← Chapters

အခန်း (၃၅)

Vol. 4 Ch. 35

အခန်း (၃၅)

Vol. 4 Ch. 35

သူတို့သုံးဦးသည် စောင့်ကြည့်ကင်မရာ မှတ်တမ်းကိုကြည့်ရှုနေကြသည်။ အစပိုင်းတွင် ချန်ကျိုး၏ မောက်မာမှုကြောင့် စိတ်မသက်မသာ ဖြစ်နေကြသော်လည်း တဖြည်းဖြည်းနှင့် စိတ်လက်ပေါ့ပါး လာကြသည်။

ကျန်းယိုယိုက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

"ကျမ ဆရာ! ကျမ ဆရာက တကယ်ကို အစွမ်းထက်တာပဲ! ဝိညာဉ်နှိမ်နင်းရေးဌာနက လူအုပ်ကြီးကို တစ်ယောက်တည်း အနိုင်ယူလိုက်တာ!"

ကျိုးအိုက်ကော်က ရယ်မောလိုက်သည်။

"အိတ်ထဲက ပစ္စည်းကို နှိုက်ယူသလိုပဲကွ.. အဲဒါကိုမှ တကယ့် အလွယ်တကူလို့ ခေါ်တာ! သုန်းသုန်းယောင်က ဒီလောက် စွမ်းမယ်လို့ ငါ ထင်မထားမိဘူး"

ချင်းရှန် ဆေးရုံအုပ်ကြီးကဝင်ပြောသည်။

"ကြည့်ပါဦး.. ကြည့်ပါဦး.. ဒီအဘိုးကြီးက ကောင်းကင်ပေါ်ကနေ ဆင်းသက်လာတာ၊ သူ့ရဲ့ အရှိန်အဝါက သာမန်လူနဲ့ မတူဘူး၊ ချန်ကျိုးနဲ့ ယှဉ်နိုင်မလားလို့ ထင်နေတာ... အမယ်လေး.. စကားတောင် မဆုံးသေးဘူး လဲကျသွားရှာပြီ..."

ကျိုးအိုက်ကော် - "သုန်းသုန်းယောင်ကလည်းကွာ! ဟိုလူက အသက်ကြီးနေပြီဟာကို.. အနည်းဆုံးတော့ စကားဆုံးအောင် ပြောခွင့်ပေးလိုက်သင့်တာပေါ့! သုန်းသုန်းယောင်က တော်တော်ရိုင်းတာပဲ.. နောက်မှ ငါ ဆုံးမလိုက်ဦးမယ်"

ကျန်းယိုယို - "ကျမ ဆရာ အမှားမဟုတ်ပါဘူး.. သူတို့ကိုယ်တိုင်က အားနည်းလွန်းတာပါ"

...

လော့ယွီမင်သည် ဗီဒီယိုကြည့်ရင်း စိတ်လှုပ်ရှားစွာ ဆွေးနွေးနေသော ထိုလူသုံးဦးကိုကြည့်နေမိသည်။ ဒီလူသုံးယောက်က အစိုးရ အရာရှိတွေ ဟုတ်ရဲ့လား ?

ဘာလို့ သူစိမ်းဘက်ကနေ ပါနေကြတာလဲ။

လော့ယွီမင်က ချောင်းနှစ်ချက် ၏ဟန့်လိုက်ပြီး သူတို့သုံးဦး၏ စိတ်လှုပ်ရှားမှုကို ဖြတ်တောက်လိုက်သည်။

"အဟမ်း.. စောင့်ကြည့်ကင်မရာထဲက လူကို ခင်ဗျားတို့ သိကြတယ် မဟုတ်လား"

"သိတာပေါ့.. ချန်ကျိုးလေ"

"သိတာပေါ့.. ကျမ ဆရာလေ"

"သိတာပေါ့.. သုန်းသုန်းယောင်လေ"

သူတို့သုံးဦးသည် ဂုဏ်ယူဝင့်ကြွားစွာဖြေလိုက်ကြသည်။

လော့ယွီမင်က မဲ့ပြုံး ပြုံးလိုက်သည်။

"ချန်ကျိုးရဲ့ ပြစ်မှုက ဘယ်လောက်ကြီးလေးတယ်လို့ ထင်လဲ"

သူတို့သုံးဦး၏အပြုံးများ ပျောက်ကွယ်သွားပြီး သူတို့ ဝိညာဉ်နှိမ်နင်းရေးဌာနထဲ ရောက်နေသည်ကိုပင် မေ့လုနီးပါး ဖြစ်သွားကြသည်။

