← Chapters

အခန်း (၈၈၇-၈၈၈)

Vol. 54 Ch. 887-888

အခန်း (၈၈၇-၈၈၈)

Vol. 54 Ch. 887-888

အပိုင်း (၈၈၇)

ပုလဲနက်၏ အမိန့်ကို နာခံပြီးနောက် သင်္ဘောအစီး ၅၀ က ဦးတည်ချက်ပြောင်းကာဖြင့် ရေစုန်ဆန်၍ မောင်းနှင်ကြ၏။ ယမ်းစိမ်းအိတ် အများအပြားကို ပင်လယ်ထဲသို့ ပစ်ချ၏။ ခဏလောက် ရပ်တန့်ပြီး ဦးတည်ချက် ပြောင်းလိုက်ရသောကြောင့် ပုလဲနက်၏ ရေတပ်က အရှိန်လျော့သွားသည်။

သွေးသောက်ဘာရွန်၏ ရေတပ်ကြီးက သူတို့၏ နောက်ဆီသို့ အရူးအမူးပင် လိုက်လံတိုက်ခိုက်လေတော့၏။

“မြန်မြန် မြန်မြန်။ မြောက်ဘက်ကို အမြန်ဆုံးမောင်း။”

နောက်ဆုံးမှာတော့ ပုလဲနက်၏ ပြတ်သားမှုကြောင့် သူမ၏ရေတပ်က နောက်ဆုံးအခိုက်အတန့်တွင် ဘာရွန်၏ဝိုင်းရံပိတ်ဆို့မှုမှ လွတ်မြောက်သွားခဲ့၏။ သူမက လှေငယ်ဖြစ်ရခြင်း၏ အားသာချက်ကို အပြည့်အဝ အသုံးချပြီး လျင်မြန်စွာ ထွက်ပြေးနိုင်ခဲ့ခြင်းပင်။

ဘာရွန်က မဲ့ပြုံးပြုံးနေသည်။ “ဒီလူမဲမက တကယ့်ကို ကောက်ကျစ်တာပဲ။ ဒီလောက် လွတ်လမ်းမရှိတဲ့ ထောင်ချောက်ထဲကတောင် ထွက်ပြေးလွတ်မြောက်သွားနိုင်တယ်။ အမိန့်ပေးလိုက်။ ပတ်ဝန်းကျင်က ရေတပ်တွေအားလုံး စုစည်းပြီး ရှမ့်လန်ရဲ့ ရေတပ်ကို ချေမှုန်းတဲ့နေရာမှာ ပူးပေါင်းဖို့ ပြောလိုက်တော့။”

...................

ပြီးနောက်တွင်တော့ သူတို့က ကျယ်ပြောသည့် သမုဒ္ဒရာပင်လယ်ပြင်ကြီးပေါ်တွင် အရူးအမူး လိုက်လံ ဖမ်းဆီးပွဲကို ဆင်နွှဲ၏။

လိုက်လံဖမ်းဆီးခြင်းကို ခံနေရပြီ ဖြစ်သောကြောင့် ပုလဲနက်က ကမ်းရိုးတန်းနှင့် ကပ်၍ သွားရန် မလိုတော့ချေ။ ထိုအစား သူမက ရေနက်ပိုင်းတွင်သို့ တိုက်ရိုက်ဝင်မောင်းပြီး မြောက်ဘက်ဆီသို့ အမြန်ဆုံး ဦးတည် မောင်းနှင်သည်။

သူမ၏နောက်တွင် ဘာရွန်နှင့် ဒေါ့ချ်ရော့ဆို တို့၏ မဟာမိတ်ရေတပ်များ တိုးပွားလာ၏။ ပတ်ဝန်းကျင်၌ ပိတ်ဆို့ထားခဲ့သည့် သင်္ဘောအရေအတွက်က တဖြည်းဖြည်းနှင့် ပိုမိုကာ များပြား၏။ အစပိုင်း၌ အင်အား ၃ သောင်းသာရှိ၏။ နောက်ပိုင်း ၄ သောင်း၊ ၅ သောင်း၊ ၆ သောင်းအထိပင် တိုးလာ၏။ စုစုပေါင်း စစ်သင်္ဘောအစီးရေ ၇၀၀ ခန့်က ပုလဲနက်ကို ဝိုင်းဝန်းချေမှုန်းရန် ပြင်ဆင်လာခဲ့ကြ၏။

ဘာရွန်၏ ရေတပ်က ပင်လယ်ပြင်တွင် မိုင်ပေါင်းရာချီ ရှည်လျားစွာ တန်းစီနေ၏။ သူတို့က ဧရာမ သားရဲကြီးများသဖွယ်ပင် အရူးအမူး လိုက်လံတိုက်ခိုက်နေ၏။ ပုလဲနက်ရေတပ် အမေဇုန်ပင်လယ်ထဲသို့ ထွက်မပြေးနိုင်ခင် သူတို့က အမီလိုက်ဖမ်းပြီး အပြတ်အသတ် ချေမှုန်းပစ်ရမည်။

ပုလဲနက်ရေတပ်က သင်္ဘောငယ်များ ဖြစ်သောကြောင့် အမြန်နှုန်းတွင် ကြီးမားသည့် အားသာချက်ရှိ၏။ ရက်အနည်းငယ်အတွင်း သူတို့က ပို၍ ၊ ပို၍ ဝေးကွာအောင် ထွက်ပြေးနိုင်သည်။ သို့သော်ငြား ဘာရွန်၏ ရေတပ်၌လည်း အမြန်သင်္ဘောများ ရှိ၏။ သူတို့က တကယ့်ကို ဆာလောင်နေသည့် ဝံပုလွေများကဲ့သို့ပင် မိုင် ၂၀၀ အကွာအဝေးကို ထိန်းထားရင်း မနားတမ်း လိုက်လံ၏။

