← Chapters

အခန်း (၁၈၇၄)

Vol. 134 Ch. 1874

အခန်း (၁၈၇၄)

Vol. 134 Ch. 1874

"ဒါက တကယ်ရော လိုအပ်လို့လား"

ယောင်ဟုန်ရီက သံသယရှိသော လေသံဖြင့် မေးလိုက်၏။ သူ၏ မေးခွန်းမှာ သင်္ဘောကို မောင်းနှင်နေသည့် လက်တစ်ဖက်တည်းရှိသော လူအိုကြီးထံသို့ ဦးတည်နေခြင်း ဖြစ်သည်။

"..."

လူအိုကြီးမှာမူ ဘာမှ မကြားရသည့်အလား တိတ်ဆိတ်နေဆဲပင်။

သခင်လေးရှန့်က သူ့ ကိုယ်စား ဝင်ရောက်ရှင်းပြ၏။

"ဒီချိပ်ပိတ်နယ်မြေရဲ့ အပြင်ဘက်မှာ ကောင်းကင်ရင်းမြစ် ချိပ်စည်းရှိနေတယ်... အပိုဆောင်း အနှောင့်အယှက်တွေ ကင်းဝေးအောင် အဲဒီချိပ်စည်းကိုပါ တစ်ချက်တည်းနဲ့ ဖောက်ထွက်နိုင်ဖို့ အရှိန်ယူနေတာပါ"

"ကောင်းကင်ရင်းမြစ် ချိပ်စည်း ဟုတ်လား..."

ထိုအမည်ကြောင်း လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြ၏။ ၎င်းမှာ အတွင်းရှိ လူများ ထွက်မပြေးနိုင်အောင် အာဏာရှင် အင်ပါယာကြီးများက ပြုလုပ်ထားသည့် ကောက်ကျစ် ယုတ်မာသော ချိပ်ပိတ်မှုတစ်ခုလား။

သခင်လေးရှန့်က ပြုံးလိုက်သော်လည်း ထပ်မံ ရှင်းမပြတော့ပေ။ သူက ဝိုင်ဗူးထဲမှ ဝိုင်များကို နောက်ထပ် တစ်ဝ မော့သောက်လိုက်ပြန်၏။ ထိုဗူးထဲ၌ ဝိုင်များမှာ အဆုံးမဲ့စွာ ရှိနေသည့် အလားပင်။

ထိုမျှလောက် သောက်ထားလင့်ကစား သူ၏ စကားပြောသံမှာ နေသာသည့် နေ့တစ်နေ့ ကဲ့သို့ ရှင်းလင်းနေပြီး သူ၏ လှုပ်ရှားမှုများမှာလည်း ပျင်းရိဟန် ပေါက်နေရုံမှလွဲ၍ ဟန်ချက်ပျက်ခြင်း မရှိပေ။ သို့သော်လည်း... သူ မူးနေသည်မှာ အမှန်ပင်။ သူ သောက်ထားသော ဝိုင်ပမာဏမှာ သာမန် လျှို့ဝှက် ကြယ်တာရာ အဆင့် တစ်သောင်းခန့်ကိုပင် သေစေနိုင်လောက်သော ပမာဏ ဖြစ်သည်။

ရုတ်တရက်ဆိုသလို လူတိုင်း၏ နှလုံးသားထဲတွင် မလုံခြုံမှုများ ဖြစ်ပေါ်လာ၏။ ယောင်ဟုန်ရီက မြားထုတ်ရန် အသင့်ရှိသည့်အလား သူ၏ မြားအိတ်လွတ်ဆီသို့ လက်လှမ်းလိုက်သည်။ ရွှေဖုန်းပေါင်၏ မျက်လုံးများတွင် မီးလျှံရောင်အလင်းများ တောက်ပလာ၏။ စုမေ့က ဓားလက်ကိုင်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ ယွီစွန်းလီ၏ ခန္ဓာကိုယ်မှာ တင်းမာသွားပြီး ချောင်စွေ့ဖုန်းမှာလည်း တုန်လှုပ်သွားခဲ့၏။ သူတို့အားလုံးမှာ ကိုယ်စီတုံ့ပြန်မှုများ ရှိနေကြသည်။

"အဲဒါ ဘာလဲ"

ယောင်ဟုန်ရီက မေးလိုက်သည်။

“သူတော်စင်တွေရဲ့ ဝိညာဉ်အာရုံ..."

