အခန်း (၃၂)
Vol. 4 Ch. 32
ကြောင်ကြီးသည် ချန်ကျိုးကို တင်ဆောင်လျက် ကျင်းဟိုင် ဆေးရုံမှ ထွက်ခွာလာပြီး လမ်းဆုံတစ်ခုတွင် ဆင်းသက်လိုက်သည်။
သူ ပြေးထွက်ရန် ပြင်လိုက်စဉ်မှာပင် အမျိုးသမီးအသံတစ်သံ သူ့နောက်ကျောဘက်မှ လွင့်ပျံလာသည်။
"စီနီယာ"
ချန်ကျိုး လှည့်ကြည့်လိုက်ရာ လေထဲတွင် လွင့်မျောနေသော အဖြူရောင်ဝတ်စုံနှင့် သရဲမလေး တစ်ဦးကိုတွေ့လိုက်ရသည်။ မျက်နှာက ဖြူဖပ်ဖြူရော်၊ နူးညံ့ပြီး အားနွဲ့သည့် ပုံစံလေးဖြစ်ကာ အိမ်နီးနားချင်းကောင်မလေး တစ်ယောက်လို ရင်းနှီးဖွယ်ရာ ခံစားချက်မျိုး ပေးစွမ်းနေသည်။
ဒါ မနေ့ညက ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာတွေ့ခဲ့တဲ့ သရဲမလေးပဲ။
မနေ့ညက ချန်ကျိုး ယစ်မျက်ဝန်းအစီအရင်ကို ဖျက်ဆီးလိုက်တော့ သူမလည်း အဲဒီအစီအရင်ရဲ့ ချုပ်နှောင်မှုအောက်ကနေ လွတ်မြောက်သွားခဲ့သည်။
ဒါပေမဲ့ ကမ္ဘာကြီးက ကျယ်ဝန်းလှသလို ဒုတိယအဆင့် လက်စားချေလိုသောသရဲအဆင့်သာ ရှိသေးတဲ့ သူမအတွက်တော့ အန္တရာယ်တွေနဲ့ ပြည့်နှက်နေပါတယ်။ လူ့လောကမှာ သရဲနှင်၊ နတ်ဆိုးဖမ်းတဲ့ ကျင့်ကြံသူတွေ ရှိသလို၊ သရဲလောကမှာလည်း သရဲအချင်းချင်းပြန်စားတဲ့ သရဲတွေ ရှိနေပါတယ်။ လောကကြီးက ရှုပ်ထွေးနေပြီး ကိုယ့်ကိုယ်ကိုယ်တောင် နိုင်အောင် မကာကွယ်နိုင်ကြတဲ့အချိန်မှာ ဘယ်သူကများ သူမကိုဂရုစိုက်နိုင်မှာလဲ။
ဒါကြောင့် မနေ့ညက ချန်ကျိုး ထွက်သွားကတည်းက သူမ ချန်ကျိုးနောက်ကို တကောက်ကောက်လိုက်နေခဲ့တာပါ။
ချန်ကျိုးက သရဲမလေးကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။
"မင်း ဘာလို့ ငါ့နောက် လိုက်နေတာလဲ"
သရဲမလေးက ခေါင်းငုံ့ပြီး လက်သည်းတွေကိုကုတ်ဖဲ့နေသည်။
"ကျွန်မမှာ သွားစရာ နေရာ မရှိလို့ပါ၊ ကျားဝိညာဉ်တို့လိုမျိုး စီနီယာ့နောက်ကိုလိုက်ပြီး သရဲအစေခံအဖြစ် ခိုင်းသမျှလုပ်ပေးလို့ ရမလားဟင်"
[System Notification: တစ်ဖက်လူတွင် ရှားပါးသော ကိုးပါးသော ယင်ခန္ဓာကိုယ်ပိုင်ဆိုင်ထားပြီး စိတ်သဘောထား ပြည့်ဝကာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ အန္တရာယ်မပြုခဲ့ဖူးပါ။ သရဲကျင့်စဉ်လမ်းကြောင်းပေါ်သို့လည်း တရားဝင်မရောက်ရှိသေးပါ။ သရဲစာချုပ်ချုပ်ဆိုပြီး စစ်မှန်သောသရဲနှင့် နတ်ဆိုးပညာရပ်များကို သင်ကြားပေးနိုင်ပါသည်။]
ချန်ကျိုး နှုတ်ခမ်းမဲ့လိုက်သည်။ သောက်ကျိုးနည်း System.. မင်းက ငါ့ကို ဆရာလုပ်ချင်နေတာလား။
ချန်ကျိုးက မာန်တက်စွာဖြင့် ပြောလိုက်သည်။
"မင်းမှာ ဘာစွမ်းရည်မှ မရှိဘူး.. ငါ့နောက်လိုက်ရင် ဝန်ထုပ်ဝန်ပိုးပဲဖြစ်မှာ.. မင်း သွားလို့ရပြီ"
ပြောပြီးတာနဲ့ ချန်ကျိုးက ကြောင်ကြီးကို စီးပြီး ထွက်သွားတော့သည်။
"စီနီယာ!"
