အခန်း (၁၈၇၃)
Vol. 134 Ch. 1873
သခင်လေးရှန့်မှာ သက်ပြင်းတစ်ချက် ချလိုက်ရင်း ဝိုင်ကို တစ်ငုံသောက်လိုက်၏။ ဝေ့ဝူယင်က ကျင့်ကြံခြင်း အကြောင်း ပြောခဲ့သဖြင့် သူ စိတ်ဝင်စားသွားခဲ့သော်လည်း ယွီစွန်းလီကို မြင်လိုက်ရချိန်တွင်မူ ဝမ်းနည်းမှုတို့က ပြန်လည်လွှမ်းမိုးသွားပြန်သည်။
အခြားသူများ၏ စိတ်လှုပ်ရှားမှုမှာ ကြည့်ရသည်မှာ စိတ်ဝင်စားစရာ ကောင်းသော်လည်း သူ၏ နှလုံးသားထဲမှ မှိုင်တွေမှုကိုမူ မဖျောက်ဖျက်နိုင်ပေ။
သို့သော်လည်း... အခြေအနေကို လက်ခံရမည် ဖြစ်ကြောင်း သူ သိပေသည်။ အကယ်၍ သူ ပြောင်းလဲနိုင်လျှင် ပြောင်းလဲလိုက်ချင်သော်လည်း ကျင့်ကြံခြင်းလောကဆိုသည်မှာ ဤသို့ပင် မဟုတ်ပါလား။ သူ လက်ခံရုံသာ ရှိတော့သည်။
လူအိုကြီးက လူငယ် အုပ်စုကို ဝေ့ဝဲကြည့်လိုက်၏။ သူတို့၏ အံ့သြမှင်သက်နေသည့် အမူအရာများကို သူ ရှင်းလင်းစွာပင် မြင်နေရသည်။ သူ၏ အကြည့်များမှာ ယွီစွန်းလီနှင့် ဝေ့ဝူယင်တို့၏ ပုံရိပ်များထံသို့ ရောက်ရှိသွားပြီး သူတို့၏ တုန့်ပြန်မှုများကို အကဲခတ်လိုက်၏။ ထိုအခါ ဝေ့ဝူယင်က သူ့ကို တည့်တည့် စိုက်ကြည့်နေကြောင်း တွေ့လိုက်ရသည်။
လူငယ်လေး၏ မျက်လုံးများထဲမှ ငွေရောင်အလင်းတန်းမှာ ရေကန်မျက်နှာပြင်ပေါ်မှ လပြည့်ဝန်း၏ ပုံရိပ်ယောင် အလား သဘာဝမဟုတ်အောင် ဆွဲဆောင်မှု ရှိလှသည်။ ထူးခြားသည့် ရုပ်ရည်နှင့်ပါ ပေါင်းစပ်လိုက်သောအခါ ဝေ့ဝူယင် ဆိုသူမှာ တစ်ဖက်လူ၏ စိတ်ထဲတွင် စွဲထင်ကျန်ရစ်စေနိုင်လောက်သည့် တည်ရှိမှုမျိုးကို ပိုင်ဆိုင်ထားသည်။
‘သူ့ မျက်လုံးတွေက တကယ် လှတာပဲ...’