သခင်လေးရှန့်က ဝိုင်ကို ထပ်မံသောက်ရင်း ပြောလိုက်သည်။ သူ၏ မျက်လုံးများက ကြောက်ရွံ့မှု ကင်းမဲ့နေသလို ခန္ဓာကိုယ်မှာလည်း တည်ငြိမ်နေဆဲပင်။

ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်းမှာ ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားခဲ့၏။

သင်္ဘောအား မောင်းနှစ်နေသည့် လူအိုကြီး၏ မျက်လုံးများတွင် အလင်းတစ်ချက် တောက်ပသွားပြီး ဝမ်းမြောက်ဝမ်းသာ အော်ဟစ်လိုက်သည်။

"ငါတို့ လွတ်လာပြီ..."

ဆက်တိုက် ဆိုသလိုပင် သူ၏ ခန္ဓာကိုယ်မှာ တုန်ရီသွားကာ ပါးစပ်မှ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။ ကောင်းကင်ရင်းမြစ် ချိပ်စည်းမှာ ဝင်ရန် အလွန်လွယ်ကူသော်လည်း၊ ကောင်းကင်ရှန့်ထိုအဆင့်နှင့် အထက်ရှိသူများအတွက် ထွက်ခွာရန်မှာ အလွန်ပင် ခက်ခဲလှသည်။ လူအိုကြီး၏ လျှို့ဝှက် စိတ်အာရုံမှာ ပြင်းထန်သည့် တုံ့ပြန်မှုဒဏ်ကို ခံလိုက်ရပြီး သူ၏ လျှို့ဝှက်ဝိညာဉ်မှာလည်း နာကျင်စွာ တုန်ခါနေတော့၏။

ချောင်စွေ့ဖုန်းသည်လည်း ဝမ်းဗိုက်အောက်ပိုင်းရှိ ထျန်းတျန် နေရာမှ စူးခနဲ နာကျင်မှုကို ခံစားလိုက်ရသည်။ သူမသည် ဝမ်းဗိုက်ကို ထိတွေ့ရင်း ထျန်းတျန် အတွင်းရှိ ပြောင်းလဲမှုများကို အာရုံခံကြည့်လိုက်၏။ ထိုအရာက အရေးမပါလှသည့် လုပ်ရပ် တစ်ခု ဖြစ်သော်လည်း... လက်တစ်ဖက်တည်းရှိသည့် လူအိုကြီးမှာ ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်သက်သာရာ ရသွားသည်။

ချောင်စွေ့ဖုန်းဟု ခေါ်သည့် ထိုမိန်းမမှာ အမှန်တကယ်ပင် မြေကြီးရှန့်ထိုအဆင့်တွင်သာ ရှိနေသေးသည်။ အကယ်၍ သူမသာ ကြယ်ကိုးပွင့် ရှန့်ထို နန်းတော်မှ ကျင့်ကြံခြင်း အခြေခံကို မြေကြီး ရှန့်ထို အဆင့်ထိ လျှော့ချ ချိပ်ပိတ်၍ စေလွှတ်ထားသည့် ကျင့်ကြံသူ တစ်ဦး ဆိုပါက သူမ၏ တုံ့ပြန်မှုမှာ သူနှင့် တူလျှင်တူ၊ မတူလျှင် သူ့ထက်ပင် ဆိုးရွားနိုင်ပေလိမ့်မည်။

တစ်ဖက်တွင်မူ ဝေ့ဝူယင် အပါအဝင် သေမျိုးများမှာ မည်သည့်အရာကိုမျှ ခံစားရခြင်း မရှိပေ။

"ရှင်... အဆင်ပြေရဲ့လား"

ယွီစွန်းလီက မေးလိုက်၏။ လူအိုကြီးက သူ၏ နှုတ်ခမ်းပါးများပေါ်မှ သွေးစများကို သုတ်လိုက်ရင်း သူမကို ပြုံးပြကာ ခေါင်းညိတ်ပြလိုက်သည်။

"ငါ အဆင်ပြေသွားမှာပါ"

သူ၏ လေသံက အားနည်းနေသည်။

"ခင်ဗျား ဒဏ်ရာရထားတာဆိုတော့ ကျွန်တော် ချိပ်ပိတ် ကျင့်ကြံမယ့် အချိန်ကို ခဏလောက် ဆိုင်းငံ့ထားလိုက်မယ်...”