သရဲမလေးက ဝမ်းနည်းပက်လက်ဖြင့် နှုတ်ခမ်းစူလိုက်သည်။ သူ အားနည်းတာ သူ့အပြစ်မှမဟုတ်တာ။
သရဲမလေးက နောက်ကနေထပ်လိုက်ပြန်သည်။
သရဲလေးက လေထဲမှာ ဘွားခနဲ ပေါ်လာပြီး သရဲမလေးရဲ့ လမ်းကိုပိတ်လိုက်သည်။ သရဲလေးက ချန်ကျိုးကလွဲရင် ကျန်တဲ့ ဘယ်လူ၊ ဘယ်သရဲကိုမှ ယဉ်ကျေးလေ့မရှိပါဘူး။
သူ့လက်သေးသေးလေးကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ သရဲမလေးခမျာ မီတာ အတော်ဝေးဝေးကို လွင့်ထွက်သွားရှာသည်။
သရဲမလေးက မြေကြီးပေါ်မှာ ရုန်းကန်ပြီး နောက်ကနေထပ်လိုက်ဖို့ ကြိုးစားပေမယ့် သရဲလေးရဲ့ နီရဲနေတဲ့ မျက်လုံးတွေက သတိပေးနေသလို ဖြစ်နေတော့ သူ တွန့်ဆုတ်သွားသည်။
ချန်ကျိုး ပျောက်ကွယ်သွားတော့မှ သရဲလေးလည်း လမ်းမပေါ်ကနေပျောက်ကွယ်သွားလေသည်။
သရဲမလေးက အံကိုကြိတ်၊ မြေကြီးပေါ်ကနေကုန်းထပြီး နောက်ကနေ ထပ်လိုက်ပြန်သည်။
ဝိညာဉ်နှိမ်နင်းရေးဌာနက မြို့လယ်ခေါင်မှာတည်ရှိပြီး သူ့ရဲ့ ဝင်ပေါက်က ချင်းရှန် စိတ်ကျန်းမာရေးဆေးရုံထက် အဆပေါင်းတစ်ရာ လောက် ပိုခမ်းနားထည်ဝါသည်။ ကျယ်ဝန်းတဲ့ ဂိတ်ပေါက်ကြီး အထက်မှာ ဝိညာဉ်ချုပ်ရဲတံဆိပ်ကြီးကို ချိတ်ဆွဲထားပြီး ကြောက်ရွံ့ဖွယ်ရာ အငွေ့အသက်တွေထွက်ပေါ်နေသည်။
အဝင်ဝမှာ အစောင့်နှစ်ယောက် တာဝန်ကျနေသည်။
[System Warning: ဝိညာဉ်နှိမ်နင်းရေးဌာနကို ကောင်းကင်တံခါး ၁၂ ပေါက် အစီအရင်ဖြင့် ကာကွယ်ထားပါသည်။ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းသည် အသက်အန္တရာယ် ရှိနိုင်ပါသည်။]
ကောင်းကင်တံခါး အစီအရင် ဟုတ်လား။
အသက်အန္တရာယ် ရှိတယ် ဟုတ်လား။
ဟွန်း!