ပုလဲနက်ရေတပ်က ထိုသူတို့၏ မြင်ကွင်းမှ လွတ်ကင်းအောင် မပြေးနိုင်ခဲ့ချေ။ သို့သော်ငြား အရာအားလုံး အဆင်ပြေ ချောမွေ့နေသရွေ့ သူတို့ လွတ်မြောက်နိုင်သေး၏။ အမေဇုန်ပင်လယ်ပိုင်နက်ထဲသို့ ဝင်ရောက်နိုင်သည်နှင့် သူတို့ ဘေးကင်းပြီ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုနေရာက သခင်လေးရှမ့်လန်၏ မဟာမိတ် နယ်မြေ ဖြစ်သောကြောင့်ပင်။

ဤအချိန်တွင် ကောင်းကင်ဘုံက သူတို့ဘက်တွင် ရှိနေပြီး မုန်တိုင်းမကျရောက်ပါစေရန်သာ ဆုတောင်းနိုင်၏။ သူတို့က သင်္ဘောငယ်များ ဖြစ်၏။ မုန်တိုင်းဒဏ်ကို ခံနိုင်ရည် မရှိကြပေ။ သို့သော်ငြား ပုလဲနက်၏ ကံတရားက ကုန်ဆုံးသွားပုံပင်။ မြောက်ဘက်ကောင်းကင်ယံတွင် မိုးသားတိမ်လိပ်များက ထွက်ပေါ်လာ၏။ တိမ်များက တကယ့်ကို အမဲရောင် တိမ်တိုက်ကြီးများသဖွယ် နိမ့်ဆင်းလာ၏။

ထိုမျှမကသေးချေ၊ လေတိုက်နှုန်းက ပိုမိုပြင်းထန်လာခဲ့ပြီး လေကြောင်းကလည်း ပိုဆိုး၏။ လေတိုက်နှုန်း ပြင်းလေ လှိုင်းလုံးကြီး များက ပိုကြီးလေပင်။ ပုလဲနက်၏ ရေတပ်သင်္ဘောများက ပြင်းထန်စွာ ယိမ်းထိုးလျက် ရှိနေပြီး ထိန်းချုပ်ရ ခက်ခဲလာခဲ့၏။ မိုးသားတိမ်လိပ်များက လှိမ့်ဝင်လာခဲ့ပြီး ဆက်တိုက်ပင် ပျံ့နှံ့ လွှမ်းခြုံသည်။

ကောင်းကင်ယံမှ နေမင်းက ပျောက်ကွယ်သွားခဲ့ပြီး မိုင်တစ်ထောင်ပတ်လည်ရှိ ပတ်ဝန်းကျင် တည်နေရာ တစ်ခုလုံးတွင် မိုးသားတိမ်လိပ်များနှင့် ပြည့်နှက်လျက် ရှိ၏။ ပင်လယ်လှိုင်းများက တဝေါဝေါ တိုက်ခတ်နေပြီး လှိုင်းလုံးများကလည်း မြင့်တက်လာ၏။

ပုလဲနက်၏ ကွပ်ကဲမှုအောက်ရှိ ပင်လယ်ဓားပြတိုင်းက ကျွမ်းကျင်မှု မြင့်မားကြသော်လည်း အားလုံးက ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို မခုခံနိုင်ကြချေ။ သူတို့က သူတို့၏ သင်္ဘောများကို တဖြည်းဖြည်း မထိန်းချုပ်နိုင်တော့ပေ။ လေပြင်းသည် ဧရာမ လက်ကြီးတစ်ဖက်အဖြစ် သင်္ဘောငယ်များကို ဆွဲကိုင်ကာ လှည့်ပတ် ပစ်ပေါက်နေသကဲ့သို့ပင်။

ဘာရွန်၏ သင်္ဘောကြီးပင် ပြင်းထန်စွာ ယိမ်းထိုးလျက် ရှိနေသောကြောင့် သင်္ဘောငယ်များဆိုလျှင် ပြောဖွယ်ရာ မရှိတော့ပေ။

“သူတို့ရေတပ် ထိန်းမနိုင်၊သိမ်းမနိုင် ဖြစ်နေကြပြီ။ ရပ်တန့်နေကြပြီပဲ။”

ဒေါ့ချ်ရော့ဆိုက အတိုင်းထက်အလွန် ဝမ်းသာနေ၏။ “သူတို့ကို လိုက်ဖမ်းပြီး ရှမ့်လန်ရဲ့ ရေတပ်ကို ချေမှုန်းပစ်ကြ။”

လေပြင်းမုန်တိုင်းထဲမှာတော့ ပုလဲနက်၏ သင်္ဘောငယ်များက မိုးဒဏ်လေဒဏ်ကြားတွင် ယိမ်းထိုးလျက် ရှိနေ၏။ သူတို့က ခက်ခဲစွာ ရှေ့ဆက်နေရပြီး အရှိန် နှေးကွေးသွားကာ ထိန်းချုပ်၍ မရနိုင်လုနီးပါးပင်။ ဘာရွန်နှင့် ဒေါ့ချ်ရော့ဆိုတို့၏ ရေတပ်က ရက်စက်ကြမ်းကြုတ်စွာဖြင့် ရှေ့သို့ တိုးလာသည်။

ဘာရွန်က သင်္ဘောကုန်းပတ်ပေါ်တွင် ရပ်ပြီး ပိုမိုပြင်းထန်သည့် ပင်လယ်လေပြင်းကို ခံစား၏။ သူက ကောင်းကင်ပေါ်မှ လှိမ့်ဝင်လာသည့် မိုးသားတိမ်လိပ်များကို မော့ကြည့်၏။ ရှမ့်လန်၏ လက်အောက်ရှိ တစ်ခုတည်းသော ရေတပ်က အဆုံးသတ်ပေတော့မည်။ ဦးခေါင်းခွံဂိုဏ်း၏ လက်ကျန်အင်အားစုများက ကုန်ဆုံးတော့မှာဖြစ်၏။

ဘာရွန်၏ ရေတပ်က လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သင်္ဘောများ ပိုမိုကာ စုစည်းနိုင်ခဲ့၏။ လိုက်လံ ဖမ်းဆီးမှုတွင် ပါဝင်သည့် သင်္ဘောအရေအတွက်က အစီးရေ ၆၀၀ နှင့် လူအင်အား ၆ သောင်း အတိုင်းအတာထိ ရောက်ရှိသည်။

