← Chapters

အခန်း (၃၇)

Vol. 4 Ch. 37

အခန်း (၃၇)

Vol. 4 Ch. 37

"ဟေ့.. လူသစ်လား"

ချန်ကျိုးသည် လည်ပင်းကို ဆန့်ထုတ်ကာ ဘေးတိုက် ယိမ်းလိုက်ပြီး တစ်ဖက်လူ မျက်မှန်ထဲတွင် သူ့ပုံရိပ်ကို မြင်ရသည်အထိ ချောင်းကြည့်လိုက်သည်။

မျက်မှန်လေးက သူ့ကို လျစ်လျူရှုထားလိုက်သည်။

ချန်ကျိုးမှာ ရည်ရွယ်ချက်တစ်ခုခု မရှိပါဘူးဟုပြောရင် ဘယ်သူမှ ယုံမှာ မဟုတ်ပါဘူး။

ဒီမနက်မှာ ချန်ကျိုးရဲ့ အပြုအမူတွေက ထူးဆန်းနေသည်။ သူသည် လိမ္မာစွာဖြင့် တန်းစီပြီး အစားအစာယူတယ်၊ ပုံမှန် ထိုင်နေကျ နေရာမှာ မထိုင်ဘူး၊ ပြီးတော့ သူ့အစားအသောက်လုပ်ငန်းစဉ်ထဲ မည်သည့်ထုံးတမ်းစဉ်လာမှမပါဝင်ပေ။

တစ်ခုခုတော့ မှားနေပြီ

သေချာတာပေါ့.. ထမင်းတစ်နပ်စားပြီးတဲ့ အချိန်မှာပဲ အဲဒီမျက်မှန်လေးက ချန်ကျိုးရဲ့ နှာခေါင်းပေါ် ရောက်နေပြီ။

မျက်မှန်တပ်လိုက်တဲ့ အခိုက်အတန့်မှာပဲ ချန်ကျိုးဟာ သာမန်လူမဟုတ်တော့ပါဘူး.. လောကီအာရုံကာမဂုဏ်တွေက သူ့ကို မထိတွေ့နိုင်တော့သလိုပင်။

နွေရာသီရဲ့ နေရောင်ခြည်အောက်မှာ ကမ္ဘာမြေကြီးက ပူပြင်းခြောက်သွေ့နေသည်။

ချန်ကျိုးသည် ဆေးရုံဝင်းထဲက ခုံတန်းလျားပေါ်မှာ တင်ပလ္လင်ခွေထိုင်နေတယ်၊ မျက်လုံးတွေ မှိတ်ထားပြီး လက်ဝါးနှစ်ဖက်ကို ဒူးပေါ်မှာ ဖြန့်တင်ထားတယ်၊ သူ့ဘေးပတ်ဝန်းကျင်မှာ အရိပ်အာဝါသ ဆိုလို့ တစ်ကွက်မှ မရှိဘူး။

ချွေးစက်ကလေးတွေက သူ့ရဲ့ ဆံပင်တိုတိုလေးတွေကနေ စီးကျလာပြီး ပါးပြင်နဲ့ လည်ပင်းတွေကတဆင့် သူ့အင်္ကျီကို စိုရွှဲသွားစေတယ်။

ဒါက လုံ့လဝီရိယရှိတဲ့ ကျင့်ကြံခြင်းအတွက် ပေးဆပ်ရတဲ့တန်ဖိုးပါပဲ။

ဆေးရုံအုပ်ကြီးရဲ့ ညွှန်ကြားချက်အရ ချန်ကျိုး တစ်ခုခု မဆင်မခြင်မလုပ်မချင်း ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက ဝင်မစွက်ဖက်ရပါဘူး။

