အခန်း (၃၄)
Vol. 4 Ch. 34
လူသူကင်းမဲ့သော လမ်းမထက်တွင် ကျားတစ်ကောင်၊ သရဲတစ်ကောင်၊ လူတစ်ယောက်နှင့် ကြေးခေါင်းတလား တစ်လုံးတို့သည် ဆူညံစွာ သွားလာနေကြသည်။
"ဟားဟားဟားဟား.. ငါ အကုန်လုံးကို အနိုင်ယူလိုက်ပြီ! အကုန် ပြိုင်တူ လာခဲ့ကြစမ်း! ငါ လုံးဝ မကြောက်ဘူး!"
ချန်ကျိုး နောက်ကျောတွင် ကပ်ထိုင်နေသော သရဲလေးသည် ချန်ကျိုး အင်္ကျီကို ဆွဲကိုင်ပြီး ကလေးသံလေးဖြင့် လိုက်အော်နေ သည်။
"ဟားဟားဟားဟား.. ချန်ကျိုး အကုန်လုံးကိုအနိုင်ယူလိုက်ပြီ! အကုန် ပြိုင်တူလာခဲ့ကြစမ်း! ငါတို့ လုံးဝ မကြောက်ဘူး!"
နှစ်တစ်ထောင် ကျားသရဲကြီးသည်လည်း အူသံပေးလျက် သဲကြီးမဲကြီးပြေးလွှားနေသည်။
"ဝေါင်း ဝေါင်း ဝေါင်း ဝေါင်း ဝေါင်း... ဝေါင်း ဝေါင်း ဝေါင်း ဝေါင်း ဝေါင်း ဝေါင်း"
[System: ဟားဟားဟားဟား.. ငါတို့ အကုန်လုံးကိုအနိုင်ယူလိုက်ပြီ! အကုန် ပြိုင်တူ လာခဲ့ကြစမ်း! ငါတို့ လုံးဝ မကြောက်ဘူး!]
ဟုတ်ပါရဲ့.. စိတ်ရောဂါသည်တွေနဲ့အနေကြာလာတော့ အတည်ငြိမ်ဆုံး System ကြီးတောင် အပေါက်ချော်လာပြီ။
လမ်းဘေးဝဲယာရှိအိမ်များမှ လူများသည် အပြင်ဘက်မှ သရဲအော်သံများကိုကြားနေရသော်လည်း လိုက်ကာကို ဆွဲဖယ်ပြီး အပြင်ကို ကြည့်ရဲသူ တစ်ဦးမျှမရှိကြပေ။
ချန်ကျိုးသည် ပျော်ရွှင်စွာဖြင့် စိတ်ကျန်းမာရေးဆေးရုံ ဂိတ်ဝသို့ပြန်ရောက်လာပြီး စည်းမျဉ်းဟောင်းအတိုင်း အလုပ်ခွဲဝေလိုက် သည်။
သရဲလေးက ကင်မရာများနှင့် အစောင့်များကိုတာဝန်ယူသည်။
ချန်ကျိုးကမူ သော့ဖွင့်ခြင်းကို တာဝန်ယူသည်။
ကြောင်ကြီးက သူ့ကိုယ်သူ ခုံတန်းလျားတွင်ချည်နှောင်သည်။
ချန်ကျိုးသည် ကြေးခေါင်းတလားကြီးကိုထမ်းပြီး အပေါ်ထပ်သို့ တိတ်တဆိတ် တက်သွားသည်။
မိုးခေါင်ရေရှားနတ်ဆိုးပေါ်လာသည့် ကိစ္စကြောင့် အဆောက်အဦးထဲရှိ စိတ်ဝေဒနာရှင်များ အားလုံးကို အဆောက်အဦး ဟောင်းဘက်သို့ ယာယီရွှေ့ပြောင်းထားသည်။ သို့သော် အဆောက်အဦးဟောင်းသည် ငါးတန်လေးသော ကြေးခေါင်းတလားကြီး၏အလေးချိန်ကို ခံနိုင်ရည်မရှိပေ။
ထို့ကြောင့် ငါးတန်လေးသော ကြေးခေါင်းတလားကြီး၏ဝန်တစ်ခုလုံးသည် ချန်ကျိုးခြေထောက်ပေါ်တွင်သာ မူတည်နေသည်။