ငါ့မှာ ကိုယ်ပျောက်ဝတ်ရုံ ရှိတယ်ကွ.. ဘယ်သူက ငါ့ကို မြင်နိုင်မှာလဲ!
ဒီလိုတွေးပြီး ချန်ကျိုးက ဆေးရုံကနေယူလာတဲ့ အိပ်ရာခင်းကြီးကို ခြုံလိုက်သည်။
ဝိညာဉ်နှိမ်နင်းရေးဌာန၏မြင့်မားတဲ့ တံတိုင်းကြီးတလျှောက် ကပ်ပြီး ဂိတ်ပေါက်ဝဆီကို တိတ်တဆိတ်ချဉ်းကပ်သွားသည်။
ဝိညာဉ်နှိမ်နင်းရေးဌာန အစောင့်တွေရဲ့ မျက်လုံးထဲမှာတော့ ချန်ကျိုးဟာ အစုတ်အပြတ် အဝတ်စကြီးကို ခြုံထားပြီး ကြွက်စုတ်လေးလို ကုန်းကုန်းကွကွနဲ့ခြေလှမ်းနည်းနည်း လှမ်းလိုက်၊ အတွင်းထဲကို ချောင်းကြည့်လိုက်၊ ခြေလှမ်းနည်းနည်း ထပ်လှမ်းလိုက် လုပ်နေတဲ့ သက်ရှိလူသားတစ်ယောက်အနေနှင့်သာ မြင်နေရခြင်းပင်။
အစောင့်နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။
ဒီကောင် ငတုံးလား
အစောင့်တစ်ယောက်က သူ့နေရာကနေ ထွက်ပြီး ချန်ကျိုးဆီ လျှောက်သွားလိုက်သည်။
"ဝိညာဉ်နှိမ်နင်းရေးဌာန ကန့်သတ်နယ်မြေ.. ခွင့်ပြုချက်မရှိဘဲ မဝင်ရ" အစောင့်က သတိပေးလိုက်သည်။
ကုန်းကွနေတဲ့ ချန်ကျိုးက ခေါင်းမော့ကြည့်လိုက်တယ်။ သူ့ပါးစပ်က "အို" (O) ပုံစံ ဖြစ်သွားပြီး မျက်လုံးတွေ ပြူးကျယ်သွားသည်။
"မင်း ငါ့ကို မြင်ရတယ်လား"
[System က Hostအား မျက်လုံးစွမ်းရည်: ညှို့ယူဖမ်းစားမျက်ဝန်းကို ပေးအပ်လိုက်ပါသည်။]
ချန်ကျိုးရဲ့ ပြူးကျယ်နေတဲ့ မျက်လုံးထဲမှာ မျက်ဆံတွေက မြွေမျက်လုံးလို ကျဉ်းလိုက်ကျယ်လိုက် ဖြစ်သွားသည်။
ချန်ကျိုးကို ငုံ့ကြည့်နေတဲ့ အစောင့်က ခေါင်းမူးသွားပြီး အမြင်အာရုံတွေ ဝေဝါးလာသည်။
ဘုန်း—
အစောင့်က ချန်ကျိုးရှေ့မှာ လဲကျသွားသည်။
ဒါကိုမြင်တော့ ကျန်တဲ့ အစောင့်တစ်ယောက်က အမြန် ပြေးလာပြီး ကူညီဖို့ လုပ်သည်။
ချန်ကျိုးက ကျန်နေတဲ့ အစောင့်ကို ကြည့်လိုက်ရာ သူ့မျက်ဆံတွေ ကျဉ်းလိုက် ကျယ်လိုက် ဖြစ်သွားပြန်သည်။
ဒိုင်း!
အစောင့်နှစ်ယောက်စလုံး မြေကြီးပေါ် လဲကျပြီး အိပ်ပျော်သွားကြသည်။
ခေါခေါ!
