အခန်း (၁၈၇၆)
Vol. 134 Ch. 1876
ယခုအခါ သင်္ဘောပေါ်တွင် မတ်တပ်ရပ်နိုင်သူဟူ၍ ယွီစွန်းလီနှင့် သခင်လေးရှန့်တို့သာ ကျန်တော့သည်။ ကျန်သူများမှာမူ ချိပ်ပိတ်ခံထားရကာ အတားအဆီးနှင့် ကပ်လျက် ရှိနေကြ၏။ ယွီစွန်းလီမှာ အလွန်တရာ ကြောက်ရွံ့နေသဖြင့် သူမ၏ လှပသော မျက်နှာထက်တွင် ထိတ်လန့်မှုများ အထင်းသား ပေါ်နေသည်။ သူမ၏ တုန်ရီနေသော ပုံရိပ်မှာ မည်သည့် အမျိုးသား အတွက်မဆို သနား ဂရုဏာ သက်စေဖို့ လုံလောက်ပေသည်။
အားကိုးရာမဲ့နေသည့် သူမ၏ ပုံရိပ်ကို ကြည့်ကာ သခင်လေးရှန့်မှာ စိတ်မကောင်းဖြစ်မိသွား၏။
လက်တစ်ဖက်ပြတ် အဘိုးအိုကလည်း ယွီစွန်းလီကို ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများမှာ တည်ငြိမ်နေသော်လည်း အတွင်းစိတ်တွင်မူ လောဘရိပ်များ ယှက်သန်းနေ၏။
"တကယ့်ကို ရတနာလေးပါလား..."
"ရတနာ ဟုတ်လား..."
ယွီစွန်းလီက တုန်ရီနေသော အသံဖြင့် မေးရင်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သူမ၏ ခြေလှမ်းတိုင်းမှာ တောင်တစ်လုံးကဲ့သို့ လေးလံနေ၏။
"ရှင် ဘာ လိုချင်လို့လဲ... ဘာလို့ ဒါတွေ လုပ်နေရတာလဲ"
သူမ အားယူ၍ မေးရင်း ဝေ့ဝူယင်၏ အနားသို့ တိုးသွားခဲ့သည်။ သူမ၏ ထျန်းတျန်အတွင်းရှိ လျှို့ဝှက်အမြုတေမှာ ပေါက်ကွဲရန် အသင့်ဖြစ်နေပြီး လျှို့ဝှက်ဝိညာဉ်မှာလည်း တဖျပ်ဖျပ် လှုပ်ရှားနေသည်။ သူမ ဝေ့ဝူယင်ကို ကယ်ထုတ်ချင်နေသည်မှာ ထင်ရှားပေသည်။
"ဘယ်လောက်တောင် စိတ်ကူးယဉ် ဆန်လိုက်သလဲ"
လူအိုကြီးက ပြောရင်း လက်ကို မြှောက်လိုက်သည်။ ယွီစွန်းလီမှာ သူမ၏ ကျင့်ကြံခြင်း အခြေခံကို အစွမ်းကုန် သုံးကာ နောက်ဆုံးအကြိမ် ခုခံရန် ကြိုးစားလိုက်၏။ သူမ၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသော်လည်း အရှုံးမပေးလိုပေ။
သို့သော်လည်း... သူမ၏ ကျင့်ကြံခြင်း အခြေခံမှာ နိမ့်ပါးလွန်းလှသဖြင့် သိမ်းငှက်ရှေ့က ခရုတစ်ကောင်ကဲ့သို့ နှေးကွေးနေ၏။ အဘိုးအိုက လက်တစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် သူမ၏ ခန္ဓာကိုယ်မှာ ပြင်ပ စွမ်းအားတစ်ခု၏ ဖမ်းချုပ်မှုကို ခံလိုက်ရပြီး အချိန်နှင့် အာကာသ ချုပ်နှောင်မှုအတွင်းသို့ ရောက်ရှိသွားကာ ကျောက်ရုပ်ကဲ့သို့ ဖြစ်သွားတော့သည်။
"တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ ရတနာလေးပဲ"
အဘိုးအိုက ထပ်မံ ပြောကြားလိုက်သည်။ သူသည် ယွီစွန်းလီကို မိန်းကလေး တစ်ဦး၊ ကျင့်ကြံသူတစ်ဦးအဖြစ် မရှုမြင်ဘဲ ရတနာတစ်ခုအဖြစ်သာ သတ်မှတ်ထားခြင်း ဖြစ်သည်။
"ခင်ဗျား ကိစ္စတွေကို ရှုပ်ထွေးအောင် လုပ်နေတာ မဟုတ်ဘူးလား..."
