← Chapters

အခန်း (၃၆)

Vol. 4 Ch. 36

အခန်း (၃၆)

Vol. 4 Ch. 36

လော့ယွီမင်သည် သူ့ဝိညာဉ်စွမ်းအင်ကို အဆောင်လက်ဖွဲ့များထဲသို့ ထည့်သွင်းလိုက်သည်။

သူ့ဝိညာဉ်စွမ်းအင်သည် အဆောင်လက်ဖွဲ့များကို ထိလိုက်သည်နှင့် မျဉ်းကြောင်းများ ရေးဆွဲထားသော ပုံစံများသည် စာရွက်ပေါ်မှ ကြွတက်လာကာ ရွှေရောင်အလင်းတန်းမျာဖြာထွက်နေသော အဆောင်လက်ဖွဲ့စာလုံးများ အဖြစ်သို့ ပြောင်းလဲသွားသည်။

"ဂူသင်္ချိုင်းစာ ဟုတ်လား" လော့ယွီမင် အံ့အားသင့်စွာ အော်ပြောလိုက်သည်။

ဂူသင်္ချိုင်းစာ ဆိုသည်မှာ သရဲလောက၏ စာပေဖြစ်ပြီး အစွမ်းထက်သော စွမ်းအင်များပါဝင်သည်။ ဝိညာဉ်နှိမ်နင်းရေးဌာနမှ စုဆောင်းထားသော ဂူသင်္ချိုင်းစာများသည် ရေခဲတောင်ကြီး၏ထိပ်ဖျားလောက်သာ ရှိသေးပြီး အဆောင်လက်ဖွဲ့များထဲသို့ ထည့်သွင်း ရေးဆွဲနိုင်ခြင်းမရှိသေးပေ။ ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် ဂူသင်္ချိုင်းစာအဆောင်လက်ဖွဲ့များကို သုတေသနပြုလုပ်ရန် ရည်ရွယ်ထားသော ဂိုဏ်းဝင်တစ်စုရှိပြီး လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ထိပ်တိုက်တွေ့ဆုံမှုများမှတဆင့် ကောင်းကင်နတ် ဆိုးဂိုဏ်း၏ ဂူသင်္ချိုင်းစာသုတေသနပြုမှုသည် ဝိညာဉ်နှိမ်နင်းရေးဌာနထက် မနိမ့်ကျကြောင်းတွေ့ရှိရသည်။

သို့သော် ပြဿနာမှာ ဤစာရွက်ပိုင်းလေးများပေါ်တွင်ပါရှိသော ဂူသင်္ချိုင်းစာလုံးအများအပြားကို လော့ယွီမင် တစ်ခါမှ မမြင်ဖူးခြင်းပင်။

ဒီ ချန်ကျိုး ဆိုတဲ့လူက ဘယ်သူများလဲ။

လော့ယွီမင် ခေါင်းငုံ့ပြီး နက်နက်နဲနဲ စဉ်းစားနေမိသည်။

"ညွှန်ကြားရေးမှူးလော့.. ပြီးပြီလား"

လော့ယွီမင် သူ့အဆောင်လက်ဖွဲ့များကို ဖျက်ဆီးပစ်လိုက်မှာ စိုးရိမ်သဖြင့် ကျိုးအိုက်ကော် အတင်းမေးလိုက်သည်။

လော့ယွီမင်သည် အဆောင်လက်ဖွဲ့ကို ကျိုးအိုက်ကော် ဦးထုပ်ထဲသို့ ဂရုတစိုက် ပြန်ထည့်ပေးလိုက်ပြီး သူ့မျက်လုံးများတွင် လိုချင်တပ်မက်မှုများတောက်လောင်နေသည်။ အကယ်၍ သူသာ ချန်ကျိုးဆီမှ ဒီဂူသင်္ချိုင်းစာများကို သင်ယူနိုင်ခဲ့မည်ဆိုလျှင် သူ၏ စွမ်းအားသည် သိသိသာသာတိုးတက်လာပေလိမ့်မည်။

လော့ယွီမင်က ချန်ကျိုး ဘယ်မှာလဲဟု ကျိုးအိုက်ကော်ကို မေးရန်ပြင်လိုက်စဉ်မှာပင် ချင်းရှန် ဆေးရုံအုပ်ကြီး၏ ဖုန်း ရုတ်တရက် မြည်လာသည်။

"ဟလို.. ဘာပြောတယ်.. ချန်ကျိုးက ခေါင်းတလားကြီးထမ်းပြီး အခန်းထဲပြန်ရောက်လာတယ် ဟုတ်လား.. ပြီးတော့ အခန်းတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်တယ် ဟုတ်လား"

ချင်းရှန် ဆေးရုံအုပ်ကြီး လုံးဝကြောင်အမ်းအမ်း ဖြစ်သွားသည်။

...

