အခန်း (၃၉)
Vol. 4 Ch. 39
"အလောင်းကောင်က ငါ့ဆီ လာနေတယ်.. ငါ့ခေါင်းတလားကို လာခိုးတာများလား"
ချန်ကျိုး စဉ်းစားလိုက်သည်။
သူသည် ဖင်ကို အလျင်အမြန်သုတ်လိုက်ပြီး ဘောင်းဘီကြယ်သီးပင် မတပ်နိုင်ဘဲ အိမ်သာထဲမှပြေးထွက်လိုက်သည်။
ခြံဝင်းထဲသို့ ရောက်သောအခါ အိမ်သေးလေးမှထွက်ပေါ်နေသော မှိန်ဖျဖျ အလင်းရောင်သည် တံခါးဝရှိ အလောင်းကောင်၏ ပုံသဏ္ဍာန်ကို ထင်ရှားစေသည်။
"ငါ့အိမ်ကို လာခိုးရဲတယ်ပေါ့! ခွေးမသား"
ချန်ကျိုး ဟိန်းဟောက်လိုက်ပြီး အိမ်သေးလေးတံခါးဝဆီသို့ အပြေးအလွှား သွားလိုက်သည်။
သူ နီးကပ်လာလေလေ အလောင်းကောင်ပုံပန်းသဏ္ဍာန်က ပိုမို ထင်ရှားလာလေလေ ဖြစ်သည်။
သွေးသံရဲရဲ ဖြစ်နေသော အလောင်းကောင်သည် ချန်ကျိုးအသံကို ကြားလိုက်သဖြင့် လှည့်ကြည့်လိုက်သည်။
အသားစများ စုတ်ပြတ်နေပြီး သွေးများ တစက်စက် ကျနေသည်ကို ချန်ကျိုး ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ တံခါးဝရှိ သွေးနှင့် အသားစများ ရောနှောနေသော အနီရောင် အရည်အိုင်ကြီးနှင့် အပုပ်နံ့သည် အလွန် ရွံရှာဖွယ် ကောင်းလှသည်။
အကယ်၍ သူသာ အလောင်းကောင်အပေါ် ခုန်အုပ်လိုက်ပါက ရွံစရာကောင်းလွန်း၍ ယုံနိုင်စရာပင် ရှိမည် မဟုတ်ပေ။
ဘရိတ်..
ဘရိတ်အုပ်…
ရုတ်တရက် အရှိန်မြှင့်လိုက်သဖြင့် သူ့ခြေထောက်မှ အနက်ရောင်ဖိနပ်သည် ကွန်ကရစ်လမ်းပေါ်တွင် အနက်ရောင် မျဉ်းကြောင်းတစ်ကြောင်း ဆွဲသားသွားသည်။
သူ့ခြေထောက် ချော်ထွက်သွားပြီး အရှိန်ကြောင့် ဖိနပ်အပေါက်ထဲ ခြေထောက်ကျွံဝင်သွားကာ ဖိနပ်သည် သူ့ခြေကျင်းဝတ်တွင် တွဲလောင်းဖြစ်သွားသည်။
ကံကောင်းစွာဖြင့် အရာအားလုံးသည် အချိန်ကိုက်ပင်ဖြစ်သွားရသည်။ ချန်ကျိုးသည် အလောင်းကောင်နှင့် မီတာဝက်အကွာတွင် ရပ်တန့်သွားသည်။
အလောင်းကောင်သည် ချန်ကျိုးပြေးလာရာမှ ရပ်တန့်သွားသည်အထိ တောင့်တင်းစွာ စိုက်ကြည့်နေပြီး နားမလည်သလို ခေါင်းစောင်းထားသည်။ ချန်ကျိုး ဘာလုပ်နေမှန်း သူ နားလည်ပုံမရပေ။
[ရုပ်သေးအလောင်းကောင်: တတိယအဆင့် လက်စားချေလိုသောသရဲ နောက်ဆုံးအဆင့်၊ အရှင်လတ်လတ် မီးရှို့သတ်ခံထားရပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ရုပ်သေးရုပ်အဖြစ်ပြုလုပ်ထားသည်။ အခြေခံ ရုပ်သေးပညာဖြစ်ပြီး ရုပ်သေးနှင့် ထိန်းချုပ်သူသည် တစ်ကီလိုမီတာထက် ပိုဝေး၍မရပေ။]