"ညွှန်ကြားရေးမှူးလော့.. ချန်ကျိုးက စိတ်ရောဂါသည်လေ.. သူ့မှာ အရပ်ဘက်ဆိုင်ရာ အရည်အချင်းမရှိဘူး.. ပြီးတော့ သူ့မှာ အုပ်ထိန်းသူလည်း မရှိဘူး၊ ဒီတာဝန်ကို ချန်ကျိုး ယူလို့မရပါဘူး"

ချင်းရှန် ဆေးရုံအုပ်ကြီး ပြောပြီးသည်နှင့် ကျိုးအိုက်ကော်ကို မျက်ရိပ်ပြလိုက်သည်။

ကျိုးအိုက်ကော်က ဝင်ထောက်ခံလိုက်သည်။

"ညွှန်ကြားရေးမှူးလော့.. ကျွန်တော်တို့ ဝိညာဉ်နှိမ်နင်းရေးဌာနက သရဲတွေကို နှိမ်နင်းပြီး ပြည်သူတွေကို ကာကွယ်ဖို့ ဖွဲ့စည်းထား တာလေ.. စိတ်ရောဂါသည် တစ်ယောက်ကို တိုက်ခိုက်ဖို့မဟုတ်ပါဘူး၊ ပြီးတော့ ကျွန်တော် ထင်တာက.. ချန်ကျိုးက ဝိညာဉ်နှိမ်နင်းရေးဌာနက လူတွေကို အိပ်ပျော်အောင်လုပ်လိုက်ရုံပါပဲ.. တကယ်ကြီး ထိခိုက်အောင် လုပ်တာမှ မဟုတ်တာ!"

ကျန်းယိုယိုကတော့ စိတ်အမြန်ဆုံး ဖြစ်ပြီး ဒဲ့ပြောချလိုက်သည်။

"ညွှန်ကြားရေးမှူးလော့.. ရှင် ကျမ ဆရာကိုနိုင်မယ်လို့ သေချာလို့လား"

လော့ယွီမင် သီးသွားသည်။

ကျိုးအိုက်ကော် ကျန်းယိုယိုကိုတံတောင်နှင့် တွတ်ပြီးမျက်ရိပ်ပြလိုက်သည် - ဒီလောက် ပြောင်စပ်စပ် အမှန်တရားကို ဘယ်လိုလုပ် ထုတ်ပြောရတာလဲ။

ကျန်းယိုယိုက သူမ စကားမှားသွားမှန်း သိလိုက်ပြီး ပါးစပ်ပိတ်ထားလိုက်သည်။

လော့ယွီမင် ရင်ထဲတွင် ခံစားချက်ပေါင်းစုံရောပြွမ်းလို့နေသည်။

သို့သော် တွေ့ဆုံရခြင်း၏အဓိက ရည်ရွယ်ချက်ကို သူ မမေ့ပေ။

"ခင်ဗျားတို့ နားလည်မှု လွဲနေကြပြီ၊ ချန်ကျိုးက ရှားပါးတဲ့ ပါရမီရှင် တစ်ယောက်ပါ။ သရဲနှင်ရဲဌာနရော၊ ဝိညာဉ်နှိမ်နင်းရေး ဌာနရော အစိုးရ အဖွဲ့အစည်းတွေပဲလေ.. ကျွန်တော်တို့ သဘောထားချင်း တူမယ်လို့ ထင်ပါတယ်၊ ဒီလောက် စွမ်းအားကြီးတဲ့ လူတစ်ယောက် ရှိနေမှတော့ ဝိညာဉ်နှိမ်နင်းရေးဌာနက ဘယ်လိုလုပ် တန်ဖိုးမထားဘဲနေမလဲ"

"ဟုတ်တာပေါ့.. ကျွန်တော်တို့ သရဲနှင်ရဲဌာနလည်း လက်စားချေလိုသော သရဲအမှုတွေ အများကြီး ကိုင်တွယ်ခဲ့ဖူးတော့.. ကျွန်တော်တို့ သဘောထားချင်းတူကြပါတယ်"

"ခင်ဗျားတို့ သုံးယောက်ကို ဖိတ်ခေါ်ရတာက ချန်ကျိုးအကြောင်း ပိုသိချင်လို့ပါ၊ မနေ့က ကျွန်တော်တို့ ဝိညာဉ်နှိမ်နင်းရေးဌာနက ဝန်ထမ်းတွေ လွှတ်ပြီး ချန်ကျိုးရဲ့ စွမ်းရည်ကို စမ်းသပ်ခဲ့ပေမယ့် ဆက်သွယ်ရေး အခက်အခဲကြောင့် ကောင်းကောင်း မစမ်းသပ်နိုင်ခဲ့ဘူး ထင်တယ်၊ အဖြေကတော့ ချန်ကျိုးက သာမန်လူ တစ်ယောက်လို့ပဲ ပြနေတယ်"