မနက် ၇ နာရီတွင် လော့ယွီမင်၊ ကျိုးအိုက်ကော်၊ ကျန်းယိုယိုနှင့် ချင်းရှန် ဆေးရုံအုပ်ကြီးတို့သည် စိတ်ကျန်းမာရေးဆေးရုံသို့ ပြန်ရောက်လာကြသည်။

လူနာဆောင် အဆောက်အဦးထဲသို့ဝင်လိုက်သည်နှင့် ပထမထပ်မှ တတိယထပ်ရှိ ချန်ကျိုးအခန်းအထိ သံကူကွန်ကရစ်များကို နက်ရှိုင်းစွာ နစ်ဝင်နေအောင် နင်းထားသော ခြေရာများကို တွေ့လိုက်ရသည်။

အခန်းထဲသို့ ရောက်သောအခါ ကျိုးအိုက်ကော်သည် ခေါင်းတလားအဖုံးကို အားကုန်သုံးပြီးတွန်းကြည့်သော်လည်း မရွေ့ပေ။

လေးယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီးနောက် ချန်ကျိုး အချစ်ဆုံးဘောလုံးလေးဖြစ်သော ကျန်းယိုယိုကို နှိုးခိုင်းရန် ဆုံးဖြတ်လိုက်ကြသည်။

ကျန်းယိုယိုသည် ခေါင်းတလားအဖုံးကို ဖွဖွလေးပုတ်ပြီး တီးတိုး ခေါ်လိုက်သည်။

"ဆရာ.. နိုးပြီလားဟင်"

ခေါင်းတလားထဲမှ ကိုယ်လုံးလှည့်သံ ကြားလိုက်ရပြီး ပျင်းရိသောအသံဖြင့် ပြန်ဖြေလိုက်သည်။

"မနိုးသေးဘူး"

ချင်းရှန် ဆေးရုံအုပ်ကြီးက ဆက်ပြောသည်။

"ချန်ကျိုး.. စားသောက်ဆိုင်က မင်းအတွက် အသားတွေပြင်ဆင်ထားတယ်ကွ.. နောက်ကျရင် ကုန်သွားလိမ့်မယ်နော်"

အသား ဟုတ်လား

အသားဆိုသော စကားလုံးကိုကြားလိုက်သည်နှင့် ချန်ကျိုး စိတ်အာရုံများကြည်လင်သွားရသည်။

လေးလံသောခေါင်းတလားအဖုံးသည် အတွင်းမှ တွန်းဖွင့်ခြင်းခံလိုက်ရပြီး မြှုပ်နှံပစ္စည်းများကြားတွင် လဲလျောင်းနေသော ချန်ကျိုးကိုတွေ့လိုက်ရသည်။ စူးရှသော နေရောင်ခြည်ကြောင့် သူသည် မျက်လုံးတစ်ဖက် မှိတ်၊ တစ်ဖက် ဖွင့်ထားရသည်။

ရင်းနှီးသော မျက်နှာသုံးခုကို ဝေ့ကြည့်လိုက်ပြီးနောက် ချန်ကျိုးမျက်လုံးများက လော့ယွီမင်အပေါ်တွင် ရပ်တန့်သွားသည်။

"ခင်ဗျားက ဘယ်သူလဲ" ချန်ကျိုး သတိထားပြီး မေးလိုက်သည်။

"မင်္ဂလာပါ ချန်ကျိုး.. ကျွန်တော်က လော့ယွီမင်ပါ.. ဝိညာဉ်နှိမ်နင်းရေးဌာနရဲ့ ညွှန်ကြားရေးမှူးပါ"

ဝိညာဉ်နှိမ်နင်းရေးဌာန ဟုတ်လား ?