ဤမျှ ကွာခြားသည့် စစ်ပွဲတစ်ခုက ဂုဏ်ယူလောက်စရာ မဟုတ်သော်လည်း ပင်လယ်ဓားပြတစ်ယောက် အတွက်တော့ အကြိုက်ဆုံးအရာ ဖြစ်၏။ ဝံပုလွေရာပေါင်းများစွာက သိုးဒါဇင်အနည်းငယ်ကို ကိုက်ခဲ စားသောက်ခြင်းက အဆိုးဝါးဆုံးနှင့် သွေးအစွန်းဆုံးသော မြင်ကွင်းဖြစ်ပြီး သူတို့ အနှစ်သက်ဆုံး လုပ်ရပ်မျိုးလည်း ဖြစ်၏။

ဘာရွန်က ရန်သူနှင့် ညီတူညီမျှ တိုက်ခိုက်ရသည်ကို အမုန်းဆုံးပင်။ တစ်ဖက်သတ် သတ်ဖြတ်ပွဲကိုသာ သူက နှစ်သက်၏။ ဖျော်ဖြေပွဲက ပိုမိုကာ လှပပြီးပြင်းထန်လေ သူ၏နောက်ခံက ပိုမိုကာ ပျော်လေ ဖြစ်ပေမည်။ သူ၏ နောက်ခံ ၊ သူအား ကျောထောက်နောက်ခံ ပေးထားသည့်လူ ပျော်ရွှင်စေရန် ဘာရွန်က အစွမ်းကုန် ကြိုးစားနေသည်။

ယခင်က ဒီဘိုရာ ပျော်ရွှင်စေရန် သူ၏ စွမ်းဆောင်ရည်များကို ထုတ်ဖော် အသုံးပြုခဲ့ရသလိုပင်။ သို့သော်ငြား သူက ဒီဘိုရာကို ပိုးပန်းမှု မအောင်မြင်ခဲ့ချေ။ ဒီဘိုရာက မမြင်သလို ဟန်ဆောင်ခဲ့၏။ ယခု သူ့နောက်ခံ၏ မျက်နှာသာပေးမှုကို ရရှိရန် ဘာရွန်က သူ၏အစွမ်းအစကို အစွမ်းကုန် ထုတ်ပြနေ၏။

“ပင်လယ်ဓားပြ ဝံပုလွေတွေ...မင်းတို့ရဲ့ စားပွဲသောက်ပွဲလေးကို စလိုက်ကြရအောင်။ သနားစရာကောင်းတဲ့ ရှမ့်လန်ရဲ့ ရေတပ်အသေးစားလေးကို တစ်စစီ ဆွဲဖြတ်ကြရအောင်။”

သို့သော်ငြား ထိုအချိန်မှာပဲ ......

“ဒေါင်... ဒေါင်... ဒေါင်... ဒေါင်...”

ပြင်းထန်သည့် ခေါင်းလောင်းသံများက ပင်လယ်ပြင်ပေါ်မှ ထပ်မံ ထွက်ပေါ်လာ၏။ အသံက တကယ့်ကို စူးရှပြီး နားကွဲလုမတတ်ပင်။ ထိုအရာက ရန်သူလာရောက် တိုက်ခိုက်နေကြောင်း သတိပေးချက် ဖြစ်၏။ အန္တရာယ်ရှိဆုံးသော ရန်သူ့အခြေအနေဖြစ်ပြီး ဘာရွန်ရေတပ်၏ နောက်ကျောဘက်မှ လာနေခြင်းပင်။

သွေးသောက်ဘာရွန်က ထိတ်လန့်သွား၏။ ဤအချိန်တွင် မည်သည့်ရန်သူ ရှိနိုင်မည်နည်း။ မိုင်ထောင်ချီ ကျယ်ဝန်းသည့် ပင်လယ်ပြင်က သူ၏လောက၊ သူ၏ပိုင်နက် ဖြစ်၏။ ရန်သူဟူ၍ လုံးဝ မရှိနိုင်ပေ။ ပင်လယ်ထဲမှ ထွက်လာလေသည်လား။ သို့မဟုတ် ကောင်းကင်ပေါ်မှ ကျဆင်းလာခဲ့သည်လား။

“တစ်ယောက်ယောက် မှားပြီး ခေါင်းလောင်းတီးတာပဲ ဖြစ်လိမ့်မယ်။ ရှေ့ကိုသာ ဆက်လိုက်ကြ။”

ဒေါ့ချ်ရော့ဆို က ပြောလိုက်၏။ “သူ့ရဲ့အမိန့်က အရမ်းရှင်းလင်းတယ်။ ဒီလကုန်တာနဲ့ ရှမ့်လန်ရဲ့ ရေတပ် ပျက်စီး သွားတာကို သူ မြင်ချင်တယ်တဲ့။”

သူက သခင်ကြီး အက်စ်ဝစ်၏ တောင်းဆိုမှုများကို ကောင်းကောင်းနားလည်သည်။

“ဒေါင်.. ဒေါင်...” သို့သော်ငြား ရန်သူ လာရောက်တိုက်ခိုက်သည့် သတိပေးသံက နောက်ဘက်မှ ထွက်ပေါ် နေဆဲပင်။ ပိုမိုစူးရှကာ အရေးတကြီး ဖြစ်လာခဲ့၏။ လေပြင်းကို အန်တုရင်း စစ်သည်တစ်ဦးက မီတာဒါဇင်နှင့်ချီသည့် ရွက်တိုင်ပေါ်သို့ အလျင်အမြန်တက်၏။ နောက်သို့ လှည့်ကြည့်၏။ သို့သော်ငြား ဘာမှ မမြင်ရသေးချေ။ ဘာရွန်၏ရေတပ်က တကယ့်ကို ကြီးမား၏။ အဆုံးကို လုံးဝ မမြင်နိုင်ပေ။ သူ မြင်တွေ့နေရသည်က သူ၏ စစ်သင်္ဘောများသာ ဖြစ်၏။

“ဒေါင်... ဒေါင်... ဒေါင်...”