ဝေ့ဝူယင်က ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်းကို စူးစမ်းစွာ ကြည့်ရင်း ပြောလိုက်သည်။ သင်္ဘော၏ စွမ်းအင်အရ ဤအလင်းတန်းမှာ ကျင့်ကြံသူ တစ်ဦး၏ ကျင့်ကြံခြင်း အခြေခံ သို့မဟုတ် အမတေ ကျောက်တုံးများကဲ့သို့ ပြင်ပ စွမ်းအင်များ မသုံးလျှင် သုံးရက်ခန့်သာ ခံပေလိမ့်မည်။

"ဘာပြဿနာမှ မဖြစ်အောင်လို့ပါ..."

ဝေ့ဝူယင်က ပြောရင်း ဘေးနားရှိ ယွီစွန်းလီကို ကြည့်လိုက်သည်။ သူ မိန်းကလေး၏ လက်ကို ပိုမို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း ပြုံးပြလိုက်၏။

ချောင်စွေ့ဖုန်းမှာ ထိုနှစ်ဦးကို ဘေးတစောင်း ကြည့်ရင်း စိတ်ထဲမှ နှုတ်ခမ်းဆူမိသည်။ လူငယ်မှာ တစ်ချိန်က ချောင်စွေ့ဖုန်းမှာ သူ၏ မိန်းမ ဖြစ်ကြောင်း ရဲတင်းစွာ ပြောဆိုခဲ့ဖူးသော်လည်း ယခုအခါတွင်မူ ပိုမိုနုပျိုပြီး လှပသည့် မိန်းမငယ်လေး တစ်ဦးကို တကူးတက ချစ်ပြနေခြင်းက လူအိုကြီး၏ အမြင်တွင်တော့ မျှော်လင့်ထားပြီးသား အခြေအနေတစ်ခုပင်။

သို့သော် သူ ဝေ့ဝူယင်ကို အပြစ်မတင်ပေ။ မိမိ၏ ဒဏ်ရာကို ကုသရန်သာ အာရုံစိုက်လိုက်ပြီး အဆင့်နိမ့် လျှို့ဝှက်လောက အဆင့် ကုသရေး ဆေးတစ်မျိုးကို ထုတ်ယူကာ တွန့်ဆုတ်ခြင်းမရှိဘဲ သောက်လိုက်သည်။

ဟူး... ဟူး...

သင်္ဘောမှာ ရွေ့လျားနေသလား ရပ်နေသလား မည်သူမှ မသိပါချေ။ ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်းကြောင့် ဘေးပတ်ဝန်းကျင်တွင် ရှိနေသည့် မည်သည့်အရာကိုမျှ မမြင်နိုင်ဘဲ ရှိနေသည်။ ထို့ကြောင့်ပင် ဝေ့ဝူယင်သည် ကုန်းပတ်ပေါ်တွင်သာ နေထိုင်ပြီး လူတိုင်းကို နီးကပ်စွာ စောင့်ရှောက်ပေးခဲ့၏။

ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်းမှာ စွမ်းအင်များ သိုလှောင်ထားသည့်အတိုင်း သုံးရက်တိတိခန့် ကြာမြင့်ခဲ့သည်။ ထို့နောက် သူတို့ကို ဝန်းရံထားသည့် သက်တံရောင် အလင်းများမှာ ဖြည်းညင်းစွာ ပျောက်ကွယ်သွားတော့၏။

သူတို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ အရပ်မျက်နှာ အနှံ့အပြားတွင် အဆုံးမဲ့ ကြယ်တာရာ ကောင်းကင်ကြီး ရှိနေသည်ကို တွေ့လိုက်ရသည်။ မိုင်ပေါင်း သန်းတစ်ရာအတွင်း မည်သည့် ဂြိုဟ်နှင့် သက်ရှိအရိပ်အယောင်မျှ မရှိပေ။ သူတို့ မည်သည့် နေရာကို ရောက်နေကြသနည်း။