လူအိုကြီး၏ စိတ်အတွင်း အတွေးတစ်ခု ဖြစ်ပေါ်လာ၏။ ထိုအခိုက်အတန့်တွင်ပင် ဝေ့ဝူယင်၏ နှုတ်ခမ်းများမှာ မမေ့နိုင်သည့် အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။
လူအိုကြီးက လူငယ်ကို အပြုံးဖြင့် ပြန်လည် တုံ့ပြန်လိုက်ပြီးနောက် အကြည့်လွှဲလိုက်ကာ ရှေးဟောင်း ချိပ်ပိတ် နယ်မြေနှင့် အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ ပိုင်နက် အတွင်းမှ ထွက်ခွာနိုင်ရန် သင်္ဘောမောင်းနှင်ခြင်းကိုသာ အာရုံပြန်စိုက်လိုက်သည်။
ပြင်ပလောကသို့ ရောက်သည်နှင့် သူသည် ဝိညာဉ် ချိပ်ပိတ်ခြင်း အစီအရင်ကို ပြန်လည် ဖြေလျှော့ကာ ကျင့်ကြံခြင်း အခြေခံကို အပြည့်အဝ ပြန်လည် ပိုင်ဆိုင်နိုင်လိမ့်မည် ဖြစ်သည်။
လူအိုကြီးသည် နယ်စပ်သို့ နီးကပ်လာပြီဟု အစောပိုင်းက ပြောခဲ့သော်လည်း အပြောကျယ်လှသည့် ကြယ်တာရာ ကောင်းကင်ယံတွင် မည်သည့် နယ်စပ်၊ တံတိုင်းနှင့် အဟန့်အတားကိုမျှ သာမန်မျက်စိဖြင့် သော်လည်းကောင်း၊ ဝိညာဉ်အာရုံဖြင့်သော်လည်းကောင်း မမြင်တွေ့ရပေ။
အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ ကြယ်တာရာ ကောင်းကင်ယံဆိုသည်မှာ လက်တွေ့ဆန်သော ပုံရိပ်ယောင် တစ်ခုပင်။ ပုံရိပ်ယောင်က လက်တွေ့ဆန်သည်ဟု ဆိုခြင်းမှာ အဓိပ္ပာယ် မရှိသော်လည်း အရှိတရားမှာ ထိုသို့ပင် ဖြစ်သည်။ ထိုကြယ်တာရာ ကောင်းကင်ယံမှာ အမှန်တကယ် တည်ရှိသည်။ အရပ်မျက်နှာ အသီးသီးမှ မရေမတွက်နိုင်သည့် ကြယ်တာရာများအား ပုံဖော်ထားသည်မှာ အစစ်အမှန်ပင် ဖြစ်ပြီး ရှေးဟောင်း ချိပ်ပိတ်နယ်မြေမှ မြင်တွေ့ရသည့် နက္ခတ္တဗေဒ ဖြစ်စဉ်များမှာလည်း အစစ်အမှန်ပင် ဖြစ်သည်။ ကွာခြားချက်မှာ 'အကွာအဝေး' နှင့် 'ဦးတည်ချက်' သာ ဖြစ်သည်။
ရှေးဟောင်း ချိပ်ပိတ်နယ်မြေအတွင်းတွင် နှစ်ပေါင်း ကုဋေကုဋာချီ၍ မျဉ်းဖြောင့်အတိုင်း ခရီးနှင်နိုင်သော်လည်း သတ်မှတ်ချက်တစ်ခု၏ အပြင်ဘက်သို့ တစ်လက်မမျှပင် ကျော်လွန်သွားမည် မဟုတ်ဘဲ၊ ဆပ်ပြာပူဖောင်းတစ်ခု၏ အတွင်းဘက်တွင် လျှောတိုက်နေသကဲ့သို့ ကြယ်တာရာနယ်မြေ ၁၈ ခု၏ မမြင်ရသော 'နယ်စပ်' အတွင်းမှာသာ လှည့်ပတ်နေမည် ဖြစ်သည်။ ပွင့်လင်းမြင်သာသည့် ဆပ်ပြာပူဖောင်း၏ အပြင်ဘက်ကို မြင်နိုင်သော်လည်း ပူဖောင်းကို မဖောက်ဘဲ ထွက်ခွာရန်မှာမူ အလွန်ပင် ခက်ခဲလှသည်။