သခင်လေးရှန့်က အရက်တစ်ငုံ သောက်ရင်း မေးလိုက်၏။
"သူ့ကို လွှတ်လိုက်စမ်း..."
ရုတ်တရက်... ဝေ့ဝူယင်၏ အသံမှာ အချုပ်အနှောင်များကို ဖောက်ထွက်၍ သင်္ဘောတစ်စင်းလုံး တုန်ခါသွားသည်အထိ ဟိန်းထွက်လာ၏။ ထိုအသံမှာ နဂါးတစ်ကောင်၏ အသံကဲ့သို့ပင် အားမာန်ပါလှသည်။
လူအိုကြီးက သခင်လေးရှန့်၏ စကားကို ဂရုမစိုက်ဘဲ ပခုံးတွန့်ပြလိုက်သည်။
"ဒီခရီးစဉ်ကနေ ငါ အများကြီး အမြတ်ထွက်ခဲ့ပြီ..."
သူက ဝေ့ဝူယင်ထံသို့ လက်ဝေ့ယမ်းကာ ဝိညာဉ် ချိပ်တံဆိပ်ပေါင်းများစွာကို ထပ်မံ ပြုလုပ်လိုက်၏။ ဝေ့ဝူယင်၏ လည်ပင်း၊ ပါးစပ်နှင့် ခြေလက်များမှာ လျှို့ဝှက်သင်္ကေတများဖြင့် ချည်နှောင်ခံလိုက်ရကာ မျက်လုံးများပင် ဖုံးအုပ်ခံလိုက်ရတော့သည်။
လူအိုကြီးမှာ သင်္ဘောကို ဆက်လက် မောင်းနှင်နေရင်း ယွီစွန်းလီကို ကြည့်ကာ ကျေနပ်နေ၏။ သခင်လေးရှန့်မှာမူ ဘေးတွင် ရပ်ရင်း အရက်ကိုသာ ဆက်သောက်နေတော့သည်။
"ဘာလို့လဲ..."
ရုတ်တရက် ဝေ့ဝူယင်၏ အသံမှာ ချုပ်နှောင်မှုများကို ဖောက်ထွက်၍ ထပ်မံ ထွက်ပေါ်လာပြန်၏။ လူအိုကြီးက မျက်မှောင်ကြုတ်၍ ကြည့်လိုက်ရာ သူ၏ လျှို့ဝှက်သင်္ကေတများမှာ သွေးများဖြင့် ပေါက်ကွဲပျက်စီးနေသည်ကို တွေ့လိုက်ရ၏။
"သွေးမျိုးဆက် စွမ်းရည်လား... ဆိုတော့ မင်းက မျိုးစပ်ကျင့်ကြံသူ တစ်ယောက်ပေါ့လေ"
သူတော်စင် အဆင့်၏ စွမ်းအားများကို ပြန်လည် ရရှိလာချိန်တွင် သူသည် ဝေ့ဝူယင်၏ ကျင့်ကြံခြင်း အခြေခံကို ပိုမို ရှင်းလင်းစွာ မြင်လာရသည်။ မျိုးစပ်ကျင့်ကြံသူ ဖြစ်နေသဖြင့်လည်း ဝေ့ဝူယင်၏ ခန္ဓာကိုယ် စွမ်းအားမှာ သခင်လေးရှန့်ကို ကန်ထုတ်နိုင်သည်အထိ ပြင်းထန်နေခြင်း ဖြစ်သည်။
လူအိုကြီးမှာ ချည်နှောင်မှုများကို ယခင်ကထက် ပိုမိုခိုင်မာအောင် ထပ်မံ ပြုလုပ်လိုက်ပြန်၏။ သို့သော် တစ်နာရီခန့်အကြာတွင် ဝေ့ဝူယင်၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။