အလောင်းကောင်သည် အလွန်နံစော်နေသဖြင့် ချန်ကျိုး နှာခေါင်းပိတ်လိုက်ရပြီး နောက်သို့ နှစ်လှမ်း ဆုတ်ကာ အလောင်းကောင် ကို လက်ညှိုးထိုးပြီးအော်လိုက်သည်။
"ငါ စိတ်မဆိုးခင် ထွက်သွားစမ်း.. မဟုတ်ရင်.. မဟုတ်ရင် ငါ့ကို မယဉ်ကျေးဘူးလို့ အပြစ်မတင်နဲ့နော်"
ချန်ကျိုး အော်သံတွင် အားပါမနေပေ။
ချန်ကျိုး နောက်ဆုတ်သွားသည်ကို မြင်သောအခါ အလောင်းကောင်သည် ချန်ကျိုးကြောက်နေမှန်း ရိပ်မိသွားပြီး သူ့ဆီသို့ တစ်လှမ်းချင်း တိုးလာသည်။
ချန်ကျိုး နောက်တွင်တော့ သရဲမလေးသည် ဘေးတိုက်ကြည့်ရင်း ဘယ်ကရမှန်း မသိသော တုတ်ချောင်းတစ်ချောင်းကိုကိုင်ကာ လက်တုန်တုန်ဖြင့် အလောင်းကောင်ကို ရင်ဆိုင်ရန် ပြင်နေသည်။
တိုက်ဆိုင်စွာပင် ထိုတုတ်ချောင်းက ချန်ကျိုး ခါးအောက်ပိုင်းကို သွားထောက်မိသည်။
ချန်ကျိုး လှည့်ကြည့်လိုက်ရာ သူ့မျက်နှာမည်းမှောင်နေသည်။
သရဲမလေးက ရှင်းပြရန်ကြိုးစားသော်လည်း စကားမပြောနိုင်ခင်မှာပင် ချန်ကျိုးက သူမ လက်ထဲမှတုတ်ကို ဆွဲယူလိုက်သည်။
ထိုခဏတာ နှောင့်နှေးမှုအတွင်း အလောင်းကောင်သည် ချန်ကျိုးရှေ့သို့ရောက်နေပြီ ဖြစ်ပြီး အရိုးပေါ်အရေတင် လက်ကြီးဖြင့် ချန်ကျိုး ခေါင်းကို လှမ်းကိုင်လိုက်သည်။
[System သည် သစ်သားအမျိုးအစားကို သရဲနှင် မိုးမခသားအဖြစ် ပြောင်းလဲလိုက်သည်။]
မျက်တောင်တစ်ခတ်အတွင်း သွေးသံရဲရဲလက်ကြီးသည် ချန်ကျိုး၏ ဆံပင်နှင့် ထိလုနီးပါး ဖြစ်ချိန်တွင် ချန်ကျိုးက တုတ်ကို ကောက်ကိုင်ပြီး အလောင်းကောင်ကိုထိုးချလိုက်သည်။
တုတ်နှင့် အလောင်းကောင် ထိမိသော နေရာမှ မီးပွားများလွင့်စင်ထွက်လာပြီး အနက်ရောင် မီးခိုးများ ရှဲခနဲ မြည်ကာ ထွက်ပေါ်လာသည်။ အလောင်းကောင်သည် နောက်သို့ တစ်လှမ်းဆုတ်သွားရသည်။
"ငါ သတိပေးပြီးပြီနော်.. မင်းက ငါ့ကို အတင်း ရိုက်ချင်နေတာဆိုတော့.. ငါ့ကို မယဉ်ကျေးဘူးလို့ အပြစ်မတင်နဲ့"
ချန်ကျိုးသည် ဒေါသတကြီး နှုတ်ခမ်းစူလိုက်ပြီး တုတ်ကို လက်နှစ်ဖက်ဖြင့် တင်းတင်း ဆုပ်ကိုင်ကာ ဂေါက်သီးရိုက်သမား တစ်ယောက်လို ပခုံးပေါ် ကျော်လွှဲလိုက်သည်။
အားကုန် လွှဲရိုက်လိုက်ရာ..