ဓားပြစခန်းပဲ

ချန်ကျိုးသည် ခေါင်းတလား အနားသတ်များကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး ကိုယ်ကို ထောက်ကန်ကာ ခြေထောက်ဖြင့် ကန်လိုက်သည်။

"ဖောင်ရှန် အရိပ်မဲ့ကန်ချက်!"

ချန်ကျိုး၏ဘယ်ပြန်ညာပြန် ကန်ချက်များကြောင့် လော့ယွီမင်နောက်ဆုတ်လိုက်ရသည်။

ကျန်သုံးယောက်က ရှေ့တိုးပြီးတားလိုက်ကြသည်။

"သုန်းသုန်းယောင်.. အထင်လွဲတာပါ.. အထင်လွဲတာပါ"

"ဆရာ.. ညွှန်ကြားရေးမှူးလော့ကို အထင်လွဲနေပြီ"

"ချန်ကျိုး.. ညွှန်ကြားရေးမှူးလော့က မင်းကိုတောင်းပန်ဖို့ လာတာပါ"

ချန်ကျိုးသည် ခေါင်းတလားထဲမှခုန်ထွက်လိုက်ပြီး အဖုံးကို ဂရုတစိုက်ပြန်ပိတ်ကာ ကြေးခေါင်းတလားကို သူ့နောက်တွင် ကွယ်ထားလိုက်သည်။

လော့ယွီမင်သည် ချန်ကျိုးကို သူ မယှဉ်နိုင်မှန်း သိသဖြင့် လက်ဆောင်ပစ္စည်းများကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်လျက် မဆုတ်မနစ် ရှေ့တိုးလာသည်။

"ချန်ကျိုး.. အားလုံးက အထင်လွဲမှုပါ၊ ကြေးခေါင်းတလားက မင်းပိုင်တာပါ.. ငါတို့ မှားယူမိသွားတာပါ၊ မင်း ငါ့ရဲ့ ရိုင်းပျမှုကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပြီး တောင်းပန်တဲ့အနေနဲ့ ဒီလက်ဆောင်ပစ္စည်းတွေ ယူလာခဲ့တာပါ"

ချန်ကျိုးအကြည့်သည် လော့ယွီမင် ကိုင်ဆောင်လာသော မုန့်များနှင့် အားဆေးများပေါ်သို့ ရောက်သွားပြီး မျက်တောင်တစ် ခတ်အတွင်း ကျန်သုံးယောက် ကြည့်နေတုန်းမှာပင် ချန်ကျိုးသည် လော့ယွီမင် လက်ထဲမှလက်ဆောင်ပစ္စည်းများကို လုယူလိုက်သည်။

အရာအားလုံး အဆင်ပြေသွားပြီဟု ထင်ရသည်။

ချန်ကျိုးသည် လက်ဆောင်ပစ္စည်းများကို အောက်ချလိုက်ပြီး တံခါးပေါက်ကိုလက်ညှိုးထိုးပြလိုက်သည်။

"ထွက်သွား"

လော့ယွီမင်သည် စိတ်ရောဂါသည် တစ်ယောက်ကို ဘယ်လိုကိုင်တွယ်ရမလဲ မသိသဖြင့် ချင်းရှန် ဆေးရုံအုပ်ကြီး၏ အချက်ပြမှုဖြင့် အခန်းတံခါးဆီသို့ လျှောက်သွားလိုက်သည်။

ချန်ကျိုးသည် သူ့နောက်မှကပ်လိုက်သွားပြီး လော့ယွီမင်ကို အခန်းအပြင်သို့ တွန်းထုတ်ကာ တံခါးကို ဝုန်းခနဲ ပိတ်လိုက်သည်။

"မြွေပါက ကြက်ကို အရိုအသေပေးတယ်ဆိုတာ.. မကောင်းတဲ့ လက္ခဏာပဲ!" ချန်ကျိုးက တံခါးဝတွင် အော်ပြောလိုက်သည်။

အခန်းထဲရှိသုံးယောက်သား ချန်ကျိုးကို ကြောင်ကြည့်နေကြသည်။ ချန်ကျိုး တုံ့ပြန်မှုသည် သူမျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။ သူသည် ဝိညာဉ်နှိမ်နင်းရေးဌာနမှ လူများကို ဓားပြများအဖြစ် တစ်ယူသန်သတ်မှတ်ထားပြီး ဖြစ်သည်။

