← Chapters

အခန်း (၄၀)

Vol. 4 Ch. 40

အခန်း (၄၀)

Vol. 4 Ch. 40

ချန်ကျိုးကမူ လက်ကာပြလိုက်သည်။

"သွား.. သွား"

အလောင်းကောင်က ထပြီး စိတ်ကျန်းမာရေးဆေးရုံထဲကနေ ထွက်သွားလေသည်။

စိတ်ကျန်းမာရေးဆေးရုံ ဂိတ်ဝက လုံခြုံရေးတွေက သူတို့ရဲ့ ထိတ်လန့်မှုကနေ အခုမှ သက်သာလာပြီး တစ်ယောက်ကိုတစ် ယောက် တွဲကူထူနေတုန်းမှာပဲ အလောင်းကောင် ထွက်လာတာကို မြင်လိုက်ရသည်။

မင်းက ဒီအတိုင်း တိတ်တိတ်ဆိတ်ဆိတ် ထွက်သွားမယ် ထင်နေလား။ အစောင့်နှစ်ယောက်ကိုတောင် ကြောက်စရာ အပြုံးကြီးနဲ့ ပြုံးပြလိုက်သေးတယ်။ အစောင့်နှစ်ယောက် ခံနိုင်ရည် မရှိတော့ဘဲ အမြင်အာရုံတွေ မည်းမှောင်သွားပြီး ထပ်မံ သတိလစ်သွား ကြပြန်တယ်။

ချန်ကျိုးက သန့်ရှင်းသပ်ရပ်နေတဲ့ သူ့အခန်းလေးရဲ့ အပြင်ဘက်မှာ သွေးတွေပေကျံနေတာကို မကျေမနပ် ကြည့်လိုက်သည်။

မျက်လုံးစောင်းနေတဲ့ သရဲမလေးက ချန်ကျိုးရဲ့ စိတ်ကို ချက်ချင်းနားလည်သွားပြီး ရေချိုးခန်းဘက်ကို ပျံဝဲသွားကာ ရေပုံးနဲ့ တံမြက်စည်း ယူပြီး သန့်ရှင်းရေးလာလုပ်ပေးသည်။

ချန်ကျိုး ခေါ်လိုက်တဲ့ သရဲလေးက ချန်ကျိုးရဲ့ ခြေသလုံးမှာ ရောက်နေတဲ့ ဖိနပ်ကိုကိုင်ပြီး ဆွဲထုတ်ဖို့ကြိုးစားနေသည်။

လူနာဆောင် အပေါ်ထပ်မှာတော့ သူနာပြုတွေက ဖုန်းကို တုန်တုန်ယင်ယင် ကိုင်ထားရင်း ကြောက်လန့်တကြား ဖြစ်နေကြသည်။

"နောက်ဆုံးတော့ ဖုန်းလိုင်းမိပြီ! ဒါ... ဒါ ဝိညာဉ်နှိမ်နင်းရေးဌာနလားဟင်၊ ကျွန်မက ချင်းရှန် စိတ်ကျန်းမာရေးဆေးရုံက သူနာပြုပါရှင့်၊ ကျွန်မတို့ ဆေးရုံကို သရဲတစ်ကောင် ရောက်လာလို့... အဲ.. မဟုတ်ဘူး.. လူနဲ့ တူတယ်.. မသိတော့ဘူး.. ဘာပဲဖြစ်ဖြစ် သရဲပဲ"

"ဟုတ်ပါတယ်.. ချန်ကျိုး ကျွန်မတို့ ဆေးရုံမှာ ရှိပါတယ်၊ သူ အရိုက်ခံလိုက်ရပြီ... အဲ.. မဟုတ်ဘူး.. သရဲက အရိုက်ခံလိုက်ရတာ အခု သရဲ မရှိတော့ဘူး၊ သူ့ကို လာကြည့်ပေးဖို့ လူလွှတ်ပေးလို့ ရမလားဟင်"

"နေရာတိုင်းမှာ သွေးတွေချည်းပဲ၊ သရဲတွေက သွေးမထွက်တတ်ဘူးဆိုတော့ ချန်ကျိုး ဒဏ်ရာရသွားတာ ဖြစ်နိုင်တယ်"

