← Chapters

အခန်း (၈၈၅-၈၈၆)

Vol. 54 Ch. 885-886

အခန်း (၈၈၅-၈၈၆)

Vol. 54 Ch. 885-886

အပိုင်း (၈၈၅)

သခင်ကြီး ပိုင်တင်က ပြော၏။ “ကျုပ် ဒါကို ယုံကြည်ပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ သက်သေ မပြနိုင်ဘူး။ တော်ဝင်မျိုးနွယ်တွေအားလုံးရဲ့ မျက်လုံးထဲမှာ ရှမ့်လန်က အရှေ့တိုင်းသားတစ်ယောက်ပဲ။ အရှင်မက ဒီလိုမျိုး အရှေ့တိုင်းသား တစ်ယောက်ကို လက်ထပ်လိုက်တာက ဂုဏ်သိက္ခာကျစရာပဲ။ သူက မင်းသမီး ဟယ်လင်ရဲ့ မောင်လေးလို့ ပြောပေမဲ့ တော်ဝင်မျိုးနွယ်အားလုံးကတော့ ဒါက လိမ်ညာမှု သက်သက်ပဲလို့ ခံစားနေကြတယ်။”

ဒီဘိုရာက ပြောသည်။ “မဟုတ်ဘူး။ ဒါက လိမ်ညာမှု မဟုတ်ဘူး။”

သခင်ကြီး ပိုင်တင်က ဆို၏။ “ကျုပ်လည်း သခင်လေး ရှမ့်လန်ကို ယုံကြည်တာပေါ့။ ဒါပေမဲ့ ကျုပ်တို့ ဒီလူတွေကို ယုံအောင် ပြောလို့မရဘူး။ ရှီလွန်မင်းဆက်က တော်ဝင်မျိုးနွယ်တွေ ဘယ်လောက် ခေါင်းမာလဲ ဆိုတာ အရှင်မ သိတဲ့အတိုင်းပဲ။ မင်းသမီးဟယ်လင် ကိုယ်တိုင် ကိုယ်ထင်မပြမချင်း ဒီကိစ္စက ရှင်းမှာမဟုတ်ဘူး။ တောင်ဘက်ဒေသဆီ သူပြန်လာမယ့်အချိန်ကို စောင့်ပြီး ကျုပ်တို့ဘက်က ပြောဆိုပေးဖို့ မျှော်လင့်ရတော့မှာပဲ။”

ဒီဘိုရာက ဒေါသတကြီးပြောသည်။ “အဲဒီကောင်စုတ် ရှမ့်လန် ပြန်မလာသေးဘူး။ အဲဒီ လူလိမ်လူညာကောင်... မင်းသမီး ဟယ်လင် ရောက်နေပြီလို့ ကျွန်မကို လိမ်ပြောခဲ့တယ်။ နောက်ဆုံးကျတော့ ပျောက်သွားရော။ ပျောက်ဆုံးသွားတဲ့ နိုင်ငံ အပျက်အစီးဆီ ထွက်သွားပြီး ပြဿနာ အရှုပ်အထွေးတွေ အားလုံးကို ကျွန်မဆီ ပုံချခဲ့သေးတယ်။”

သခင်ကြီး ပိုင်တင်က ပြော၏။ “သူ ခုထိ ရောက်မလာသေးပါဘူး။”

ပျောက်ဆုံးနိုင်ငံတော် အပျက်အစီးများက တကယ့်ကို အန္တရာယ်များ၏။ ထိုနေရာဆီသို့ သွားရောက်သည့် မည်သူမဆိုက ကံဆိုးမိုးမှောင် ကျနိုင်ခြေ ရှိ၏။ ရှမ့်လန်က တကယ့်ကို ဉာဏ်ကောင်းသော်လည်း ဦးခေါင်းခွံဂိုဏ်း ရေတပ်တစ်ခုလုံးက ထိုနေရာတွင် ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

“ဒီကောင်စုတ်.. ဒီကောင်စုတ်ကတော့..” ဒီဘိုရာက ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။

ထိုအချိန်မှာပဲ အမျိုးသမီး သမားတော်တစ်ဦးက ဝင်လာကာ ပြော၏။ “အရှင်မ... အရှင်မ နောက်ထပ် စိတ်ဆိုးဒေါသထွက်လို့ မကောင်းတော့ဘူး။”

ဒီဘိုရာ တုန်လှုပ်သွား၏။ ပြီးနောက် မေးမြန်းလိုက်သည်။ “ဘာလို့လဲ။”

ထို အမျိုးသမီးသမားတော် က ပြော၏။ “ဘာလို့လဲဆိုတော့ အရှင်မမှာ ကိုယ်ဝန် ရှိနေပြီလေ။”

…

ကိုယ်ဝန်တဲ့လား။ သူမ တကယ် ကိုယ်ဝန်ရှိနေလေပြီလား။

ထိုစကားကို ကြားချိန်မှာတော့ ဒီဘိုရာက ခဏမျှ ကြောင်အမ်းသွားခဲ့၏။ သူမက စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ပြီးသား ဖြစ်သော်လည်း ရာသီသွေးမပေါ်သည်က နှစ်လခန့် ရှိနေပြီ ဖြစ်သည်။

သို့သော်ငြား ဤအချိန်မှာတော့ သူမ၏ ရင်ထဲ၌ ခံစားချက်မျိုးစုံဖြင့် ရောပြွန်းနေခဲ့၏။ ပထမဦးဆုံးနေ့ပြင် သူမက သေချာပေါက် ပျော်ရွှင်မိ၏။ ဘာပဲဖြစ်ဖြစ် ထိုအရာက သူမ၏ ပထမဦးဆုံး ကိုယ်ဝန်ဖြစ်ပြီး ရော့ဆို မိသားစုအတွက် အမွေဆက်ခံသူ အသစ်ရှိလာတော့မည်ဟု ဆိုလိုခြင်းပင်။

ဒီဘိုရာက နိုင်ငံရေးသတ္တဝါတစ်ကောင် ဖြစ်ပြီး အမွေဆက်ခံသူ လိုချင်သော သူမ၏ဆန္ဒကလည်း ပြင်းပြလွန်း၏။

ယခင်က ကလေးမမွေးခဲ့ရခြင်းက သင့်တော်သည့် လက်တွဲဖော်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိသောကြောင့်ပင်။ ထို့အပြင် သူမကဲ့သို့ အဆင့်အတန်းရှိသည့်သူများက ပေါ့ပေါ့ဆဆ ကလေးမွေး၍ မရနိုင်ချေ။ မွေးလာသည့် ကလေးက မျိုးဆက်၏ အကြီးဆုံးသားသမီး ဖြစ်လာရပေမည်။

သူမ၏ဗိုက်ထဲရှိ ကလေးနှင့် ပတ်သက်၍ သူမက မျှော်လင့်စောင့်စားခဲ့သည်မှာ ကြာပြီဖြစ်၏။ ကလေး၏ သွေးမျိုးရိုးက ပြည့်စုံလုနီးပါး ဖြစ်၏။ ဖခင်က အရှေ့တိုင်းဧကရာဇ်မျိုးဆက် ဖြစ်ပြီး မင်းသမီး ဟယ်လင်၏ မောင်လည်း ဖြစ်သည်။

ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုလျှင် ကလေးက အရှေ့နှင့် အနောက် တော်ဝင်မိသားစုများ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထား၏။ သို့သော်ငြား ကလေး၏ သွေးမျိုးဆက်ကို မည်သူက သက်သေပြနိုင်မည်နည်း။ ဟိုကောင်စုတ် ရှမ့်လန်က ပြန်မလာသေးသလို သူပြောခဲ့သည့် မင်းသမီးဟယ်လင်ကရော ဘယ်မှာရှိသနည်း။

သခင်ကြီးပိုင်တင်က ဦးညွတ်ကာ ပြော၏။ “ဂုဏ်ယူပါတယ် အရှင်မ။ နောက်ထပ် ကောင်းကင်ဘုံရဲ့ သားတော်တစ်ပါး မွေးဖွားလာတော့မှာပေါ့။ ဒီကလေးက ရော့ဆို မိသားစုတစ်ခုလုံးမှာ အမြင့်မြတ်ဆုံး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပါလိမ့်မယ်။”

ဒီဘိုရာက ကလေးမွေးဖွားလာလျှင် မည်ကဲ့သို့သော ပုံစံမျိုးရှိမည်ကို မတွေးဘဲ မနေနိုင်ချေ။ သူမက သူမ၏ ဗိုက်ကိုပင် ပွတ်သပ်လိုက်မိ၏။ ထိုအရာက နောက်ထပ် သွေးနှောကလေးတစ်ယောက် ဖြစ်သည်။ မူလကဆိုလျှင် သူမက သွေးနှောဆိုသည့် အရာကြောင့် ခွဲခြားဆက်ဆံခြင်းကို ပြုလုပ်မိပေလိမ့်မည်။ သို့သော်ငြား အရှေ့တိုင်းဧကရာဇ်၏ သွေးမျိုးဆက်က ထိုအရာအားလုံးကို ကာမိရန် လုံလောက်သည်။

