← Chapters

အခန်း (၁၈၇၅)

Vol. 134 Ch. 1875

အခန်း (၁၈၇၅)

Vol. 134 Ch. 1875

ကလန့်...

ကောင်းကင်ဘုံကို အပိုင်းပိုင်းဖြတ်တောက်ကာ အချိန်ကာလကို ဖောက်ထွင်း၍ ဟင်းလင်းပြင်ကို ထိုးဖောက်ဖျက်ဆီးမည့် သတ်ဖြတ်ခြင်း အငွေ့အသက်များ ပြည့်နှက်နေသည့် ဆေဘာဓားချက်တစ်ချက်မှာ သက်ရှိမှန်သမျှကို မျိုးတုံးစေတော့မည့်အလား ကျဆင်းလာချေပြီ ဖြစ်သည်။

ထိုဓားအလင်းတန်း၏ အဟုန်မှာ အတိုင်းအဆမရှိ တုန်လှုပ်ချောက်ချားဖွယ် ကောင်းလှ၏။

ဆေဘာဓားချက်၏ တိုက်ခိုက်မှု နယ်ပယ်မှာ အလွန်တရာ တိကျကျစ်လျစ်လှပြီး လက်တစ်ဖက်ပြတ် အဘိုးအို၏ ပိန်လှီခြောက်ကပ်သော ခန္ဓာကိုဆီသို့သာ တည့်တည့်မတ်မတ် ဦးတည်နေသည်။ ပြင်းထန်လှသည့် ဆေဘာဓားချက်၏ ဟိန်းဟောက်သံများကြောင့် အဘိုးအို၏ ဝတ်ရုံမှာ မုန်တိုင်း လမ်းကြောင်းတွင် ရှိနေသည့် အလား တဖျပ်ဖျပ် လွင့်ပျံနေခဲ့သည်။

ချောင်စွေ့ဖုန်းနှင့် သခင်လေးရှန့်တို့မှာမူ အလိုအလျောက်ပင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ပြင်ဆင်လိုက်ကြပြီး သူတို့၏ မျက်နှာထက်တွင် ကြောက်ရွံ့ခြင်း၊ အံ့ဩခြင်းနှင့် လေးနက်ခြင်းတို့ အစီအရီ ဖြစ်ပေါ်လာသည်။ ၎င်းတို့၏ လျှို့ဝှက်အကာအကွယ်များ ထွက်ပေါ်လာချိန်မှာပင် ဓားအလင်းတန်းမှာ ရန်သူ့ထံသို့ ရောက်ရှိသွားချေပြီ ဖြစ်သည်။

လက်တစ်ဖက်ပြတ် အဘိုးအို၏ မျက်ဝန်းများမှာ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့၏။ ဤတိုက်ကွက်မှာ ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို ပြာပုံအတိ ဖြစ်စေနိုင်ပြီး သက်ရှိပေါင်းများစွာကို အဆုံးသတ်ပေးနိုင်သည့် အစွမ်းရှိပေသည်။ ၎င်းက ခိုင်မာပြတ်သားပြီး အပြစ်ဆိုဖွယ်မရှိအောင်ပင် ပြည့်စုံလွန်းလှသည်။

အခြားသူများအဖို့ ဤတိုက်ကွက်မှာ တုနှိုင်းမဲ့ ကြောက်မက် ဖွယ်ကောင်းသည့် အရာတစ်ခု ဖြစ်နိုင်ပါပေသည်။ သို့သော်လည်း... လူအိုကြီး၏ အမြင်တွင်မူ ဤသည်မှာ လက်သီးတစ်ချက်ဖြင့်သာ အဖြေထုတ်ရမည့် ပုစ္ဆာတစ်ပုဒ်သာ ဖြစ်၏။ သူ၏ ခက်ခဲကြမ်းတမ်းလှသော ကျင့်ကြံခြင်းလမ်းစဉ်တစ်လျှောက် ကြုံတွေ့ခဲ့ရသမျှ အတားအဆီးများမှာလည်း ဤကဲ့သို့ပင် ဖြစ်သည်။

ဝှစ်...