ထိုပူဖောင်းကို ဖန်တီးစဉ်ကတည်းက ထည့်သွင်းထားသော 'ပိုက်' များရှိမှသာလျှင် ပြင်ပလောကနှင့် အတွင်းလောကတို့ကို ဆက်သွယ်နိုင်မည်ဖြစ်သည်။ အဆုံးမဲ့ ခရီသွား နယ်မြေသည် နယ်မြေ နှစ်ခုစလုံးနှင့် ချိတ်ဆက်ထားပြီး ပိုက်များမှာ လောကနှစ်ခုမှ စွမ်းအင်နှင့် အနှစ်သာရများကို စုပ်ယူရန် သို့မဟုတ် လူများကို အသွားအပြန် ပို့ဆောင်ပေးရန် အသုံးပြုသော ချိတ်ဆက်များပင် ဖြစ်ကြသည်။
တကယ်တမ်းအားဖြင့်... ကြယ်တာရာများ၏ အကွာအဝေးမှာ မြင်ရသည်ထက် မိုင်ပေါင်း ကုဋေကုဋာချီ၍ ဝေးကွာလှသည်။ ရှေးဟောင်း ချိပ်ပိတ်နယ်မြေသည် တိုက်တန် မျိုးနွယ်စု၏ အာဏာရှင် အင်ပါယာကြီး ဖြစ်သူ ငရဲအရှင်၏ နယ်မြေအတွင်းတွင်သာ အမြဲတမ်း တည်ရှိနေခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ သီးခြား ခွဲထွက်နေခြင်းမဟုတ်ဘဲ ပြင်ပလောကကြီး၏ ဝန်းရံခြင်းကို ခံထားရခြင်း ဖြစ်သည်။
သခင်လေးရှန့်သည် ကြယ်တာရာ ကောင်းကင်၏ လက်တွေ့ဆန်လှသည့် ပုံရိပ်ယောင်ကို ငေးကြည့်ရင်း သက်ပြင်းချလိုက်၏။
"ဒီလောကကို တည်ဆောက်ထားတဲ့ အထွတ်အထိပ် တစ်ပိုင်း ကောင်းကင်ရတနာက တကယ့်ကို အံ့မခန်းပါပဲ... ဒီလောက် စွမ်းဆောင်ရည်ရှိတာကို ဒီလိုမျိုး အသုံးချခံနေရတာကတော့ နှမြောစရာပဲ"
လူငယ်လေး၏ သက်ပြင်းချသံထဲတွင် ထိုကိစ္စအပေါ် သူ၏ ရိုးသားသည့် ထင်မြင်ချက်များ ပါဝင်နေသည်။
"အထွတ်အထိပ် တစ်ပိုင်း ဟုတ်လား..."
ရွှေဖုန်းပေါင်၏ မျက်လုံးများမှာ အခြားသူများ နည်းတူ တောက်ပသွား၏။ ထိုအသုံးအနှုန်းမှာ အသစ်အဆန်းဖြစ်သဖြင့် စိတ်ဝင်စားစရာ ကောင်းလှသည်။
သူတို့သည် ကောင်းကင်ရတနာများအကြောင်း သိရှိထားသည်။ ၎င်းတို့မှာ လျှို့ဝှက် အာဏာရှင်အဆင့်၏ ထိပ်တန်း ကျင့်ကြံသူများ ဖော်စပ်ထားသော ကိရိယာများ ဖြစ်ပြီး လောက ဥပဒေသ သုံးထောင်နှင့် ပဲ့တင်ထပ်နိုင်စွမ်းရှိသည်။ ထို့အပြင် သူတော်စင် အမိန့်တော်ကို အတုယူနိုင်စွမ်း ရှိကြောင်းကိုလည်း သူတို့ သိရှိထားကြသည်။
ထိုမျှမက 'အထွတ်အထိပ် ကောင်းကင်ရတနာ' ဆိုသည်မှာ သူတော်စင် တစ်ဦး၏ အစစ်အမှန် အမိန့်တော်ကို ဆင့်ခေါ်နိုင်စွမ်း ရှိပြီး၊ လျှို့ဝှက် အာဏာရှင်အဆင့်ထက် ကျော်လွန်၍ ပဲ့တင်သံ ဝိညာဉ် အဆင့်အား ထိတွေ့နိုင်သူများ ဖန်တီးထားခြင်း ဖြစ်ကြောင်းလည်း သိထားကြသည်။
ဝေ့ဝူယင်သည် သူတို့အား ဤအဆင့်မြင့် ဗဟုသုတများကို လွန်ခဲ့သော နှစ်များ အတွင်း၌ သင်ကြားပေးထားခဲ့ခြင်း ဖြစ်သည်။ သူတို့သည် လမ်းခရီးတွင် ကောင်းကင်ရတနာတစ်ခုခုနှင့် ကြုံကြိုက်ခဲ့လျှင် လက်လွတ်မခံမိစေရန် ထိုအချက်ကို စွဲမြဲစွာ မှတ်သားထားကြသည်။ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ ကောင်းကင်ရတနာ အမျိုးအစားကိုပင် သူတို့ သိထားကြသည်။