ခေါင်းလောင်းသံက သူတို့ကို သတ်တော့မည့်အလားပင်။ ထိုအရာက လုံးဝ အမှားတစ်ခု မဟုတ်နိုင်တော့ချေ။ နောက်ဘက်ရှိ ရေတပ်က ရန်သူကို တွေ့ထားခြင်း ဖြစ်ရမည်။ ဘာရွန်က ဖြစ်နိုင်ချေတစ်ခုကို တွေးပြီး ရင်တုန်သွားမိသည်။

ရှမ့်လန်က ဦးခေါင်းခွံကျွန်းမှ ပင်လယ်ဓားပြများနှင့် ပြန်လည် ရောက်ရှိလာလေသည်လား။

“မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ ဒီကိစ္စ လုံးဝ မဖြစ်နိုင်ဘူး။ သခင်ကြီး အက်စ်ဝစ်က ပြောထားပြီးပြီ။ ရှမ့်လန်က ဒီတစ်ခါ ပျောက်ဆုံးသွားတဲ့ နိုင်ငံအပျက်အစီးပုံကြားမှာ သေချာပေါက် သေလိမ့်မယ်တဲ့။ ပြန်လာနိုင်မှာ မဟုတ်ဘူးတဲ့။”

အက်စ်ဝစ်က ရှမ့်လန်ကို တိုက်ရိုက်မသတ်နိုင်သဖြင့် သွယ်ဝိုက်တဲ့နည်းနှင့် သေလမ်းကို ပို့လိုက်ခြင်း ဖြစ်၏။

“မဖြစ်နိုင်ဘူး။ ရှမ့်လန်က ဦးခေါင်းခွံဂိုဏ်းရဲ့ သစ္စာခံမှုကို သေချာပေါက်ရမှာ မဟုတ်ဘူး။ အဲဂိုဏ်းသားတွေကို ပြန်ခေါ်လာဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။”

သူက တွေးနေရင်းနှင့် ပင်လယ်ထဲသို့ ခုန်ချ၏။ ပြီးနောက် နောက်ဘက်ရှိ သင်္ဘောများဆီသို့ ရေကူးသွား လိုက်သည်။

..............

နာရီဝက်ခန့် ကြာပြီးနောက် သွေးသောက်ဘာရွန်၏ ထင်ယောင်ထင်မှားဖြစ်မှုက ပျက်စီးသွားခဲ့၏။ သူ အကြောက်ဆုံးအရာက တကယ် ဖြစ်လာခဲ့၏။ သင်္ဘောတစ်စင်း၏ ရွက်တိုင်ပေါ်တက်ကာ ကြည့်တော့ ဦးခေါင်းခွံဂိုဏ်း၏ အလံကို မြင်ရ၏။ ပြီးနောက် ဒုတိယတစ်ခု၊ ပြီးနောက် တတိယတစ်ခု။

ကြောက်မက်ဖွယ်ကောင်းသည့် စစ်သင်္ဘောများက တစ်စင်းပြီးတစ်စင်း သူ၏ မြင်ကွင်းထဲသို့ အလုအယက် ဝင်လာ၏။ ဒါဇင်နှင့်ချီသည့် သင်္ဘောများနှင့် ဦးခေါင်းခွံဂိုဏ်း၏ ရေတပ် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ အဆုံးမရှိချေ။ မဲမှောင်လျက် ရှိနေ၏။

ပင်လယ်ပြင်တွင် မီးလောင်နေသည့် သင်္ဘောအပျက်အစီးအချို့က မျောပါနေ၏။ ထိုအရာက နစ်မြုပ်သွားခဲ့ပြီ ဖြစ်သော သူ၏ ကင်းထောက်သင်္ဘောများပင် ဖြစ်သည်။ ထိုကင်းထောက်သင်္ဘောများက သူတို့ကို ရန်သူ ရောက်ရှိလာကြောင်း အချက်ပြသည့် သင်္ဘောများပင် ဖြစ်သည်။

ပင်လယ်၏ ညအိပ်မက်ဆိုးများက ရောက်ရှိ လာခဲ့ပြီ ဖြစ်၏။ အနောက်တိုင်းလောက တစ်ခုလုံးတွင် အားအကောင်းဆုံး ရေတပ်ကြီးက ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

ဘာရွန်က ကျောရိုးမကြီးပင် စိမ့်တက်သွားခဲ့၏။ သူက အသက်ကို ပြင်းပြင်းရှူလိုက်၏။ ဦးခေါင်းခွံဂိုဏ်းမှ သင်္ဘောများ ဖြစ်နေရော ဘာဖြစ်သနည်း။ ထိုသူတို့က ပျောက်ဆုံးနိုင်ငံ၏ အပျက်အစီးကြားထဲတွင် ၁၀ နှစ်ကျော်ကြာ ပိတ်မိနေသည့် လူများပင်။

ထိုသို့ဆိုလျှင် သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်များက လျော့ပါးနေပြီ မဟုတ်ပါလား။ ထို့အပြင် တစ်ဖက်လူများ၏ စစ်သင်္ဘောများက အိုမင်းပြီး ကျိုးပြတ်နေ၏။ သူ၏ စစ်သင်္ဘောများက အသစ်များဖြစ်ပြီး အားလည်းကောင်းကြ၏။ မကြာခင်မှာပဲ ဘာရွန်က ဦးခေါင်းခွံဂိုဏ်း၏ အလံတိုင်အောက်ရှိ ရှမ့်လန်ကို ခပ်ဝါးဝါး မြင်လာရသည်။

ထိုအရာက ကျိန်းသေပေါက် ရှမ့်လန်ပင် ဖြစ်၏။ ခပ်ချောချောကောင်လေးပင်။ အဘယ်ကြောင့် မသေသေး ရသနည်း။ ဤကဲ့သို့သာ ဖြစ်မည်မှန်း သိပါက ထိုနေ့တည်းက သူသတ်ဖြတ်ခဲ့၏။ သို့ပေမည့် သူနှင့် ရှမ့်လန်က ထိုတုန်းက ကြီးမားသည့် ရန်ငြိုးရန်စဟူ၍ မရှိခဲ့ချေ။

...................