ဟောက်တောင် ဟောက်နေကြသေးတယ်။
ကုန်းကွနေတုန်းဖြစ်တဲ့ ချန်ကျိုးက အစောင့်တစ်ယောက်ရဲ့ မျက်နှာကို လက်ညှိုးနဲ့ ထိုးကြည့်လိုက်တယ် — ဘာတုံ့ပြန်မှုမှ မရှိဘူး။
ဟင်?
ချန်ကျိုး မျက်လုံး ပွတ်လိုက်သည်။
သူတို့ သတိလစ်သွားကြပြီလား။
ငါ့ရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေက သူတို့ကို ကယ်တင်လိုက်လို့ လျော့သွားမယ့်အစား တိုးလာတာများလား။
ဟဲ ဟဲ
ချန်ကျိုးရဲ့ ရင်ထဲမှာ ပန်းပွင့်လေး တစ်ပွင့် ပွင့်သွားသလို ခံစားလိုက်ရသည်။
ဒါပေမဲ့ တဖက်က ပြန်စဉ်းစားကြည့်ရင်လည်း ဝိညာဉ်နှိမ်နင်းရေးဌာနက လူတွေက တော်တော် စွမ်းရည်ရှိသားပဲ။ သူ ကိုယ် ပျောက်နေတာတောင် မြင်ရတယ်ဆိုတော့လေ။
သရဲနှင်ရဲဌာနက အသုံးမကျတဲ့ ကောင်တွေထက်တော့ အများကြီးပိုတော်တာသေချာတယ်။
ချန်ကျိုးက ရွှေ့လို့ရတဲ့ ဂိတ်တံခါးကို ကျော်တက်လိုက်ပြီး သူခိုးလေးတစ်ယောက်လို ဟိုဟိုဒီဒီလိုက်ကြည့်နေသည်။
[System Notification: ကောင်းကင်တံခါး ၁၂ ပေါက် အစီအရင်ကို သတိမပေးမိစေရန်အတွက် System က Host ၏အော်ရာကို ဖုံးကွယ်ပေးထားပါသည်။]
အဝေးကနေ ခြေသံတွေ ထပ်ကြားလိုက်ရသည်။
နောက်ထပ် လူလာနေပြီ!
ချန်ကျိုးက အနီးနားက ခြုံပုတ်ထဲကို အမြန် ခုန်ဝင်ပြီး ပုန်းလိုက်သည်။
ဝိညာဉ်နှိမ်နင်းရေးဌာနက လူတွေက သူ့ရဲ့ ကိုယ်ပျောက်အတတ်ကို မြင်နိုင်ကြတယ်.. သတိထားတာ အကောင်းဆုံးပဲ။
လာနေတဲ့ လူနှစ်ယောက်က ဝဝပုပု တစ်ယောက်နဲ့ ပိန်ပိန်ရှည်ရှည် တစ်ယောက်။ ဝဝပုပု လူက သင်္ကန်းဝတ်ထားတဲ့ ဘုန်းကြီးဖြစ်ပြီး၊ ပိန်ပိန်ရှည်ရှည် လူက တာအိုဘုန်းကြီးဖြစ်သည်။
သူတို့က လမ်းလျှောက်ရင်း စကားပြောလာကြသည်။
ဝဝပုပု ဘုန်းကြီးက ပြောတယ်။
"ဒါတွေ ဘယ်တော့မှ ပြီးမှာလဲကွာ။ ကျင်းဟိုင်မြို့မှာလည်း ယစ်မျက်ဝန်းအစီအရင်တွေ ပေါ်လာပြီ< ကောင်းကင်နတ်ဆိုးဂိုဏ်းက ပိုပိုပြီး သောင်းကျန်းလာတယ်"