"ဘာလို့လဲ... ငါ့ကို ပြောစမ်း... ဘာလို့လဲ"သူ၏ အသံမှာ မောပန်းနွမ်းနယ်နေသော်လည်း အမျက်ဒေါသများ ပြည့်နှက်နေ၏။
သခင်လေးရှန့်မှာ ဝေ့ဝူယင်၏ မလျှော့သော ဇွဲကြောင့် အနည်းငယ် စိတ်လှုပ်ရှားသွားသော်လည်း ဘာမှ ဝင်မပြောပေ။ ကျင့်ကြံသူများမှာ အကြောင်းပြချက် ပေးလေ့ရှိသူများ မဟုတ်ကြချေ။ သူတို့မှာ လက်သီးဖြင့်သာ စကားပြောလေ့ရှိကြသည် မဟုတ်ပါလား။
လူအိုကြီးမှာ ချည်နှောင်မှုများကို ယခင်ကထက် သုံးဆခန့် ပိုမို ပြင်းထန်အောင် ပြုလုပ်လိုက်၏။ ဝေ့ဝူယင်၏ အရိုးများမှာ တဂျွတ်ဂျွတ် ကျိုးကြေကုန်သော်လည်း သူ နည်းနည်းမျှ အော်ဟစ်ခြင်း မရှိပေ။
သို့သော်လည်း နာရီ အနည်းငယ် ကြာအပြီးတွင် ဝေ့ဝူယင်မှာ တစ်ဖန် လွတ်မြောက်လာပြန်သည်။ သူ၏ ပါးစပ်မှ အစီအရင်များမှာ ပျက်စီးသွားကာ အင်ပါယာ ဥပဒေသ အော်ရာများမှာ စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံး နေရာမှ လည်ချောင်းထဲသို့ တိုးထွက်လာ၏။
"ငါ မင်းနဲ့ လိုက်ခဲ့မယ်လို့ သဘောတူခဲ့တယ်လေ... ပြီးတော့ မင်းတို့ရဲ့ သခင်မလေးကို ငြင်းပယ်ဖို့လည်း သဘောတူခဲ့တယ်... ဘာလို့လဲ..."
ဝေ့ဝူယင်၏ အသံမှာ ဒေါသနှင့်အတူ သိချင်စိတ်များ ပြည့်နှက်နေပြီး တစ်ချိန်တည်း၌ တောင်းပန်တိုးလျှိုးနေသည့်အလား ခံစားရသည်။ ယွီစွန်းလီမှာ ချုပ်နှောင်ခံထားရဆဲ ဖြစ်သော်လည်း သူမ၏ ကျင့်ကြံခြင်း အခြေခံမှာမူ ထိခိုက်ခြင်း မရှိသေးပေ။
"မင်းရဲ့ စွမ်းအားတွေကို ‘ဘာလို့လဲ’ ဆိုတဲ့ မေးခွန်းအတွက် ဖြုန်းတီးနေတာလား..."
သခင်လေးရှန့်မှာ အံ့ဩသွားမိ၏။ သူသည် တစ်ခုခု ပြောရန် ပြင်သော်လည်း သက်ပြင်းသာ ချလိုက်ပြီး အရက်ကို ထပ်သောက်လိုက်ပြန်သည်။
လူအိုကြီးသည်လည်း အဖြေမပေးပေ။ သူက ထို့ပိဟန်ထံသို့ လက်ညှိုးညွှန်လိုက်ရာ လူအိုကြီး၏ ခန္ဓာကိုယ်မှာ တစ်စစီ ပျက်စီးသွားပြီး စိတ်ဝိညာဉ်ပါ ချေမှုန်းခံလိုက်ရလေ၏။
“...”
ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှ ပြင်းထန်သည့် အင်အားများ ပေါက်ကွဲ ထွက်ပေါ်လာသော်လည်း လူအိုကြီး လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်နှင့် ချည်နှောင်မှုများမှာ ပြန်လည် ခိုင်မာသွားပြန်သည်။ သူ့ထံတွင် အကြောင်းပြချက် ပေးရန် အစီအစဉ် မရှိပေ။
"ငြိမ်ငြိမ်နေစမ်း... မဟုတ်ရင် ကျန်တဲ့သူတွေလည်း သေကုန်မယ်"
"သူ မင်းကို မသတ်ပါဘူး"
သခင်လေးရှန့်က သင်္ဘောလက်ရန်းကို မှီရင်း ကြယ်များကို ကြည့်ကာ ပြောလိုက်သည်။
"မကြာခင် အားလုံး ပြီးဆုံးသွားပါလိမ့်မယ်"
အချိန်ကာလတို့ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့၏။
မိနစ်...
နာရီ...
သူတို့၏ ရည်ရွယ်ချက်က အဘယ်နည်း၊ အဘယ်ကြောင့် ဤသို့ ပြုမူရသနည်းဟူသော မေးခွန်းအတွက်မူ မည်သည့် အဖြေမှ ထွက်ပေါ်မလာခဲ့ပေ။ ခရီးစဉ်တစ်လျှောက်လုံး သူတို့သည် နှုတ်ဆိတ်နေခဲ့ကြသည်။ ဝေ့ဝူယင်ကလည်း လက်လျှော့ခြင်းမရှိချေ။ သို့သော်လည်း... ချည်နှောင်မှုများကို ရုန်းကန်ရန် ကြိုးစားတိုင်း ပြင်းထန်သော နှိပ်စက်ညှဉ်းပန်းမှုများနှင့်သာ ရင်ဆိုင်ခဲ့ရ၏။
ထို့နောက်တွင် ယောင်ဟုန်ရီ မှာလည်း အသတ်ခံလိုက်ရပြန်သည်။ ဝေ့ဝူယင်သည် သူ၏ ဝှက်ဖဲမှန်သမျှကို အစွမ်းကုန် ထုတ်သုံးကာ ရုန်းကန်ခဲ့သော်လည်း တစ်ဖန် ပြန်လည် ဖမ်းဆီးခံရကာ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြရစမြဲ ဖြစ်သည်။
နောက်ဆုံးတွင် ဝေ့ဝူယင်သည် အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ ၏ လျှို့ဝှက်ကျင့်စဉ်ကို အသုံးပြု၍ ချည်နှောင်မှုများမှ လွတ်မြောက်အောင် ရုန်းထွက်ကာ လက်တစ်ဖက်ပြတ် အဘိုးအိုအား ထပ်မံ တိုက်ခိုက်ခဲ့သေးသည်။
"မင်းမှာ လှည့်ကွက်တွေ ဘယ်လောက်တောင် ကျန်သေးတာလဲ"
လူအိုကြီးပင်လျှင် အံ့အားသင့်သွားရ၏။ သူသည် ဝေ့ဝူယင်အား အချိန်ကာလ ချုပ်နှောင်မှုအတွင်း ထည့်ထားခဲ့သော်လည်း၊ ဝေ့ဝူယင်၏ သွေးမျိုးဆက်မှာ အချိန်နှင့် သက်ဆိုင်သည့် နဂါးမျိုးနွယ်မှ ဆင်းသက်လာခြင်းဖြစ်သဖြင့် ထိုချုပ်နှောင်မှုမှာ ထိရောက်မှု မရှိခဲ့ပေ။ ၎င်းက မည်သည့် နဂါးမျိုးနွယ် ဖြစ်သနည်း။ အလွန်ပင် ထူးဆန်းလှပေသည်။
"..."