လူအိုကြီးက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ မိစ္ဆာတစ်ကောင်ကဲ့သို့ တည်ငြိမ်စွာဖြင့် ထိုးထုတ်လိုက်၏။ ဟင်းလင်းပြင် သင်္ဘော ပေါ်ရှိ လူတိုင်း၏ နှလုံးသား၊ စိတ်ဝိညာဉ်နှင့် အသိဉာဏ်တို့မှာ ပိန်လှီ၍ အရေးအကြောင်းများ ထင်ဟပ်နေသည့် လက်သီးဆုပ်ကြီး၏ ပုံရိပ်အောက်တွင် နစ်မြုပ်သွားခဲ့ကြသည်။ ထိုလက်သီးဆုပ်ထဲတွင် လောကကြီးကို အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးနိုင်သည့် နက်ရှိုင်းသော စွမ်းအားများ ကိန်းအောင်းနေပေသည်။

"ရွှမ်း..."

ချက်ချင်းပင် ဓားအလင်းတန်းမှာ ပြိုကွဲပျက်စီးသွားတော့၏။ ဖန်ခွက်ပေါင်း သောင်းခြောက်ထောင် တစ်ပြိုင်နက်တည်း ကွဲအက်သွားသည့် အလား စူးရှလှသော မြည်ဟီးသံကြီး ပေါ်ထွက်လာပြီး ဥပဒေသ အော်ရာများအဖြစ် လွင့်စဉ်သွားခဲ့သည်။

ဝေ့ဝူယင် အင်ပါယာ ဥပဒေသ အော်ရာမှာ ယခင်ကထက် များစွာ အားနည်းသွားချေပြီ။ ထိုဓားချက်ထဲတွင် အာကာသနှင့် အချိန် ဥပဒေသများလည်း မပါဝင်တော့ဘဲ ထူးဆန်းသော အခြား လျှို့ဝှက်ဥပဒေသများမှာလည်း သိသိသာသာ မှေးမှိန်သွားခဲ့သည်။

အဘိုးအိုသည် သူ၏ အတွေးမှန်ကန်ကြောင်း သိလိုက်ရသဖြင့် ကျေနပ်သွား၏။ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ အတွင်းတွင် ရှိနေသရွေ့ သက်ရှိပေါင်း ကုဋေကုဋာတို့၏ ကိုးကွယ်ယုံကြည်မှု အင်အားများ ဝိုင်းရံနေသဖြင့် ဝေ့ဝူယင်မှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ သို့သော်လည်း... ယခုတွင်တော့ အပြင်ဘက်သို့ ရောက်ရှိလာပြီ ဖြစ်လေရာ သူ အသုံးပြုနေသည့် အင်ပါယာ ဥပဒေများမှာ ယခင်ကလိုမျိုး အစွမ်းမထက်နိုင်တော့ဘဲ အခွံသက်သက်သာ ကျန်ရှိပေတော့သည်။

အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံဟု ခေါ်သည့် ကောင်းကင် ရတနာသာ မရှိလျှင် ဝေ့ဝူယင်လို သေမျိုး တစ်ယောက် အနေဖြင့် အာကာသနှင့် အချိန် ဥပဒေသများကို မည်သို့ အလွယ်တကူ အသုံးချနိုင်ပါမည်နည်း။

အမှန်တရားကို မြင်လိုက်ရသည့်အခါ လူအိုကြီးမှာ ဝေ့ဝူယင်အတွက် နှမြောမိသလို စိတ်သက်သာရာလည်း ရသွားသည်။