ထို့အပြင် ကျန်းလီ၏ အထောက်အထားကို အနောက်လောက တစ်ခုလုံးက အသိအမှတ်ပြုထားကြ၏။ မင်းသမီးဟယ်လင်ကလည်း သွေးနှောတစ်ယောက် မဟုတ်ပါလား။ မြောက်ပိုင်းတော်ဝင်မျိုးနွယ်များက သူမကို ငြင်းပယ်သည်ဟု ပြောဆိုနေကြသော်လည်း သူမ၏ အမွေဆက်ခံပိုင်ခွင့်ကို အသိအမှတ်မပြုဘဲ မနေနိုင်ကြချေ။ တောင်ပိုင်းတော်ဝင်မျိုးဆက် တစ်ခုလုံးက သူမကို အဓိပတိ အရှင်သခင်ဖြင့် သတ်မှတ်ထားခဲ့၏။

“လက်ရှိ အခက်အခဲတွေက ရော့ဆို မိသားစု နိဗ္ဗာန်ရောက်ဖို့အတွက် ပေးဆပ်ရတဲ့ တန်ကြေးလည်း ဖြစ်နိုင်တယ်။ ဒီကလေးအတွက် ကျွန်မ ခံနိုင်ရည် ရှိတယ်။”

ဒီဘိုရာက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “အသူရာလှိုင်း ပြည်နယ်က လက်အောက်ခံတွေရဲ့ သဘောထားက ဘယ်လိုလဲ။ ကျွန်မ တရားဝင် စာရွက်စာတမ်း အများအပြားကို ထုတ်ပြန်ထားခဲ့ပြီးပြီ။ ဘာလို့ ဒီလက်အောက်ခံတွေက ကျွန်မဆီ လာမတွေ့ကြသေးတာလဲ။ ဘာလို့ ဒီမင်္ဂလာပွဲကို လာပြီးတော့ ဂုဏ်မပြုသေးတာလဲ။”

သခင်ကြီး ပိုင်တင်က ပြော၏။ “ကျုပ်တို့က ပုန်ကန်သူတွေကို သတ်ဖြတ်ခဲ့ပြီးပြီ ဆိုပေမဲ့ သူတို့က ဒီကိစ္စကို မျှော်လင့်ထားတာထက် ပိုပြီး လက်ခံရ ခက်ခဲနေတဲ့ပုံပဲ။”

ဒီဘိုရာက မေးသည်။ “သူတို့ ထပ်ပြီး ပုန်ကန်ချင်နေတာတော့ မဟုတ်လောက်ပါဘူးနော်။”

သခင်ကြီး ပိုင်တင်က ပြန်ဖြေ၏။ “သူတို့ အဲလိုလုပ်ရဲမှာ မဟုတ်ပါဘူး။ ဦးဆောင်လမ်းပြမယ့် တော်ဝင်မျိုးနွယ် တစ်ယောက်ယောက် မရှိဘဲနဲ့ ဒီလက်အောက်ခံတွေက မပုန်ကန်ရဲကြဘူး။ သူတို့က ကျုပ်တို့ကို အထီးကျန်အောင် လုပ်ထားရုံ ဒါမှမဟုတ် ပိတ်လှောင်ထားရုံပဲ လုပ်ရဲမှာ။”

ဒီဘိုရာက မေးသည်။ “တောင်ဘက်ပြည်နယ်ရဲ့ အုပ်ချုပ်ရေးတွေကရော ဘယ်လို အခြေအနေရှိသလဲ။ ကျွန်မရဲ့ တရားဝင် စာရွက်စာတမ်းတွေက အခုလောက်ဆို ရောက်နေလောက်ပြီ။ သူတို့ ဘာလို့ ဘာသဘောထား မှ မထုတ်ပြန်ရတာလဲ။”

သခင်ကြီး ပိုင်တင်က ဖြေ၏။ “တောင်ဘက်ပြည်နယ် အုပ်ချုပ်ရေးမှုးတွေက လျစ်လျူရှုထားကြတယ်။ အရင်ထဲက ကျုပ်တို့ဆီမှာ ရှုံးနိမ့်ခဲ့ဖူးတဲ့ တော်ဝင်မျိုးနွယ်တွေပဲလေ။ အခု သူတို့က ကျုပ်တို့ရဲ့ ကံဆိုးမှုအပေါ် ဝမ်းသာအားရ ဖြစ်နေကြအုံးမှာပဲ။ သူတို့ဆီမှာ ရန်လို မုန်းတီးမှုတွေတောင် ပြည့်နှက်နေကြအုံးမယ်။”

ဒီဘိုရာက ပြောသည်။ “တောင်ဘက်တော်ဝင်မျိုးနွယ်အားလုံးက မင်းသမီးဟယ်လင် အပေါ် သစ္စာရှိကြတယ်။ ဘုရင်မ မီဒူဆာကိုတောင် အညံ့ခံခဲ့ကြတယ်။ ပြီးတော့ ရှမ့်လန်က အဲဒီနှစ်ယောက်လုံးနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်။ သူတို့က ကျွန်မနဲ့ ရှမ့်လန်ရဲ့ မင်္ဂလာပွဲကို ဂုဏ်ပြုသင့်တာ။ ဘာလို့ ဒီလိုမျိုး လျစ်လျူရှုထားရတာလဲ။”

သခင်ကြီး ပိုင်တင်က ပြော၏။ “ဘာလို့လဲဆိုတော့ သူတို့ မယုံကြည်ကြလို့ပဲ။ တချို့လူတွေက ဒါတွေအားလုံးက လိမ်ညာမှု သက်သက်ပဲလို့ ပြောကြလိမ့်မယ်။ တချို့လူတွေ လျှောက်ပြောနေကြတာက ရှမ့်လန်က မိန်းမထဘီနားကို ခိုစားတတ်တဲ့ အရှေ့တိုင်းသား တစ်ယောက်ပဲတဲ့။ သူက မိန်းမလုပ်စာကို ထိုင်စားပြီး အသက်ရှင်နေတဲ့ အရှေ့တိုင်းသား ပြည့်တန်ဆာ တစ်ယောက်လိုပဲတဲ့။

သူ့ရဲ့ မြင့်မြတ်တဲ့ နောက်ခံဆိုတာက အတုအယောင်ပဲ။ မင်းသမီးဟယ်လင် ဒီမှာမရှိတဲ့အချိန် ဘယ်သူမှ သက်သေမပြနိုင်တာကို အခွင့်ကောင်းယူပြီး သူ့ကိုယ်သူ မင်းသမီးဟယ်လင်ရဲ့ မောင်ဆိုပြီး လိမ်ညာကြွားဝါ နေခဲ့တာတဲ့။ တကယ်တမ်းကျတော့ သူတို့နှစ်ယောက်ကြားမှာ ဘာတော်စပ်မှုမှ မရှိဘူးလို့ ပြောနေကြ ပါတယ်။”

“မြို့ထဲက လက်ရှိ အခြေအနေကရော ဘယ်လိုလဲ။”

သခင်ကြီး ပိုင်တင်က ပြောသည်။ “လူတွေ ထိတ်လန့်တကြား ဖြစ်နေကြတယ်။ မင်းသားဆော်ရွှန်က အရှင့်ကို သူပုန်အဖြစ် သတ်မှတ်ပြီး ခြေမှုန်းဖို့ စစ်တပ်လွှတ်လိုက်ပြီ ဆိုတဲ့ ကောလဟာလတွေကလည်း ပြန့်နှံ့နေတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့အခေါက်တုန်းက ကျုပ်တို့ လူအများကြီးကို သတ်ခဲ့တော့ ဘယ်သူမှ ပြောင်ကျကျ ပုန်ကန်တာမျိုး မလုပ်ကြဘူး။ ကုန်စည်ဈေးနှုန်းတွေ ရပ်တန့်သွားအောင် လုပ်ရုံပါပဲ။ ကျုပ်တို့ရဲ့ နေ့စဉ် ဆုံးရှုံးမှု ပမာဏကတော့ တကယ့်ကို ကြီးမားတယ်။”

“ရိက္ခာနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကရော လုံလောက်ရဲ့လား။”

သခင်ကြီး ပိုင်တင်က ဖြေ၏။ “အရင်ကတော့ ကျုပ်တို့ဆီမှာ ရိက္ခာအများအပြား ရှိတယ်။ ဒါပေမဲ့ အရှင်ရဲ့ အမြော်အမြင်ကြီးမားမှုကြောင့် စုန်းအင်ပါယာဆီ စစ်တိုက်တုန်းက ရိက္ခာတွေ အများကြီး သုံးလိုက်ရတယ်။ အခု ပီကျင်းမြို့ထဲမှာ ကျန်တဲ့ရိက္ခာက ဝက်ဝက်ကွဲ စားရင် နှစ်ဝက်စာလောက်ပဲ ကျန်ပါတော့တယ်။