အချိန်က ဆက်လက် ရွေ့လျားနေဆဲ ဖြစ်သည်။ နာရီများကို ဖြတ်ကျော်၍ နေ့ရက်များပင် ကုန်လွန်သွားခဲ့သည်။
လူအိုကြီးသည် ကျောက်ရုပ်ကဲ့သို့ အေးခဲနေသည့် ယွီစွန်းလီ ကို အာရုံစိုက်ကာ ကြည့်နေခဲ့၏။ သူ၏ လက်ထဲတွင်မူ အနက်ရောင် အသွေးအသားနှင့် တူသည့် လိမ်တွန့်ကာ ကြောက်မက်ဖွယ်ကောင်းလှသော အရာဝတ္ထုတစ်ခုကို ကစားနေသည်။ ထိုအရာ၏ အတွင်းပိုင်းတွင် နို့နှစ်ရောင်ကဲ့သို့ ဖြူစင်သည့် အသက်ဓာတ်နှင့် ဝိညာဉ်အော်ရာများ ကိန်းအောင်းနေ၏။ ၎င်းမှာ နက်ခရို အသိုက်ပင် ဖြစ်တော့သည်။
"သူ့ကို ငါတို့နဲ့အတူ ခေါ်သွားဖို့ တကယ်ပဲ စဉ်းစားနေတာလား... တကယ်လို့ တခြားသူတွေသာ သူ့ရဲ့ တည်ရှိမှုကို သိသွားရင် လုယူဖို့အတွက်နဲ့တင် သတ်ကြဖြတ်ကြလိမ့်မယ်"
သခင်လေးရှန့်က စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။
"..."
လက်တစ်ဖက်ပြတ် အဘိုးအိုက ပြန်မဖြေပေ။ ထိုအစား သူက ဒဏ်ရာဗရပွဖြင့် သေလုမျောပါး ဖြစ်နေသည့် ဝေ့ဝူယင်ကိုသာ စိုက်ကြည့်နေမိ၏။ ဝေ့ဝူယင်မှာ လွတ်မြောက်ရန် နည်းလမ်းအမျိုးမျိုး အသုံးပြုခဲ့သဖြင့် သူ့ အတွက် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည်ကတော့ အမှန်ပင်။ သို့သော်လည်း... ကံကောင်းထောက်မစွာပင် အချိန်ကန့်သတ်ချက် ရှိနေမည် ဖြစ်သဖြင့် ထိုဝှက်ဖဲအချို့မှာ ဤကဲ့သို့ ရှည်လျားသော ခရီးစဉ်တွင် ဆက်လက် အသုံးမပြုနိုင်တော့ချေ။
"ဘာလို့လဲဆိုတာ ငါ့ကို ပြောပြလို့ရမလား"
သခင်လေးရှန့်၏ အသံမှာ အဘိုးအို၏ နားထဲသို့ တိုးဝင်လာသည်။ အဘိုးအိုက တိမ်တိုက်များကို ငေးကြည့်နေသည့် သခင်လေးရှန့်ကို လှည့်ကြည့်လိုက်၏။
သခင်လေးရှန့်၏ အသံမှာ တစ်ဖန် ပဲ့တင်ထပ်လာပြန်သည်။
"ဒီမိန်းကလေးက ဘာလို့ ဒီလောက်တောင် အရေးကြီးနေရတာလဲ... ငါတို့ ဘာလို့ ဒီလမ်းကြောင်းကို ရွေးခဲ့ရတာလဲ... ဝေ့ဝူယင်နဲ့ သူ့လူတွေကို ငါတို့ဘက် ပါအောင် စည်းရုံးလို့ ရသားပဲ... မင်းကိုယ်တိုင် ပြောခဲ့သလိုပဲ ဒီကောင်လေးက ပါရမီရှင် မိစ္ဆာတစ်ကောင်ပဲလေ"
"..."