ချန်ကျိုးက သူတို့ကို လက်ညှိုးထိုးလိုက်သည်။

"မင်းတို့ သုံးယောက်.. ကျီးကန်းတံတွေးစွတ်ထားတဲ့ မျက်လုံးတွေနဲ့.. အကောင်းအဆိုးကို မခွဲခြားတတ်ကြဘူး"

"ဆရာ"

ချန်ကျိုး လက်ကိုနောက်ပစ်ပြီး ကျန်းယိုယိုကိုလက်ညှိုးထိုးလိုက်သည်။

"ဘောလုံးလေး .. ဘောလုံးလေး.. မင်းက ဉာဏ်ကောင်းပြီး ထက်မြက်လို့ ငါ တပည့်အဖြစ် လက်ခံထားတာလေ၊ ဘယ်လိုဖြစ်လို့ ဒီလို လူယုတ်မာတွေနဲ့ ပေါင်းသင်းရတာလဲ တကယ့်ကို စိတ်ပျက်စရာ ကောင်းလိုက်တာ"

ဘောလုံးလေးကို ပြောပြီးနောက် ချင်းရှန် ဆေးရုံအုပ်ကြီးကို လက်ညှိုးထိုးလိုက်သည်။

"ခင်ဗျား... သူက ပစ္စည်းလာခိုးတာလေ.. မမြင်ဘူးလား"

ကျိုးအိုက်ကော် အလှည့်ရောက်လာသည်။

"သုန်းသုန်းချီ.. မင်းကို ငါ့လောက် သတ္တိရှိဖို့ မမျှော်လင့်ပါဘူး.. ဒါပေမဲ့ အနည်းဆုံးတော့ အရည်အချင်းပြည့်မီတဲ့ စစ်သည်တော် ဖြစ်သင့်တာပေါ့၊ မင်းက ဒီငတုံး လူသားတွေရဲ့ ဖျက်ဆီးမှုကို ခံလိုက်ရပြီဆိုတော့ ငါ ဂြိုဟ်ကို အစီရင်ခံစာတင်ပြီး မင်းကို စွန့်ပစ်ဖို့ ပြင်ဆင်ရတော့မယ်"

ကျန်းယိုယို လန့်သွားပြီး အမြန်ပြောလိုက်ရသည်။

"ဆရာ.. သမီး မှားသွားပါတယ်၊ တပည့်ရဲ့ ကျင့်ကြံမှုက နိမ့်ပါးသေးတော့ လူကောင်း လူဆိုးမခွဲခြားတတ်လို့ပါ။ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့ ဆရာရယ်"

ချင်းရှန် ဆေးရုံအုပ်ကြီးကပြောလာသည်။

"ချန်ကျိုး.. မင်း အမြင်စူးရှတာပဲ၊ ငါဆို သူ လူဆိုးမှန်းတောင် မသိလိုက်ဘူး၊ မင်းက တကယ့် ဆရာတစ်ဆူပါပဲ"

ကျိုးအိုက်ကော်ကမူ "ရဲရင့်တဲ့ သုန်းသုန်းယောင်.. ငါ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားလို့ သူ့ကို ကောင်းကောင်း မမြင်နိုင်ခဲ့ဘူး ထင်ပါတယ်၊ စိတ်ချပါ သုန်းသုန်းယောင်.. ငါ မင်းလိုဖြစ်အောင် သေချာပေါက် ကြိုးစားပါ့မယ်"

စင်္ကြန်လမ်း အပြင်ဘက်တွင် လော့ယွီမင် နှာချေလိုက်သည်။ သူတို့သုံးယောက် သူ့ဘက်က လုံးဝမကာကွယ်ပေးဘဲ သစ္စာဖောက်သွားသည်ကို သူ မသိလိုက်ရှာပေ။

ထိုသုံးယောက်သား၏ မြှောက်ပင့်မှုအောက်တွင် ချန်ကျိုး ကျေနပ်သွားသည်။

...