အခု ပီကျင်းမြို့နယ် တစ်ခုလုံးက ပိတ်ဆို့ခံထားရတယ်။ အထီးကျန် ဖြစ်နေပြီ။ ဘယ်လက်အောက်ခံ မြို့စားကမှ ရိက္ခာမပို့ကြတော့ဘူး။ အဆိုးဆုံးကတော့ ပင်လယ်ရေကြောင်း ကုန်သွယ်ရေး တစ်ခုလုံး ပိတ်ဆို့ခံထားရတာပဲ။ ပိုက်ဆံရှိရင်တောင်မှ ဘာမှ ဝယ်လို့မရတဲ့ အခြေအနေပါပဲ။”

သွေးသောက်ဘာရွန်က တကယ်ကို ဒုက္ခပေး၏။ ထိုထဲတွင် ရပ်လ်ဆဲလည်း ပါဝင်သည်။ “ဒါတင် မကသေးဘူး။ အရှင်ရှမ့်လန်ရဲ့ ဧကရီမြို့တော်ကို ရိက္ခာနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ ကျုပ်တို့ပဲ ထောက်ပံ့ပေးနေရတာ။ ဒါကြောင့် ကုန်ဆုံးမှုက ပိုမြန်နေပါတယ်။”

ဒီဘိုရာက မေးမြန်းလိုက်၏။ “ဒီနှစ်လအတွင်းမှာ ရှမ့်လန်ရဲ့ ဧကရီမြို့တော်က ကျွန်မတို့ဆီက ရိက္ခာနဲ့ လူအင်အား ဘယ်လောက်တောင် တောင်းခဲ့တာလဲ။”

သခင်ကြီးပိုင်တင်က စာရင်းများကို ရွတ်ပြ၏။ “လူအင်အား သုံးသောင်း၊ ဆန်အိတ် သုံးသိန်း၊ နွားကောင်ရေ ငါးထောင်၊ သံ၊ လှည်းအစီးရေ သုံးထောင်၊ ကြေးနီ ကီလိုဂရမ် သန်းပေါင်းများစွာ၊ ရွှေ ကီလိုဂရမ် သန်းပေါင်းများစွာ၊ ရွှေငွေ ပိသာပေါင်း သိန်းချီ၊ အထည်လိပ် သိန်းချီ၊ ပိုးထည်လိပ် သိန်းချီနဲ့ တခြား ရေတွက်မရတဲ့ ပစ္စည်းတွေပါပဲ။”

ထိုစကားများကို ကြားချိန်မှာတော့ ဒီဘိုရာက နှလုံးပင် တုန်သွား၏။ ရှမ့်လန်က ပီကျင်းမြို့ တစ်ခုလုံးကို ပြောင်သလင်းခါအောင် နှိုက်ယူသွားခဲ့ခြင်းပင်။ တကယ်တော့ ထိုပစ္စည်းအများစုက ကုန်သည်များဆီမှ ဝယ်ယူရခြင်းဖြစ်ပြီး ရှမ့်လန်၌ ပိုက်ဆံမရှိသောကြောင့် ဒီဘိုရာ၏ ဘဏ္ဍာတိုက်ထဲမှ တိုက်ရိုက် ယူငင်သုံးခဲ့ခြင်းပင်။ ရော့ဆိုမိသားစု၏ နှစ်ပေါင်းရာချီ စုဆောင်းခဲ့သည့် ကြွယ်ဝချမ်းသာမှုများက ယုတ်ချည်းဆိုသလို လျော့နည်းသွားပုံပေါ်သည်။

ဒီဘိုရာက မဲ့ပြုံးပြုံးလိုက်၏။ “ဒီလူတွေ ပြောတာ မှန်တယ်။ ရှမ့်လန်က မိန်းမလုပ်စာ ထိုင်စားတဲ့ ကပ်ပါးကောင်ပဲ။”

သခင်ကြီးပိုင်တင်က မေးသည်။ “ဒါဆိုရင် ကျုပ်တို့ ဆက်ပြီး ထောက်ပံ့သင့်သေးလား။ မူလန်မြို့တော်က ပစ္စည်းတွေ ဆက်တောင်းရင် ဘယ်လိုလုပ်ရမလဲ။”

“ဆက်ပေးရမှာပေါ့။”

ဒီဘိုရာက ပြောလိုက်၏။ “ဒီလောက်တောင်ပေးပြီးမှတော့ နောက်ထပ် ပိုပေးရလည်း ကိစ္စမရှိတော့ပါဘူး။ လောင်းကြေးက ထပ်ပြီးပြီ ဆိုမှတော့ အဆုံးထိ လောင်းရတော့မှာပေါ့။ တကယ်လို့ ကျွန်မတို့သာ အနိုင်ရပြီဆိုရင် အနာဂတ်မှာ ဆယ်ဆ၊ အဆတစ်ရာလောက် ပြန်ရနိုင်တယ်။ ရှမ့်လန်အပေါ် ကျွန်မတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုလို့ပဲ သဘောထားလိုက်။

အနာဂတ်မှာ သူသာ အောင်မြင်ခဲ့ရင် ကျွန်မရဲ့သားက မင်းသားတစ်ပါး ဖြစ်လာတော့မှာ။ မင်းသားဆိုတဲ့ ဘွဲ့ထူးဂုဏ်ထူးတစ်ခုက ရော့ဆို မိသားစုရဲ့ ဘဏ္ဍာတိုက်တစ်ခုလုံး ကုန်သွားရင်တောင် ထိုက်တန်ပါတယ်။ နှစ်ပေါင်းထောင်ချီ ကြာခဲ့ပြီ။ မျိုးရိုးမတူတဲ့ ဘယ်မိသားစုကများ ရှီလွန်မင်းဆက်မှာ တော်ဝင်မိသားစု ဖြစ်လာခဲ့ဖူးလို့လဲ။ တစ်ယောက်မှ မရှိခဲ့ဘူး။”

ဂုဏ်သိက္ခာကို အလွန်လေးစားသော လောကကြီး တစ်ခုတွင် ထိုကဲ့သို့ အခြေအနေမျိုး ဖြစ်ပျက်နိုင်၏။ မင်းသားဘွဲ့တစ်ခုက မျိုးဆက်ပေါင်းများစွာ တည်ရှိခဲ့သည့် မိသားစုကြီးတစ်ခု၏ အိပ်မက် ဖြစ်သည်။

“ရှမ့်လန်ရဲ့ ဧကရီမြို့တော် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေက ဘယ်လိုရှိလဲ။”

“ကျုပ်တို့ဆီက မရေတွက်နိုင်တဲ့ လူအင်အားနဲ့ ပစ္စည်းထောက်ပံ့မှုတွေကို ရပြီးတဲ့နောက်မှာ ဖွံ့ဖြိုးမှုကတော့ အရမ်းကို မြန်တယ်။ လူအင်အားက တစ်သိန်းနီးပါးထိ တိုးပွားလာခဲ့ပါပြီ။ ကဏ္ဍစုံရဲ့ ဖွံ့ဖြိုး တိုးတက်မှုကလည်း တစ်ရှိန်ထိုး တိုးတက်နေတယ်။ လုပ်ငန်းစဉ်အများစုကို ကျုပ်တို့ မသိအောင် လျှို့ဝှက်ထားကြတယ်။

ဒါပေမဲ့ သူတို့ကလည်း အခက်အခဲ တွေ့နေရတယ်လို့ ကြားတယ်။ ဖွံ့ဖြိုးမှုနှုန်းက မြန်တော့ မီးတောင်ပြာနဲ့ ယမ်းစိမ်းတွေက လုံလောက်မှု လိုနေတယ်။ ပြီးတော့ ပင်လယ်ပြင် ပိတ်ဆို့မှုကလည်း ကြုံနေရတော့ အဓိက ကျတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေက ရပ်တန့်လုနီးပါး ဖြစ်နေတယ်။”

နောက်ထပ် ပင်လယ်ပြင် ပိတ်ဆို့မှု တစ်ခုပင်။ သတင်းဆိုးများ ဆက်တိုက်ကြားနေရသော်လည်း ဒီဘိုရာက ခံနိုင်ရည်ရှိ၏။ သူမ၏အမြင်တွင် အရာအားလုံးက သူမ၏ ထိန်းချုပ်မှုအောက်၌သာ ရှိသေး၏။

တကယ်တော့ သူမ မျှော်လင့်ထားသည့် အတိုင်းပင်။ ရှမ့်လန်က ဦးခေါင်းခွံဂိုဏ်းကို တကယ် ပြန်ခေါ်လာနိုင်ခဲ့သည် ဆိုပါက မူလန်မြို့တော်၏ ဖွံ့ဖြိုးရေး ပြဿနာများက ပြေလည်သွားမည့်အပြင်၊ ပီကျင်းမြို့တော်၏ အကြပ်အတည်းများ ကပါ ပြေလည်သွားပေလိမ့်မည်။

သခင်ကြီးပိုင်တင်က ပြောသည်။ “ကျုပ် အရှင်ရှမ့်လန်ကို ယုံကြည်ပါတယ်။ ဒါပေမဲ့ ပျောက်ဆုံးသွားတဲ့ နိုင်ငံရဲ့ အပျက်အစီး အမွေအနှစ်နေရာက တကယ့်ကို အန္တရာယ်များလွန်းတယ်။ ဒါကြောင့် သခင်လေး ရှမ့်လန်ရဲ့ ဒီခရီးစဉ်အပေါ် ကျုပ် တကယ့်ကို အကောင်းမမြင်မိဘူး။”

“ဆရာ..”