ရလဒ်အနေဖြင့် ချန်ကျိုး တတိယထပ်သို့ရောက်သောအခါ သူ့ခြေထောက် တစ်ဖက်သည် ကြမ်းပြင်ကို ကျွံ ခနဲ ဖောက်ထွက်သွားပြီး ဒုတိယထပ် မျက်နှာကြက်ကိုပါဖောက်ဝင်သွားသည်။
ကံကောင်းစွာဖြင့် ချန်ကျိုးသည် ဟန်ချက်ညီအောင် ထိန်းနိုင်လိုက်သဖြင့်ပြုတ်မကျခဲ့ပေ။ သို့သော် ကြေးခေါင်းတလားကြီးမှာမူ အောက်သို့ နိမ့်ဆင်းသွားသည်။
ခြေကုပ်ပြန်ယူပြီးနောက် ချန်ကျိုးသည် ခြေထောက်ကို ပြန်ဆွဲထုတ်ပြီး သူ့အခန်းဆီသို့ ဆက်လျှောက်သွားသည်။
မီတာအနည်းငယ်သာ ရှိသော လှေကားအုံတွင် ချန်ကျိုးသည် ကြီးမားနက်ရှိုင်းသော ခြေရာကြီးများကို ချန်ထားခဲ့သည်။
ကြေးခေါင်းတလားကြီးကို ချန်ကျိုး၏အခန်းအလယ်တွင် တည်ငြိမ်စွာ ချထားလိုက်သည်။ ထိတွေ့ထားသော ကြမ်းပြင်နေရာ များတွင် အက်ကြောင်းများ ပေါ်လာပြီဖြစ်သည်။
လမ်းတစ်လျှောက် အော်ဟစ်လာသဖြင့် လည်ချောင်းခြောက်နေသော ချန်ကျိုးသည် သူ့အစားအသောက် ပုန်းထားသည့် နေရာမှ ကိုလာတစ်ပုလင်းကိုရှာဖွေပြီး တစ်ရှိန်ထိုး မော့သောက်လိုက်သည်။
ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များသည် ချန်ကျိုးဝမ်းဗိုက်ထဲတွင် ပေါက်ကွဲထွက်လာပြီး သူ့ကို ဆက်တိုက်လေတက်စေသည်။
ကျန်တာတွေကို ဂရုမစိုက်ဘဲ ချန်ကျိုးသည် ခေါင်းတလားအဖုံးကိုစိတ်မရှည်စွာဖွင့်လိုက်ပြီး အတွင်းသို့ ဝင်ကာ အဖုံးကို လုံအောင် ပြန်ပိတ်လိုက်သည်။
ခေါင်းတလားကြီးထဲတွင် လဲလျောင်းရင်းချန်ကျိုးသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်လုံးများကိုဖြည်းညှင်းစွာ မှိတ်လိုက်သည်။ အသက်ရှူလိုက်တိုင်း လေတက်သံထွက်ပေါ်နေသည်။
တဖြည်းဖြည်းနှင့် ချန်ကျိုးသည် ဝိညာဉ်စွမ်းအင်သမုဒ္ဒရာထဲတွင် နှစ်မြုပ်နေသကဲ့သို့ ခံစားလာရသည်။
[Host အသက်ရှူကျပ်ခြင်းမှ ကာကွယ်ရန် System သည် အလင်းဖြင့် အစာချက်လုပ်ခြင်း (Photosynthesis) ကို လုပ်ဆောင်နေပါသည်။]
မကြာမီ၊ ကျင့်ကြံနေသောချန်ကျိုးသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီးလေတက်သံများ နေရာတွင် ဟောက်သံများက နေရာယူသွားသည်။
အိပ်မက်ထဲတွင် ချန်ကျိုးသည် ကမ်းပါးစွန်းတစ်ခုပေါ်တွင် ရောက်ရှိနေပြီး ကြီးမားမြင့်မားသော သစ်ပင်ကြီးတစ်ပင်၏ဘေးတွင် ရှိနေသည်။ နွေးထွေးသော နေရောင်ခြည်သည် သစ်ရွက်များပေါ်တွင်ဟပ်နေသည်။