သို့သော်လည်း အထွတ်အထိပ် တစ်ပိုင်း အဆင့် ဆိုသည်မှာ အဘယ်နည်။
သခင်လေးရှန့်မျာ ဝိုင်တစ်ငုံ့ကို ထပ်မံသောက်လိုက်ရင်း၊ ဝေ့ဝူယင်က အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံကို အသုံးချကာ ဤအထီးကျန် ချိပ်ပိတ် နယ်မြေ အတွင်း ယာယီ 'ပိုက်' တစ်ခုကို ဖန်တီးပြီး လောက၏ တည်ငြိမ်မှုအား ထိန်းသိမ်းနေပုံကို ကြည့်ရှုနေခဲ့သည်။
၎င်းမှာ အပြစ်ဆိုဖွယ်မရှိသည့် ထိန်းချုပ်မှုပင်။
သခင်လေးရှန့် တစ်ယောက် ဝေ့ဝူယင်ကို ကြည့်ရင်း သူ့ဘေးရှိ ယွီစွန်းလီကိုပါ တစ်ပါတည်း မြင်လိုက်ရသည်။ ထိုမိန်းမလှလေး၏ မျက်လုံးများမှာ ဝေ့ဝူယင်၏ လက်ကို တင်းတင်း ဆုပ်ကိုင်ထားရင်း သိလိုစိတ် ပြင်းပြသည့် မျက်ဝန်းများနှင့် သူ့ကို လှမ်းကြည့် နေခဲ့သည်။
သခင်လေးရှန့် တစ်ယောက် ရင်ခုန်သွားကာ မိန်းမလှလေးကို ပြုံးပြရင်း ရှင်းပြဖို့ ဆုံးဖြတ်လိုက်၏။
"အထွတ်အထိပ် တစ်ပိုင်း အဆင့် ဆိုတာက အထွတ်အထိပ် အဆင့် ကောင်းကင် ရတနာ တစ်ခု ဖြစ်လာဖို့ အတွက် လုံလောက်တဲ့ ပစ္စည်းတွေနဲ့ သွန်းလုပ်ထားတဲ့ သာမန် ကောင်းကင်ရတနာတစ်ခုပါပဲ... ဒါပေမဲ့ ဖန်တီးတဲ့သူတွေက အဘက်ဘက်က လိုအပ်ချက်တွေ ရှိနေတော့ ကောင်းကင်ဘုံနဲ့ ကောင်းကောင်း ပဲ့တင်ထပ်နိုင်စွမ်း မရှိတော့ဘူး”
“သူတို့မှာ အချိန်နဲ့ ဟင်းလင်းပြင်အပေါ် စိုးမိုးနိုင်တဲ့ အာဏာစက် မရှိကြဘူး... ဒီတော့ ဟင်းလင်းပြင်၊ အချိန်တွေရဲ့ ဥပဒေသတွေနဲ့ ပဲ့တင်ထပ်နိုင်မယ့် ခိုင်မာတဲ့ နှောင်ကြိုးကို ဘယ်လိုများ သွန်းလုပ်နိုင်ပါ့မလဲ... တကယ့်ကို နှမြောစရာပါပဲ"
ထို့နောက် သူက ဝိုင်ကို တစ်ငုံ သောက်လိုက်ပြန်သည်။ သူသည် ဝမ်းနည်းမှုများကို အပြီးတိုင် နစ်မြုပ်ပစ်ရန် ကြိုးစားသည့်အလား အရှိန်အဟုန်ဖြင့် သောက်လိုက်ခြင်း ဖြစ်သည်။
လက်တစ်ဖက်တည်းရှိသည့် လူအိုကြီး၏ မျက်လုံးများက တောက်ပသွားကာ တွန်းကန်အားပေးသည့် အစီအရင်ကို စတင်လိုက်၏။ သင်္ဘော၏ နောက်ဘက်မှ ငွေရောင်မီးလျှံများ ပေါက်ကွဲထွက်လာပြီး သင်္ဘောကို ရှေ့သို့ အရှိန်ဖြင့် တွန်းထုတ်လိုက်ရာ အဖြူရောင် သင်္ဘောကြီးကို ဝန်းရံထားသည့် လေထုအလွှာမှာ အံ့သြဖွယ်ကောင်းလှသည့် သက်တံရောင် အလင်းတန်းကြီး တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
၎င်းမှာ ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်းပင် ဖြစ်လေသည်။
ဝမ်... ဝမ်...