အရိပ်ထဲမှာ ပုန်းနေတဲ့ လော့ယွီမင်က ချန်ကျိုးဟစားသောက်ပျော်ပါးတာအပြင် ပိုက်ဆံကိုတပ်မက်တဲ့ ကပ်စေးနည်း တစ်ယောက်ဖြစ်တယ်ဆိုတာကို ချင်းရှန်ဆေးရုံအုပ်ကြီးဆီကနေ သိလိုက်ရတယ်။

လော့ယွီမင်က ဒီအားနည်းချက်ကို အခွင့်ကောင်းယူပြီး ချန်ကျိုးနဲ့ ရင်းနှီးအောင်လုပ်ဖို့ စီစဉ်လိုက်တယ်။

အိတ်ကပ်ထဲမှာ ပိုက်ဆံအုပ်လိုက်ထည့်ပြီး လော့ယွီမင် အရိပ်ထဲမှထွက်ကာ ချန်ကျိုးဆီလျှောက်သွားလိုက်သည်။

"ဆရာသခင်ချန်?"

လော့ယွီမင်က သတိထားပြီး မေးလိုက်သည်။

တရားထိုင်ပြီး စွမ်းအင်တွေလှည့်ပတ်နေတဲ့ ချန်ကျိုးက မျက်လုံးတစ်ဖက်ကို ခိုးဖွင့်ကြည့်လိုက်တယ်။ အခု သူ့စွမ်းအားတွေက ပိုမြင့်မားတဲ့ အဆင့်ကို ရောက်နေပြီလေ.. သူ့ဝိညာဉ်က ဘုံသုံးပါးကို ကျော်လွန်နေပြီဆိုတော့ ဒီလို ဓားပြတစ်ယောက်ကို ဂရုစိုက်နေစရာ မလိုတော့ဘူး။

မနက်ကလိုမျိုး ချန်ကျိုးစိတ်မလှုပ်ရှားတာကို မြင်တော့ လော့ယွီမင် အိတ်ကပ်ထဲက ယွမ်တစ်ရာတန်တစ်ရွက်ကို ထုတ်ပြီး လက်နှစ်ဖက်နဲ့ ချန်ကျိုးကို ကမ်းပေးလိုက်တယ်။

ချန်ကျိုး တံတွေး မျိုချလိုက်တယ်.. သူ လိုချင်တယ်…

သူက ယွမ်တစ်ရာတန်ကို ကြည့်လိုက်၊ ပြီးတော့ သူ့အိတ်ကပ်ကိုကြည့်လိုက်တယ် - အဲဒါကြီးက သူ့အလိုလို အိတ်ကပ်ထဲ ပျံဝင်လာရင် ဘယ်လောက်ကောင်းလိုက်မလဲ။

ဝိညာဉ်နှိမ်နင်းရေးဌာနမှာ နန်ချောင်နယ်ပယ်အဆင့် ကျွမ်းကျင်ပညာရှင်ဆိုလို့ လော့ယွီမင် တစ်ယောက်တည်း ရှိတာ မဟုတ်ပါ ဘူး။ ဒါဆို ဘာလို့ လော့ယွီမင်က ဌာနမှူးရာထူးကို ရခဲ့တာလဲ။ သူ့ရဲ့ ကြီးမားတဲ့ စွမ်းအားအပြင် ထူးခြားကောင်းမွန်တဲ့ လူမှုဆက်ဆံရေး အရည်အချင်းရှိလို့ပင်။

လော့ယွီမင် ပါးနပ်စွာနဲ့ပဲ ယွမ်တစ်ရာတန်ကို ချန်ကျိုးအိတ်ကပ်ထဲထည့်ပေးလိုက်သည်။

"ဆရာသခင်ချန်.. အားလုံးက အထင်လွဲမှုတွေပါဗျာ၊ ကျွန်တော်တို့က အစက ခေါင်းတလားကို သန့်ရှင်းရေးလုပ်ပေးမလို့ပါ.. သေသေချာချာ ပြင်ဆင်ပြီးမှ ခင်ဗျားဆီ ပြန်ပို့ပေးမလို့ပါ"