ဒုန်း
တုတ်ချောင်းသည် အလောင်းကောင်ကို ရိုက်ချလိုက်သဖြင့် မြေကြီးပေါ် လဲကျသွားသည်။
သစ်သားတုတ်သည် ထက်မြက်သော ဓားတစ်လက်ကဲ့သို့ ကွန်ကရစ်ကြမ်းပြင်နှင့် ပွတ်တိုက်မိရာ မီးပွားများလွင့်စင်သွားသည်။
စတင်ပြီး.. ခုန်လိုက်ကာ အပေါ်စီးမှနေ၍ တုတ်ချောင်းဖြင့် ရိုက်ချလိုက်သည်။
ခါးကို ဘေးတိုက် ရိုက်လိုက်ရာ အလောင်းကောင်သည် မြေကြီးပေါ် လဲကျသွားပြီး မီတာအနည်းငယ်အကွာသို့ လွင့်ထွက်သွားသည်။
မီးလောင်နံ့နှင့် အပုပ်နံ့ ရောနှောနေသော အနံ့ဆိုးသည် လေထဲတွင် ပိုမိုပြင်းထန်လာသည်။
လဲကျသွားသော အလောင်းကောင်သည် ကုန်းထရန်ရုန်းကန်နေသည်။
ဘုန်း!
နောက်ကျောကို ထပ်မံ ရိုက်နှက်လိုက်ရာ အလောင်းကောင်သည် မြေကြီးပေါ်တွင် မလှုပ်မယှက် လဲလျောင်းကာ တွန့်လိမ်နေတော့သည်။
"အလောင်းကောင်ကို ဝိုင်းပြီး စက်ဝိုင်းဆွဲ!"
ချန်ကျိုး ဟိန်းဟောက်လိုက်ပြီး အလောင်းကောင် ပတ်လည်တွင် စက်ဝိုင်းကြီး တစ်ခု အမြန် ဆွဲလိုက်ရာ ရွှေရောင် အတားအဆီးတစ်ခု အဖြစ် ပြောင်းလဲသွားသည်။
အလောင်းကောင်သည် တုန်တုန်ယင်ယင်ဖြင့် ထလိုက်ပြီး ရွှေရောင် အလင်းတန်းကို ကြောက်ရွံ့နေပုံရသည်။
"ဟားဟား.. အခု မင်း ထွက်လို့ မရတော့ဘူး!"
ချန်ကျိုးသည် ဝမ်းသာအားရဖြင့် စက်ဝိုင်းအပြင်ဘက်တွင် ရပ်ကာ တုတ်ဖြင့် အလောင်းကောင်ကို ထိုးဆွနေသည်။
တုတ်က အလောင်းကောင်ခန္ဓာကိုယ်နှင့် ထိမိတိုင်း မီးခိုးမည်းများ လွင့်ထွက်လာသည်။
အရှင်လတ်လတ် မီးရှို့ခံထားရသော အလောင်းကောင်သည် မီးကို အလွန်ကြောက်ရွံ့သဖြင့် စက်ဝိုင်းအတွင်း၌ အသည်းအသန် ရှောင်တိမ်းနေသည်။
လက်စားချေလိုသော အငွေ့အသက်တွေ ဘယ်ရောက်သွားပြီလဲ ? သူက အခု သနားစရာကောင်းတဲ့ သဲအိတ်လေး ဖြစ်နေပြီ။
သရဲမလေးသည် ဘေးတိုက်ကြည့်ရင်း အန္တရာယ်မရှိတော့ကြောင်း ခံစားလိုက်ရသည်။ သူမသည် ဘယ်ကရမှန်းမသိ နောက်ထပ် တုတ်တစ်ချောင်းရှာတွေ့သွားပြီး စက်ဝိုင်းအပြင်ဘက်မှနေ၍ အလောင်းကောင်ကိုလှမ်းထိုးလိုက်သည်။
အလောင်းကောင်က သရဲမလေးကို သွားဖြဲပြလိုက်ရာ အသားစများ သူမဆီသို့ လွင့်စင်လာသဖြင့် သရဲမလေး ကြောက်လန့်တ ကြား ရှောင်တိမ်းလိုက်ရသည်။