ဝေ့ဝူယင်မှာ ကိုယ်တိုင်ကိုယ်ကျ အချိန်၊ အကာသ ဥပဒေသများအပေါ် သာမည အာဏာကို နားလည် မထားလေရာ သူ၏ သေမျိုးစိတ်ဝိညာဉ်ထံမှ ထိုစွမ်းအားများကို လုယူရန် အခွင့်အရေး မရှိတော့သဖြင့် နှမြောစရာ ဖြစ်သော်လည်း၊ ဝေ့ဝူယင်သာ ထိုအရာများကို ပိုင်ဆိုင်ထားပါက နောင်တွင် ကြီးမားသော ပြဿနာများ ဖြစ်လာနိုင်သဖြင့် စိတ်သက်သာရာ ရသွားခြင်းလည်း ဖြစ်သည်။

လူအိုကြီး၏ လက်သီးချက်မှာ ဆေဘာဓားအလင်းတန်းကို ဖျက်ဆီးပြီးနောက် ဝေ့ဝူယင်ထံသို့ တည့်တည့်မသွားဘဲ ဘေးဘက်သို့ ဝေ့ဝိုက်သွား၏။

"..."

ဝေ့ဝူယင်မှာ သူ အစွမ်းကုန် ထုတ်သုံးထားသော ဓားချက်မှာ ဤမျှလွယ်ကူစွာ ချေဖျက်ခံလိုက်ရသဖြင့် အံ့အားသင့်သွားသော်လည်း၊ သူ၏ မျက်ဝန်းထဲမှ အမျက်ဒေါသများမှာမူ မငြိမ်းသတ်နိုင်ဘဲ နောက်ထပ် တစ်ချက် လွှဲရန် ပြင်လိုက်ပြန်သည်။

သို့သော် အဘိုးအို၏ တိုက်ကွက်မှာ လမ်းကြောင်းပြောင်းသွားသဖြင့် သူ နောက်တစ်ကြိမ် ဆွံ့အသွားရပြန်၏။

"အား..."

ချောင်စွေ့ဖုန်း၏ နှုတ်ဖျားမှ ထိတ်လန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာသည်။ သူမ၏ မပြည့်စုံသေးသည့် လျှို့ဝှက်အကာအကွယ်မှာ လက်တစ်ဖက်ပြတ် အဘိုးအို၏ လျှို့ဝှက်စွမ်းအား လှိုင်းများကိုပင် မခုခံနိုင်ဘဲ တစ်စစီ ပျက်စီးသွားခဲ့ကာ လွတ်မြောက်နိုင်စွမ်းမရှိသည့် ဖိအားကြီး တစ်ခုအောက်တွင် သူမ ပိတ်မိသွားတော့သည်။

ဘုန်း...

စကားတစ်လုံးပင် မပြောနိုင်ခင်မှာပင် လက်သီးအရှိန်အဟုန်မှာ သူမ၏ ကိုယ်ပေါ်သို့ ကျရောက်သွားချေပြီ။ ချောင်စွေ့ဖုန်းမှာ လျှို့ဝှက်အာဏာရှင် တစ်ဦး ဖြစ်သော်လည်း စုမေ့ ကဲ့သို့ပင် ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီ ကွဲအက်သွားခဲ့၏။

သူမ၏ လျှို့ဝှက်ဝိညာဉ်နှင့် လျှို့ဝှက်အမြုတေတို့မှာ အသေခံ၍ ခုခံသဖြင့် ခန္ဓာကိုယ်မှာ ပေါက်ကွဲသွားကာ သင်္ဘောဖြူပေါ်မှ ပျောက်ကွယ်သွားတော့၏။

အခြားသူများမှာ ပေါက်ကွဲမှုဒဏ်ကြောင့် နောက်သို့ လွင့်စင်သွားကြသော်လည်း သင်္ဘော၏ အကာအကွယ် အစီအရင် စက်ကွင်းများကြောင့် အပြင်သို့ လွင့်စဉ် မထွက်ဘဲ မမြင်ရသည့် အတားအဆီးနှင့် ရိုက်မိကာ အရိုးများ ကျိုးကြေသည့် အသံများ၊ သွေးသားများ ပေါက်ကွဲသည့် အသံများ နားမခံသာအောင်ပင် ထွက်ပေါ်လာတော့သည်။

"ဆိုတော့ သူတို့က ဖုန်းကွယ်ထားတဲ့ ပါရမီရှင်တွေ မဟုတ်ကြဘူးပေါ့လေ..."