"ဟုတ်ကဲ့.. စောင့်နေပါ့မယ်.. မြန်မြန်လာပါနော်"

စိတ်ကျန်းမာရေးဆေးရုံနဲ့ တစ်ကီလိုမီတာလောက် ဝေးတဲ့ လူနေအိမ်ရာ အဟောင်းလေး တစ်ခုရဲ့ အခန်းတစ်ခန်းထဲမှာ ယစ်ပလ္လင်တစ်ခု ရှိပြီး အဲဒီအပေါ်မှာ သစ်သီးငါးမျိုး တင်ထားသည်။ အလယ်မှာတော့ အမွှေးတိုင်ငါးတိုင် ထွန်းထားတဲ့ အမွှေးတိုင်အိုး တစ်လုံး ရှိတယ် - အမွှေးတိုင် သုံးတိုင်က ရှည်ပြီး နှစ်တိုင်ကမူ တိုနေသည်။

ယစ်ပလ္လင်ရဲ့ နောက်မှာတော့ ဝါညစ်ညစ်တာအိုဝတ်ရုံ ဝတ်ထားတဲ့ အဘိုးအိုတစ်ဦးက မက်မွန်သား ဓားကို ကိုင်ထားသည်။ ချွေးတွေက သူ့ဝတ်ရုံကိုစိုရွှဲနေစေသည်။ သူ့ဘေးတစ်ဖက်တစ်ချက်မှာ မီးခွက်ကိုယ်စီကိုင်ထားတဲ့ မီးခိုးရောင် တာအိုဝတ်ရုံဝတ် တပည့်နှစ်ယောက် ရပ်နေကြသည်။ မီးတောက်ငယ်လေးတွေက သူတို့သုံးယောက်ရဲ့ အရိပ်တွေကို ရှည်ရှည်ကြီး ဖြစ်ပေါ်စေ သည်။

"ဆရာသခင်.. အမွှေးတိုင် သုံးတိုင်က ရှည်ပြီး နှစ်တိုင်ကတိုနေတယ်" တပည့်တစ်ယောက်က သတိပေးလိုက်သည်။

အဘိုးအို မျက်လုံးထဲ ဝင်နေတဲ့ ချွေးတွေကိုသုတ်လိုက်သည်။ ယစ်ပလ္လင် ပြင်ဆင်တာနဲ့ မန္တန်ရွတ်တာတွေ လုပ်ရတာ သူ အားအင်တွေ အများကြီးကုန်ခမ်းသွားပုံရသည်။ လူသားတွေအတွက် အဆိုးဆုံးက အသက်ငယ်ငယ်နဲ့ သေဆုံးရခြင်း ဖြစ်ပြီး၊ သရဲတွေအတွက် အဆိုးဆုံးကတော့ အသက်ငယ်ငယ်နဲ့ သေဆုံးရပြီးနောက် ထပ်မံသေဆုံးရခြင်း (ဝိညာဉ် လွင့်ပါးသွားခြင်း) ဖြစ်သည်။

"ဘယ်အချိန်ရှိပြီလဲ" အဘိုးအိုက မေးလိုက်သည်။

တပည့်နှစ်ယောက်က အချိန်ကို ပြိုင်တူ ကြည့်လိုက်ကြသည်။

"နှစ်နာရီပါ"

"နောက်ထပ် တစ်နာရီပဲ.. သုံးနာရီ ကျော်သွားရင် သရဲစွမ်းအင်တွေအားနည်းသွားပြီး ဒီအလောင်းကောင်ကို ကိုင်တွယ်ရ ပိုလွယ်သွားလိမ့်မယ်"

"ဆရာသခင်.. အလောင်းကောင်က ကျွန်တော်တို့ ဖန်တီးထားတဲ့ ရုပ်သေးမဟုတ်ဘူးလား"