ကျိုးအိုက်ကော် ကန့်ကွက်လိုက်သည်။

"ချန်ကျိုးက သာမန်လူမဖြစ်နိုင်ပါဘူး"

"ဟုတ်တယ်.. ကျမ ဆရာက သာမန်လူမဖြစ်နိုင်ဘူး" ကျန်းယိုယိုက ဂုဏ်ယူစွာ ပြောလိုက်သည်။

လော့ယွီမင်သည် စမ်းသပ်ကျောက်တုံးမှ ဒေတာများကို ရှင်းထုတ်လိုက်ပြီး ကျန်းယိုယိုကို ပေးလိုက်သည်။

"မင်းက ချန်ကျိုးရဲ့ တပည့်ဆိုတော့.. မင်း စမ်းကြည့်ပါဦး"

ကျန်းယိုယိုသည် စမ်းသပ်ကျောက်တုံးကို ယူပြီး လက်ဖဝါးတွင် ဆုပ်ကိုင်ကာ စမ်းသပ်စက်ပေါ် တင်လိုက်သည်။

ကျောက်တုံးမှ လိမ္မော်ရောင် အလင်းတန်း ထွက်ပေါ်လာသည်။

အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ စိမ်းပြာ၊ အပြာ၊ ခရမ်း။

လိမ္မော်ရောင် အလင်းတန်းသည် ဒုတိယအဆင့် သန့်စင်ခြင်းတံခါးပေါက်နယ်ပယ် ကျင့်ကြံသူနှင့် ညီမျှသည်။

"မင်း အရင်က ကျင့်ကြံဖူးလား"

လော့ယွီမင်က အံ့သြစွာ မေးလိုက်သည်။

ကျန်းယိုယို ခေါင်းခါလိုက်သည်။

"လွန်ခဲ့တဲ့ ခြောက်လလောက်က စမ်းသပ်တုန်းက အဖြူရောင် အလင်းတန်းပဲပေါ်တာပါ"

ကျိုးအိုက်ကော် တစ်ခုခုကို သတိရသွားပြီး ကျန်းယိုယိုခြေထောက်ကို စိတ်လှုပ်ရှားစွာ ပုတ်လိုက်သည်။

"မင်း ရေသန့် သောက်ခဲ့တယ်လေ"

ကျန်းယိုယို သတိရသွားပြီး သူ့ မျက်လုံးဝိုင်းလေးများ ပြူးကျယ်သွားသည်။

"ဟုတ်တယ်.. ဟုတ်တယ်.. သမီး ရေသန့် သောက်ခဲ့တာပဲ"

"ဌာနမှူး.. ရှင့်ဦးထုပ်ထဲမှာ စာရွက်ပိုင်းလေးရှိတယ်လေ.. ရှင် စမ်းကြည့်ပါဦး" ကျန်းယိုယိုက ပြောလိုက်သည်။

ကျိုးအိုက်ကော်သည် ဒေတာရှင်းပြီးသား စမ်းသပ်ကျောက်တုံးကို စိတ်အားထက်သန်စွာ ဆုပ်ကိုင်လိုက်သည်။

လူသုံးယောက်၏စောင့်ကြည့်နေမှုအောက်တွင် သူသည် စမ်းသပ်စက်ပေါ် တင်လိုက်သည်။

အနီရောင် အလင်းတန်း လက်ခနဲ ဖြစ်သွားပြီး နောက်ဆုံးတွင် လိမ္မော်ရောင် အလင်းတန်းသို့ ပြောင်းလဲသွားသည်။

"ဌာနမှူး.. အရင်တုန်းက ရှင်က အစပြုသူအဆင့် ကျင့်ကြံသူမဟုတ်လား"

"ဟုတ်တယ်.. အခု ငါက ဒုတိယအဆင့် သန့်စင်ခြင်းတံခါးပေါက်နယ်ပယ်ကျင့်ကြံသူ ဖြစ်သွားပြီ" ကျိုးအိုက်ကော်က ပျော်ရွှင်စွာ ပြောလိုက်သည်။

သရဲနှင်ရဲဌာန၏အဓိက တာဝန်မှာ ဝိညာဉ်နှိမ်နင်းရေးဌာနမှ ဖန်တီးထားသော လက်နက်များ၊ အဆောင်လက်ဖွဲ့များနှင့် အစီအရင်များကို အသုံးပြုပြီး လှည့်လည်သွားလာနေသော ဝိညာဉ်များနှင့် လက်စားချေလိုသော သရဲများ (Vengeful Ghosts) ကို ဖြေရှင်းရန်ဖြစ်သည်။

