အခန်း (၃၈)
Vol. 4 Ch. 38
ကျန်းယိုယို စတိုးဆိုင်ရှေ့တွင် အချိန်အတော်ကြာ တုံ့ဆိုင်းစွာ ရပ်နေခဲ့သည်။
ရုတ်တရက် ချန်ကျိုး ဘယ်ကနေ ရောက်လာမှန်း မသိဘဲ ကောင်တာပေါ်သို့ ယွမ်တစ်ရာတန် တစ်ရွက်ပစ်တင်လိုက်သည်။
သူသည် ရေခဲသေတ္တာထဲမှ ရေခဲမုန့် အကြီးစား တစ်ခုကို ပါးနပ်စွာယူပြီး သူ့တပည့်မလေး ဘောလုံးလေးကို ငါးပြားတန် ရေခဲချောင်းလေး တစ်ချောင်းပေးလိုက်သည်။
"မင်းရဲ့ ကျင့်ကြံမှုက တိမ်နေသေးတော့ အပူဒဏ်ကို မခံနိုင်သေးဘူး၊ ကျေးဇူးတင်စရာ မလိုပါဘူး.. ဒါ ငါလုပ်သင့်တဲ့ အလုပ်ပါ" ချန်ကျိုးက ရက်ရောစွာပြောလိုက်သည်။
ကျန်းယိုယိုသည် ငါးပြားတန် ရေခဲချောင်းလေးကို ကိုင်လျက် သနားစရာကောင်းစွာဖြင့် သူ့ ဆရာစားနေသော ရေခဲမုန့်ကြီးကို တပ်မက်စွာကြည့်လိုက်သည်။
"ဆရာ.. ကျမလည်း ရေခဲမုန့် စားချင်တယ်"
"ဟေ့.. ကောင်မလေး.. တော်တော်လောဘကြီးပါလား။ ?ငါက မင်းကောင်းဖို့ လုပ်ပေးနေတာကို.. ချစ်တပည့်ရဲ့"
စတိုးဆိုင်ပိုင်ရှင်က ပြန်အမ်းငွေ ပေးလိုက်ပြီး ချန်ကျိုးသည် ကျေနပ်စွာဖြင့် ရေခဲမုန့်ကို ကိုင်ကာ လေကောင်းလေသန့် ရသည့် နေရာတစ်ခု ရှာပြီး ထိုင်လိုက်သည်။
ကျန်းယိုယို လျှာထုတ်လိုက်ပြီး ငါးပြားတန် ရေခဲချောင်းကို ရေခဲသေတ္တာထဲပြန်ထည့်ကာ ရေခဲမုန့် အကြီးစားတစ်ခု ယူပြီး သူမဆရာ နောက်သို့ လိုက်သွားလေသည်။
သူတို့နှစ်ဦးသည် အေးမြပြီး လေကောင်းလေသန့်ရသော နေရာတွင် ထိုင်ကာ ရေခဲမုန့်များကို ဇိမ်ခံပြီး စားသောက်နေကြသည်။
ချန်ကျိုးသည် ရေခဲမုန့် တစ်ဝက်လောက် စားပြီးသွားချိန်တွင် နှုတ်ခမ်းကို သပ်လိုက်ပြီး ဘောလုံးလေး စားနေသော ရေခဲမုန့်သည် အရသာတစ်မျိုး ဖြစ်နေသည်ကို သတိထားမိလိုက်သည်။
"ဘောလုံးလေး.. ငါ့ရဲ့ ချောကလက်ရေခဲမုန့်ကို မြည်းကြည့်မလား"
ချန်ကျိုးက သူ့ရေခဲမုန့်ကို ဘောလုံးလေးအား ကမ်းပေးလိုက်သည်။
ကျန်းယိုယိုသည် ချန်ကျိုးလျှာဖြင့် အကုန်လျက်ထားသော ရေခဲမုန့်ကို ကြည့်ပြီး တွန့်ဆုတ်စွာဖြင့် ငြင်းလိုက်သည်။
"ဆရာ.. သမီး ချောကလက်မကြိုက်ဘူး"
ချန်ကျိုး သူ့ရေခဲမုန့်ကို ပြန်ယူလိုက်ပြီး ဘောလုံးလေးရေခဲမုန့်ကို စိုက်ကြည့်လိုက်သည်။
ကျန်းယိုယို ရှက်သွားပြီး မလိုလားသော်လည်း သူ့ ရေခဲမုန့်ကို ကမ်းပေးလိုက်ရသည်။
"ဆရာ.. ဆရာ စားချင်လို့လား..."