လက်တစ်ဖက်ပြတ် အဘိုးအို၏ မျက်မှောင် ကြုတ်သွားခဲ့၏။
"သူက လောကရှန့်ထို အဆင့် အဂ္ဂိရတ်ပညာရှင် တစ်ယောက်တောင် ဖြစ်နေနိုင်တယ်... ဒါကို ငါတို့ ထည့်မစဉ်းစားသင့်ဘူးလား"
အသံက ကျိုးကြောင်းပြကာ နားချနေပြန်သည်။
‘လောကရှန့်ထို အဂ္ဂိရတ်ပညာရှင်...’
လူအိုကြီးမှာ ခဏတာ ငေးငိုင်သွားကာ သိချင်စိတ် ဖြစ်ပေါ်လာ၏။ ဝေ့ဝူယင်က ဘယ်တုန်းက လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် ဖြစ်နေသနည်း။
"မင်း မသိဘူးလား... မင်း မရိပ်မိဘူးလား"
သခင်လေးရှန့်’ အသံမှာ သူ၏ စိတ်နှင့် နှလုံးသားကို အဆက်မပြတ် ထိုးနှက်နေတော့သည်။
"..."
သူ၏ မျက်မှောင်မှာ ပို၍ပင် ကြုတ်သွားခဲ့သည်။
"သခင်လေးရှန့်..."
"သူ့ကို ပြောပြလိုက်စမ်းပါ... ရှင်းပြလိုက်စမ်းပါ... ဒါမှ အားလုံး ပြီးသွားမှာပေါ့"
သခင်လေးရှန့်၏ အသံမှာ အဘိုးအိုကို သိမ်းသွင်း ဖြားယောင်းသလို တိုးညှင်းစွာ ထွက်ပေါ်လာပြန်၏။ လူအိုကြီးမှာ တစ်စုံတစ်ခုကို စဉ်းစားနေသကဲ့သို့ စက္ကန့်အနည်းငယ်မျှ ငြိမ်သက်နေမိသည်။
‘မှားနေပြီ... တစ်ခုခုတော့ မှားနေပြီ...’
"ဟူး... ဒီလို အတုအယောင် ကမ္ဘာတစ်ခုထဲမှာတောင် မင်းရဲ့ ပင်ကိုယ်စရိုက်ကို အလွယ်တကူ လွှမ်းမိုးလို့ မရဘူးပဲ... မင်းက ကိုယ့်ရဲ့ အစီအစဉ်တွေကို ဘယ်သူ့ကိုမှ ရှင်းပြမယ့် လူစားမျိုး မဟုတ်ဘူးပဲ... တကယ့်ကို သတိကြီးတဲ့သူပဲ"
သခင်လေးရှန့်၏ ပါးစပ်များက လှုပ်သွားကာ အသံ တစ်ခု ထွက်ပေါ်လာ၏။ နှစ်ပေါင်း တစ်သိန်းကျော် ကျင့်ကြံလာခဲ့သည့် ကျင့်ကြံသူတစ်ဦးအား မိမိကိုယ်ကိုယ် ထိခိုက်စေမည့် ဆုံးဖြတ်ချက်မျိုး ချရန် အလွယ်တကူ ဖြားယောင်း၍ မရနိုင်ပေ။ ပင်ကိုယ်အားဖြင့် လူအိုကြီးမှာ အလွန်တရာ သတိကြီးပြီး လျှို့ဝှက်တတ်သူ ဖြစ်သည်။ သူသည် ကောက်ကျစ်စဉ်းလဲသလို အခြေအနေနှင့်အညီ ဟန်ပန်ကိုလည်း ပြောင်းလဲနိုင်စွမ်း ရှိပေသည်။
အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ ဖန်တီးထားသည့် ရှေးဟောင်း ချိပ်ပိတ် နယ်မြေ အတွင်း၌ ဝေ့ဝူယင်၏ စွမ်းအားမှာ အသာစီးရနေကြောင်း သိလိုက်ရသည့်အချိန်မှ စ၍ သူသည် ပြင်ပသို့ ရောက်သည် အထိ စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းခဲ့သည်။ ထို့အပြင် သူ့ကို ခြိမ်းခြောက်နိုင်သည်ဟု ယူဆရသည့် မည်သည့် လျှို့ဝှက်ရန်သူမျိုးကိုမဆို ကြိုတင်၍ အမြစ်ဖြတ်ခဲ့သည်။ သူသည် အလွန်ပင် စေ့စပ်သေချာလွန်းလှသည်။
"စိတ်အနှောက်အယှက် ဖြစ်စရာ ကောင်းလိုက်တာ..."