ထို့ကြောင့် သရဲနှင်ရဲဌာနရှိ လူအများစုမှာ သာမန်လူများသာ ဖြစ်ကြသည်။ ကျိုးအိုက်ကော် ပထမအဆင့် အစပြုသူ အဆင့် ကျင့်ကြံသူ ဖြစ်လာရခြင်းမှာလည်း သူက သရဲနှင်ရဲဌာန၏ ခေါင်းဆောင် ဖြစ်သောကြောင့် အတင်းအဓမ္မ အဆင့်မြှင့်တင်ပေးထား ခြင်း ဖြစ်သည်။

သို့သော် ဒီတစ်သက် သူ နောက်ထပ် အဆင့်တက်နိုင်ခြေ လုံးဝမရှိပေ။

မထင်မှတ်ထားဘဲ ဒဏ်ရာရပြီး ချန်ကျိုး၏ကုသမှုကို ခံယူလိုက်ရမှ သူသည် ဒုတိယအဆင့် သန့်စင်ခြင်း တံခါးပေါက်နယ်ပယ်သို့ ရောက်ရှိသွားခဲ့သည်။

ကျိုးအိုက်ကော်သည် စမ်းသပ်ကျောက်တုံးကို ချင်းရှန် ဆေးရုံအုပ်ကြီးထံ ပေးလိုက်သည်။

"အကိုလီ.. ခင်ဗျား စမ်းကြည့်ပါဦး"

ချင်းရှန် ဆေးရုံအုပ်ကြီး၏စမ်းသပ်ချက် အဖြေမှာ အဖြူရောင်အလင်းတန်း ဖြစ်ပြီး ချန်ကျိုးထက် အနည်းငယ် ပိုအားကောင်းသည်။

"အကိုလီက ချန်ကျိုးဆီက ဘာမှ မသောက်ခဲ့ဘူး၊ အဆောင်လက်ဖွဲ့လည်း မကပ်ခဲ့ဘူးဆိုတော့.. အဖြူရောင် အလင်းတန်းပဲ ပေါ်နေတာ နေမှာပါ" ကျိုးအိုက်ကော်က သုံးသပ်လိုက်သည်။

လော့ယွီမင် လုံးဝဇဝေဇဝါ ဖြစ်သွားသည်။

"ခင်ဗျားတို့ ပြောနေတဲ့ ရေသန့်တို့၊ အဆောင်လက်ဖွဲ့တို့ ဆိုတာ ဘာတွေလဲ"

ကျိုးအိုက်ကော် ရယ်မောလိုက်သည်။

"ညွှန်ကြားရေးမှူးလော့.. ယိုယိုက သူ့မှာ နောက်ဆုံးအဆင့် ရင်သားကင်ဆာဖြစ်နေတာ မသိခဲ့ဘူး။ သူ ချန်ကျိုးဆီ သွားတွေ့တော့မှ ချန်ကျိုးက သိသွားတာ၊ ဆေးရုံကလည်း ဘာမှ မတတ်နိုင်တော့ သူ ချန်ကျိုးဆီ သွားခဲ့တယ်၊ ချန်ကျိုးက ရေသန့် နှစ်ပုလင်း ပေးလိုက်တော့ သူ ပြန်ကောင်းသွားရော!"

"ဒါဆို ခင်ဗျားကရော"

ကျိုးအိုက်ကော်က သူ့ခေါင်းပေါ်က စာရွက်ပိုင်းလေးကိုလက်ညှိုးထိုးပြလိုက်သည်။

"တမြန်နေ့က ယစ်မျက်ဝန်းအစီအရင်ကို တွေ့တုန်းက အထဲက အလောင်းကောင်ကြီးရဲ့ ကုတ်ခြစ်တာ ခံလိုက်ရတယ်၊ ယင်းစွမ်းအင်တွေ ကိုယ်ထဲ ဝင်သွားတာပေါ့၊ ချန်ကျိုး ဝင်ပါပြီး ဒီအဆောင်လက်ဖွဲ့လေးတွေ ကပ်ပေးလိုက်တာ၊ မဟုတ်ရင် ကျွန်တော်လည်း အလောင်းကောင်ဖြစ်သွားလောက်ပြီ"

"ဒီစာရွက်ပိုင်းလေးတွေက အဆောင်လက်ဖွဲ့တွေလား.. ပြီးတော့ ယင်းစွမ်းအင်ကို ဖယ်ရှားပေးနိုင်တယ်ပေါ့"

လော့ယွီမင် အံ့သြတကြီး မေးလိုက်သည်။

ကျိုးအိုက်ကော်က တစ်ခုခု သရုပ်ဆောင်ပြနေသည်ဟု သူ ထင်နေသည်။

"ကျွန်တော် ကြည့်လို့ ရမလား"

ကျိုးအိုက်ကော် - "ညွှန်ကြားရေးမှူးလော့.. သတိထားနော်.. ပြုတ်ကျသွားဦးမယ်!"