"အင်း"
ကျန်းယိုယို စကားမဆုံးခင်မှာပင် ချန်ကျိုးက အကြီးကြီးတစ်ကိုက် ကိုက်လိုက်ရာ ဖော့ကန်တော့ချွန်လေးသာ ကျန်ရစ်တော့သည်။
ချန်ကျိုးကို ကြည့်လိုက်ရာ သူ့သွားများ အေးခဲသွားပြီး ပါးစပ်ဟလျက် မျက်လုံးများအပေါ်လှန်သွားသည်။ မျက်နှာတစ်ခုလုံး ပန်းရောင် ရေခဲမုန့်များ ပေကျံနေပြီး မျက်မှန်တစ်ဖက်ကလည်း ဘယ်နားပြုတ်ကျသွားမှန်း မသိတော့ပေ။
ကျန်းယိုယို နဖူးတွင် အမည်းရောင် မျဉ်းကြောင်းများပေါ်လာသည်။ ဒီနေ့ သူ့ဆရာနဲ့ အတူမနေတာ ကောင်းမယ် ထင်တယ်ဟု တွေးကာ သူ ထထွက်သွားတော့သည်။
အပူရှပ်သွားသော လော့ယွီမင်သည် အကြောဆေးသွင်းပြီးနောက် လျင်မြန်စွာ သတိပြန်ရလာသည်။
ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများက အပူရှပ်သွားခြင်း ဖြစ်ကြောင်း ပြောသော်လည်း သူ့စိတ်ဝိညာဉ်သည် ကျင့်ကြံခြင်းအတွက် အသင့်တော်ဆုံး အခြေအနေသို့ရောက်ရှိသွားခဲ့သည်ဟု သူ အခိုင်အမာယုံကြည်နေသည်။ ချန်ကျိုး အကြံပြုထားသကဲ့သို့ တွယ်တာမှုများကို ယာယီ စွန့်လွှတ်နိုင်ခြင်းမရှိသည့် သူ့စိတ်စွမ်းအား ညံ့ဖျင်းမှုကိုသာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိသည်။
သူ အလွန်ရှက်ရွံ့မိပြီး ပိုမို ကြိုးစားရန်လိုအပ်သည်ဟု ခံစားရသည်။
ဆေးရုံခုတင်ပေါ်တွင် လဲလျောင်းရင်း လော့ယွီမင်သည် ချန်ကျိုးအား အမှန်တရားကို ပိုင်ဆိုင်ထားသော စိတ်ရောဂါသည် တစ်ဦး ဖြစ်ကြောင်း ပိုမိုယုံကြည်လာသည်။
ထိုနေ့ နေ့လယ်ခင်းတွင် ချန်ကျိုးသည် စတိုးဆိုင်ရှေ့တွင် အကြိမ်ကြိမ်လမ်းလျှောက်နေပြီး တစ်ခါလာတိုင်း ရေခဲမုန့် အကြီးစား တစ်ခုကို ကိုင်ထားလေ့ရှိသည်။
ချန်ကျိုး၏ငါးတန်လေးသော ခေါင်းတလားကြီးအတွက်၊ အဆောက်အဦး ပြိုကျမည်ကို ကာကွယ်ရန် ချင်းရှန်ဆေးရုံအုပ်ကြီး သည် ဝိညာဉ်နှိမ်နင်းရေးဌာန၏ရန်ပုံငွေဖြင့် ကရိန်းကားတစ်စီး ငှားရမ်းကာ နှစ်နာရီကျော်ကြာ အချိန်ယူပြီး ခေါင်းတလားကို မြေပြင်ပေါ်သို့ ဘေးကင်းစွာ ချပေးလိုက်သည်။
သူတို့က ချန်ကျိုးကို ဒုက္ခမပေးချင်သော်လည်း ကြေးခေါင်းတလားကြီးက အလွန်လေးလံလွန်းသဖြင့် ချန်ကျိုး ကိုယ်တိုင် ထမ်းပြီး သူ့အတွက် ပြင်ဆင်ပေးထားသော အိမ်အသေးလေးထဲသို့သယ်သွားရသည်။