သူက မျက်လုံးကို မှိတ်၏။ ပြီးနောက် ဘာရွန်အမန်လို အိမ်တော်၏ ပျက်စီးခြင်းနှင့် မြင့်တက်ခြင်း အကြောင်းအရာများကို ပြန်လည်ကာ စဉ်းစားလိုက်၏။ သူ၏ တိုက်ခိုက်လိုသည့် ဆန္ဒများက ပြန်လည်ကာ ထကြွလာခဲ့၏။

သွေးသောက်ဘာရွန်က အော်ဟစ်လိုက်သည်။ “ရန်သူက ငါတို့ ရေတပ်ရဲ့ တစ်ဝက်လောက်ပဲ ရှိတယ်။ သူတို့ရဲ့ ရွက်သင်္ဘောတွေက ထိခိုက်ထားတယ်။ ပြီးတော့ ဟောင်းနွမ်းပြီး အားနည်းနေပြီ။ ငါတို့ ဒီတိုက်ပွဲကို လုံးဝနိုင်အောင် တိုက်ရမယ်။”

သူ မမှားချေ။ ဦးခေါင်းခွံကျွန်း၏ ရေတပ်သင်္ဘောများကို ကြည့်ရသည်က ဆိုးဝါးလွန်းလှချေ၏။ တကယ့်ကို ဆိုးဝါးစုတ်ပြတ်လျက် ရှိနေပြီး ပုံစံကို ကြည့်လိုက်သည်နှင့် ခနော်ခနဲ့ ဖြစ်နေကြောင်း သိသာသည်။

ထို့အပြင် သင်္ဘောပေါ်တွေ ရှိနေသည့် ပင်လယ်ဓားပြများကလည်း ဒဏ်ရာများ ရရှိထားခဲ့၏။ သူတို့၏ ခေါင်း၊ လက်များတွင် ပတ်သီးများ စည်းနှောင်ထားခဲ့ပြီး နေရာအနှံ့၌ သွေးစီးကြောင်းများ ရှိနေသလိုပင်။

သွေးသောက်ဘာရွန်က အော်ဟစ်လိုက်၏။ “အင်း... ဒါ နတ်ဘုရားတွေရဲ့ စိတ်ဆန္ဒနဲ့ တိုက်ခိုက်ရမယ့် တိုက်ပွဲပဲ။ တိုက်ပွဲရဲ့ရလဒ်ကို နတ်ဘုရားတွေက အဆုံးဖြတ်ပေးပြီးပြီ။

ဒါက အနောက်တိုင်း ပင်လယ်ပြင်ပေါ်မှာ ဘုရင်အသစ် ပေါ်ပေါက်လာရမယ့် အခြေအနေမျိုးပဲ ဖြစ်တယ်။ ကျိန်းသေပေါက် ငါတို့က ဒီရှီလွန် ပင်လယ်ပြင်ထဲမှာ ဘုရင်တစ်ပါး ဖြစ်လာရတော့မယ်။ ငါတို့က ရှီလွန်ပင်လယ်ပြင်ရဲ့ ဘုရင်တွေပဲ။ ဘုရင်တစ်ပါးရဲ့ အောင်ပွဲအတွက် တိုက်ခိုက်ကြရအောင်။”

များပြားလွန်းသည့် စစ်ခေါင်းလောင်းသံများက ပေါ်ပေါက်လာခဲ့၏။ များပြားလွန်းသည့် အလံတိုင်များက လေထုထဲတွင် ဝေ့ယမ်းလျက် ရှိနေ၏။ သွေးသောက်ဘာရွန်နှင့် ရော့ဆိုမိသားစုတို့၏ အလံတိုင်များက လေနှင့်အတူ ဝဲလွင့်နေပြီး ဦးခေါင်းခွံဂိုဏ်းမှ ရေတပ်နှင့် ရင်ဆိုင်ရန် တိုက်ပွဲအစီအစဉ် တစ်ခုကို စတင်ကာ စီစဉ်ကြသည်။

ကောင်းကင်ပေါ်မှ ကြည့်ရှုလိုက်မည် ဆိုလျှင် ဘာရွန်၏ ရွက်သင်္ဘောများက ပို၍ကြီး၏။ ဦးခေါင်းခွံဂိုဏ်းမှ ရေတပ်သင်္ဘောများထက် အရွယ်အစား နှစ်ဆနီးပါးခန့် ကြီး၏။

ပင်လယ်လေပြင်းများက ပိုမိုကာ အားကောင်းလာခဲ့၏။ တိမ်မဲများက ပိုမိုကာ ထူထပ်လာခဲ့၏။ ထိုအရာများက ပင်လယ်ပြင် မျက်နှာပြင်တစ်ခုလုံး ကို ဖုံးလွှမ်းလျက် ရှိနေ၏။ နေ့အချိန် ဖြစ်နေသော်လည်း ညရောက်သွား သကဲ့သို့ပင်။

ရေတပ်နှစ်ခုက ကြီးမားလွန်းသည့် ပင်လယ်ပြင်ထက်တွင် သားရဲရိုင်းကြီးများကဲ့သို့ပင် တစ်ဖက်နှင့် တစ်ဖက် ချဉ်းကပ်လာခဲ့၏။ မကြာခင်မှာပဲ သူတို့က တိုက်ပွဲတိုက်ခိုက်နိုင်သည့် အကွာအဝေး အတွင်းသို့ ဝင်ရောက်လာခဲ့၏။

“ဘုန်း... ဘုန်း...”