ဒီဘိုရာက ပြောလိုက်၏။ “အဲဒီအချက်နဲ့ ပတ်သက်ရင်တော့ ကျွန်မရဲ့ အမြင်က ဆရာနဲ့မတူဘူး။ သူက လူဆိုးတစ်ယောက်။ ပြီးတော့ ကောက်ကျစ်စဉ်းလဲတဲ့ လူတစ်ယောက်။ ဒီလိုလူမျိုးက ဘာမဆို လုပ်နိုင်တယ်။ ဘယ်လို အံ့ဖွယ်အမှုမျိုးကိုမဆို လုပ်နိုင်တယ်။ သူ့ရဲ့ရန်သူဟောင်း တစ်ယောက်အနေနဲ့ ကျွန်မမှာ အတွေ့အကြုံတွေ အများကြီး ရှိတယ်။”

ထိုအချိန်မှာတော့ တာလွန်က အလွန်ပျက်ယွင်းနေသည့် မျက်နှာအမူအရာဖြင့် အလျှင်အမြန် ဝင်ရောက်လာသည်။

“ဘာလို့လဲ။ ငါတို့ရဲ့ ကုန်သည် သင်္ဘော ထပ်ပြီး နစ်မြုပ်သွားပြန်ပြီလား။” ဒီဘိုရာက မေးလိုက်၏။

တာလွန်က လျှို့ဝှက်ထောက်လှမ်းရေး အစီရင်ခံစာ တစ်စောင်ကို ကမ်းပေးသည်။ “မဟုတ်ပါဘူး။ အဲဒါထက် ပိုဆိုးတဲ့ သတင်းပါပဲ။ ရပ်လ်ဆဲ ရောက်လာပါပြီ။ သူနဲ့အတူ စစ်သည်အင်အား တစ်သိန်းလည်း ပါလာပါတယ်။”

ထိုစကားကို ကြားချိန်မှာတော့ ဒီဘိုရာ၏ မျက်နှာအရောင်က အကြီးအကျယ် ပြောင်းလဲသွား၏။ ယခင်က သတင်းဆိုးများက ဘာမှမဟုတ်ချေ။ ဤအရာမှ တကယ့်ကို သတင်းဆိုး ဖြစ်၏။ ဘုရင်မမြို့တော် တိုက်ပွဲတွင် မြို့စားကြီး ရပ်လ်ဆဲက မီဒူဆာ၏ လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ပြီး စစ်ပွဲတစ်ခုလုံးလည်း ကျရှုံး၏။

သို့သော်ငြား သူက ရှီလွန်တတိယ အင်ပါယာ၏ အကြီးမြတ်ဆုံးသော သူရဲကောင်း ဖြစ်နေဆဲပင်။ သူ၏ သဘောထားက တကယ့်ကို အရေးကြီး၏။ ယခု သူ စစ်တပ်ကို ဦးဆောင်ပြီး ဤနေရာဆီသို့ ချီတက်လာသည်က အိပ်မက်ဆိုး တစ်ခုပင်။ ဤနေရာသို့ ဘာလာလုပ်ရသနည်း။ မိသားစုကို သန့်စင်ဖို့ လာခြင်းလား။

ယခင်က ပြောဆိုခဲ့သည့်အတိုင်း ရှီလွန် ဒုတိယ အင်ပါယာ၏ လက်ထက်တွင် ရော့ဆို မိသားစုအတွင်း ပြင်းထန်သည့် ပဋိပက္ခများ ဖြစ်ခဲ့ပြီး ထီးနန်းဆက်ခံရမည့် လူအမျိုးမျိုးကို ထောက်ခံကြ၏။ နောက်ဆုံး ဒီဘိုရာ၏ ဘိုးဘေးများက အနိုင်ရခဲ့၏။ ရပ်လ်ဆဲ၏ ဘိုးဘေးများကတော့ ရှုံးနိမ့်ခဲ့ပြီး ရော့ဆို မိသားစုမှ ထွက်ခွာသွားရ၏။ အစမှ ပြန်လည် ရုန်းကန် ကြိုးစားခဲ့ရပြီး မျိုးရိုးအမည်ကို ရပ်လ်ဆဲဟု ပြောင်းလဲခဲ့ရ၏။

သို့သော်ငြား သွေးအရ ကြည့်ရှုရမည်ဆိုလျှင် ရပ်လ်ဆဲ နှင့် ရော့ဆိုတို့က မိသားစု တစ်ခုတည်းသာ ဖြစ်၏။ ဒီဘိုရာက ပင်မဆွေမျိုးဆက် ဖြစ်ပြီး၊ ရပ်လ်ဆဲက ဆွေမျိုးခွဲပင်။ သို့သော်ငြား မြို့စားကြီး ရပ်လ်ဆဲက တကယ့်ကို အင်အားကြီးမားပြီး ဤဆွေမျိုးခွဲကိုပင် ပြိုင်ဘက်ကင်း အင်အားစု တစ်ခုဖြစ်လာအောင် တည်ဆောက်နိုင်ခဲ့သည်။

အထူးသဖြင့် စုန်းအင်ပါယာကို ချေမှုန်းသည့် တိုက်ပွဲတွင် နယ်မြေ သုံးပုံ တစ်ပုံကို မြို့စားကြီး ရပ်လ်ဆဲက တိုက်ယူပေးခဲ့ခြင်းပင်။ ရှီလွန် တတိယ အင်ပါယာကို တရားဝင် မတည်ထောင်ရသေးသော်လည်း မြို့စားကြီး ရပ်လ်ဆဲ၏ ရာထူးနေရာက ဆုံးဖြတ်ခဲ့ပြီးသားပင်။

သူက အင်ပါယာ၏ ပထမ တပ်တော် ဦးစီးချုပ်နှင့် အရှေ့ပိုင်းဒေသ၏ အစောင့်အရှောက် ဖြစ်လာမှာဖြစ်ပြီး အနာဂတ်တွင် အင်ပါယာ၏ ဝန်ကြီးချုပ်ပင် ဖြစ်လာနိုင်၏။ ထို့ကြောင့် ရာထူးအရ ပြောရမည်ဆိုလျှင် မြို့စားကြီး ရပ်လ်ဆဲက နှိုင်းယှဉ်မရအောင် ပိုမြင့်၏။ သို့သော်ငြား သူက ရော့ဆို မိသားစု၏ အခွဲပင်။

ယခု ဒီဘိုရာ၏ ရော့ဆိုမိသားစုတွင်း၌ ဤကဲ့သို့ ကြီးမားသည့် ကိစ္စရပ်ကြီး ဖြစ်လာသည့် အခြေအနေ မျိုးမှာတော့ ရော့ဆိုမိသားစု ဂုဏ်သိက္ခာက အကြီးအကျယ် ထိခိုက်သွားခဲ့၏။ ဒီဘိုရာက ရော့ဆို မိသားစုအဖြစ် မထိုက်တန်ဟု ရပ်လ်ဆဲက ခံစားမိ၏။

“အရင်က ငါ သူ့ကို ပေးခဲ့တဲ့ ခင်မင်ရင်းနှီးမှုတွေက မလုံလောက်သေးဘူးလား။”

ဒီဘိုရာက ဒေါသတကြီးဖြင့် အော်လိုက်သည်။ “ရန်ငြှိုးဟောင်းတွေကို ဘေးဖယ်ထားပြီး သူ့ကို အခွင့်အရေးတွေ အများကြီးပေးခဲ့တာ ငါလေ။ ဒါကြောင့် သူ့ရဲ့ စစ်တပ်က ထောပတ်ကို ဓားပူနဲ့ လှီးသလိုမျိုး တစ်ချိန်လုံး ထိုးဖောက်နိုင်ခဲ့တာ။ ဘုရင်မမြို့တော်ကို ပထမဦးဆုံး တိုက်နိုင်ခဲ့တာ မဟုတ်လား။ သူ ဘာလုပ်ချင်တာလဲ။ ငါ့ရဲ့နေရာကို အစားထိုး ဝင်ရောက်ပြီးတော့ ရော့ဆို မိသားစုရဲ့ တံဆိပ်တုံးကို ပြန်ယူချင်နေတာလား။”