လူတိုင်းရှေ့မှောက်တွင်ပင် ချန်ကျိုးသည် ခေါင်းတလားကို အိမ်အသေးလေးထဲသို့ ပေါ့ပါးစွာချထားလိုက်သည်။
ထိုအချိန်မှစ၍ သူ့တွင် ကိုယ်ပိုင်အိမ်ကလေး တစ်လုံး ရှိသွားခဲ့သည်။
နေ့လယ်ခင်းအချိန်များသည် ရုန်းရင်းဆန်ခတ်ဖြစ်ရပ်များကြားတွင် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။
လော့ယွီမင်နှင့် အဖွဲ့သည် လုပ်ငန်းလိုအပ်ချက်များကြောင့် စောစောပြန်သွားကြသည်။
ညရောက်လာသည်နှင့် ဆူညံနေသော ကမ္ဘာကြီးသည် တဖြည်းဖြည်းတိတ်ဆိတ်သွားသည်။
သက်ဝင်လှုပ်ရှားနေသော စိတ်ကျန်းမာရေးဆေးရုံကြီးလည်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
...
အိမ်သစ်သို့ ပြောင်းရွှေ့ပြီးနောက် ချန်ကျိုးသည် ဟိုဟိုဒီဒီလျှောက်မသွားတော့ဘဲ အိမ်သစ်၏ပျော်ရွှင်မှုထဲတွင် နှစ်မြုပ်ကာ ဘယ်မှ မသွားချင်တော့ပေ။
ဖွင့်ထားသော ကြေးခေါင်းတလားကြီးထဲတွင် လဲလျောင်းရင်း လက်သေးသေးလေးကိုဆန့်ထုတ်လိုက်သည်။
"အာလူးကြော် စားချင်တယ်"
သရဲလေးက ချက်ချင်းပင် အာလူးကြော်ကို ချန်ကျိုးလက်ထဲသို့ ထည့်ပေးလိုက်သည်။
ကြေးခေါင်းတလားထဲမှ အာလူးကြော် ဝါးသံများထွက်ပေါ်လာသည်။
သရဲလေးက ပြတင်းပေါက်နားတွင် ရပ်နေသည်။ အပြင်ဘက်ရှိ စိတ်ကျန်းမာရေးဆေးရုံသည် လရောင်ကြောင့် လင်းထိန်နေ သည်။ ထောင့်တစ်နေရာတွင် သရဲမလေး တစ်ဦးသည် ဒူးနှစ်ဖက်ကိုပိုက်လျက် ထိုင်နေပြီး ချန်ကျိုးအခန်းဘက်သို့ ရံဖန်ရံခါ လှမ်းကြည့်နေသည်။
"ချန်ကျိုး.. ဟိုသရဲမလေးရောက်နေပြန်ပြီ" သရဲလေးက ပြောလိုက်သည်။
ချန်ကျိုးသည် ကြေးခေါင်းတလားထဲတွင် လဲလျောင်းရင်း သူ့ကိုယ်သူ ဓာတ်ပုံရိုက်နေသဖြင့် သရဲလေး ပြောတာကို လုံးဝ လျစ်လျူရှုထားလိုက်သည်။
သန်းခေါင်ယံ အချိန်ရောက်သောအခါ သရဲလေးသည် ချန်ကျိုးခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ အနားယူလိုက်သည်။
ကြီးကြပ်မည့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများမရှိသဖြင့် ချန်ကျိုးသည် နေ့လယ်က ရေခဲမုန့် အလွန်အကျွံ စားခဲ့သောကြောင့် သူ့ဗိုက်က စတင်ဆန္ဒပြလာသည်။
မခံနိုင်တော့သဖြင့် ချန်ကျိုးသည် ခြေထောက်ကိုစုစည်းကာ အိမ်သာဆီသို့ အပြေးအလွှား သွားရတော့သည်။