ထိုအချိန်မှာတော့ မိုးခြိမ်းသံများက ကောင်းကင်ယံမှ ပေါ်ပေါက်လာခဲ့သည်။

သွေးသောက်ဘာရွန်က သူ၏ ဓားကြီးကို ဆွဲထုတ်ကာ အော်ဟစ်လိုက်၏။ “ပင်လယ်ပြင်ရဲ့ ဘုရင်အသစ်အတွက် တိုက်ခိုက်ကြရအောင်။”

ဦးခေါင်းခွံဂိုဏ်းမှလူများကတော့ ဘာတစ်ခုမှ အော်စရာ မလိုချေ။ သူတို့က တိတ်တဆိတ်ဖြင့် ရှေ့သို့ လှမ်းလာသည်။

ပြီးနောက် တစ်ဖက်သတ် ဆိုးဝါးသည့် သတ်ဖြတ်မှုပင်။ မည်သည့် ပြင်းထန်သော အကြိတ်အနယ် တိုက်ပွဲဟူ၍ မရှိချေ။

ဦးခေါင်းခွံဂိုဏ်းမှ သင်္ဘောများက ရှေ့ဆီသို့ လှမ်းတက်ပြီး တစ်ခုပြီးတစ်ခုကို ဖျက်ဆီးခဲ့၏။ ထိုသူတို့က ဝံပုလွေအုပ်ထဲသို့ တိုးဝင်သွားခဲ့သည့် ကျားတစ်ကောင်နှင့်ပင် ဆင်တူလွန်း၏။ အရွယ်ရောက်ပြီး လူများနှင့် ကလေးများ ယှဉ်ပြိုင်တိုက်ခိုက်သည့် တိုက်ပွဲကဲ့သို့ပင်။

ကောင်းကင်ယံတွင် မိုးခြိမ်းသံများက ကျယ်လောင်နေ၏။ ပင်လယ်ထဲတွင်လည်း သင်္ဘောများက တစ်စီးပြီး တစ်စီး ပျက်စီးနေ၏။

သွေးသောက်ဘာရွန်နှင့် ဒေါ့ချ်ရော့ဆိုတို့၏ သင်္ဘောများက တစ်စင်းပြီးတစ်စင်း နစ်မြုပ်ခြင်းကို ခံရ၏။ ဦးခေါင်းခွံဂိုဏ်းမှ ရွက်သင်္ဘောများ၏ရှေ့မှာတော့ သူတို့က တစ်ချက်ကလေးမှ ခုခံနိုင်စွမ်း မရှိကြချေ။

ပင်လယ်ပြင်ထက်တွင် အလောင်းပေါင်းမြောက်များစွာတို့က မျှောလျက် ရှိနေ၏။ ထိုအရာကို မည်သည့် စာလုံးနှင့်မှ ဖော်ညွန်းနိုင်စွမ်း မရှိတော့ချေ။ အပွင့်လင်းဆုံး ပြောရမည်ဆိုပါက တစ်ဖက်သတ် သတ်ဖြတ်ခြင်း သာ ဖြစ်၏။ မကြာခင် အရာအားလုံး အဆုံးသတ်ပေတော့မည်။

***

အပိုင်း (၈၈၈)

ကမ္ဘာပျက်ကပ်က ဤမျှမြန်ဆန်စွာ ဆိုက်ရောက်လာခဲ့လေသည်လား။ သွေးသောက်ဘာရွန် ခံစားလိုက်ရသည့် တစ်ခုတည်းသော အသိကတော့ ဤအရာပင် ဖြစ်၏။ မျက်စိရှေ့မှောက်တွင် ဖြစ်ပျက်သမျှ အရာအားလုံးက အိပ်မက် တစ်ခုကဲ့သို့ပင်။

ဦးခေါင်းခွံဂိုဏ်း၏ အင်အားကြီးမားပုံကို သူ သိရှိပြီးသား ဖြစ်၏။ ငယ်ရွယ်စဉ်တည်းက ထိုသူတို့နှင့် ပတ်သက်သည့် ဒဏ္ဍာရီပေါင်းများစွာကို ကြားဖူးနားဝရှိခဲ့သော်လည်း အများစုက လုပ်ကြံဖန်တီးထားသည့် အကြောင်းအရာများ ဖြစ်မည်ဟု ထင်မြင်ခဲ့၏။

ယခုအချိန်တွင် ပင်လယ်ပြင်တစ်ခုလုံး၌ သွေးသောက်ဘာရွန်၏ ဒဏ္ဍာရီများက လွှမ်းမိုးနေခဲ့ပြီဖြစ်ပြီး သူက နတ်ဘုရားတစ်ပါး အသွင်ဖြင့် ရပ်တည်ခဲ့သည်။ သူက လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း၌ အာဏာရခဲ့သူတစ်ယောက် ဖြစ်ပြီး ဦးခေါင်းခွံဂိုဏ်းနှင့် တစ်ခါမှ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခဲ့ဖူးခြင်း မရှိချေ။

ပုလဲနက်က ဦးခေါင်းခွံဂိုဏ်း၏ မျိုးဆက်ဖြစ်သော်လည်း အင်အားကြီးသည် ဆိုရုံမျှသာဖြစ်ပြီး သွေးသောက်ဘာရွန် ၏ ရေတပ်ထက် အများကြီး အားနည်းခဲ့သည်။

ထို့ကြောင့် အချိန်အတော်ကြာသည့်တိုင်အောင် သွေးသောက်ဘာရွန်က ဦးခေါင်းခွံဂိုဏ်းဆိုသည်မှာ ဒဏ္ဍာရီ တစ်ခုမျှသာ ဖြစ်သည်ဟု ခံစားမိသည်။ ၎င်းတို့၏ ရေတပ်က သူ့ထက်သာလွန်သည်ဆိုလျှင်တောင်မှ အကန့်အသတ်နှင့်သာ ဖြစ်လိမ့်မည်ဟု ထင်မြင်ခဲ့၏။ သို့သော်လည်း ယခု သူ၏ အင်အား တောင့်တင်းလှပါသည်ဆိုသော မဟာမိတ်တပ်ဖွဲ့ကြီးက လုံးဝ ပြန်မခုခံနိုင်တော့ချေ။