သူ့နောက်တွင်တော့ သူ့စိတ်ကူးထဲမှ ခမ်းနားထည်ဝါသော နန်းတော်များနှင့် မိုးပျံပြာသာဒ်ဆောင်များရှိနေပြီး တိမ်တိုက်များ အထက်တွင် တွဲခိုနေကာ သန့်စင်သော ဝိညာဉ်စွမ်းအင်များကိုနေရာတိုင်းတွင် ခံစားနေရသည်။
အိပ်မက်ထဲတွင် ချန်ကျိုးသည် မရပ်မနားရယ်မောနေသည်။
တစ်ချိန်တည်းမှာပင် ကျင်းဟိုင် ဆေးရုံရှိ ကျိုးအိုက်ကော်သည်လည်း အိပ်မက်ကမ္ဘာထဲတွင် ကူးခတ်နေသည်။
ကုတင်ဘေးစားပွဲပေါ်ရှိ ကြက်တွန်သံ နှိုးစက်က သူ့ကို လက်တွေ့ဘဝထဲပြန်ဆွဲခေါ်လိုက်သည်။
သူသည် ဖုန်းကို စမ်းတဝါးဝါး ရှာပြီးကိုင်လိုက်သည်။
"ဟလို.. သရဲနှင်ရဲဌာနက ဌာနမှူးကျိုးအိုက်ကော် ဟုတ်ပါသလား"
"ဟုတ်ပါတယ်.. ကျိုးအိုက်ကော်ပါ"
"ခင်ဗျား အခု ဝိညာဉ်နှိမ်နင်းရေးဌာနကိုလာခဲ့လို့ အဆင်ပြေမလား ? ကျင်းဟိုင် ဆေးရုံကို ကားလွှတ်လိုက်ပါပြီ"
"ဟုတ်.. ဟုတ်ကဲ့"
ကျိုးအိုက်ကော် လုံးဝ ကြောင်အမ်းအမ်း ဖြစ်သွားသည်။ သူ အိပ်ချင်မူးတူး ဖြစ်နေသေးသည်။ ဘာလို့ ဝိညာဉ်နှိမ်နင်းရေးဌာနက သူ့ကို ခေါ်တာလဲ။
ခေါင်းတလား ?
ချန်ကျိုး ?
ဝိညာဉ်နှိမ်နင်းရေးဌာန ?
ဒီစကားလုံး သုံးလုံးက ကျိုးအိုက်ကော်ရဲ့ ခေါင်းထဲမှာ လက်ခနဲ ပေါ်လာသည်။
ကျိုးအိုက်ကော်သည် အခန်းထဲကို အလိုအလျောက် ဝေ့ကြည့်လိုက်သည်။
ချန်ကျိုး ရှိမနေပေ။
ပွင့်နေသော ပြတင်းပေါက်ကသက်သေပြနေသည်မှာ သူ အိပ်ပျော်နေစဉ် ချန်ကျိုးသည် ကြောင်ကြီးကို စီးပြီး ဝိညာဉ်နှိမ်နင်းရေးဌာနသို့ သွားကာ ခေါင်းတလား သွားတောင်းပြီ ဆိုတာပင်။
ကျိုးအိုက်ကော် သတိပြန်ဝင်လာချိန်မှာပင် ချင်းရှန်ဆေးရုံအုပ်ကြီးက တံခါးတွန်းဖွင့်ပြီး ဝင်လာသည်။
"အစ်ကိုကျိုး.. ဝိညာဉ်နှိမ်နင်းရေးဌာနက လူတွေက ကျွန်တော့်ကိုလာခေါ်မယ်ပြောတယ်"
သူတို့ မသိလိုက်တာကတော့ သူတို့ ဖုန်းမဆက်ခင်ကတည်းက ဝိညာဉ်နှိမ်နင်းရေးဌာနသည် သူတို့ တည်နေရာကို ရှာဖွေတွေ့ရှိထားပြီး လာခေါ်မည့်ကားကို လွှတ်ထားပြီးသားဖြစ်သည်။
ကျိုးအိုက်ကော်သည် ဖုန်းထဲမှ ချန်ကျိုးနံပါတ်ကို ရှာပြီး ခေါ်လိုက်သော်လည်း စက်ပိတ်ထားသည်။
ဘာတွေ ဖြစ်ကုန်ပြီလဲ ?