သူ အိမ်သာရောက်နေစဉ် သွေးသံရဲရဲ ဖြစ်နေသော အမျိုးသားအလောင်းကောင်တစ်ကောင်သည် စိတ်ကျန်းမာရေးဆေးရုံ အပြင်ဘက်တွင် ရုတ်တရက် ပေါ်လာသည်။ သူ့မျက်နှာ သွင်ပြင်လက္ခဏာများကို ခွဲခြား၍ မရနိုင်ဘဲ မီးလောင်ထားသော အသားနံ့များထွက်ပေါ်နေသည်။ အရှင်လတ်လတ် မီးရှို့ခံထားရသကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံးဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။
သရဲတစ်ကောင်အတွက် စိတ်ကျန်းမာရေးဆေးရုံ တံခါးမှ သော့ခလောက်သည် လုံးဝအသုံးမဝင်ပေ။ ညင်သာစွာ ဆွဲဖွင့်လိုက်ရုံဖြင့် သော့ခလောက်သည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး တံခါးက အလိုအလျောက် ပွင့်သွားသည်။
ပြတင်းပေါက်မှ စောင့်ကြည့်နေသော လုံခြုံရေး အစောင့်နှစ်ဦးမှာ ကြောက်လန့်လွန်းသဖြင့် ချက်ချင်းသတိလစ်သွားကြသည်။
အလောင်းကောင်သည် စိတ်ကျန်းမာရေးဆေးရုံထဲသို့ ဝင်ရောက်လာသည်။ ချန်ကျိုး အခန်းတံခါးသည် ပွင့်လျက်သား ဖြစ်နေပြီး မီးလင်းနေကာ အတွင်းရှိ ကြေးခေါင်းတလားကြီးကို ရှင်းလင်းစွာမြင်နေရသည်။
အလောင်းကောင်သည် ချန်ကျိုးအခန်းတံခါး ဘာကြောင့် ပွင့်နေရသလဲဟု စဉ်းစားနေသကဲ့သို့ ခေတ္တတုံ့ဆိုင်းသွားသည်။ ချန်ကျိုးက သူ ရောက်လာမည်ကိုကြိုသိနေတာလား။
အလောင်းကောင်သည် ချန်ကျိုးအခန်းဆီသို့ တစ်လှမ်းချင်း ချဉ်းကပ်သွားပြီး လက်နှစ်ဖက်ကိုလက်သည်းကုတ်မည့် ပုံစံဖြင့် မြှောက်ထားကာ သူ့နောက်တွင် အနက်ရောင်နှင့် အနီရောင် ရောနှောနေသော သွေးခြေရာများကျန်ရစ်ခဲ့သည်။
ပွင့်နေသော ချန်ကျိုး၏အခန်းတံခါးက အလောင်းကောင် သံသယကို တိုးပွားစေသည်။ တံခါးဝတွင် ရပ်နေသော်လည်း အထဲမဝင်ဘဲ သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် ဟိုဟိုဒီဒီလိုက်ကြည့်နေသည်။
ချန်ကျိုး အခန်းလေးက သေးငယ်လွန်းသဖြင့် တစ်ချက်ကြည့်ရုံနှင့်အကုန်မြင်နေရသည်။
အလောင်းကောင်သည် အနံ့ခံလိုက်ရာ ကြေးခေါင်းတလား အတွင်းမှ လူသားအနံ့ကို ရလိုက်သည်။ သူ ရှာနေသော သူသည် ထိုအထဲတွင် ပုန်းနေရမည်။
စိတ်ကျန်းမာရေးဆေးရုံ ထောင့်တစ်နေရာတွင် ပုန်းနေသော သရဲမလေးသည် အရာအားလုံးကိုမြင်တွေ့နေရသည်။ အမှောင်ရိပ်များနှင့် ရှုပ်ပွနေသော ပစ္စည်းများက သူမကို ကောင်းစွာဖုံးကွယ်ထားသော်လည်း သူမ၏တောက်ပသော မျက်လုံးများက ဂနာမငြိမ် ဖြစ်နေသည်။
ကြောက်စရာ ကောင်းလိုက်တာ!