သခင်လေးရှန့်က ခေါင်းကို မော့လိုက်ပြီး ဝိုင်ကို ယခင်ကထက်ပင် ပိုမို များပြားစွာ သောက်လိုက်ပြန်၏။ သူ၏ မျိုချသံများမှာ အဆက်မပြတ် ထွက်ပေါ်နေသည်။

ဝိုင်ကြိုက်သည့် ဤသခင်လေးသည် ဝိုင်ထဲတွင်ပင် နစ်မွန်းသေဆုံးတော့မည်ဟု ရွှေဖုန်းပေါင် ခံစားလိုက်ရသည်။ မိနစ်တိုင်း နားချိန်မရှိဘဲ ဝိုင်သောက်နေတတ်သည့် လူမျိုးကို သူ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ၎င်းမှာ အလွန်အကျွံ ဖြစ်လွန်းလှသည်။

ရွှေဖုန်းပေါင် နောက်ဆုံးတွင် စိုးရိမ်စိတ်ဖြင့် "သခင်လေးရှန့်... ခင်ဗျား..." ဟု စတင် မေးမြန်းရန် ပြင်လိုက်စဉ်...

ဟူး... ဟူး...

လေထု၊ မန်နာစွမ်းအင်နှင့် အပူလှိုင်းတို့ ပြင်းထန်စွာ တိုးထွက်လာမှုကြောင့် သူ၏ စကားလုံးများမှာ တစ်ဝက်တစ်ပျက်တွင်ပင် ရပ်တန့်သွားရ၏။

ရွှေဖုန်းပေါင်၏ မီးလျှံရောင် မျက်လုံးများမှာ ချက်ချင်းပင် ကျဉ်းမြောင်းသွားခဲ့သည်။ လက်တစ်ဖက်ပြတ်နေသည့် လူအိုကြီးထံမှ မြင့်တက်လာနေသည့် အော်ရာများကို သူ ခံစားလိုက်ရသည်။ ၎င်းမှာ နတ်ဘုရားတစ်ပါး၏ အာဏာစက် ကဲ့သို့ပင် အလွန် ပြင်းထန်လှသည်။ ထိုကဲ့သို့ ကြီးမြတ်လှသည့် တည်ရှိမှု၏ ရှေ့မှောက်တွင် သူ၏ ဝိညာဉ်မှာ တုန်လှုပ်ရန်ပင် စွမ်းအား မရှိတော့ပဲ ငြိမ်သက်သွားရပြီး အသက်ရှူရန်ပင် ခက်ခဲသွားတော့၏။

သူတစ်ယောက်တည်း မဟုတ်ပေ။

လူတိုင်း၏ အကြည့်များမှာ လက်တစ်ဖက်တည်းရှိတော့သည့် လူအိုကြီးထံသို့ ရောက်ရှိသွားကြ၏။ သူ၏ အော်ရာမှာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး အနီရင့်ရောင် သွေးရောင်အလင်းတန်း တစ်ခုမှာ ကြယ်တာရာ ကောင်းကင်အတွင်း မိုင်ပေါင်းသန်းချီ၍ ထိုးဖောက်သွားလေတော့သည်။

"နောက်ဆုံးတော့..."

လူအိုကြီးက သူ၏ ပိန်သွယ်သွယ် လက်မောင်းကို ဆန့်ထုတ်ရင်း ပြောလိုက်၏။ သင်္ဘောထက်ရှိ လူအားလုံး၏ ဝိညာဉ်အာရုံများမှာ ဝေဝါးသွားကာ အာရုံစူးစိုက်၍ မရတော့ပေ။ သာမန်မျက်စိဖြင့်သာ ကြီးမြတ်လှသော အော်ရာ တစ်ခု ကောင်းကင်သို့ ပျံ့လွင့်နေသည်ကို မြင်တွေ့နိုင်ပေသည်။

သူ၏ ဝိညာဉ် အပေါ် ချိပ်ပိတ်မှုများမှာ ပြေပျောက်သွားပြီ ဖြစ်သည်။ သူ အစစ်အမှန် ကျင့်ကြံခြင်း အခြေခံကို ပြန်လည် ရရှိခဲ့ပြီ ဖြစ်လေသည်။