***

အပိုင်း (၈၈၆)

မိန်းမစိုး တာလွန်က ပြော၏။ “ကျုပ် မသိသေးပါဘူး။ မြို့စားကြီး ရပ်လ်ဆဲက သူ့ရဲ့ သဘောထားကို လူသိရှင်ကြား မထုတ်ပြန်သေးဘူး။ ဒါပေမဲ့ သူ့ရဲ့ စစ်သည်တစ်သိန်းက အသူရာလှိုင်းပြည်နယ်ကို ချဉ်းကပ်လာပြီဆိုတော့ အခြေအနေက ဆိုးလာပါလိမ့်မယ်။”

“ဒါပေါ့ ပိုဆိုးလာမှာပေါ့။”

ဒီဘိုရာက မဲ့ပြုံးပြုံးသည်။ “ငါ့ကို မကျေနပ်နေတဲ့ ဒီလက်အောက်ခံ မြို့စားတွေကလည်း အရင်ထဲက ခေါင်းဆောင်မရှိတဲ့ နဂါးသိုက်လို ဖြစ်နေတာ။ ငါ့ကို ဒေါသထွက်ရုံကလွဲပြီး ဘာမှ မပြောရဲကြဘူး။ အခု ရပ်လ်ဆဲ ရောက်လာတော့မှာ၊ သူတို့ရဲ့ ကျောထောက်နောက်ခံ ဖြစ်လာတော့မယ်။ ဒီလက်အောက်ခံ မြို့စားတွေက တစ်ယောက်ပြီး တစ်ယောက် ထကြွလာပြီးတော့ ရပ်လ်ဆဲ နောက်ကို လိုက်မယ်။ ငါ့ကို ဖြုတ်ချလိမ့်မယ်။

ဒါက မိန်းမတစ်ယောက် ဖြစ်နေရတဲ့ ဒုက္ခပဲ။ ငါသာ ယောက်ျားဖြစ်ပြီး လူမျိုးခြား မိန်းမတစ်ယောက်ကို လက်ထပ်လိုက်ရင် လက်အောက်ခံတွေက နှုတ်နဲ့ ပြစ်တင်ဝေဖန်မယ် ဆိုရင်တောင် တကယ်တမ်းကျတော့ ဒါက ရှက်စရာကောင်းတယ်လို့ ခံစားကြမှာ မဟုတ်ဘူး။

ပီကျင်းမြို့ကို ချက်ချင်း ပိတ်ဆို့လိုက်။ စစ်ရေးလှုပ်ရှားမှုက လွဲရင် ဘယ်သူမှ ဝင်ထွက်မပြုစေနဲ့။ ပြီးတော့ ငါတို့ရဲ့ ကျွန်စစ်သည်တွေကို လေ့ကျင့်ရေး အခြေအနေက ဘယ်လိုရှိလဲ။ ပိုင်ဆိုင်တဲ့ တပ်ဖွဲ့က ဘယ်လောက်တောင် ရှိလာပြီလဲ။”

“သုံးသောင်းပါ။”

ပိုင်တင်က ဖြေ၏။ “အမေဇုန် တပ်ဖွဲ့ ငါးထောင်ကိုပါ ပေါင်းလိုက်မယ်ဆိုရင် စုစုပေါင်း သုံးသောင်းခွဲ ရှိပါတယ်။”

ဒီဘိုရာက ပြောလိုက်သည်။ “ဆရာ...ကျွန်မ ကိုယ်စား ရပ်လ်ဆဲကို သွားတွေ့ပြီး သူ ဘာလို့ ဒီကို ရောက်လာလဲ ဆိုတာ မေးပေးပါ။”

“ကျုပ်သွားလို့ ရတယ်။ ဒါပေမဲ့ ကျုပ်က အရှင့်ရဲ့ တစ်ဦးတည်းသော စစ်သူကြီးပါပဲ။ ကျုပ်ထွက်သွားရင် စစ်တပ်ကို ကွပ်ကဲမယ့်လူ မရှိတော့ပါဘူး။” ပိုင်တင်က ပြော၏။

“ကျွန်မ ကိုယ်တိုင် လုပ်မယ်။”

ဒီဘိုရာက ပြော၏။ “ဆရာ... ကျွန်မ ကိုယ်ဝန်ရှိနေပြီ။ ငြိမ်ငြိမ်သက်သက်နေရမယ် ဆိုပေမဲ့ ကျွန်မက အင်အားကြီးတဲ့ သိုင်းပညာရှင် တစ်ယောက်ဆိုတာကို မမေ့ပါနဲ့။ ကျွန်မရဲ့သိုင်းပညာက မင်းသမီး ဒိုဟာထက် မနိမ့်ကျသလို ဆရာ့ထက်လည်း မနိမ့်ကျပါဘူး။”

သခင်ကြီး ပိုင်တင်က ပြောသည်။ “ကောင်းပြီ။ ကျုပ် ချက်ချင်း ထွက်သွားပါ့မယ်။”

ဒီဘိုရာက စစ်ပွဲကို တကယ် မလိုလားပေ။ အထူးသဖြင့် ရော့ဆို မိသားစုအတွင်း ဖြစ်ပွားမည့် ပြည်တွင်းစစ်ကို မလိုလားချေ။ ဤအချိန်တွင် စစ်ပွဲမဖြစ်အောင် တားဆီးနိုင်မည့်သူ တစ်ဦး ရှိကောင်းရှိနိုင်၏။ မဟုတ်ပေ၊ နှစ်ဦး ဖြစ်နိုင်၏။

......

ဒီဘိုရာထံမှ ပစ္စည်းထောက်ပံ့မှုကို ရပြီးနောက် မူလန်မြို့တော်၏ ဖွံ့ဖြိုးတိုးတက်မှုက တရှိန်ထိုး တိုးတက်နေ၏။ ပန်းပဲဆရာအရေအတွက်က မူလက ဒါဇင် အနည်းငယ်သာ ရှိရာမှ တစ်ထောင်ထိ တိုးလာ၏။ သံသတ္တုရိုင်းများမှ သံရည်ကျိုစရာ မလိုတော့ဘဲ သံကြမ်းတုံးများကို သံမဏိအဖြစ် တိုက်ရိုက် သန့်စင်ခြင်းက ပိုမိုကာ မြန်ဆန်သည်။

လအနည်းငယ်အတွင်း အစမ်းသဘော လုပ်ဆောင်ပြီးနောက် ရှမ့်လန်၏ ပန်းပဲအဖွဲ့ ပုံလောင်းခြင်း နည်းပညာများက အကြီးအကျယ် တိုးတက်လာ၏။ အရည်အသွေး ပြည့်မီကာဖြင့် ထုတ်လုပ်မှု အရေအတွက်ကလည်း မြင့်တက်လာ၏။

ယခင်က တစ်လလျှင် အမြှောက် ငါးလက်၊ ခြောက်လက်သာ သွန်းလုပ်နိုင်သော်လည်း ယခု တစ်လလျှင် အမြောက် ရာပေါင်းများစွာ သွန်းလုပ်နိုင်၏။ ထို့အပြင် ဤသံမဏိ အမြှောက်များက ရှေးရိုးစွဲ ယမ်းမှုန့်များကို သုံးရန် မလိုတော့ဘဲ ပိုမိုပြင်းထန် ပေါက်ကွဲစေတတ်သည့် ယမ်းများကို သုံးနိုင်သည်။

အရှေ့တိုင်း သူရဲကောင်းအဖွဲ့မှာ စစ်သည် အများအပြားက အမြှောက်တပ်သားများအဖြစ် စတင် ပြောင်းလဲ အသုံးတော်ခံ၏။ သူတို့က အတော်ဆုံး၊ အထက်မြတ်ဆုံးများ ဖြစ်နေ၍ မဟုတ်ဘဲ သစ္စာအရှိဆုံး ဖြစ်သောကြောင့်ပင်။ သူတို့က အရှေ့တိုင်းလောကဆီသို့ ပြန်လည် ဝင်ရောက် တိုက်ပွဲဆင်နွှဲချင်နေကြသူများပင်။

သူတို့က ယမ်းပညာများ၊ ပေါက်ကွဲစေတတ်သည့် ယမ်းအမျိုးမျိုး၊ အမြှောက်ကြီး အမျိုးမျိုးတို့ကို လေ့လာ သင်ယူ၏။ သို့သော်ငြား လျင်မြန်လွန်းသည့် ဖွံ့ဖြိုးတိုးတက်မှုကြောင့် မူလက လုံလောက်သည်ဟု ထင်ရသည့် မီးတောင်ပြာနှင့် ယမ်းစိမ်းကဲ့သို့သော အရင်းအမြစ်များက ရှားပါးလာခဲ့၏။