ကုန်းမြေပေါ်ရှိ တိုက်ပွဲများ၌ ဤသို့ဖြစ်တတ်သည်ဟု ထင်မြင်ခဲ့သော်လည်း ပင်လယ်ပြင်စစ်ပွဲ၌ပါ ဤသို့ ကြုံရလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။ တစ်နာရီ မပြည့်သည့် အချိန်အတွင်း သူ၏ ရေတပ်ကြီးတစ်ခုလုံးက အစိတ်စိတ် အမွှာမွှာ ပြိုကွဲသွားခဲ့ပြီး သူ ဘာမှမတတ်နိုင်ခဲ့ချေ။

ဤအချိန်၌တော့ ကြိုးပမ်းအားထုတ်ထားသမျှနှင့် အမိန့်ပေးသံအားလုံးတို့က အသုံးမဝင်တော့ချေ။ သူ၏ သင်္ဘောများ တစ်စင်းပြီးတစ်စင်း ဆိုသလို မီးလောင်ကျွမ်းကာ နစ်မြုပ်သွားခဲ့သည်ကို လက်ပိုက်ကြည့်ရုံမှအပ သူ့၌ တခြားမရှိတော့ပေ။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက အေးစက်လျက်ရှိနေပြီး အာရုံခံစားစိတ်အားလုံးက ပျောက်ဆုံးကုန်၏။ အရာအားလုံးက တကယ် မဟုတ်သကဲ့သို့ပင်။ သူက မိမိ၏ ပင်လယ်ဓားပြ ရေတပ်သင်္ဘောများ ပျောက်ကွယ် သွားသည်ကို ကြည့်ရှုရင်း ပျက်စီးခြင်း အခိုက်အတန့် ဆိုက်ရောက်လာမည့်အချိန်ကို စောင့်မျှော်နေရသလိုပင်။

သွေးသောက်ဘာရွန်သာမက ရှမ့်လန်ကိုယ်တိုင်ကလည်း ရှေ့တွင်ရှိနေသည့် မြင်ကွင်းကို ကြည့်ရှုရင်း အံ့အားသင့် မှင်သက်နေမိလေသည်။ သူတို့က အဘယ်ကြောင့် ဤမျှထိ တိုက်ခိုက်နိုင်ရသနည်း။ ရေတပ်နှစ်ခုက ပထမဦးဆုံး အနေဖြင့် ကြီးမားသည့် ဒူးလေးကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း လက်တွေ့တွင် ထိုသို့မဟုတ်ခဲ့ချေ။ ဦးခေါင်းခွံဂိုဏ်းသားတို့က သင်္ဘောများပေါ်သို့ ခုန်ချကာဖြင့် တိုက်ခိုက်ကြခြင်းဖြစ်သည်။

ဦးခေါင်းခွံဂိုဏ်း၏ ရေတပ်သားများက လှောင်အိမ်ထဲမှ လွှတ်လိုက်သည့် ကြမ်းကြုတ်လွန်းသော ကျားသစ်များ ကဲ့သို့ပင်။ သူတို့က အထူးနည်းလမ်းများကို အသုံးပြုကာဖြင့် ရန်သူ့စစ်သင်္ဘောများအနီးသို့ ချဉ်းကပ်ပြီး ရန်သူ့သ င်္ဘောများပေါ်သို့ ခုန်တက်သည်။ ပြီးနောက် သင်္ဘောပေါ်ရှိ ရှိသမျှ အရာအားလုံးတို့ကို သတ်ဖြတ်၏၊ ပြီးနောက် မီးရှို့၏။

ဤသည်မှာ ပင်လယ်ပြင်စစ်ပွဲတစ်ခုလား သို့မဟုတ် ကုန်းမြေပေါ်တွင် တိုက်ခိုက်သည့် စစ်ပွဲတစ်ခုလား သေချာ မသဲကွဲတော့ချေ။ ဦးခေါင်းခွံဂိုဏ်းသားများက မြားပစ်သည့်နေရာတွင် တကယ်ကို တော်လွန်းသူများဖြစ်ပြီး ခြေလှမ်းတစ်ရာ အကွာအဝေးရှိ ပစ်မှတ်ကိုပင် ထိမှန်အောင် ပစ်ခတ်နိုင်ကြသူများပင်။

သို့သော်လည်း သူတို့က လေးနှင့်မြားကို အသုံးပြုရသည်မှာ မနှစ်သက်ကြချေ။ ဓားများကို ကိုင်စွဲ၍ သင်္ဘောပေါ်သို့ ခုန်တက်ကာ ရှိသမျှအားလုံးကို သတ်ဖြတ်ရသည်ကို သူတို့က ပို၍နှစ်သက်၏။ သူတို့က သင်္ဘောကို မီးရှို့၏။ သင်္ဘောဝမ်းထဲသို့ ဝင်ရောက်ပြီး သင်္ဘောကို နစ်မြုပ်ပစ်တတ်ကြသည်။

ရှမ့်လန်က ခက်ခဲလိမ့်မည်ဟု တွေးထင်ခဲ့သော်လည်း ဦးခေါင်းခွံဂိုဏ်းသား ဒါဇင်အနည်းငယ်လောက်က ရန်သူ့ သင်္ဘောပေါ်သို့ ရဲရဲဝံ့ဝံ့ ပြေးတက်ကာဖြင့် လူရာပေါင်းများစွာတို့ကို လိုက်လံသတ်ဖြတ်နေ၏။ သူက လုံးဝ ထိုအရာကို မမျှော်လင့်ခဲ့ချေ။

အဓိကအချက်အားဖြင့် လူပေါင်းများစွာတို့က သရဲတစ္ဆေများကဲ့သို့လည်းကောင်း၊ ဝံပုလွေများကဲ့သို့လည်းကောင်း အော်ဟစ် ငိုယိုနေကြသည်။

ဦးခေါင်းခွံဂိုဏ်းသားတို့က လူသားမဟုတ်သည်လားပင်။ တကယ်ကို ရက်စက်ကြမ်းကြုတ်လွန်းလှ၏။ ထို့အတူ ကြည့်ရှုရသည်က ဦးခေါင်းခွံဂိုဏ်းသားများသည် စိတ်ပျက်မှုကို ခံစားနေရသလိုပင်။ ယနေ့ခေတ်၏ ပင်လယ်ဓားပြများ ဤမျှအထိ အားနည်းနေကြသည်ကို သိရှိပြီးနောက် သူတို့က စိတ်ပျက်နေကြသည်။ သူတို့က အားစိုက်ထုတ်စရာ မလိုဘဲ သတ်ဖြတ်၍ ရနေ၏။