ခန့်ညားထည်ဝါသည့် အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာ၏။ သို့သော်လည်း ၎င်းမှာ သခင်လေးရှန့်၏ နှုတ်ဖျားမှ မဟုတ်တော့ချေ။
ရုတ်ချည်းပင်... အဝေးရှိ ကြယ်တာရာများမှာ တဖျပ်ဖျပ် တောက်ပသွားလိုက်၊ မှေးမှိန်သွားလိုက်ဖြင့် ကစဉ့်ကလျား ဖြစ်ကုန်လေသည်။
ထူးခြားသည့် အသံများနှင့် မြင်ကွင်းကြောင့် လက်တစ်ဖက်ပြတ် အဘိုးအိုမှာ တုန်လှုပ်သွားခဲ့ကာ ကျင့်ကြံခြင်း အခြေခံကို ထုတ်ဖော်၍ ဝိညာဉ်အာရုံဖြင့် စူးစမ်းလိုက်မိသည်။
‘ဘာတွေ ဖြစ်နေတာလဲ...’
သူ လက်တစ်ဖက်ကို ဝေ့ယမ်းကာ သခင်လေးရှန့်ကို လျှို့ဝှက်အကာအကွယ်ဖြင့် လွှမ်းခြုံ၍ သူ၏ အတွင်းပိုင်း လောက အတွင်း ဆွဲသွင်းလိုက်၏။ သူ ဘေးကင်းသရွေ့ သခင်လေးမှာလည်း ဘေးကင်းနေမည် ဖြစ်သည်။ သူသည် အဆောင် တစ်ခုကို ထုတ်ရန် ပြင်လိုက်စဉ်မှာပင် ကမ္ဘာကြီးတစ်ခုလုံးမှာ ရုတ်တရက် အစိတ်စိတ်အမွှာမွှာ စတင် ပျက်စီးလာခဲ့လေ၏။
ခရက်... ခရက်...
အမှောင် ဟင်းလင်းပြင်...
ကြယ်တာရာ ကောင်းကင်...
အနီးအနားရှိ ဂြိုဟ်များ...
အဝေးမှ ကြယ်စင်စုတန်းများ...
အဖြူရောင် သင်္ဘောကြီးနှင့် အေးခဲနေသည့် ယွီစွန်းလီ...။
ခရက်... ခရက်...
ထိုအရာအားလုံးမှာ မှန်တစ်ချပ် ကွဲအက်သွားသကဲ့သို့ အပိုင်းပိုင်း တစ်ခုပြီး ကြွေကျကုန်တော့၏။ ထို့နောက် သူ၏ လက်များ၊ ခြေထောက်များ...
"ဘာ... ဘာတွေ ဖြစ်နေတာလဲ..."
...
“သူ့ မျက်လုံးတွေက တကယ် လှတာပဲ...”
အမှန်စင်စစ် ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများကို စိုက်ကြည့်လိုက်သည့် အချိန်တည်းက လူအိုကြီးမှာ ဝေ့ဝူယင်၏ ပုံရိပ်ယောင် ကျင့်စဉ်အတွင်းသို့ ကျရောက်သွားခဲ့ခြင်း ဖြစ်သည်။
ပုံရိပ်ယောင် ကမ္ဘာထဲတွင် နေ့ရက်ပေါင်းများစွာ ကုန်လွန် သွားခဲ့သော်လည်း လက်တွေ့တွင်တော့ လူအိုကြီးသည် ချိပ်ပိတ် နယ်မြေအတွင်း၌သာ ဟင်းလင်းပြင်ကို ငေးကြည့်လျက် မတ်တပ်ရပ်နေဆဲပင်...။