်းသော နေရာတစ်ခုခုအတွင်း၌ လောလောဆယ် ထပ်မံ မထားရှိသင့်သေးပေ။

သူမအတွက် လွတ်လပ်မှုနှင့် မြင်ကွင်းသစ်များ လိုအပ်သည်။ သူနှင့်အတူရှိနေလျှင် ဘေးကင်းသည်ဟူသော ခိုင်မာသည့် အသိစိတ်မျိုး စိမ့်ဝင်နေရန် လိုအပ်သည်။ အကျဉ်းချခံထားရသည့် ဒဏ်ကြောင့် ချင်ချူးမူထံတွင် မည်သည့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာမျှ မကျန်ရှိခဲ့စေရန် ဝေ့ဝူယင် ဆန္ဒရှိသည်။

ကံကောင်းထောက်မစွာဖြင့် မိန်းကလေးအား ကြည့်ရသည်က အဆင်ပြေပုံရသည်။ သို့သော်လည်း... အမြဲတမ်းတော့ မဟုတ်ပေ။ စုမေ့ကို သွားရောက် မခေါ်ဆောင်ခင်လေးတွင် သူသည် သူမကို ခေတ္တမျှ နှိုးကာ ကြယ်တာရာများထံ အတူတူ ခရီးနှင်ရန် တရားဝင် ဖိတ်ခေါ်ခဲ့သည်။

မိန်းကလေးမှာ နိုးလာပြီးနောက် ဝေ့ဝူယင် မျက်စိအောက်မှ ခဏမျှ ပျောက်သွားချိန်တွင် ထိန်းမနိုင်သိမ်းမရ တုန်ရီလာကာ သူမ၏ မျက်ဝန်းများမှာလည်း အသက်မဲ့ကာ ခြောက်သွေ့သွားခဲ့သည်။ ဝေ့ဝူယင်သည် နှစ်နာရီခန့် နှစ်သိမ့်ပေးပြီးသည့် နောက်မှသာ သူမမှာ ပြန်လည် တည်ငြိမ်သွားခဲ့ရသည်။

ယခုမူ သူမ၏ ဝိညာဉ်တွင် ဟင်းလင်းပြင်ပုံရိပ် တစ်ခုကို ချိတ်ဆက်ပေးထားသဖြင့် သူမသည် သူ့ကို အမြဲတမ်း မြင်တွေ့နေရမည်ဖြစ်ပြီး တစ်နည်းနည်းဖြင့် ထိတွေ့ဆက်ဆံနိုင်မည် ဖြစ်သည်။ သို့သော်လည်း... ဤသည်မှာ ယာယီဖြေရှင်းချက်သာ ဖြစ်ပါသည်။

ချင်ချူးမူ မည်သို့သော ဒုက္ခများကို ဖြတ်ကျော်ခဲ့ရသည်ကို မည်သူမျှ အမှန်တကယ် နားလည်နိုင်မည် မဟုတ်ပေ။ သူမ တွေ့ကြုံခဲ့ရသမျှသည်ကား...

ဝေ့ဝူယင် သူ အသက်ရှင်နေသမျှ ကာလပတ်လုံး အလားတူ အဖြစ်မျိုး ချင်ချူးမူ အပေါ် ထပ်မံ မဖြစ်စေရဟု သစ္စာဆိုထားမိသည်။

ဝေ့ဝူယင် အတွေးနက် နေစဉ်မှာပင်... လက်တစ်ဖက်တည်းသာ ရှိသည့် လူအိုကြီးမှာ ရုတ်တရက် စကားပြောလာ၏။

"ကျုပ်တို့ နယ်စပ်နားကို ရောက်နေပြီ... တားဆီးပိတ်ပင်မှု မရှိသရွေ့တော့ ကျုပ်ရဲ့ သင်္ဘောက ဒီချိပ်ပိတ်နယ်မြေထဲကို စိတ်ကြိုက် ဝင်နိုင်ထွက်နိုင်ပါတယ်... ဒါပေမဲ့ အခုအခြေအနေ အရ ဆိုရင် ခင်ဗျားဘက်က နည်းနည်းလောက် ကူညီပေးရင် အကောင်းဆုံးဖြစ်လိမ့်မယ်"