အဘိုးအိုက ခေါင်းခါလိုက်သည်။

"ဒီစိတ်ရောဂါသည်က ငါတို့ ထင်ထားတာထက် ကိုင်တွယ်ရ ပိုခက်တယ်၊ သူက မာကျောတဲ့ အခွံမာသီးပဲ၊ သူသုံးသွားတဲ့ နည်းလမ်းတွေက သေချာပေါက် ပုံမှန်နည်းလမ်းတွေ မဟုတ်ဘူး၊ ငါ့တစ်သက်တာ လေ့လာခဲ့သမျှထဲမှာ ဒီလို ထူးဆန်းတဲ့ ပြန်လည်တိုက်ခိုက်တဲ့ နည်းပညာမျိုး တစ်ခါမှ မတွေ့ဖူးဘူး"

"ပြန်လည်တိုက်ခိုက်ခြင်း ဟုတ်လား"

"ပြန်လည်တိုက်ခိုက်ရုံတင် မဟုတ်ဘူး.. ဒီခံစားချက်ကြီးက အရမ်းထူးဆန်းတယ်၊ အဲဒါ နောက်မှ ပြောကြတာပေါ့.. ဒီတစ်နာရီ ကုန်အောင် အရင် စောင့်ရအောင်..."

အဘိုးအို စကားမဆုံးခင်မှာပဲ တံခါးကြီး ဝုန်းခနဲ ပြိုကျလာသည်။

အပြင်ဘက်မှာတော့ သူတို့ ထိန်းချုပ်ထားတဲ့ ရုပ်သေးအလောင်းကောင် ရပ်နေသည်။ အခုတော့ အလောင်းကောင်က သူတို့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘဲ သူ့ဆီက ရွှေရောင် အလင်းတန်းတွေက မန္တန်တစ်ခုခုကြောင့် ပိုအားကောင်းနေတာ ထင်ရှားသည်။

"ရှောင်တ အားကျဲ့ .. မှင်ကြိုးကိုဆွဲလိုက်" အဘိုးအိုက အမြန်အမိန့်ပေးလိုက်သည်။

တပည့်နှစ်ယောက်က မီးခွက်တွေကို ချပြီး ကြက်ဖသွေး စိမ်ထားတဲ့ မှင်ကြိုးကိုဆွဲကာ အလောင်းကောင်ဆီ ခုန်ဝင်လိုက်ကြသည်။

အလောင်းကောင်ရဲ့ စုတ်ပြတ်နေတဲ့ အသားစတွေဆီကနေ မီးပွားတွေလွင့်စင်ထွက်လာသည်။

သူတို့ မျှော်လင့်ထားသလို အလောင်းကောင်က မြေကြီးပေါ် လဲမကျသွားဘူး။

သူက ငြိမ်ငြိမ်လေးရပ်နေတယ်.. သူ့ခန္ဓာကိုယ်က မီးရှူးမီးပန်းတွေလို တဖျစ်ဖျစ် မြည်နေပေမယ့် ပိုပြီး ကြီးမားတဲ့ နာကျင်မှုကို ခံစားခဲ့ရဖူးတဲ့အတွက် ဒါက အသေးအမွှားလေးဖြစ်နေပုံရသည်။

အလောင်းကောင်က မင်ကြိုးကို အားကုန် ဖြဲလိုက်တာ ကြိုးခွေတွေ ပြတ်ထွက်ကုန်သည်။

အဘိုးအိုဆီကလည်း ဘာကြောင့်မှန်းမသိ တဖျစ်ဖျစ် အသံတွေ ထွက်လာသည်။

သူ့ရဲ့ ဝါညစ်ညစ် တာအို ဝတ်ရုံက လက်မောင်းတွေ အပါအဝင် ရင်ဘတ်ကနေ တိခနဲ ပြတ်ထွက်သွားပြီး အဝါရောင် အင်္ကျီတို ဝတ်ထားသလို ရယ်စရာဖြစ်သွားသည်။

အင်္ကျီတိုအောက်က အရာတွေဆီကနေ သွေးတွေ စိမ့်ထွက်လာသည်။

အဘိုးအို တုံ့ပြန်ချိန် မရလိုက်ခင်မှာပဲ သူက မက်မွန်သား ဓားကိုဝှေ့ယမ်းပြီး လေထဲမှာ ပုံဖော်လိုက်ရာ ဓားထိပ်ဖျားက အဝါရောင် အဆောင်လက်ဖွဲ့ကို မီးစွဲသွားစေပြီး အလောင်းကောင်ဆီထိုးစိုက်လိုက်သည်။