ငါ မထွက်တာပဲ ကောင်းမယ်။
သူတို့ ငါ့ကို မမြင်ဘူး.. သူတို့ ငါ့ကို မမြင်ဘူး။
သရဲမလေး တုန်လှုပ်နေပြီး မနေ့ညက ချန်ကျိုးပြောခဲ့သော စကားများကို ပြန်သတိရလိုက်သည်။
"မင်းမှာ ဘာစွမ်းရည်မှ မရှိဘူး.. ငါ့နောက်လိုက်ရင် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်မှာ..."
မဖြစ်ဘူး။
ဆရာသခင်ချန်ကျိုး မြင်အောင် သူ့ရဲ့ စွမ်းရည်တွေကို ပြသရမယ်။
သရဲမလေးသည် သတ္တိမွေးပြီး ခေါင်းပြူကြည့်လိုက်သည်။ လရောင်နှင့် ထိလိုက်သည်နှင့် သူမ ကြောက်လန့်သွားပြီး ခေါင်းကို ပြန်သွင်းလိုက်သည်။
ခုနစ်ကြိမ်၊ ရှစ်ကြိမ်ခန့် ကြိုးစားကြည့်သည်။
နောက်ဆုံးတွင် အံကိုကြိတ်ပြီး စိတ်ကိုတင်းကာ အပြင်သို့ ခုန်ထွက်လိုက်သည်။
"အားးးးးးးးးး~"
သူမသည် ချန်ကျိုးရှိနေသော အိမ်သာအထိ အော်ဟစ်ပြီးပြေးသွားတော့သည်။
ချန်ကျိုးသည် အိမ်သာတွင် ထိုင်ပြီး ဝမ်းသွားနေစဉ် သရဲမလေးသည် တံခါးကို ဖောက်ထွက်ပြီး ရုတ်တရက် ပေါ်လာကာ သူမ၏ မျက်နှာလေးနှင့် ချန်ကျိုး မျက်နှာကြီး ထိကပ်လုနီးပါးဖြစ်သွားသည်။
ဗျစ်~
ချန်ကျိုး ဝမ်းထွက်သွားသည်။ သရဲမလေးသည် ချန်ကျိုးခေါင်းကို လက်နှစ်ဖက်ဖြင့် ဆွဲကိုင်ပြီး ခြေတစ်လှမ်း နောက်ဆုတ် လိုက်သည်။
"စီ.. စီနီယာ.. အရမ်းကြောက်စရာကောင်းတဲ့ အလောင်းကောင်ကြီး စီနီယာ့အခန်းထဲဝင်သွားတယ်.. အရမ်းကြောက်စရာ ကောင်းတယ်.. သေတော့မှာပဲ!"
ချန်ကျိုးသည် တည်ငြိမ်စွာဖြင့် အိမ်သာသုံးစက္ကူကို ကိုင်ထားလိုက်သည်။
"မင်းက သရဲလေ.. ဘာကြောက်စရာရှိလို့လဲ"
"ကြောက်စရာကြီး.. ကြောက်စရာကြီး!"
"ငါ အိမ်သာတက်နေတာလေ.. ငါ့ကို အဲဒီလို စိုက်မကြည့်စမ်းပါနဲ့ ဘယ်ကို ကြည့်နေတာလဲ.. ထွက်သွားစမ်း.. အရှက်မရှိတဲ့ ကောင်မ"
သရဲမလေးသည် မလိုလားသော်လည်း တံခါးကိုတွန်းဖွင့်လိုက်သည်။
"ကျွန်မ အိမ်သာခန်း အပြင်ကနေ စောင့်နေမယ်နော်၊ အပြင်ထွက်ရမှာ ကြောက်လို့ပါ စီနီယာရယ်၊ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့.. ကျွန်မ အရမ်းလန့်သွားလို့ပါ၊ အဲဒီ အလောင်းကောင်ကြီးက... စီနီယာ့ကို လာရှာတာ..."
သရဲမလေးသည် တရစပ်ပြောဆိုရင်း ဖြစ်ပျက်သမျှအကြောင်းစုံကို ရှင်းပြလိုက်နိုင်လေသည်။