"သူ... သူက ကောင်းကင်ရှန့်ထို တစ်ယောက်လား"

ချောင်စွေ့ဖုန်းမှာ အလွန်အမင်း အံ့အားသင့်နေခဲ့ကာ စကားကိုပင် ချောမွေ့စွာ မပြောနိုင်တော့ပေ။

ဝေ့ဝူယင်ပင်လျှင် လူအိုကြီးကို အံ့အားသင့်သော အမူအရာဖြင့် ကြည့်လိုက်၏။

"ခင်ဗျားက... အာဏာရှင် ရှန့်ထို အဆင့်မှာ ရှိနေတာလား..."

သူ၏ အမူအရာမှာလည်း မယုံကြည်နိုင်အောင် ဖြစ်နေပုံ ရသည်။

"အာဏာရှင် ရှန့်ထို ဟုတ်လား..."

လူအိုကြီးက ပြုံးလိုက်ရာ သူ့ နှုတ်ခမ်းပါးများပေါ်တွင် ယုတ်မာသည့် အရိပ်အယောင် တစ်ခု စွဲထင်လာ၏။ ထို့နောက် သူသည် စုမေ့ဘက်ကို လှည့်လိုက်သည်။

"ငါက သူတော်စင် တစ်ယောက်ပဲ...”

ရုတ်တရက်... အန္တရာယ် အငွေ့အသက်များကို ခံစားလိုက်ရလေရာ စုမေ့၏ မျက်လုံးများမှာ ချက်ချင်းပင် ကျဉ်းမြောင်းသွားခဲ့၏။

လူအိုကြီးက လက်သီးတစ်ချက်ကို ပစ်လွှတ်လိုက်သည်။ ၎င်းမှာ ရိုးရှင်းလှသော်လည်းမယုံနိုင်လောက်အောင် မြန်ဆန်ပြီး ကြောက်မက်ဖွယ် ကောင်းအောင် ပြင်းထန်လှသည်။

"မလုပ်နဲ့..."

ဝေ့ဝူယင်က အော်ဟစ်လိုက်ရင်း ဒြပ်စင်ကို ထုတ်ဖော်လိုက်၏။ သို့သော်လည်း... သူ မလှုပ်ရှားနိုင်မီမှာပင် ထိုလက်သီးမှာ စုမေ့ထံသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

အစစ်အမှန် သူတော်စင် အဆင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရသည့် သေမျိုးတစ်ဦးအနေဖြင့် မိန်းကလေးမှာ အော်ဟစ်ရန်ပင် အချိန်မရလိုက်ပေ။

“...”

မည်သည့် ပေါက်ကွဲသံမျှ မထွက်ပေါ်ခဲ့ပေ။ မည်သည့် သွေးစမျှ လွင့်စင်မလာခဲ့ပေ။ သူမ၏ ခန္ဓာကိုယ်မှာ လက်သီးတစ်ချက်တည်းဖြင့်ပင် အက်တမ်အဆင့်အထိ ပျက်စီးသွားကာ ပျောက်ကွယ်သွားခဲ့တော့သည်။

သူမ သေဆုံးသွားလေပြီ...။ ဝိညာဉ်လေးပင် ကျန်ရစ်ခြင်း မရှိတော့ပေ။

"မဟုတ်ဘူး...”

ကောင်းကင် တာအိုပင် ကြားနိုင်လောက်သည့် အော်ဟစ်သံကြီး တစ်ခု ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့၏။ စိတ်ကူး၍ပင် မရနိုင်လောက်အောင် ငရဲကျသကဲ့သို့ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များမှာ ကောင်းကင်ယံကို လွှမ်းမိုးသွားသည်။ ၎င်းတို့မှာ ကြယ်တာရာများကို မှေးမှိန်သွားစေကာ ဟင်းလင်းပြင်ကိုပင် ဖျက်ဆီးပစ်တော့မည့်အလား။

ဝေ့ဝူယင်သည် သူ၏ ဆေဘာကို လွှဲယမ်းလိုက်တော့၏။

All Chapters