ဝေ့ဝူယင်က ခေါင်းညိတ်လိုက်ရင်း အဆုံးမဲ့ဟင်းလင်းပြင် ကြေးမုံကို ချိတ်ဆက်လိုက်၏။ ဝေ့ဝူယင်သည် ဟင်းလင်းပြင် နဂါး အင်အား အမြောက်အမြားကို အသုံးပြု၍ အပြင်ဘက်သို့ ဟင်းလင်းပြင် ပေါ်တယ် တစ်ခု ဖန်တီး၍ သွားနိုင်သလို ခရီးစဉ်ကို သိသိသာသာ အချိန်တိုစေနိုင်သော်လည်း ထိုသို့လုပ်ရန် ရည်ရွယ်ချက် မရှိပေ။ သူသည် လမ်းခရီးတစ်လျှောက် ရှုခင်းများကို ကြည့်ရှုသွားလိုသည်။ သို့တည်းမဟုတ်... သူ့အတွက် စိန်ခေါ်မှု အသစ်များကို အချိန်အနည်းငယ် လိုအပ်နေခြင်းလည်း ဖြစ်နိုင်သည်။

"အပြင်ကို ရောက်တာနဲ့ ငါ ယာယီ တံခါးပိတ်ပြီး ကျင့်ကြံဦးမယ်... ဒါကြောင့် သာမန်ကိစ္စတွေကို မင်းဆီမှာပဲ လွှဲခဲ့လိုက်မယ်”

ဝေ့ဝူယင်က ချောင်စွေ့ဖုန်းကို ကြည့်ရင်း ပြောလိုက်၏။ မိန်းကလေးက ချက်ချင်းပင် ခေါင်းညိတ်လိုက်၏။ ဤကဲ့သို့ ယုံယုံကြည်ကြည်ဖြင့် တာဝန်ပေးအပ်ခြင်း ခံရသည့်အတွက် သူမ အလွန်ပင် ဂုဏ်ယူမိသွားသည်။ တစ်ဖက်တွင်မူ စုမေ့က မျက်တောင်များကို ခတ်လိုက်၏။

"တံခါးပိတ် ကျင့်ကြံမယ် ဟုတ်လား"

သခင်လေးရှန့်က စိတ်ဝင်တစားဖြင့် ခေါင်းလှည့်ကြည့်လာသည်။ သူက ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများအား စုံစမ်းရသည်ကို နှစ်သက်ပုံရသည်။

ဝေ့ဝူယင်က အသေးစိတ် ရှင်းမပြတော့ပေ။ သူ့အတွက် ဤခရီးစဉ်၏ ပထမဆုံးသော စွန့်စားမှုကို စတင်ရန် အချိန်ကျရောက်ပြီ ဖြစ်သည်။

အာရုဏ်ဦး လေပွေဇုံတစ်ခုကို အသုံးပြုကာ အဂ္ဂိရတ် ထုတ်ကုန်များကို ဖော်စပ်ရန်ပင် ဖြစ်လေသည်။

...

ဝေ့ဝူယင် အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံကို ချိတ်ဆက်၍ အစီအရင်ကြီး၏ ကန့်သတ်ချက်များအား ဖြေလျော့ပေးနေသည်ကို ကြည့်ရှုရင်း လက်တစ်ဖက်တည်းသာ ရှိတော့သည့် လူအိုကြီးမှာ သင်္ဘောကို မောင်းနှင်ရင်း ခေါင်းကို အသာအယာ ခေါင်းညိတ်လိုက်၏။

လက်ရှိ အခြေအနေတွင် သင်္ဘောသည် တပ်ဆင်ထားသည့် ကြယ်တာရာ ရွှေ့ပြောင်းခြင်း လုပ်ဆောင်ချက်များကို အသုံးပြု၍ စိတ်အနှောင့်အယှက် ဖြစ်စရာ သူတော်စင်များ၏ ရန်မှ ဘေးကင်းစွာ ထွက်ခွာနိုင်ပြီဖြစ်သည်။

လူအိုကြီး၏ ထိန်းချုပ်မှု အောက်တွင် သူ၏ ဝိညာဉ်အင်အားများမှာ သင်္ဘော၏ အမြုတေနှင့် သိမ်မွေ့စွာ ချိတ်ဆက်သွားကာ အစီအရင်များ အတွင်းရှိ ဟင်းလင်းပြင်စွမ်းအားများကို လှုံ့ဆော်လိုက်သည်။ ထိုဟင်းလင်းပြင်စွမ်းအားများမှာ ဟင်းလင်းပြင်အင်အားဖြင့် လည်ပတ်ခြင်းမဟုတ်သော်လည်း ထူးခြားသည့် စွမ်းအင် ရင်းမြစ်များကို အသုံးချထားခြင်းကြောင့် အချို့သောနေရာများတွင် အစစ်အမှန် ဟင်းလင်းပြင် အင်အားထက် အားနည်းခြင်းမရှိပေ။