မီးတောင်ပြာက ကိစ္စမရှိချေ။ ဘိလပ်မြေ မရှိလျှင်လည်း အိမ်ကို သစ်သားနှင့် ဆောက်၍ ရ၏။ သို့သော်ငြား ယမ်းစိမ်းကတော့ မရှိမဖြစ် လိုအပ်၏။ သူတို့၏ တိုက်ခိုက်ရေး စွမ်းရည် တိုးတက်လာစေရန် အရှေ့ပိုင်း သူရဲကောင်းများအဖွဲ့က နေ့စဉ် လျှို့ဝှက်စမ်းသပ်မှုများကို ပြုလုပ်ကြ၏။ နေ့စဉ် အမြှောက် ရာပေါင်းများစွာ ကို စမ်းသပ်ပစ်ခတ်ကြသောကြောင့် ယမ်းအမြောက်အများ ကုန်ဆုံးသည်။

ထို့အပြင် အမြှောက်အသစ်များ ထွက်လာသည်နှင့်အမျှ အမြှောက်တပ်ထဲသို့ တပ်သားသစ်များ ပိုမို ဝင်ရောက်လာခဲ့၏။ သူတို့က လေ့ကျင့်မှုကို ရပ်နားထား၍ မရနိုင်ချေ။ အမြှောက်တပ်သားများက လက်တွေ့ စမ်းသပ် ပစ်ခတ်ရမှာ ဖြစ်ပြီး သီအိုရီ သက်သက် လေ့ကျင့်ရုံနှင့် မလုံလောက်ချေ။ အမြှောက်ကို အကြိမ်ပေါင်းများစွာ စမ်းသပ် ပစ်ခတ်ပြီးမှသာ သဘာဝကျကျ သိကျွမ်းလာပေမည်။

ယမ်းသိုလှောင်မှု လျော့နည်းလာခဲ့ပြီး ပစ္စည်းပြတ်လုနီးပါး ဖြစ်လာသည်ကို မြင်ချိန်မှာတော့ ပုလဲနက်က စွန့်စားရန် ဆုံးဖြတ်၏။ သူမက ရေတပ်ကို ဦးဆောင်ပြီး ကမ်းရိုးတန်းလျှောက် မြောက်ဘက်သို့ တိတ်ဆိတ်သွားရောက်၏။ အမေဇုန် ပင်လယ်ပြင်ကို ကွေ့ပတ်ပြီး ယမ်းစိမ်းကျွန်း၏ မြောက်ဘက်တွင် ကမ်းကပ်ကာ ယမ်းစိမ်းတင်ဆောင်ထားသော သင်္ဘောအနည်းငယ်ကို ပြန်တင်ရန် စီစဉ်၏။

အဘယ်ကြောင့်ဆိုသော် သွေးသောက်ဘာရွန်၏ ရေတပ် ပိတ်ဆို့မှုက ယေဘူယျအားဖြင့် ကမ်းရိုးတန်းနှင့် ဝေးကွာပြီး ပင်လယ်နက်ပိုင်းတွင် ရှိနေသောကြောင့်ပင်။ သို့သော်ငြား ဤနည်းလမ်းဖြင့် မူလန်မြို့တော်မှ သင်္ဘောကြီးများကို စေလွှတ်၍ မရနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ကမ်းရိုးတန်း အများစုက ရေတိမ်ပြီး ရေက အလွန်နက်ခြင်း မရှိသောကြောင့်ပင်။ သွားပါက သောင်တင်သွားနိုင်သည်။

သင်္ဘောငယ်များက သယ်ဆောင်နိုင်မှု ပမာဏ နည်းပါးသောကြောင့် အခေါက်ရေများများ ပြန်၍ သယ်ယူရ ပေမည်။ ပုလဲနက်က အိပ်ချိန်စားချိန် မရှိသလောက်ပင် ဖြစ်နေသည်။ ယမ်းစိမ်းများကို သုံးကြိမ်ဆက်တိုက် ခိုးထုတ် သယ်ဆောင်ခဲ့ပြီးဖြစ်၏။ အရာအားလုံး အဆင်ပြေချောမွေ့ခဲ့ပြီး ယမ်းစိမ်း ထောက်ပံ့မှုကို မပြတ်လပ်အောင် ထိန်းထားနိုင်ခဲ့၏။

ယခင်သုံးကြိမ်က အဆင်ပြေခဲ့သောကြောင့် ဤတစ်ကြိမ်မှာတော့ ပုလဲနက်က သင်္ဘောအစီး ၅၀ ကို စေလွှတ်ပြီး ခိုးထုတ်ရန် ဆုံးဖြတ်၏။ စုစုပေါင်း ယမ်းစိမ်း ကီလိုဂရမ် ၇ သိန်းကျော်ကို သယ်ဆောင်လာခဲ့သည်။ သူတို့အတွက် အချိန်အကြာကြီး အသုံးခံနိုင်သည့် ပမာဏပင်။

သူမက ဘာရွန်၏ ရေတပ်ကို ရှောင်ရှားကာဖြင့် ခရီးဝေးကြီး ကွေ့ပတ်၍ ကမ်းရိုးတန်းတစ်လျှောက် တောင်ဘက်ဆီသို့ တိတ်ဆိတ် ဦးတည်သွားခဲ့ခြင်းပင်။ ရေခဲပြင်ပါးပါးလေးများပေါ် လမ်းလျှောက် နေရသကဲ့သို့ပင် အလွန် သတိထားရသည်။

“အိမ်ပြန်ရောက်တော့မယ်။ ကျောက်စိမ်းလှိုင်း ကျွန်းဆွယ်ကို ရောက်ဖို့ ကီလိုမီတာ ၅၀၀ လောက်ပဲ လိုတော့တယ်။ သခင်လေး ပြန်ရောက်ပြီလား မသိဘူး။ သူ ဦးခေါင်းခွံ ဂိုဏ်းသားတွေကို ပြန်ခေါ်လာနိုင်မယ် ထင်လား။ ငါတို့ရဲ့ မိဘတွေ ဘယ်လိုပုံစံရှိလဲတောင် မေ့နေပြီ။”

ပုလဲနက်ကလည်း စိတ်လှုပ်ရှားမှုများဖြင့် ဖြစ်တည်နေ၏။ သခင်လေး ရှမ့်လန် ဦးခေါင်းခွံ ဂိုဏ်းသားများကို အောင်မြင်စွာ ကယ်တင်လာနိုင်ပါစေကြောင်း သူမ နေ့တိုင်း ဆုတောင်းနေမိ၏။ အဘယ်ကြောင့်ဆိုသော် သူမ၏ မိဘနှင့် ဆွေမျိုးများက ထိုထဲတွင် ရှိနေသောကြောင့်ပင်။ သူမ၏ လက်အောက်ငယ်သား ၁၀၀၀ ကျော်တို့ကလည်း ဦးခေါင်းခွံဂိုဏ်းသားများ၏ မျိုးဆက်များ ဖြစ်ပြီး မိဘများနှင့် မတွေ့ရသည်က ဆယ်နှစ်ကျော် ကြာမြင့်ခဲ့၏။

“ကဲ စကားမများနဲ့။ ဝမ်းနည်းမနေကြနဲ့။ သတိရှိရှိနဲ့ လုပ်ကြ။” ပုလဲနက်က အမိန့်ပေးလိုက်၏။ သူမ၏ မိဘများကို လွမ်းဆွတ်မိသည်နှင့် သူမ၏ စိတ်ခန့်မှန်းချက်များက ထက်မြက်မှု မရှိဘဲ ထုံထိုင်းသွားတတ်သည် ကို သတိထားမိ၏။ ထိုအရာက အန္တရာယ် များသည်။

......................

ထိုအချိန်မှာတော့ ပုလဲနက်၏ ရေတပ်နှင့် ကီလိုမီတာ ၂၀၀ အကွာ တောင်ဘက်အရပ်၌ သွေးသောက်ဘာရွန် ၏ ပင်လယ်ဓားပြ ရေတပ်က လွတ်လပ်မရှိသည့် ပိုက်ကွန်ကဲ့သို့ ဖြန့်ကျက်ပြီး ပုလဲနက်၏ ရေတပ်ကို ထောင်ချောက်ထဲသို့ ဝင်လာမည့် အချိန်ကို စောင့်ဆိုင်းနေလေ၏။

“သွေးသောက်ဘာရွန်... ခင်ဗျား တကယ့်ကို ပါးနပ်တာပဲ။ အရင်တုန်းက ပုလဲနက်အဖွဲ့ ယမ်းစိမ်း သယ်နေတာကို သိရက်နဲ့ မသိချင်ယောင်ဆောင်နေတယ်။ ဒါမှ သူတို့ သတိလက်လွတ်ဖြစ်မှာ။ မျှော်လင့်ထားတဲ့အတိုင်းပဲ သူတို့ ပိုပြီးရဲတင်းလာပြီ။ အစတုန်းကတော့ သင်္ဘောငါးစင်းပဲ၊ နောက်တော့ ရှစ်စင်း၊ အခု သင်္ဘောအစင်းရေ ဒါဇင်နဲ့ချီပါလာပြီ။ ရှမ့်လန်ရဲ့ လက်အောက်က ရေတပ်အင်အား ၂၀၀၀ လောက် အကုန်ထွက်လာတာပဲ ဖြစ်ရမယ်။”