မျက်မှန်အောက်က ချန်ကျိုးမျက်ဝန်းတွေ လှုပ်ခတ်သွားတယ်.. လော့ယွီမင်စကားတွေကြောင့် သူ နည်းနည်း ယိမ်းယိုင်သွားရသည်။

လော့ယွီမင်က အခွင့်အရေးကို ဆက်ယူပြီး နောက်ထပ်ယွမ်တစ်ရာတန် တစ်ရွက်ထုတ်ကာ ချန်ကျိုး အိတ်ကပ်ထဲ ထိုးထည့်ပေးလိုက်သည်။

"ဆရာသခင်ချန်.. ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့ အားလုံး ကျွန်တော်တို့အမှားပါ"

အိတ်ကပ်ထဲက အနီရောင် ငွေစက္ကူ နှစ်ရွက်ကို အာရုံရောက်နေတဲ့ ချန်ကျိုးက ရယ်ချင်နေပေမယ့် ကျွမ်းကျင်ပညာရှင် တစ်ယောက်အနေနဲ့ မရယ်ရဘူးလေ။

"ကျွန်တော်တို့ ဝိညာဉ်နှိမ်နင်းရေးဌာနရဲ့ စွမ်းအားက ခင်ဗျားနဲ့ ယှဉ်ရင် အများကြီးအားနည်းပါတယ်၊ ကျွန်တော်တို့ကို လမ်းပြပေးဖို့ ခင်ဗျားလို ကျွမ်းကျင်ပညာရှင် တစ်ယောက်ကို အားကိုးနေရတာပါ"

လော့ယွီမင်က ပြုံးပြပြီးနှုတ်ဆက်လိုက်ကာ ချန်ကျိုးရဲ့ အိတ်ကပ်ထဲ ပိုက်ဆံတွေ ဆက်ထည့်နေတယ်။

ကျွမ်းကျင်ပညာရှင် ဟုတ်လား

သူက ငါ့ကို ပြောနေတာလား

ဟဲ ဟဲ

ငါ့ကို ပြောတာပဲ ဖြစ်ရမယ်.. သံသယ ဖြစ်စရာ မလိုဘူး

မင်းမှာ အသိတရား နည်းနည်း ရှိသားပဲ.. ဟို ငတုံး လူသားဆေးရုံအုပ်ကြီးထက် နည်းနည်းပိုသာတယ်။

သူ့ရဲ့ ပျော်ရွှင်မှုတွေ အားလုံးက ချောင်းဆိုးသံ အဖြစ်ပြောင်းလဲသွားတယ်။

မျက်လုံးပါတဲ့သူ ဘယ်သူမဆို ချန်ကျိုးရဲ့ ပျော်ရွှင်မှုကို မြင်နိုင်ပေမယ့် ချန်ကျိုးကတော့ သူ ဟန်ဆောင်တာအရမ်းတော်တယ်လို့ ထင်နေဆဲပင်။

လော့ယွီမင်က ချန်ကျိုးကို ကျေနပ်အောင် လုပ်ပြီးနောက် သူ့အိတ်ကပ်ထဲ ပိုက်ဆံတွေ ဆက်ထည့်ပေးရင်း မေးလိုက်တယ် - "ဆရာသခင်.. တရားထိုင်နေတာလား"

ချန်ကျိုး မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တယ်…

"မင်းက သိပ်တော့ မတုံးပါဘူး.. ပါရမီ နည်းနည်း ရှိတယ်.. အခြေခံနည်းပညာတချို့ သင်ယူလို့ ရနိုင်တယ်"

ချန်ကျိုးက သူ့ကို စကားပြန်ပြောတယ်ဆိုတာ သိလိုက်တော့ လော့ယွီမင်က သူ့ကို လက်ခံတယ်လို့ ယူဆလိုက်သည်။