မိနစ်အနည်းငယ် အကြာတွင် ဝိညာဉ်နှိမ်နင်းရေးဌာနမှ လွှတ်လိုက်သော ကားသည် ကျင်းဟိုင် ဆေးရုံထဲသို့ ဝင်ရောက်လာသည်။
ချန်ကျိုး၏ တပည့်မလေး ကျန်းယိုယိုလည်း ကားပေါ် ပါလာသည်။ ချင်းရှန် ဆေးရုံအုပ်ကြီးသည် ဝိညာဉ်နှိမ်နင်းရေးဌာနမှ လူများနှင့် ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သဖြင့် အနည်းငယ် ကြောက်လန့်နေသည်။ သူသည် ကျိုးအိုက်ကော်ထံမှ အခြေအနေ အရပ်ရပ်ကိုအကြမ်းဖျင်း သိထားပြီးဖြစ်သည်။ ချန်ကျိုးသည် ဝိညာဉ်နှိမ်နင်းရေးဌာနသို့ သွားရောက်ပြီး ပြဿနာရှာခဲ့သည်။ ချန်ကျိုးတွင် အုပ်ထိန်းသူမရှိပေ။ စိတ်ကျန်းမာရေးဆေးရုံအုပ်ကြီး တစ်ယောက်အနေဖြင့် သူ တာဝန်ယူရတော့မည်လော ? သူ စိုးရိမ်နေမိသည်။
ပုံမှန် နာရီဝက်ကြာမြင့်သော ခရီးကို ဝိညာဉ်နှိမ်နင်းရေးဌာန၏ကားဖြင့် ၁၀ မိနစ်အတွင်း ရောက်ရှိသွားသည်။
ဝိညာဉ်နှိမ်နင်းရေးဌာန၏ဘတ်စ်ကားသည် ဧည့်ခန်းမဆောင် အဝင်ဝတွင် ရပ်တန့်လိုက်ပြီး သူတို့သုံးဦးဆင်းကာ တံခါးကို တွန်းဖွင့်ဝင်လိုက်ကြသည်။
ဤမြင်ကွင်းသည် ချန်ကျိုး တံခါးတွန်းဖွင့်ဝင်စဉ်က မြင်ကွင်းနှင့် အလွန်တူညီနေသည်။ ကွာခြားချက်မှာ တောက်ပြောင်နေသော စကျင်ကျောက် ကြမ်းပြင်ပေါ်တွင် ရေမြှုပ်ဖျာများခင်းထားပြီး၊ ထိုဖျာများပေါ်တွင် အနည်းဆုံး တစ်ရာ၊ နှစ်ရာခန့်ရှိသော ကျင့်ကြံသူများသည် စီတန်းလျက် အိပ်ပျော်နေကြခြင်းပင်။
နောက်ဖေးပေါက်မှတဆင့် နောက်ထပ် ကျင့်ကြံသူများကို ထမ်းယူလာနေကြသေးသည်။
"ဒါဆို... ချန်ကျိုးကို ဖမ်းဖို့ ဒီလောက်လူအများကြီး သုံးလိုက်ရတာပေါ့?"