ဒေါ့ချ်ရော့ဆိုက မြှောက်ပင့်ပြောဆိုသည်။ “မကြာခင်မှာပဲ ကျုပ် သူတို့ကို အပြီးသတ် ချေမှုန်းနိုင်တော့မယ်။ အဲဒီအချိန်ကျရင် ရှမ့်လန်ရဲ့လက်အောက်မှာ ရေတပ်သားဆိုလို့ တစ်ယောက်မှ ရှိတော့မှာ မဟုတ်ဘူး။ သူ ပင်လယ်ပြင်ကို ထွက်နိုင်မှာ မဟုတ်တော့ဘူး။” ဒီဘိုရာ၏ ဝမ်ကွဲမောင် ဖြစ်သူက အလွန်ငယ်ရွယ်သေးသည်။ သူ၏အစ်ကိုဖြစ်သူ ဒရွိုင်းရော့ဆိုက ကွပ်မျက်ခံလိုက်ရသောကြောင့် ကဏ္ဍစုံတွင် ဘာရွန်အပေါ် မှီခိုအားထားနေရ၏။

ဘာရွန်က ဖျော့တော့စွာ ပြုံး၏။ စကားမပြောချေ။ လွတ်လမ်းမရှိသည့် ပိုက်ကွန်ကို ဖြန့်ချထားရခြင်း၏ ရည်ရွယ်ချက်က မူလန်မြို့တော်ရှိ ရှမ့်လန်၏ ရေတပ်ကို အပြီးသတ် ချေမှုန်းရန် သက်သက်မဟုတ်ဘဲ ပိုမိုနက်ရှိုင်းသည့် ရည်ရွယ်ချက်များ ပါဝင်နေသည်။

ဤသည်က သူပြုလုပ်ရမည့် လျှို့ဝှက်တာဝန်ပင် ဖြစ်၏။ ရှမ့်လန်၏ ရေတပ်ကို တိတ်တဆိတ် ချေမှုန်းပြီး ပုလဲနက်အဖွဲ့ကို အကုန်ဖမ်းဆီးရမည်။ ပြီးလျှင် ပုလဲနက်ရေတပ်အသွင် ရုပ်ဖျက်ပြီး ကျောက်စိမ်းလှိုင်း ကျွန်းဆွယ်ရှိ လျှို့ဝှက်စခန်းဆီသို့ ယမ်းစိမ်းများ သယ်ဆောင်သွားကာ ရှမ့်လန်၏ ပေါက်ကွဲစေတတ်သည့် ယမ်းနည်းပညာအသစ်ကို ခိုးယူရပေမည်။ ရှမ့်လန်၏ လျှို့ဝှက်လက်နက်များကို ခိုးယူရမည်။

ယမ်းမှုန့်နှင့် လျှို့ဝှက်လက်နက်များ ထုတ်လုပ်နေသူ ဒါဇင်နှင့်ချီ သို့မဟုတ် ရာနှင့်ချီကို ပြန်ပေးဆွဲနိုင်လျှင် အကောင်းဆုံးပင်။ ဤအရာက ပထမအဆင့်သာ ရှိသေး၏။ ပီကျင်းမြို့၏ သင်္ဘောကျင်းများတွင် ရှမ့်လန်၏ လူများက စစ်သင်္ဘောအသစ်များကို လျှို့ဝှက်စွာ ပြုပြင်မွမ်းမံနေကြောင်း ဘာရွန်က သိထား၏။ သို့သော်ငြား ထိုသင်္ဘောကျင်းများက ဆိပ်ကမ်းအနီးတွင်ရှိပြီး အမေဇုန်တပ်တော်က စောင့်ကြပ်နေသောကြောင့် မည်သူမှ ဝင်ရောက်၍ မရနိုင်ချေ။

မကြာခင်မှာပဲ အမေဇုန်တပ်တော်က သင်္ဘောကျင်းများကို ကာကွယ်နိုင်တော့မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် စစ်သည်သိန်းနှင့်ချီသည့် တပ်တော်ကြီးက ပီကျင်းမြို့ကို လာရောက် တိုက်ခိုက်တော့မှာ ဖြစ်သောကြောင့်ပင်။ ထိုအချိန်သို့ရောက်လျှင် သင်္ဘောကျင်းများက အကာအကွယ်မဲ့ သွားမှာဖြစ်ပြီး သူ ... သွေးသောက်ဘာရွန်က အထက်မြက်ဆုံးသော ပင်လယ်ဓားပြများကို ဦးဆောင်ပြီး ဝင်ရောက် စီးနင်းကာဖြင့် စစ်သင်္ဘောအသစ်အားလုံးကို ခိုးယူနိုင်ပေတော့မည်။

မည်သို့ပင်ဆိုစေကာမူ ရှမ့်လန်က သေဆုံးပြီးသားဖြစ်၏။ ဤပေါက်ကွဲစေတတ်သည့် ယမ်းများ၊ လျှို့ဝှက် လက်နက်များနှင့် စစ်သင်္ဘောအသစ်များက ရှမ့်လန်အတွက် အသုံးဝင်တော့မည် မဟုတ်ချေ။

သို့သော်ငြား သူ သွေးသောက်ဘာရွန်ကတော့ အသစ်အဆန်းများကို လက်ခံရန် ဆန္ဒရှိ၏။ ထိုမှသာ သူ၏ ရေတပ် ပိုမိုအင်အားကြီးလာပြီး အင်ပါယာရေတပ်၏ ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာနိုင်မည်။

ရှီလွန်တတိယအင်ပါယာ တည်ထောင်ပြီးသည်နှင့် ပင်လယ်ဓားပြများ၏ ရွှေခေတ်က ကုန်ဆုံးသွားမှာဖြစ်ပြီး သမုဒ္ဒရာကြီးကလည်း စည်းကမ်းတကျ ပြန်ဖြစ်သွားမည်ကို သူသိ၏။ သူက အချိန်တိုအတွင်း သူ၏နာမည်ကို အဖြူဖြစ်အောင် ဆေးကြောရပေတော့မည်။ ပင်လယ်ဓားပြဘဝမှ ရေတပ်သားတစ်ယောက်အဖြစ်သို့ ပြောင်းလဲရမည်။

“ဘာရွန် ..... ခင်ဗျားရဲ့ အိမ်တော်က မကြာခင်မှာပဲ ဂုဏ်သိက္ခာမြင့်တက်တော့မှာပဲ။ မကြာခင် ကျုပ်တို့ ခင်ဗျားကို မြို့စားလေး ဘာရွန် ဒါမှမဟုတ် မြို့စားကြီးဘာရွန်လို့ ခေါ်ရနိုင်တယ်။”

ဒေါ့ချ်ရော့ဆိုက မြှောက်ပင့်ပြောဆို၏။ “ရှမ့်လန်ရဲ့ အလောင်းကောင်ကို နင်းပြီး ခင်ဗျား ကြီးပွားလာခဲ့တာပဲ။ ဒါက အနောက်လောကအတွက် ဂုဏ်ယူစရာပဲ။”

သွေးသောက်ဘာရွန်က ပြောလိုက်သည်။ “ဒေါ့ချ်.... မြို့စားကြီး ရပ်လ်ဆဲက စစ်တပ်ကို ဦးဆောင်ပြီး အသူရာလှိုင်းပြည်နယ်ထဲကို ဝင်ရောက်လာပြီ။ ရော့ဆိုမိသားစုရဲ့ အဓိက ဦးဆောင်သူ ဒီဘိုရာက မိသားစုရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့တယ်။ ရော့ဆိုဖြစ်ဖို့ မထိုက်တန်ဘူးလို့ သူခံစားနေရတယ်။ ဒါကြောင့် ခင်ဗျားအတွက် အခွင့်အရေး ရောက်လာပြီ။”

ဒေါ့ချ်ရော့ဆို၏ အကြည့်များက ရှုပ်ထွေးသွား၏။ “ရပ်လ်ဆဲက သိက္ခာနဲ့ သီလပြည့်စုံတဲ့ လူတစ်ယောက်ပဲ။ သူ့ကို ရော့ဆိုမိသားစုဆီ ပြန်လာခွင့်ပြုဖို့ ကျုပ်ဆန္ဒရှိပါတယ်။ ကျုပ်တို့ မိသားစုမှာ သူ့လိုမျိုး အင်အားကြီးတဲ့ ခေါင်းဆောင်တစ်ယောက် လိုအပ်တယ်။”