ကျိုးအိုက်ကော်သည် သူ ရောဂါပျောက်ကင်းလုနီးပါး ဖြစ်နေပြီဟု သေချာနေသော်လည်း ပေါ့ဆရဲခြင်း မရှိသေးပေ။

လော့ယွီမင် - "စိတ်မပူပါနဲ့! ရှုပ်ပွသွားရင်တောင် ယင်းစွမ်းအင် ဖယ်ရှားတဲ့ အဆောင်လက်ဖွဲ့ နောက်တစ်ခု ကျွန်တော် ရေးပေးလိုက်မယ်"

ကျင့်ကြံခြင်း လောကတွင် ယင်းစွမ်းအင် ဖယ်ရှားနိုင်သော အဆောင်လက်ဖွဲ့များ ရှိသော်လည်း လိုအပ်သော ပစ္စည်းများနှင့် အဆောင်လက်ဖွဲ့ ရေးဆွဲသူ၏ ကျင့်ကြံခြင်း အဆင့်မှာ အလွန် မြင့်မားရန် လိုအပ်သည်။ ပဉ္စမအဆင့် တောင်ဘက်တံတားနယ်ပယ် ကျင့်ကြံသူ ဖြစ်သော လော့ယွီမင်ပင်လျှင် အရေအတွက် အနည်းငယ်သာ ပြုလုပ်နိုင်ပြီး အများအားဖြင့် သရဲများနှင့် တိုက်ခိုက်ရင်း ယင်းစွမ်းအင် ဝင်ရောက်ကာ ဒဏ်ရာရသော ဝိညာဉ်နှိမ်နင်းရေးဌာနမှ ကျင့်ကြံသူများအတွက်သာ အသုံးပြုလေ့ ရှိသည်။

ချန်ကျိုးက ယင်းစွမ်းအင် ဖယ်ရှားပေးနိုင်သော အဆောင်လက်ဖွဲ့များကို ပြုလုပ်နိုင်လိမ့်မည်ဟု သူ မထင်မှတ်ထားပေ။

ချန်ကျိုးက အဆောင်လက်ဖွဲ့ ပညာရှင်များလား။

လော့ယွီမင်သည် စာရွက်ပိုင်းလေးကို သတိထားပြီး မလိုက်ရာ မျက်မှောင်ကြုတ်သွားသည်။ ဘယ်ပြန်ညာပြန် ကြည့်လိုက် သော်လည်း စာရွက်သည် သာမန် အိမ်သာသုံး စက္ကူစုတ် =တစ်ရွက်သာ ဖြစ်သည်။

အပေါ်တွင် ရေးဆွဲထားသော သရဲခြစ်ထားသလို မျဉ်းကြောင်းများသည် သာမန် ဘောပင်ဖြင့် ရေးဆွဲထားခြင်း ဖြစ်သည်။

ပုံမှန် အဆောင်လက်ဖွဲ့များကို အထူးပြုလုပ်ထားသော အဝါရောင် စက္ကူဖြင့် ပြုလုပ်လေ့ရှိပြီး ဝံပုလွေမွေး စုတ်တံနှင့် နတ်ဆိုးသားရဲ၏ သွေးကို အသုံးပြုကာ အဆောင်လက်ဖွဲ့ ရေးဆွဲသူ၏ဝိညာဉ်စွမ်းအင်ကို ထည့်သွင်းရေးဆွဲရကြောင်း သိထားရန် လိုသည်။ အဆင့်မြင့် အဆောင်လက်ဖွဲ့များဆိုလျှင် နတ်ဆိုးသားရဲ၏အရေခွံကိုပင် လိုအပ်သေးသည်။ ဤပစ္စည်းများကို ဂူသင်္ချိုင်း တွင်သာတွေ့ရပြီး ကမ္ဘာမြေပေါ်တွင် ရှာမတွေ့နိုင်ပေ။

ဒီအရာက တကယ် သရဲနှင် အဆောင်လက်ဖွဲ့ ဟုတ်ရဲ့လား ?

လော့ယွီမင် ယုံကြည်ရခက်နေသည်။

All Chapters