"ကျေးဇူးပြုပြီး ဆရာသခင်.. ကျွန်တော့်ကို လမ်းညွှန်ပေးပါဦး"

ချန်ကျိုးရဲ့ မျက်လုံးတွေက လော့ယွီမင်ရဲ့ အိတ်ကပ်ပေါ်မှာ စိုက်နေတယ်။

လော့ယွီမင်က နောက်ထပ် ယွမ်တစ်ရာတန် တစ်ရွက်ထုတ်ပြီး ချန်ကျိုးရဲ့ အိတ်ကပ်ထဲ ထည့်လိုက်ပြန်သည်။

ချန်ကျိုး မျက်မှောင်ကြုတ်လိုက်တယ်.. အနီရောင် တစ်ရွက်တည်းနဲ့ သူ့ရဲ့ လောဘကြီးတဲ့ အစာအိမ်ကို ဖြည့်ဆည်းဖို့ မလုံလောက်ဘူးဆိုတာ သိသာတယ်..

စကားတစ်ခွန်းမှ မပြောဘဲ လော့ယွီမင်က သူ့အိတ်ကပ်ထဲက ပိုက်ဆံ အကုန်လုံးကို ချန်ကျိုးရဲ့ အိတ်ကပ်ထဲ ထည့်ပေးလိုက်တယ်။

ချန်ကျိုးက ကျေနပ်စွာ မျက်လုံးမှိတ်ပြီး ပြောလိုက်တယ် - "ထိုင်လိုက်"

ချန်ကျိုး သူ့ကို တစ်ခုခု သင်ပေးတော့မှာလား။

လော့ယွီမင် နည်းနည်း စိတ်လှုပ်ရှားသွားတယ်။ ချန်ကျိုးဘေးမှာ ဝင်ထိုင်ပြီး ခြေထောက်ကို ခက်ခက်ခဲခဲ တင်ပလ္လင်ခွေလိုက် တယ်.. သူ့ရဲ့ ခန္ဓာကိုယ် ကြီးမားမှုကြောင့် မြေကြီးပေါ်မှာ တော်တော်လေးအားယူနေရရှာသည်။

"စိတ်ကို ငြိမ်ငြိမ်ထား.. မျက်လုံးမှိတ်.. အသက်ပြင်းပြင်း ရှူ.. အသက်ပြင်းပြင်း ပြန်ထုတ်.. ထပ်ခါထပ်ခါ လုပ်"

လော့ယွီမင်က ညွှန်ကြားတဲ့အတိုင်း လိုက်လုပ်လိုက်သည်။

"အာရုံခြောက်ပါးကို ပိတ်လိုက်၊ မင်း ပတ်ဝန်းကျင်က အရာအားလုံး လျင်မြန်စွာ လည်ပတ်နေတယ်၊ ဆူညံသံတွေ ပျောက်ကွယ် သွားမယ်.. မင်းရဲ့ အာရုံခံစားမှုတွေ ထုံကျဉ်သွားမယ်.. ပြီးတော့ မင်း ကျယ်ပြန့်တဲ့ အဖြူရောင် ကမ္ဘာတစ်ခုထဲကို ဝင်ရောက်သွားလိမ့်မယ်"

[System ၏စိတ်ညှို့ပညာ .. ဝိညာဉ်ကမ္ဘာသို့ ဝင်ရောက်ခြင်း။]

ချန်ကျိုး ပြောလိုက်သညနှင့် လော့ယွီမင်က တကယ်ပဲ ကျယ်ပြန့်တဲ့ အဖြူရောင် ကမ္ဘာတစ်ခုထဲ ရောက်သွားသလို ခံစားလိုက်ရတယ်.. အဆုံးမဲ့ အဖြူရောင်တွေပဲ.. ဒီကမ္ဘာက သူနဲ့ အမြဲ ရင်းနှီးခဲ့ဖူးတဲ့ နေရာတစ်ခုလို၊ နှစ်ပေါင်းများစွာ ကြာမှ ပြန်ရောက်လာသလို ခံစားလိုက်ရတယ်။