ချက်ချင်းပင် သူတို့ ဦးတည်သွားသည့် ကြယ်တာရာ နောက်ခံမြင်ကွင်းမှာ ပုံပျက်သွားပြီး ကျယ်ပြောလှသည့် သမုဒ္ဒရာကြီးထဲသို့ ဝင်ရောက်သွားသည့် ကျောက်စရစ်ခဲလေးတစ်ခုနှင့်ပင် ဆင်တူနေတော့၏။ ဟင်းလင်းပြင်၏ လှိုင်းဂယက်များနှင့် ပုံပျက်နေသည့် အချိန် စီးဆင်းမှုတို့ ထွက်ပေါ်လာပြီးနောက် သူတို့သည် မှောင်မည်းလှသော ဟင်းလင်းပြင်ကြီးအတွင်းသို့ ပျောက်ကွယ်သွားကြတော့သည်။
အကယ်၍ ထိုမြင်ကွင်းကို ဘေးမှ ကြည့်နေသည့် ကျင့်ကြံသူများ ရှိနေလျှင် သူတို့၏ သင်္ဘောမှာ သက်တံ့ရောင် အလင်းများ တောက်ပနေသည့် 'ပျောက်ကွယ်မှတ်' တစ်ခု အတွင်းသို့ ဝင်ရောက်သွားသကဲ့သို့ မြင်တွေ့ရမည် ဖြစ်သည်။
ဟူး... ဟူး...
အဖြူရောင် သင်္ဘောကြီး၏ ကုန်းပတ်ပေါ်တွင် ယွီစွန်းလီ၏ လှပသော မျက်ဝန်းများမှာ ဝိုင်းစက်နေ၏။ သူမ၏ နှလုံးသားမှာလည်း အံ့သြမှင်သက်မှု လှိုင်းတံပိုးများ၏ ရိုက်ခတ်ခြင်းကို ခံနေရသည်။ မိန်းကလေးသည် ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်း အကြောင်းကို ယခင်က ကြားဖူးထားသော်လည်း ကိုယ်တိုင်တွေ့ကြုံရသည်မှာ ယခု ပထမဆုံးပင် ဖြစ်သည်။
ဤသက်တံရောင် အလင်းတန်းကို အာကာသ ဝေဟင်ဂိုဏ်းက သူတို့၏ ဂိုဏ်းဝင်များနှင့် ပစ္စည်းများကို ပို့ဆောင်ရာတွင် အသုံးပြုလေ့ရှိကြောင်း သူမ သိထားသည်။ များသောအားဖြင့် အသုံးပြုသည်က ပစ္စည်းများအတွက် ဖြစ်သည်။
ဝေ့ဝူယင်သည် ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်းကို ကြည့်ရှုရင်း သူ့လည်ပင်း၌ ဆွဲထားသည့် အနန္တ ဟင်းလင်းပြင် သလင်းကျောက်ကို အသာအယာ ထိတွေ့လိုက်၏။ ဤအလင်းတန်းကို အသုံးပြုရန် လိုအပ်သည့် စွမ်းအင်မှာ အလွန်တရာ များပြားလှကြောင်း သူ သိရှိထားသည်။
သင်္ဘောပေါ်ရှိ အစီအရင်များ၏ လှုပ်ရှားမှုများ ပြင်းထန်လာသည်နှင့်အမျှ သင်္ဘော၏ စွမ်းအင်များ ကုန်ဆုံးလာကြောင်း လူတိုင်း သိသိသာသာ ခံစားနေရသည်။ ထို့ပြင် သင်္ဘောမောင်းနှင်နေသည့် လူအိုကြီးမှာလည်း တစ်စက္ကန့်ထက် တစ်စက္ကန့် ပိုမို ဖြူရော်လာနေသည်။ ဤလုပ်ရပ်က သူ့အပေါ်တွင် ကြီးမားသော ဖိအားကို ဖြစ်စေသည်မှာ ထင်ရှားလှသည်။
"ဒါက တကယ်ရော လိုအပ်လို့လား"