ချန်ကျိုးကမူ ပျော်နေလေသည်။ တိတ်ဆိတ်နေသော စိတ်ကျန်းမာရေးဆေးရုံထဲတွင် အလောင်းကောင်၏တောင်းပန်သံများနှင့် ချန်ကျိုး၏တခစ်ခစ်ရယ်သံများ ထွက်ပေါ်နေသည်။
ခဏကြာတော့ ချန်ကျိုး ကစားရတာငြီးငွေ့လာပြီး တုတ်ကို ထောက်ကာ ကွန်ကရစ်ကြမ်းပြင်ပေါ် ထိုင်ချလိုက်ပြီး သူ့ဖိနပ်ကို စစ်ဆေးနေသည်။
ချန်ကျိုး သူ့ကို ဆက်ပြီး လှောင်ပြောင်ခြင်း မပြုတော့သည်ကို မြင်သောအခါ စက်ဝိုင်းထဲရှိ အလောင်းကောင်သည် ဒူးထောက်ပြီး ချန်ကျိုးကို ဦးညွှတ်လိုက်သည်။
"ဂါး ဂါး ဂါး ဂါး ဂါး ဂါး" အလောင်းကောင်ဆီမှ အသံများ ထွက်ပေါ်လာသည်။
[System ဘာသာပြန်ချက်: သခင်.. ကယ်ပါဦး.. ကယ်ပါဦး]
ချန်ကျိုး တုန်လှုပ်သွားပြီး ဘေးဘီကိုကြည့်လိုက်သည်။ ဘယ်သူမှ မရှိ။
အလောင်းကောင်သည် သူ့အသံကြိုးများကို ဆွဲဖဲ့ရင်း ဆက်ပြောသည်။
"သခင်.. ကျွန်တော့်နာမည်က ကျန်းပေါင်ယွီပါ၊ ကျွန်တော် အရှင်လတ်လတ် မီးရှို့သတ်ခံခဲ့ရတာပါ၊ ကျွန်တော် နာရေးကူညီမှု အသင်းရဲ့ ရင်ခွဲရုံမှာ ရှိနေသင့်ပေမယ့် ကောင်းကင်နတ်ဆိုးဂိုဏ်းကမိစ္ဆာတွေက ကျွန်တော့်ကိုရင်ခွဲရုံကနေ ခိုးထုတ်ပြီး ရုပ်သေးရုပ် လုပ်လိုက်ကြတာပါ၊ ကျေးဇူးပြုပြီး သခင်.. ကျွန်တော့်ကို ကယ်ပါဦး!"
ချန်ကျိုးသည် အသံလာရာကိုသတိထားမိလိုက်ပြီး ကုန်းကုန်းကွကွဖြင့် အလောင်းကောင် ပါးစပ်ကို ကြည့်လိုက်သည်။
"သခင်.. ကျွန်တော့်အတွက် လက်စားချေပေးဖို့ မတောင်းဆိုပါဘူး.. ဒါပေမဲ့ ကျွန်တော့်ကို မြန်မြန်သေခွင့်ပေးပါလို့ တောင်းပန်ပါတယ်၊ ကျွန်တော် သခင့်ကို လုပ်ခဲ့သမျှ အရာအားလုံးက မိစ္ဆာတွေရဲ့ ထိန်းချုပ်မှုအောက်မှာမို့လို့ပါ"
ဒီစကားပြောပြီးနောက် အလောင်းကောင်ခန္ဓာကိုယ်ပေါ်တွင် မီးတောက်ငယ်လေးများ ရုတ်တရက်ထွက်ပေါ်လာသည်။ အလောင်းကောင်သည် မြေကြီးပေါ် လဲကျသွားပြီး နာကျင်စွာ ရုန်းကန်နေရသည်။
ချန်ကျိုးမျက်လုံးများ ကလယ်ကလယ် ဖြစ်သွားပြီး အလောင်းကောင်ဆီသို့ လက်နှစ်ချက် ခါလိုက်ရာ မီးတောက်ငယ်လေးများ အလိုအလျောက် ငြိမ်းသွားသည်။
"ကျေးဇူးပြုပြီး သခင်.. ကျွန်တော့် ဝိညာဉ်ကို လွင့်ပါးသွားခွင့်ပေးပါ! အရမ်း နာကျင်လွန်းလို့ပါ!"