အဝါရောင် အဆောင်လက်ဖွဲ့က အလောင်းကောင်ရဲ့ နဖူးပေါ် ကျရောက်သွားပြီး အဆောင်လက်ဖွဲ့ဆီကနေ အနီရောင် မီးတောက်တွေက သူ့တစ်ကိုယ်လုံးကို ပျံ့နှံ့သွားသည်။

ချန်ကျိုးရဲ့ အဆောင်လက်ဖွဲ့ကြောင့် စွမ်းအားတက်နေတဲ့ အလောင်းကောင်ကတော့ အပူဒဏ်ကိုပဲ ခံစားရပြီး သူ့ခန္ဓာကိုယ်ကို တကယ် မီးမလောင်ချေ။

သူ့လက်တွေက တပည့်နှစ်ယောက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး သူ့ရဲ့ သွေးသံရဲရဲ အရိုးတွေက သူတို့ လည်ပင်းထဲ နက်နက်ရှိုင်းရှိုင်း စိုက်ဝင်နေသည်။

နည်းနည်း နောက်ကျပြီးမှ အဘိုးအိုရဲ့ တစ်ကိုယ်လုံး အလိုအလျောက် မီးထတောက်လာတယ်.. မီးတောက်တွေက သူ့နဖူးပေါ်ထိ ရောက်လာပြီး အဝတ်အစားတွေကိုဝါးမြိုသွားသည်။

အဘိုးအို ရုတ်တရက် နားလည်သွားသည်။

ထူးဆန်းတဲ့ ခံစားချက်က သူ့ကို အလောင်းကောင်ရဲ့ ရုပ်သေးရုပ်ဖြစ်သွားသလို ခံစားရစေတယ်.. အလောင်းကောင်ကို ထိခိုက်အောင် လုပ်ရင် သူပါ ထိခိုက်မယ်။

"သောက်ကျိုးနည်း.. ဒီအရူးက ဘယ်ကရောက်လာတာလဲ၊ ဒီမိစ္ဆာပညာက ငါတို့ သန့်ရှင်းသောဂိုဏ်းထက်တောင် ပိုယုတ်မာနေပါလား.. တကယ့်ကို ယုတ်မာလိုက်တာ!"

အဘိုးအိုက နာကျင်စွာဆဲရေးလိုက်ပြီး တင်ပလ္လင်ခွေ အမြန်ထိုင်ကာ လက်ညှိုးနဲ့ လက်လယ်ကို ထောင်ပြီး ရင်ဘတ်မှာ ကပ်လျက် မိစ္ဆာမန္တန်တွေကို ရွတ်ဆိုလိုက်သည်။

အဘိုးအိုရဲ့ ခန္ဓာကိုယ်ပေါ်က မီးတောက်တွေ တဖြည်းဖြည်းငြိမ်သွားပေမယ့် သူ့ဆံပင်တွေ အကုန်လောင်ကျွမ်းသွားပြီး အသားအရေတွေကတော့ ကြည့်မကောင်းအောင် ပျက်စီးသွားပြီ။

သူ သေဘေးကနေ သီသီလေးလွတ်မြောက်ခဲ့တာ။

အလောင်းကောင် လက်ထဲကတပည့်နှစ်ယောက်ကတော့ လည်ပင်းတွေကျိုးပြီး မျက်လုံးတွေ ပြူးကျယ်လျက် ဒီလှပတဲ့ ကမ္ဘာကြီးကနေ ထွက်ခွာသွားကြရှာပြီ။

မီးကျွမ်းပြီး သွေးတွေပေကျံနေတဲ့ အဘိုးအိုက မက်မွန်သားဓားကို ကိုင်ပြီး ရုပ်သေးကြိုးတွေကို ဖြတ်ဖို့ ကြိုးစားပေမယ့် အရာမထင်ပါဘူး။