ပိန်ပိန်ရှည်ရှည် တာအိုဘုန်းကြီးက ပြောတယ်။
"ဘယ်သူက ငြင်းမှာလဲ ကျင်းဟိုင်မြို့မှာ ကောင်းကင်နတ်ဆိုးဂိုဏ်းက ယစ်မျက်ဝန်းအစီအရင် ဘယ်နှခုလုပ်ထားလဲဆိုတာတောင် ငါတို့ မသိရဘူး၊ ယစ်မျက်ဝန်းအစီအရင် ပေါ်လာတာနဲ့ လူတိုင်း ထိတ်လန့်ကုန်ကြတာပဲ၊ ကျင်းဟိုင်မြို့တင် မကဘူး၊ တခြားမြို့တွေမှာလည်း စုံစမ်းစစ်ဆေးမှုတွေ စလုပ်နေကြပြီ"
ဝဝပုပု ဘုန်းကြီး - "မင်း ကြားပြီးပြီလား။ ငါတို့မြို့က ယစ်မျက်ဝန်းအစီအရင်ကို စိတ်ရောဂါသည်တစ်ယောက်က တွေ့သွားတာတဲ့"
ပိန်ပိန်ရှည်ရှည် တာအိုဘုန်းကြီး - "ယစ်မျက်ဝန်းအစီအရင်လောက် ကိစ္စကြီးတာကို ငါတို့ ဘယ်လိုလုပ် မကြားဘဲနေမလဲ ? စတုတ္ထအဆင့် နတ်ဆိုးဝိညာဉ်အစောပိုင်းအဆင့်ရှိတဲ့ အလောင်းကောင်ကြီးကို အဲဒီနေရာမှာတင် ရှင်းပစ်လိုက်တာလေ၊ စမ်းသပ်ရေးဌာနက ရှောင်လီနဲ့ ရှောင်ချန်တို့ ဒီနေ့နေ့လယ်က သွားစမ်းသပ်ကြသေးတယ်။၊ဒါပေမဲ့ နှစ်ယောက်စလုံး မျက်နှာတွေ ဖူးယောင်ပြီး ပြန်ရောက်လာကြတယ်.. ဘာမှလည်း မတွေ့ခဲ့ရဘူးတဲ့"
ဝဝပုပု ဘုန်းကြီး - "အဲဒီ စိတ်ရောဂါသည် နာမည်က ဘယ်သူပါလိမ့်.. ချန် လား မသိဘူး"
ပိန်ပိန်ရှည်ရှည် တာအိုဘုန်းကြီး - "ချန်ကျိုးလေ၊ စိတ်ကျန်းမာရေးဆေးရုံကနေ ဒီလို ထူးခြားတဲ့ လူတစ်ယောက် ပေါ်ထွက်လာ မယ်လို့ ဘယ်သူ ထင်မှာလဲ ? လူကြီးတွေရဲ့ သဘောထားကတော့ ပါရမီရှိတဲ့သူ မှန်သမျှကို ဝိညာဉ်နှိမ်နင်းရေးဌာနထဲ ဝင်လာအောင် စည်းရုံးဖို့ပဲ"
...
ခြုံပုတ်ထဲမှာ ပုန်းနေတဲ့ ချန်ကျိုးက အံကိုကြိတ်ပြီးတွေးလိုက်တယ်။
"အော်.. ဟို အောက်ဆွဲ နှစ်ကောင်က မင်းတို့ လွှတ်လိုက်တာကိုး၊ ငါ့ခေါင်းတလားကို ခိုးရုံတင် မကဘူး၊ ငါ့စွမ်းရည်ကိုပါ လာစမ်းသပ်ကြတယ်ပေါ့၊ အခုလည်း ငါ့ကို လုပ်ကြံဖို့ ကြံစည်နေကြပြန်ပြီ၊ ကောက်ကျစ်တဲ့ မြေခွေးအိုကြီးတွေ!"