ရုန်းကန်နေသော အလောင်းကောင်သည် မီးတောက်ငယ်များကို ပြန်လည် မွေးဖွားလိုက်သည်။
ချန်ကျိုး တစ်ခုခုကို သတိရသွားသည်။
[System Notification: ဤနည်းပညာ မရှိပါ။]
[System Notification: ဤနည်းပညာ မရှိပါ။]
[ချန်ကျိုး.. System က သတိပေးလိုက်မယ်.. မရိုးသားတဲ့ အတွေးတွေ မတွေးနဲ့၊ မင်းလုပ်နေတာတွေက ဂုဏ်ယူစရာမဟုတ်ဘူး။]
[ချန်ကျိုး.. လက်တွေ့မကျတဲ့ ထင်ကြေးပေးမှုတွေကို ရပ်လိုက်ပါတော့။]
…
ချန်ကျိုး မတ်တပ်ရပ်လိုက်ပြီး လေထဲတွင် တုတ်ချောင်းဖြင့်လျှောက်ရေးနေသည်။
သူသည် တုတ်ကိုနောက်ပစ်လိုက်ပြီး ခါးကိုမတ်ကာ ဘယ်လက်ကို ရင်ဘတ်ပေါ် တင်၊ မျက်လုံးမှိတ်ပြီး မန္တန်များ ရွတ်ဆိုလိုက် သည်။
"အမိတာဘ၊ မဟာကယ်တင်ရှင် ချန်ကျိုး၊ အရိမေတ္တယျ၊ ဟီး ဟီး ဟီး ဟီး၊ လောကရဲ့ အကြီးမြတ်ဆုံး သူရဲကောင်း ချန်ကျိုး၊ အရိမေတ္တယျ၊ အို အို အို အို အို အို"
သူသည် မန္တန် ရွတ်နေသကဲ့သို့ တိုးတိုးလေး ရွတ်ဆိုနေသည်။
[ကောင်းပြီလေ.. ရုပ်သေးဆန့်ကျင် အဆောင်လက်ဖွဲ့ + ပြန်လည်တိုက်ခိုက် အဆောင်လက်ဖွဲ့.. ရှုပ်ပွနေတာပဲ။]
ချန်ကျိုး လျှောက်ရေးထားသော လေထဲတွင် ရွှေရောင်အလင်းတန်းလေးတစ်ခုပေါ်လာပြီး ချန်ကျိုးကိုယ်လုံးနှင့် တစ်တန်းတည်း ရှိသော အဆောင်လက်ဖွဲ့ တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ချန်ကျိုး ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ဘယ်လက်ဖြင့် တွန်းလိုက်ရာ လေထဲတွင် ပေါ်နေသော ရွှေရောင် အဆောင်လက်ဖွဲ့ သည် အလောင်းကောင်ဆီသို့ ပျံသန်းသွားသည်။
အလောင်းကောင်သည် မြေကြီးပေါ်တွင် လဲလျောင်းနေပြီး ခန္ဓာကိုယ် တွန့်လိမ်နေကာ အသားနှင့် အရိုးများကြားမှ ရွှေရောင် အလင်းတန်းများ စိမ့်ထွက်နေသည်။
သူ နာကျင်စွာ ရုန်းကန်နေသည်။
၅ မိနစ်၊ ၆ မိနစ်ခန့် ကြာပြီးနောက် ရွှေရောင် အလင်းတန်းသည် အလောင်းကောင်၏အရေပြား နေရာတိုင်းသို့ စီးဝင်သွားပြီး မီးလောင်နံ့နှင့် အပုပ်နံ့များပျောက်ကွယ်သွားကာ ဘုရားကျောင်း အမွှေးတိုင်နံ့များထွက်ပေါ်လာသည်။
အလောင်းကောင်၏ နာကျင်မှုများသက်သာသွားပြီး မြေကြီးပေါ်မှ ထကာ လက်ချောင်းများကို ဆန့်ထုတ်လိုက်သည်။
သူ့ခြေထောက်အောက်တွင် အဖြူရောင် ကြိုးတစ်ချောင်းတန်းနေပြီး စိတ်ကျန်းမာရေးဆေးရုံကို ဖြတ်သန်းကာ အဝေးတစ်နေရာသို့ ဆက်သွယ်ထားသည်။
အလောင်းကောင်က ချန်ကျိုးကို နားမလည်နိုင်စွာကြည့်လိုက်သည်။
ချန်ကျိုးသည် ခြေတစ်ဖက်တွင် ဖိနပ်စီးထားပြီး ကျန်တစ်ဖက်တွင် ဖိနပ်က ခြေသလုံးအထိ ရောက်နေကာ ဉာဏ်ပညာကြီးမား သော ပုံစံဖြင့် ပြောလိုက်သည်။
"အရင်တုန်းကတော့ မိစ္ဆာတွေက မင်းကို ထိန်းချုပ်ခဲ့တယ်.. အခု မင်းက မိစ္ဆာတွေကို ပြန်ထိန်းချုပ်ရမယ်၊ ကိုယ့်ဘက်က ရှစ်ရာ အဆုံးရှုံးခံရရင် ရန်သူ့ဘက်က တစ်ထောင် သေချာပေါက်ဆုံးရှုံးရလိမ့်မယ်၊ အမိတာဘ"
အလောင်းကောင်၏ခြေထောက်များ ပျော့ခွေသွားပြီး ချန်ကျိုးကို သုံးကြိမ်တိုင်တိုင်လေးလေးနက်နက်ဦးညွှတ်လိုက်သည်။