"ကျင့်ကြံသူတွေအတွက် စိတ်ကိုပြုပြင်ပြောင်းလဲခြင်းက အခြေခံပဲ၊ အာရုံပျံ့လွင့်စေတဲ့ အတွေးတွေ ကင်းစင်ရမယ်၊ မင်းက လောကီဘုံမှာ ရှိနေတာ.. မင်းရဲ့ တွယ်တာမှုတွေကို ခဏတာ စွန့်လွှတ်ထားရမယ်"

လော့ယွီမင်ရဲ့ အသိစိတ်က သူ့ခန္ဓာကိုယ်ထဲက ဝိညာဉ်ကမ္ဘာတစ်ခုမှာ ကိန်းအောင်းနေတယ်။ သူ တွယ်တာသမျှ အရာအားလုံးက ပုံရိပ်ယောင်တွေ အဖြစ် ပြောင်းလဲသွားတယ် - သူငယ်ချင်း၊ မိသားစု၊ ဂုဏ်ဒြပ်၊ စည်းစိမ်ဥစ္စာ၊ ဒီဘဝက အရာအားလုံး လျင်မြန်စွာ ပျောက်ကွယ်သွားနေတယ်

လော့ယွီမင်က အရာအားလုံး သူ့ဆီကနေ ထွက်ခွာသွားတာကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရတယ်.. သူ အားလုံးကို မစွန့်လွှတ်နိုင်ဘူး.. ဝိညာဉ်ကမ္ဘာထဲက ဒီပုံရိပ်ယောင်တွေ နောက်ကို လိုက်ဖမ်းနေမိတယ်။

လက်တွေ့ကမ္ဘာမှာတော့ ချန်ကျိုးက စကားပြောရင်း သမ်းဝေလိုက်တယ်.. ခေါင်းငိုက်စိုက်ကျသွားပြီး တိုးတိုးလေး ဟောက်လာတယ်။

သူ့ဘေးက လော့ယွီမင်ကတော့ ဒုန်း ခနဲ ခေါင်းနဲ့ ကြမ်းပြင်ကို စိုက်ကျသွားတယ်။

အသံအကျယ်ကြီးကြောင့် ချန်ကျိုး လန့်နိုးသွားပြီး ချက်ချင်းအသိပြန်ဝင်လာတယ်။

ခုံတန်းလျား အောက်မှာ လော့ယွီမင်က ကျင့်ကြံတဲ့ ပုံစံအတိုင်းရှိနေတုန်းပဲ.. ဒါပေမဲ့ ပါးစပ်ကနေ အမြှုပ်တွေထွက်နေပြီး မျက်နှာကမူ ရှုံ့မဲ့နေသည်။

အရိပ်ထဲမှာ စောင့်နေသည့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက ချန်ကျိုးဆီ ပြေးလာကြသည်။

"ငါ လုပ်တာ မဟုတ်ဘူး.. သူ့ဟာသူ လဲကျသွားတာ"

ချန်ကျိုးက အမြန်ကာကွယ်ပြောလိုက်တယ်.. အလိုအလျောက် သူ့အိတ်ကပ်ကို အုပ်ကိုင်ပြီး ဘေးကို ခုန်ရှောင်လိုက်ရာ သူ့ခြေထောက်သူ ခလုတ်တိုက်ပြီး လဲကျလုနီးပါးဖြစ်သွားရသည်။

ကံကောင်းတာက ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက သူ့အတွက်လာတာ မဟုတ်ဘူး။

လော့ယွီမင်ကို ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက ထမ်းစင်ပေါ်တင်လိုက်ကြသည်။

ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက အချင်းချင်း တီးတိုး ပြောနေကြသည်။

"ငါ သိသားပဲ.. တစ်ယောက်ယောက်တော့ အပူရှပ်တော့မယ်လို့"