ဒေါသထွက်လွန်းလို့ ချန်ကျိုးက ဘာမှ မစဉ်းစားတော့ဘဲ ခြုံပုတ်ထဲကနေ ရုတ်တရက် ခုန်ထွက်လိုက်သည်။
"ဘယ်သူလဲကွ"
ဝဝပုပု ဘုန်းကြီးနဲ့ ပိန်ပိန်ရှည်ရှည် တာအိုဘုန်းကြီးတို့က ချန်ကျိုး ရုတ်တရက် ပေါ်လာလို့ လန့်သွားကြသည်။
ချန်ကျိုးက အော်ပြောလိုက်တယ်။
"ငါက မင်းတို့ရဲ့ ဘိုးလေး ကွ! ဟေ့ကောင်.. သူတော်ကောင်း ယောင်ဆောင်ထားတဲ့ကောင်တွေ.. ငါ့ခေါင်းတလားကို ဘယ်မှာ ဝှက်ထားလဲ"
ဝဝပုပု ဘုန်းကြီးနဲ့ ပိန်ပိန်ရှည်ရှည် တာအိုဘုန်းကြီးတို့ စကားပြန်ပြောမလို့ ပြင်လိုက်ချိန်မှာပဲ ချန်ကျိုးရဲ့မျက်ဆံတွေ ကျဉ်းလိုက် ကျယ်လိုက် ဖြစ်သွားပြီး သူတို့နှစ်ယောက်စလုံးချန်ကျိုးကို ပြန်တောင် မဖြေနိုင်လိုက်ဘဲ အသံမထွက်တော့ဘဲ မြေကြီးပေါ် လဲကျသွားကာ အိပ်ပျော်သွားကြလေသည်။
ချန်ကျိုးက သူတို့နှစ်ယောက်ကို မညှာမတာ ကျော်ခွလိုက်သည်။
"မင်းတို့မှာ စွမ်းရည် နည်းနည်းတော့ရှိသားပဲ.. ဒါပေမဲ့ ငါလို ဆရာတစ်ဆူရဲ့ ရှေ့မှာတော့ သနားစရာကောင်းလောက်အောင် အားနည်းလွန်းပါတယ်၊ ကျင့်ကြံခြင်း လမ်းခရီးက ရှည်လျားပြီးခက်ခဲကြမ်းတမ်းတယ်.. ငါ အနှံ့အပြား လိုက်ရှာရဦးမယ်"
သက်ပြင်းချပြီးနောက် သူက စိမ်းလန်းတဲ့ ပန်းခြံလေးကို ပတ်လျှောက်သွားပြီး ဝိညာဉ်နှိမ်နင်းရေးဌာန အဆောက်အဦး ရှေ့က ရင်ပြင်ကျယ်ကြီးဆီ ရောက်သွားသည်။
မြင့်မားတဲ့ လှေကားထစ် အဆင့်ဆင့်ရဲ့ အထက်မှာတော့ ကျောက်ခြင်္သေ့ ရုပ်တုတွေ ဘေးက စောင့်ကြပ်နေပြီး နဂါးပုံဖော်ထားတဲ့ ကျောက်တိုင်ကြီး ၆ တိုင်က ထောက်ကန်ထားတဲ့ ဝိညာဉ်နှိမ်နင်းရေးဌာန ပင်မ ခန်းမဆောင်ကြီး တည်ရှိနေသည်။ ခန့်ညားထည် ဝါပြီး အရှိန်အဝါ ကြီးမားပုံပေါက်နေသည်။
ကံဆိုးတာက ချန်ကျိုးရဲ့ ဂြိုဟ်နဲ့ ယှဉ်လိုက်ရင်တော့ အများကြီးနိမ့်ကျနေပါသေးတယ်။
ခမ်းနားထည်ဝါတဲ့ နန်းတော်ဆိုတာ ဘယ်လိုမျိုးလဲ မင်းတို့ သိလား ?
လေပေါ်မှာ ပျံဝဲနေတဲ့ ပြာသာဒ်ဆောင်ဆိုတာ ဘာလဲ မင်းတို့ သိလား ?
ငတုံး ကမ္ဘာမြေသားတွေက သူတို့တစ်သက်လုံး ဒီလိုဟာမျိုး မြင်ဖူးမှာ မဟုတ်ပါဘူးလေ ?
သနားစရာ ကောင်းလိုက်တာ!
ဝမ်းနည်းစရာ ကောင်းလိုက်တာ!