သူတို့သုံးဦးသည် အသံမထွက်ရဲကြဘဲ ချန်ကျိုး ဒဏ်ရာမရပါစေနှင့်ဟု ဆုတောင်းနေကြသည်။
သာမန်လူများ၏ အမြင်တွင် ဝိညာဉ်နှိမ်နင်းရေးဌာနသည် ရှုံးနိမ့်ခြင်း မရှိသော အင်အားစုကြီး တစ်ခုဖြစ်သည်။ ချန်ကျိုး မည်မျှပင် သန်မာစေကာမူ ဝိညာဉ်နှိမ်နင်းရေးဌာနကို ကျော်လွန်နိုင်လိမ့်မည်ဟု သူတို့ မယုံကြည်ကြပေ။
သူတို့သုံးဦးကို ဝိညာဉ်နှိမ်နင်းရေးဌာန ဝန်ထမ်းများက ဓာတ်လှေကားဖြင့် အပေါ်ဆုံးထပ်သို့ ခေါ်ဆောင်သွားကြသည်။
ဓာတ်လှေကား တံခါးပွင့်လိုက်သည်နှင့် တိတ်ဆိတ်နေသော စင်္ကြန်လမ်းတွင် ဆဲဆိုသံများပြည့်နှက်သွားသည်။
"ငါတို့က အသုံးမကျတဲ့ ကောင်တွေကိုမွေးထားမိတာပဲ.. အရူးတစ်ယောက်က သူ့သဘောနဲ့သူ ဝင်ချင်တိုင်းဝင် ထွက်ချင် တိုင်းထွက်လုပ်သွားတာကို ခွင့်ပြုထားတယ်၊ သတင်းသာ ပေါက်ကြားသွားရင် မင်းတို့ရဲ့ ကျင့်ကြံသူ ဂုဏ်သိက္ခာတွေ ဘယ်နားသွားထားမလဲ ? မင်းတို့အားလုံး တစ်ချက်တည်းနဲ့ အလဲထိုးခံလိုက်ရတာ..."
ဓာတ်လှေကားထဲမှ ထွက်လာသော ကျန်းယိုယိုက တီးတိုးပြောလိုက်သည်။
"ကျမ ဆရာကို ဝိညာဉ်နှိမ်နင်းရေးဌာနက ဖမ်းမိထားပုံမရဘူး"
ကျိုးအိုက်ကော် ခေါင်းညိတ်လိုက်သည်။
"ဒီပုံစံအရဆိုရင်တော့ မဖမ်းမိလောက်သေးဘူး"
ကျန်းယိုယို နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူ့ဆရာကို ဝိညာဉ်နှိမ်နင်းရေးဌာနက မဖမ်းမိသရွေ့ သူမ ဘာကိုမှမကြောက်ပေ။
ချင်းရှန် ဆေးရုံအုပ်ကြီးသည် တိတ်ဆိတ်နေပြီး အပြစ်လွတ်အောင် ဘယ်လိုရှောင်ရမလဲဆိုတာ စဉ်းစားနေသည်။ အကယ်၍ ဝိညာဉ်နှိမ်နင်းရေးဌာနက သူ့ကိုတာဝန်ယူခိုင်းလျှင် သူ ချက်ချင်း နှုတ်ထွက်စာတင်လိုက်ပြီး လိုချင်တဲ့လူ ယူပါစေတော့.. ဘာပဲဖြစ်ဖြစ် သူက ချန်ကျိုးကိုစောင့်ကြည့်ထိန်းသိမ်းနိုင်တာမှ မဟုတ်တာ။
သူတို့သုံးဦးကို ညွှန်ကြားရေးမှူး ရုံးခန်းသို့ခေါ်ဆောင်သွားရာ ဆဲဆိုသံများရပ်တန့်သွားသည်။