သူ့မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်သွားတယ်.. အဲဒီအရူးက အရမ်းယုတ်မာလွန်းတယ်.. ဘယ်လောက်တောင်ယုတ်မာလဲဆိုရင် လက်တစ်ချောင်းတောင် မလှုပ်ဘဲ စတုတ္ထအဆင့် မြောက်ဘက် ကောင်းကင်နယ်ပယ် မိစ္ဆာကျင့်ကြံသူဖြစ်တဲ့ သူ့ကို သတ်နိုင်တဲ့အထိအောင်ပဲ။

"နေပါဦး.. ငါတို့ စကားပြောကြရအောင်" ပြန်ခုခံဖို့ အခွင့်အရေး မရှိတော့တဲ့ အဘိုးအိုက တောင်းပန်လိုက်သည်။ အလျှော့ပေးခြင်းကသာ သူ အသက်ရှင်နိုင်မယ့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်။

အလောင်းကောင်က ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီ.. ဒီည သူ ကြောက်ရွံ့သမျှ အရာအားလုံးကို ကြုံတွေ့ခဲ့ရပြီးပြီ။ သူ့မှာ ဘာကြောက်စရာ ကျန်ဦးမှာလဲ။

"မင်း ဝိညာဉ် လွင့်ပါးမသွားချင်ဘူး မဟုတ်လား"

အဘိုးအိုက အသားတွေ ပူလောင်နေတဲ့ နာကျင်မှုကို ကြိတ်မှိတ်ပြီး ပြောလိုက်သည်။

အလောင်းကောင်က ငြိမ်ငြိမ်လေး ရပ်နေသည်။

"မင်း အသက်နှစ်ချောင်း ယူပြီးပြီပဲ.. အဲဒါ လုံလောက်ပါပြီကွာ၊ မင်းကို ရုပ်သေးရုပ် လုပ်ခဲ့တာ ငါ့အမှားပါ၊ မင်းရဲ့ ဝိညာဉ် ခန္ဓာကိုယ်ကနေ ထွက်ခွာနိုင်အောင်၊ မင်း ကျွတ်လွတ်အောင်၊ မင်း လူပြန်ဝင်စားနိုင်အောင် ငါ ကူညီပေးပါ့မယ်၊ ငါ့အသက်ကိုတော့ ချမ်းသာပေးဖို့ တောင်းပန်ပါတယ်"

အဘိုးအို အသည်းအသန် တောင်းပန်လိုက်သည်။

ဒါက အရမ်း မက်လောက်စရာ ကမ်းလှမ်းမှုပါပဲ။

ဒါပေမဲ့ အလောင်းကောင်က ဘာမှမတုံ့ပြန်ဘဲ အဘိုးအိုဆီ တစ်လှမ်းချင်း ဆက်လျှောက်လာသည်။

အဘိုးအိုက သူ့ရဲ့ တစ်ခုတည်းသော လက်နက်ဖြစ်တဲ့ မက်မွန်သား ဓားကိုမြှောက်လိုက်တယ် "မင်း... မင်း ရှေ့ဆက်မတိုးနဲ့... အကယ်၍... အကယ်၍ မင်း ရှေ့ဆက်တိုးရင် ငါ... ငါ မင်းကို ထိုးသတ်လိုက်မှာနော်..."

အနည်းငယ်မျှ တွန့်ဆုတ်ခြင်း မရှိဘဲ အလောင်းကောင်က သူ့ရင်ဘတ်ကို မက်မွန်သား ဓားနဲ့ ထိကပ်လိုက်ပြီး သူ့လက်တွေက အဘိုးအိုရဲ့ ဓားကိုင်ထားတဲ့ လက်တွေကိုဆုပ်ကိုင်လိုက်သည်။

သူ ရှေ့ကို တစ်လှမ်း တိုးလိုက်သည်။

သူ့နှလုံးသားထဲကနေ မီးတောက်တွေ လောင်ကျွမ်းလာပြီး အလောင်းကောင်ရဲ့ သွေးတွေက ဓာတ်ဆီလို လျင်မြန်စွာ ပျံ့နှံ့သွားသည်။

အဘိုးအိုက သွေးတစ်လုပ်အန်ထုတ်လိုက်ပြီး မြေကြီးပေါ် ဒုန်းခနဲ လဲကျသွားသည်။ သူ့ခန္ဓာကိုယ်ထဲက ဝိညာဉ်က လှုပ်ခတ်နေ ပေမယ့် ချုပ်နှောင်မှုကနေမလွတ်မြောက်နိုင်ဘဲ ပြင်းထန်တဲ့ မီးတောက်တွေအောက်မှာ သူ့ခန္ဓာကိုယ်ရော ဝိညာဉ်ပါ ပြာကျသွားရရှာသည်။