လူအိုကြီးမှာ စိတ်သက်သာရာ ရစွာဖြင့် ရေရွတ်လိုက်၏။ ချောင်စွေ့ဖုန်းမှာ ဝေ့ဝူယင်၏ ဘေးတွင် အသွင်ယူကာ စောင့်ရှောက်နေသည့် လျှို့ဝှက်ပါရမီရှင်တစ်ဦး ဖြစ်မည်ဟု သူ တစိုက်မတ်မတ် ထင်မှတ်နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ကျင့်ကြံခြင်း အခြေခံ ချိပ်ပိတ်ခံထားရစဉ်က သူမအပေါ် ရိုင်းစိုင်းစွာ မပြုမူရဲခဲ့ခြင်း ဖြစ်သည်။

ထို့အပြင်... ဓားကိုင်ထားသည့် အနက်ရောင် ဆံပင်နှင့် မိန်းကလေးထံတွင်လည်း မြေကြီးရှန့်ထို တစ်ယောက်၏ အလင်းတန်း အငွေ့အသက်များ ရှိနေသဖြင့် သူမကိုလည်း အဓိကထား ကာကွယ်ခဲ့ရသေးသည်။ ယခုအခါ လျှို့ဝှက်ပါရမီရှင်ဟု ယူဆရသူနှစ်ဦးလုံးကို ရှင်းလင်းပြီးဖြစ်သဖြင့် အဘိုးအိုမှာ အတိုင်းမသိ ကျေနပ်သွားတော့သည်။

"ကလန့်..."

ဆေဘာ ဓားဟိန်းသံတစ်ခု ထပ်မံထွက်ပေါ်လာပြန်၏။ ဝေ့ဝူယင်သည် ဒေါသတကြီး ပြေးဝင်လာကာ သူတတ်နိုင်သမျှ ဓားချက်ပေါင်း ထောင်ချီ၍ ဆက်တိုက် လွှဲယမ်းလိုက်လသေည်။ ဓားအလင်းတန်းများစွာမှာ မိုးရေစက်များအလား ကျဆင်းလာ၏။

"မသုံးမဝင်ဘူး..."

အဘိုးအိုက လက်သီးကို နောက်တစ်ကြိမ် ဆုပ်လိုက်၏။ နှစ်ပေါင်း တစ်သိန်းကျော် ကျင့်ကြံအားထုတ်မှုနှင့် တိုက်ပွဲပေါင်းများစွာမှ ရရှိလာသည့် စွမ်းအားများမှာ သူ၏ ခန္ဓာကိုယ် တွင်း၌ ဟိန်းဟောက်လာကာ သူ၏ လက်သီးတွင် စုစည်းလာ၏။ ဤတတိယအကြိမ်မြောက် လက်သီးချက်မှာ ပထမနှင့် ဒုတိယအကြိမ်များထက် များစွာ ပိုမို အစွမ်းထက်လှ၏။

ဓားအလင်းတန်းတိုင်းမှာ တစ်ခဏချင်းအတွင်းမှာပင် ချေမှုန်းခံလိုက်ရပြီး သင်္ဘောပေါ်တွင် အလင်းစက်များအဖြစ် ကြွေကျကုန်သည်။ ဝေ့ဝူယင်၏ ဆေဘာမှာ အစိပ်စိပ် အမွှာမွှာ ကွဲအက်သွားကာ သူ၏ လက်မောင်းနှစ်ဖက်လုံးမှာလည်း အသွေး၊ အသားနှင့် အရိုးများအဖြစ် ပေါက်ကွဲထွက်သွားတော့၏။

ဘုန်း...