ကြေးခေါင်းတလားကြီး၏ အလေးချိန်ကြောင့် လူနာဆောင်၏ကြမ်းပြင်သည် ခံနိုင်ရည်မရှိတော့ပေ။ ထို့အပြင် ချန်ကျိုး ပြန်လာတိုင်း သရဲလေးက တာဝန်ကျသူနာပြုများကို သတိမေ့သွားအောင် ရိုက်နှက်လေ့ရှိသဖြင့် သူနာပြုများ အလုပ်မဆင်းရဲ ဖြစ်နေကြသည်။

ထို့ကြောင့် ချင်းရှန်ဆေးရုံအုပ်ကြီးသည် ဟိုဟိုဒီဒီ ပစ္စည်းများ ထားသိုရာ ဘန်ဂလိုတစ်လုံးကို ရှင်းလင်းပြီး ချန်ကျိုး နေထိုင်ရန် အထူး စီစဉ်ပေးလိုက်သည်။

"ကဲ.. ကဲ.. မင်းတို့က ငါ့ကို အတုယူသင့်တယ်၊ တစ်နေ့ကုန် နေပူစာလှုံပြီး ထိုင်မနေကြနဲ့။ ငါ့ခေါင်းတလားကို အောက်ထပ် သယ်ပေးကြ.. ငါ တစ်ညလုံး ကျင့်ကြံထားရလို့ ဗိုက်ဆာပြီး သေတော့မယ်"

ချန်ကျိုးသည် ရေချိုးခန်းသုံး ပစ္စည်းများကို ကိုင်ပြီး ရေချိုးခန်းဘက်သို့ ထွက်သွားသည်။

သူတို့သုံးယောက် ချန်ကျိုးအခန်းထဲတွင် ကျန်ရစ်ခဲ့သည်။ ကျိုးအိုက်ကော်သည် ကြေးခေါင်းတလားကို မကြည့်သော်လည်း ဂဟေဆော်ထားသကဲ့သို့ တစ်လက်မမျှပင် မရွေ့ပေ။

"ငါတို့သုံးယောက်ပေါင်းမှ ခေါင်းတလားအဖုံးတောင် မနိုင်ပါလား"

ချင်းရှန် ဆေးရုံအုပ်ကြီးက သူ့ကို နှုတ်ဆွံ့စွာကြည့်ပြီး ပြောလိုက်သည်။

"ကြေးခေါင်းတလားလေ.. မင်းက ရေမြှုပ်ဖော့တုံး မှတ်နေလို့လား ? သူ ဘယ်လို သယ်လာလဲတောင် မင်း စဉ်းစားကြည့်ပါဦး"

...

ချန်ကျိုး စားသောက်ဆိုင်သို့ ရောက်သောအခါ စိတ်ဝေဒနာရှင် ထက်ဝက်ကျော်လောက် စားသောက်ပြီးနေကြပြီ ဖြစ်သဖြင့် သူ့အတွက် ရည်မှန်းထားသော "အသားဟင်း" မှာ တစ်စုံတစ်ယောက်၏ပန်းကန်ထဲ ရောက်သွားလောက်ပြီ ဖြစ်သည်။

"ချန်ကျိုး.. ဟိုဘက်မှာ သွားယူလိုက်"

တာဝန်ကျ သူနာပြုက ဝန်ထမ်းစားသောက်ဆိုင်ဘက်ကို လက်ညှိုးထိုးပြလိုက်သည်။

စိတ်ဝေဒနာရှင်တွေကို ဝန်ထမ်းစားသောက်ဆိုင်ထဲ ဝင်ခွင့်မပေးဘူးလေ.. ဒီသူနာပြုက သူ့ကို ဒုက္ခပေးချင်နေတာလား။

စားသောက်မှုနှင့် ပတ်သက်လျှင် ချန်ကျိုး၌ မူဝါဒရှိသည်။ တစ်ယောက်တည်း သွားယူသော အစားအစာကိုသာ သူ စားသည်။

သူနာပြုစကားကို လျစ်လျူရှုပြီး ချန်ကျိုးသည် ရင်းနှီးနေသော အစားအစာကောင်တာသို့ သွားကာ တန်းစီလိုက်သည်။

သူ့ရှေ့က စိတ်ရောဂါကုဆရာဝန်သည် မျက်မှန်တပ်ထားပြီး ဆရာတစ်ယောက်လို သပ်သပ်ရပ်ရပ်ရှိနေသော လူသစ်ဖြစ်ကြောင်း သူ သတိထားမိလိုက်သည်။

All Chapters