ပျောက်ကွယ်သွားတဲ့ အဘိုးအို၏ဝိညာဉ်ရဲ့ မျက်လုံးထဲမှာ တုတ်ချောင်းကိုင်ထားသည့် ချန်ကျိုးရဲ့ ဘဝင်မြင့်နေတဲ့ မျက်နှာကို ပုံရိပ်ထင်ဟပ်နေသည်။

ချင်းရှန် စိတ်ကျန်းမာရေးဆေးရုံမှာတော့ ချန်ကျိုးသည် ကြေးခေါင်းတလားထဲ ကွေးနေပြီး လက်နှစ်ဖက်နဲ့ နှာခေါင်းကို အုပ်ကာ ပြင်းပြင်းထန်ထန် နှာချေလိုက်ရာ သူ့လက်တွေပေါ် နှာရည်တွေ စင်ကုန်သည်။

[ဂုဏ်ယူပါတယ် Host.. ခင်ဗျားက မိစ္ဆာဂိုဏ်းသား ၃ ယောက်နဲ့ ရုပ်သေး အလောင်းကောင် ၁ ကောင်ကို အောင်မြင်စွာ သတ်နိုင်ခဲ့ပါပြီ။ Host ရဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် သတ်ဖြတ်မှု ဆုလာဘ်ကို တိုးမြှင့်လိုက်ပါပြီ။ သရဲလေးနဲ့ နှစ်တစ်ထောင် ကျားဝိညာဉ်တို့ရဲ့ ကျင့်ကြံခြင်း အဆင့် တိုးတက်သွားပါပြီ။]

[နှစ်တစ်ထောင် ကျားဝိညာဉ်၏ကျင့်ကြံခြင်းအဆင့် တိုးတက်မှု - တတိယအဆင့် လက်စားချေလိုသောသရဲ ၊ မဟာပြည့်စုံခြင်း အဆင့်]

[သရဲလေး၏ကျင့်ကြံခြင်း အဆင့်တိုးတက်မှု - တတိယအဆင့်လက်စားချေလိုသော သရဲ ၊ နောက်ဆုံး အဆင့်]

သရဲလေးနဲ့ကျားကြီးက စိတ်လှုပ်ရှားစွာနဲ့ ချန်ကျိုးရဲ့ ခန္ဓာကိုယ်ထဲကနေ ထွက်လာပြီး သူ့အိမ်လေးထဲကနေ ဂရုတစိုက် ထွက်ခွာသွားကြသည်။

စိတ်ကျန်းမာရေးဆေးရုံထဲမှာ သရဲလေးက ခုံတန်းလျားပေါ် ထိုင်ပြီး ခြေထောက် လွှဲနေတယ်၊ နှစ်တစ်ထောင် ကျားဝိညာဉ်က မူ သူ့ဘေးမှာ လဲလျောင်းပြီး အေးအေးလူလူ အမွေးသန့်ရှင်းရေး လုပ်နေသည်။

"ကြောင်ကြီး.. ငါ လက်စားချေလိုသော သရဲနောက်ဆုံးအဆင့် ရောက်သွားပြီ! ဟားဟား.. ပျော်လိုက်တာ!"

"ဝေါင်း" နှစ်တစ်ထောင် ကျားဝိညာဉ်က ဟိန်းလိုက်သည်။

"ငါ သိပါတယ်.. မင်းက မဟာပြည့်စုံခြင်းအဆင့် ရောက်နေပြီဆိုတာ.. နတ်ဆိုးဝိညာဉ်အဆင့်ရောက်ဖို့ နည်းနည်းပဲ လိုတော့တယ်.. မြန်လိုက်တာနော်!"

"ဝေါင်း"

ထောင့်ကနေကြည့်နေရှာတဲ့ သရဲမလေးကမူ တိတ်တဆိတ်အားကျနေရှာသည်။

All Chapters