သူ၏ ကိုယ်ခန္ဓာမှာ သင်္ဘော၏ မမြင်ရသော အတားအဆီးနှင့် ရိုက်မိသွားပြီး နာကျင်စွာ ညည်းတွားသံ တစ်ခု ကောင်းကင်ယံသို့ တိုင်အောင်ပင် ထွက်ပေါ်လာရ၏။

မမြင်နိုင်သည့် အကာအရံကို မှီရင်း ဝေ့ဝူယင်၏ မျက်ဝန်းတို့မှာ အရှေ့မှ ပိန်လှီလှီ ပုံရိပ်ကို အားယူ၍ ကြည့်နေသည်။ ထိုပုံရိပ်ကို သူ၏ မှတ်ဉာဏ်ထဲတွင် စွဲထင်နေစေရန် ကြိုးစားနေသည့်အလား။ တစ်ချိန်တည်းမှာပင် ပြင်ပ စွမ်းအားတစ်ခုမှာ သူ၏ အသိစိတ် ပင်လယ်၊ သွေးကြောများနှင့် ထျန်းတျန်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာ၏။

စက္ကန့်၏ အပုံတစ်သောင်းပုံ တစ်ပုံမျှသော အချိန်အတွင်းမှာပင် ဝေ့ဝူယင်၏ ကျင့်ကြံခြင်း အခြေခံ တစ်ခုလုံးမှာ လုံးဝဥဿုံ ချိပ်ပိတ်ခြင်း ခံလိုက်ရချေပြီ။

ဝေ့ဝူယင်မှာ သွားဖုံးများမှ သွေးထွက်သည်အထိ အံကို တင်းတင်းကြိတ်ထားမိ၏။ သူ၏ ရဲဘော်များမှာလည်း အလားတူ ကံကြမ္မာနှင့် ကြုံတွေ့နေရပြီး သတိလစ်လုနီးပါး ဖြစ်နေကြစာ်။ အဘိုးအိုမှာ ချောင်စွေ့ဖုန်းနှင့် စုမေ့တို့ကို အဓိက ရန်သူအဖြစ် သတ်မှတ်ကာ အစောကတည်းကပင် အမြစ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့ ရက်စက်ပြတ်သားလှသည့် အမူအရာမှာ အတားအဆီးများကို ဖယ်ရှားရာတွင် ကျွမ်းကျင်သည့် သူ၏ အတွေ့အကြုံကို ကောင်းစွာ သက်သေပြနေပေသည်။

"ဘာ... ဘာလို့လဲ..."

ဝေ့ဝူယင် အံကို တင်းတင်းကြိတ်ရင်း မေးလိုက်၏။ သို့သော်လည်း... သူ၏ တုန်ရီနေသည့် အသံက သူတော်စင် တစ်ဦး၏ ဖိအားကို မတွန်းလှန်နိုင်ကြောင်း သိသာလှသည်။

"သေမျိုးတစ်ယောက်အတွက်တော့ ထူးခြားတဲ့ ခန္ဓာကိုယ်ပဲ"

လူအိုကြီးက ဝေ့ဝူယင်၏ မေးခွန်းကို ဂရုမစိုက်ဘဲ သင်္ဘော၏ ကုန်းပတ်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ လောကကြီးကို ပျက်စီးစေနိုင်သည့် စွမ်းအားများ သင်္ဘောပေါ်တွင် ကျရောက်ခဲ့သော်လည်း သင်္ဘော၏ သံတစ်ချက်၊ ပျဉ်တစ်ချပ်မျှပင် မပျက်စီးခဲ့ပေ။ ဤသည်မှာ သူတော်စင် တစ်ဦး အတွက်ပင် အလွယ်တကူ မဖျက်ဆီးနိုင်သည့် တန်ဖိုးမဖြတ်နိုင်သော ရတနာ တစ်ခု ဖြစ်ပေသည်။

All Chapters