အဆဲခံရသော ဝိညာဉ်နှိမ်နင်းရေးဌာန ဝန်ထမ်းများ ထွက်သွားကြပြီး ရုံးခန်းကျယ်ကြီးထဲတွင် သူတို့သုံးဦးနှင့် ဝိညာဉ်နှိမ်နင်းရေး ဌာန ညွှန်ကြားရေးမှူးတို့သာကျန်ရစ်ခဲ့သည်။
အနည်းငယ် ဝဖိုင့်ဖိုင့် ဖြစ်နေသော ညွှန်ကြားရေးမှူး၏မျက်နှာသည် ဒေါသကြောင့် နီရဲနေပြီး စစ်စိမ်းရောင် ယူနီဖောင်းသည် တွန့်ကြေလျက် ကိုယ်ပေါ်တွင် ကပ်နေသည်။ သပ်ရပ်အောင်ပြုလုပ်ရန် စိတ်ကူးရှိပုံ မရပေ။
တင်းမာနေသော အခြေအနေကိုလျှော့ချရန် ညွှန်ကြားရေးမှူးက ချောင်းအနည်းငယ် ဟန့်လိုက်သည်။
"မင်္ဂလာပါ ခင်ဗျာ၊ ကျွန်တော်က ဝိညာဉ်နှိမ်နင်းရေးဌာနရဲ့ ညွှန်ကြားရေးမှူး လော့ယွီမင်ပါ၊ ညွှန်ကြားရေးမှူးလော့ လို့ ခေါ်နိုင်ပါတယ်။ ထိုင်ကြပါဦး"
သူ့လေသံကို နားထောင်ရသည်မှာ အတော်လေးယဉ်ကျေးနေသည်။
သူတို့ကို ရန်ရှာဖို့ခေါ်တာ မဟုတ်ဘူးလား။
သူတို့သုံးဦးသည် ဆိုဖာပေါ်တွင် ငြိမ်ကုပ်စွာထိုင်လိုက်ကြသည်။
ညွှန်ကြားရေးမှူးလော့မှ ၎င်းတို့ကိုရေငှဲ့ပေးရန် တစ်စုံတစ်ယောက်ကို အမိန့်ပေးလိုက်သည်။
သူတို့သုံးဦးနှင့် မျက်နှာချင်းဆိုင်တွင် ညွှန်ကြားရေးမှူးလော့က နွေးထွေးစွာ ပြုံးပြပြီး လက်တော့ပ် တစ်လုံးကို စားပွဲပေါ် တင်လိုက်သည်။
"ခင်ဗျားတို့ အားလုံး ချန်ကျိုးနဲ့ ရင်းနှီးကြတယ် မဟုတ်လား"
ညွှန်ကြားရေးမှူးက စတင် မေးမြန်းလိုက်သည်။
သူတို့သုံးဦး ဇဝေဇဝါ ဖြစ်နေဆဲဖြစ်ပြီး စကားမပြောရဲကြသေးပေ။
"စိတ်မလှုပ်ရှားကြပါနဲ့ဗျာ၊ ဒီနေ့ ခင်ဗျားတို့ကို ဖိတ်လိုက်တာက ပေါ့ပေါ့ပါးပါး စကားပြောချင်လို့ပါ၊ ဒါလေး အရင် ကြည့်လိုက်ရအောင်"
လော့ယွီမင် ပြင်ဆင်ထားသော CCTV မှတ်တမ်းကို ဖွင့်ပြလိုက်သည်။
ထိုမှတ်တမ်းထဲ အိပ်ရာခင်းခြုံထားသောချန်ကျိုးသည် ဝိညာဉ်နှိမ်နင်းရေးဌာန အဝင်ဝမှ ဝင်ရောက်လာပြီး မာန်တက်စွာဖြင့် ပြန်လည်ထွက်ခွာသွားပုံများကို မှတ်တမ်းတင်ထားသည်။