သွေးသောက်ဘာရွန်က ပြောလိုက်သည်။ “ခင်ဗျား မြို့စားကြီး ရပ်လ်ဆဲရဲ့ ဂုဏ်သိက္ခာကို လျှော့တွက်နေတာပဲ။ သူက ရော့ဆိုရဲ့ နေရာကို ဘယ်တော့မှ လုယူမှာ မဟုတ်ဘူး။ သူက အခြေအနေတွေကို ပြန်လည် တည့်မတ်ပေးဖို့၊ မိသားစုကို သန့်ရှင်းရေးလုပ်ဖို့ လာခဲ့တာပဲ။ ဒါကြောင့် သူက ရော့ဆိုအသစ်ကို ထောက်ပံ့လိမ့်မယ်။ ဒါကြောင့် ဒေါ့ချ်… ခင်ဗျားအတွက် အခွင့်အရေး ရောက်လာခဲ့ပြီ။”

ဒေါ့ချ်ရော့ဆို၏ ရင်ဘတ်က နှလုံးခုန်နှုန်းများ မြန်ဆန်လာခဲ့၏။ “ကျုပ်မှာ ဦးလေး အော်စတင် ရှိသေးတယ်။ ရော့ဆိုအသစ်ဖြစ်ဖို့အတွက် ကျုပ်ထက် သူက ပိုပြီးသင့်တော်ပါတယ်။”

သွေးသောက်ဘာရွန်က ပြောလိုက်သည်။ “ဒါပေမဲ့ အခု သူက ရှမ့်လန်ရဲ့ အကျဉ်းသား ဖြစ်နေပြီ။ သူ့ရဲ့ ဂုဏ်သိက္ခာကလည်း ညစ်နွမ်းသွားပြီ။ ရှမ့်လန်ဆိုတဲ့ကောင်က နမိတ်မကောင်းတဲ့ တိရစ္ဆာန်ပဲ။ သူ့ကြောင့် ညစ်ညမ်းသွားတဲ့လူတွေက မြို့စားရာထူးကို ဆက်ခံဖို့ အရည်အချင်း မရှိတော့ဘူး။ ဒါကြောင့် ဆရာ ဒေါ့ချ်... ဒီဘိုရာ ကျဆုံးပြီးတဲ့နောက် ခင်ဗျားက နယ်စားကြီးရော့ဆိုနေရာအတွက် အကောင်းဆုံး ကိုယ်စားလှယ် လောင်း ဖြစ်လာလိမ့်မယ်။ အင်ပါယာထဲ ရောက်ရင် ကျုပ်ကို စောင့်ရှောက်ဖို့ လိုလိမ့်မယ်နော်။”

ဒေါ့ချ်ရော့ဆိုက ပြော၏။ “ဆရာဘာရွန်... ခင်ဗျား နောက်နေတာပဲ ဖြစ်လိမ့်မယ်။ ခင်ဗျားမှာ တကယ့်ကြီးမားတဲ့ နောက်ခံ ရှိနေပြီးသားပဲ။ ခင်ဗျားရဲ့ အနာဂတ်က တောက်ပပြီးသားပါ။ ခင်ဗျားရဲ့ နောက်ခံက ဧကရာဇ်ရဲ့ လူယုံတော်ပဲလေ။”

ဘာရွန်က ထိန်းထိန်းသိမ်းသိမ်း ပြုံးသည်။

“ရှမ့်လန်ရဲ့ လက်အောက်က ပုလဲနက်ရေတပ် မကြာခင် ရောက်တော့မယ်။ စစ်တိုက်ဖို့ ပြင်ဆင်ကြတော့။”

“မဟုတ်ဘူး။ ဒါ စစ်တိုက်တာ မဟုတ်ဘူး၊ ဒါက သတ်ဖြတ်ပွဲ လုပ်မှာပဲ။”

ဒေါ့ချ်ရော့ဆို က ရယ်မောလိုက်၏။ “သူတို့ဆီမှာ မတိုက်ခိုက်နိုင်တဲ့ လှေအစီး ၅၀ နဲ့ လူ ၂၀၀၀ လောက်ပဲ ရှိတယ်။ တစ်ဖက်မှာ ကျုပ်တို့ စစ်သင်္ဘောက အစီး ၃၀၀ နဲ့ စစ်သည် ၄ သောင်းလောက် ရှိတယ်။ သူတို့အားလုံးကို အလွယ်တကူ ချေမှုန်းပစ်နိုင်တယ်။ သူတို့အားလုံးကို အရှင်ဖမ်းနိုင်ရင် အကောင်းဆုံးပဲ။”

ဒေါ့ချ်ရော့ဆိုက ပြောသည်။ “ဆရာဘာရွန်... လူမဲအမျိုးသမီးတစ်ယောက်ရဲ့ အရသာကို မြည်းစမ်း ကြည့်ဖူးလား။ သူတို့ရဲ့အရသာက အရမ်းကောင်းတယ်လို့ ကြားဖူးတယ်။ လူမျိုးစုတွေထဲမှာ သူတို့ရဲ့ ခန္ဓာကိုယ်က ဆွဲဆောင်နိုင်မှု အရှိဆုံးပဲတဲ့။ ပုလဲနက်က လူမဲအမျိုးသမီးတစ်ယောက် ဖြစ်တယ်ဆိုပေမဲ့ တကယ့်ကို လှပတဲ့ မိန်းမတစ်ယောက်ပဲ။ ဒီလို ထူးခြားတဲ့ အရသာမျိုးကို ခင်ဗျား လက်လွတ်ခံမယ် မထင်ပါဘူး။”

...................

ပုလဲနက်၏ သင်္ဘောဒါဇင်ပေါင်း များစွာတို့က ကမ်းရိုးတန်းတစ်လျှောက် တောင်ဘက်ဆီသို့ ဆက်လက် ရွေ့လျား၏။ သူတို့က သွေးသောက်ဘာရွန်၏ ပိုက်ကွန်နှင့် ပို၍ နီးကပ်လာ၏။

နာရီအနည်းငယ် ကြာပြီးနောက် ပင်လယ်ပြင်ပေါ်တွင် နားကွဲလုမတတ် ခေါင်းလောင်းသံများ ထွက်ပေါ်လာ၏။ ပုလဲနက်ရေတပ်၏ ကင်းထောက်လှေများက ရန်သူ့ရေတပ်မကြီးကို တွေ့ရှိသွားခဲ့ခြင်းပင်။

“ရန်သူတွေ။ ရန်သူတွေ။ အများကြီးပဲ။ ရန်သူ့ရေတပ်က အများကြီးပဲ။ ဘာရွန်နဲ့ ရော့ဆိုမိသားစု၏ အလံတွေ လွှင့်ထူထားတယ်။”

ချက်ချင်းပဲ ပုလဲနက်က ကျောချမ်းသွား၏။ ယခင် သုံးကြိမ် ခိုးထုတ်စဉ်က အတွေ့မခံခဲ့ရသည်မှာ ကံကောင်းလွန်း၍ ဖြစ်မည်ဟု သူမက ထင်ခဲ့၏။ တကယ်တော့ မဟုတ်ချေ။ သူမကို တစ်ခါတည်း အပြတ် ဖမ်းဆီးနိုင်ရန် ဘာရွန်၏ ပရိယာယ် ဖြစ်ခဲ့သည်။

သူမ ဘာဆက်လုပ်ရမည်နည်း။ သူမ၏ သင်္ဘောများက တိုက်ပွဲအတွက် အသုံးပြု၍ မရချေ။ ထိုအရာများက တကယ့်ကို ပျက်စီးလွယ်၏။ သင်္ဘောများကို စွန့်ပစ်ပြီး ချက်ချင်း ကုန်းပေါ် တက်ပြေးကြမည်လား။ မဖြစ်သေးချေ။ ကုန်းပေါ်တွင် ဘာရွန်၏တပ်များက ကင်းပုန်းဝပ်နေလောက်၏။ ဤနေရာ၌ တိုက်ခိုက်ဖို့ ရွေးချယ်ထားပြီးဆိုမှတော့ ပုလဲနက်ရေတပ်ကို ကုန်းကြောင်းကနေ ထွက်ပြေးခွင့်ပေးမည်မဟုတ်ချေ။

ဤအချိန်မှာတော့ ရေတပ်မှ လူတွေကို ကယ်တင်ဖို့က အရေးကြီးဆုံးအချိန်ပင်။ ပုလဲနက်က ပြတ်ပြတ်သားသားပင် အမိန့်ပေး၏။

“ဦးတည်ချက်ကို မြောက်ဘက်ဆီ ပြောင်းကြ။ အမေဇုန်ပင်လယ်ထဲကို ဝင်ကြမယ်။ ယမ်းစိမ်းတွေ အားလုံး ပင်လယ်ပြင်ထဲကို ပစ်ချပြီး ပေါ့ပေါ့ပါးပါး သွားမယ်။ ငါ့တို့ရဲ့သင်္ဘောတွေက သေးငယ်တော့ အမြန်နှုန်းမှာ အားသာချက်ရှိတယ်။”

All Chapters