စုမေ့၏ မျက်လုံးများမှာ ဝိညာဉ်အလင်းတန်းများဖြင့် တောက်ပလာ၏။ သူမ၏ ခြေဖဝါးအောက်တွင် သိပ်သည်းလှသည့် အလင်းစွမ်းအင်များ စီးဆင်းနေသည်ကို သူမ ခံစား နေမိသည်။ အလင်းစွမ်းအင်ကို ကျင့်ကြံထားသည့် ကျင့်ကြံသူ တစ်ဦး အနေဖြင့် သူမသည် အလင်းနှင့်ပတ်သက်သည့် အရာအားလုံးကို ထူးကဲစွာ အာရုံခံနိုင်သည်။

စုမေ့သည် အဖြူရောင် သင်္ဘောကြီး၏ ဗဟိုချက်ဆီသို့ စုစည်းစီးဆင်းသွားသည့် အလင်းတန်းများကို ကြည့်ရှုရင်း အတွင်းရှိ ဝင်္ကပါတိုင်းကို သိမ်မွေ့စွာ ပုံဖော်ကြည့်နေမိသည်။

လျှို့ဝှက်အာဏာရှင်တစ်ဦး၏ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူမသည် သီးခြား တည်ရှိနေသည့် အစီအရင်များနှင့် ရောယှက်နေသည့် ဝင်္ကပါများကို စိတ်ထဲမှ ရေတွက်လိုက်သည်။ အဆိုပါ အစီအရင်များ၊ ဝင်္ကပါများထဲတွင် အလွန် သေးငယ်သည့် အထောက်အကူပြု လုပ်ဆောင်ချက်များမှစ၍ လေ၊ ရေ၊ မြေ နှင့် ဟင်းလင်းပြင် အစရှိသည့် နယ်မြေအမျိုးမျိုးတွင် သွားလာနိုင်စေသည့် အစီအရင်များ ပါဝင်သလို လေထုအခြေအနေကို ထိန်းညှိပေးသည့် အစီအရင်များ၊ ပြင်ပမှ အပျက်အစီး မန်နာစွမ်းအင်များကို သန့်စင်ပြီး စွမ်းအင်ပြန်လည်ဖြည့်တင်းပေးသော အစီအရင်များ အထိ ပါဝင်သည်။

ထို့အပြင်... သူမ၏ ဗဟုသုတများဖြင့်ပင် နားမလည်နိုင်သည့်၊ တစ်နည်းဆိုရသော် လုပ်ဆောင်ချက်ကို ခန့်မှန်း၍မရနိုင်သော အစီအရင် အစိတ်အပိုင်းအချို့လည်း ရှိနေသေးသည်။ ၎င်းတို့မှာ သူမ၏ အဆင့်ထက် သာလွန်နေလေသည်။

ထိုကဲ့သို့ ဟင်းလင်းပြင် သင်္ဘောကြီး၏ စွမ်းအင် တုံ့ပြန်မှုများကို အာရုံစိုက်နေသူက သူမတစ်ဦးတည်း မဟုတ်ပေ။ ချောင်စွေ့ဖုန်း၊ လော့နင်၊ ယောင်ဟုန်ရီ၊ ရွှေဖုန်းပေါင် နှင့် ယွီစွန်းလီ တို့သည်လည်း အလားတူပင် သင်္ဘော၏ လုပ်ဆောင်ချက်များကို အသီးသီး စိတ်ဝင်တစား ကြည့်ရှုနေကြသည်။

အချို့ကို ကျင့်ကြံခြင်း အခြေခံအရ နားလည်ကြသလို၊ အချို့ကိုမူ အဆင့်မြင့် ကျင့်ကြံခြင်း သဘောတရားများဖြင့် သဘောပေါက်ကြသော်လည်း၊ အချို့သော အရာများမှာမူ သူတို့အတွက် လုံးဝ နားမလည်နိုင်အောင် ဖြစ်နေသဖြင့် ပို၍ပင် စိတ်ဝင်စားမှုကို ဆွဲဆောင်နေသယောင် ရှိသည်။

"ဟ... ထူးဆန်းတဲ့ မီးစွမ်းအင်တွေ စုစည်းနေပါလား... ဒါက အပိုဆောင်း လောင်စာလား... ဟင်းလင်းပြင်စွမ်းအင်နဲ့ လျှို့ဝှက်အဆင့် မီးစွမ်းအင်တွေ ရောစပ်ထားတဲ့ပုံစံပဲ..."

ရွှေဖုန်းပေါင်က အသံထွက်၍ ပြောလိုက်၏။ လူတိုင်း၏ အာရုံများမှာ သူပြောသည့်နေရာသို့ ရောက်ရှိသွားကာ စိတ်ဝင်တစားဖြင့် စစ်ဆေးလိုက်ကြတော့သည်။

All Chapters