"ညွှန်ကြားရေးမှူးလော့က ပဉ္စမအဆင့်နန်ချောင်နယ်ပယ်ကျွမ်းကျင်ပညာရှင် မဟုတ်ဘူးလား ? နန်ချောင်နယ်ပယ် ကျွမ်းကျင်ပညာရှင်တွေလည်း အပူရှပ်တတ်တာလား"

"သူ့မျက်နှာက အရမ်းနီနေတာပဲ.. အပူရှပ်တာ သေချာတယ်၊ ချန်ကျိုးကတော့ အပူရှပ်တာ ကျင့်သားရနေလို့သာ အခုလို ခုန်ဆွခုန်ဆွ လုပ်နိုင်နေတာ"

...

ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက လော့ယွီမင်ကို အပူရှပ်သက်သာအောင် အရိပ်ရတဲ့ နေရာကိုသယ်သွားလိုက်ကြသည်။

ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ ပြောတဲ့ ခုန်ဆွခုန်ဆွ လုပ်နေတဲ့ ချန်ကျိုးကတော့ လူပြတ်တဲ့ ထောင့်တစ်နေရာမှာ ပုန်းပြီး ပိုက်ဆံတွေကို ခိုးရေတွက်နေလေရဲ့

ဘေးကနေ ဒီအဖြစ်အပျက်ကိုစောင့်ကြည့်နေတဲ့ ကျိုးအိုက်ကော်စိတ်ထဲမှာတော့ လော့ယွီမင်က ရေလို ပိုက်ဆံသုံးနေတဲ့ ပုံရိပ်တွေ ပြည့်နှက်လို့နေသည်။

"ဝိုး.. ဝိညာဉ်နှိမ်နင်းရေးဌာနက တကယ်ကို ဖြုန်းနိုင်တာပဲ၊ ယွမ်သောင်းချီကို ဒီတိုင်း ပစ်ပေးလိုက်တာ၊ ပိုက်ဆံရှိရင် နတ်ဆိုးကိုတောင် ကြိတ်ဆုံကြိတ်ခိုင်းလို့ ရတယ်ဆိုတာ ဒါမျိုးကိုး.. စိတ်ရောဂါသည်ကိုတောင် ဦးညွှတ်သွားအောင် လုပ်နိုင်တယ်၊ ငါတုန်းကတော့ ချန်ကျိုး သဘောကျအောင် ခေါင်းပေါက်မတတ် စဉ်းစားခဲ့ရတာ.. သူတို့ကျတော့ မျက်တောင်မခတ်ဘဲ ပိုက်ဆံတွေ ပစ်ပေးလိုက်တာပါလား" ကျိုးအိုက်ကော် သက်ပြင်းချလိုက်သည်။

"ဒါပေါ့.. သူ အသက်ပါ ပျောက်လုနီးပါးဖြစ်သွားတာလေ၊ ငါ ဆေးရုံအုပ်ကြီး အနေနဲ့ စိတ်ပူလိုက်ရတာ"

ချင်းရှန် ဆေးရုံအုပ်ကြီးက ပြောပြီး လော့ယွီမင် အခြေအနေ သွားကြည့်လိုက်သည်။

ကျိုးအိုက်ကော်က ရုတ်တရက် လူတစ်ယောက်ပျောက်နေတာ သတိရသွားတယ် - "ကျန်းယိုယို ဘယ်ရောက်သွားလဲ"

ကျန်းယိုယိုက စတိုးဆိုင်ရှေ့မှာရပ်ပြီး ဘယ်ကြည့်ညာကြည့် လုပ်နေပေမယ့် သူ့ ဆရာကိုရှာမတွေ့ပေ။ သူ့ဆရာက ဘယ်လို ရေခဲမုန့် ကြိုက်လဲဆိုတာတောင် သူ မသိဘူးလေ….

All Chapters