သွေးသောက်ဘာရွန်၏ ပင်လယ်ဓားပြများက တကယ်ကို ညံ့ဖျင်းနေသောကြောင့် မဟုတ်ချေ။ ဦးခေါင်းခွံ ဂိုဏ်းသားတို့က တကယ်ကို တော်နေသောကြောင့်ပင်။ သူတို့က နှစ်အနည်းငယ်အတွင်း အကြမ်းတမ်း အရက်စက်ဆုံး သော ပင်လယ်မွန်းစတားများနှင့်ပါ တိုက်ခိုက်ခဲ့ကြ၏။ ဤသည်မှာ ငရဲခန်းအဆင့် ဂိမ်းတစ်ခုကို ကစားခဲ့ရခြင်းနှင့် ဆင်တူ၏။ ယခု သာမန်အဆင့် ဂိမ်းတစ်ခုကို ပြန်လည်ကစားသည့် အချိန်မှာတော့ ကျိန်းသေပေါက် အရာအားလုံးကို သတ်ဖြတ်နိုင်နေကြသည်။

အစပိုင်း၌ သွေးသောက်ဘာရွန်၏ လက်အောက်ခံ ပင်လယ်ဓားပြတို့က ဦးခေါင်းခွံဂိုဏ်းသားများကို အထင်သေးခဲ့ ကြ၏။ ထိုသူတို့ထဲမှ အများစုက အသက်ကြီးရင့်နေကြပြီဖြစ်ပြီး ရုပ်ရည်များကလည်း ကြည့်မကောင်းချေ။ တစ်ချို့က မတ်တတ်ပင် ကောင်းစွာမရပ်နိုင်ကြဘဲ ယိမ်းထိုးလို့နေကြ၏။

သို့သော်ငြား ဦးခေါင်းခွံဂိုဏ်းသားတို့ ပြေးဝင်လာသည့်အချိန်မှာတော့ သူတို့က ပင်လယ်မွန်းစတားများကို မြင်တွေ့လိုက်ရသကဲ့သို့ ခြေထောက်များ တုန်ယင်နေပြီး တစ်ဖက်လူ၏ ထိတ်လန့်ဖွယ်ရာကောင်းသည့် အရှိန်အဝါများကြောင့် လုံးဝ ကြောက်ရွံ့တုန်လှုပ်သွားခဲ့ကြသည်။

.........................

နာရီ ၂၀ နီးပါးခန့် ကြာမြင့်ပြီးနောက် တိုက်ပွဲက ပြီးဆုံးသွားခဲ့၏။ ၁၆ ရာစုနှင့် ၁၇ ရာစုများ၌ ရေတပ် တိုက်ပွဲများသည် သင်္ဘောတစ်စင်းမှ မနစ်မြုပ်ဘဲ နေ့ရောညပါ ကြာမြင့်စွာ တိုက်ခိုက်တတ်ကြ၏။ ရှမ့်လန်ကလည်း ရေတပ်တိုက်ပွဲများကို မတိုက်ဖူးသူ မဟုတ်ချေ။ သူက ရွယ်ချီ၏ စစ်သည်သောင်းနှင့်ချီသည့် ရေတပ်ကြီးကို ချေမှုန်းခဲ့ဖူးသော်လည်း ထိုစဉ်က ရက်အနည်းငယ် ကြာမြင့်ခဲ့၏။ ဤသည်က ကြောင်နှင့်ကြွက် ကစားသကဲ့သို့ပင်။

ဤလောကကြီး၏ ရေတပ်တိုက်ပွဲများက အရှေ့တိုင်းရှိ ကုန်းမြေတိုက်ပွဲများနှင့် ပိုမို၍ တူညီနေ၏။ နှစ်ဖက်စလုံးက စစ်ကြောင်းများခင်းပြီး အရူးအမူး တိုက်ခိုက်ကြခြင်းပင်။ သွေးသောက်ဘာရွန်၏ ရေတပ်က ထွက်ပြေး လိုသော်လည်း လုံးဝ မဖြစ်နိုင်ခဲ့ချေ။

ဦးခေါင်းခွံဂိုဏ်းသားများ၏ သင်္ဘော၏ အမြန်နှုန်းက တကယ့်ကို မြန်ဆန်၏။ သင်္ဘော အနည်းငယ်မျှသာလျှင် ဦးခေါင်းခွံဂိုဏ်း၏ လိုက်လံတိုက်ခိုက်မှုမှ လွတ်မြောက်သွားခဲ့၏။ ဤတိုက်ပွဲက အပြီးတိုင် ချေမှုန်း တိုက်ခိုက်သည့် တိုက်ပွဲတစ်ခုဟုပင် ဆိုနိုင်၏။

ရှမ့်လန်က မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။ “တိုက်ပွဲက ဒီတိုင်းကြီးပဲ ပြီးသွားတာလား။”

သူက သင်္ဘောထောင်ချီ ပါဝင်သည့် ဤကဲ့သို့ တိုက်ပွဲမျိုးက ရက်အနည်းငယ် ကြာမြင့်လိမ့်မည်ဟု ထင်မှတ်ထားခဲ့၏။

ဟီလာက ပြောသည်။ “ဟုတ်တယ်။ ပြီးသွားပြီ။ ဒါပေမဲ့ တစ်ခု ပြန်ပြင်ပြောပြရမယ်။ ဒါက တိုက်ပွဲတစ်ခု မဟုတ်ဘူး။ တစ်ဖက်သတ် တိုက်ခိုက်မှုတစ်ခုပဲ။”

ဟုတ်ပေ၏။ သတ်ဖြတ်ပွဲတစ်ခုသာလျှင် ဖြစ်ပြီး ရေတွက်၍မရနိုင်သည့် အလောင်းများက ပင်လယ်ပြင်တွင် ပေါလော ပေါ်နေကြသည်။ မီးလောင်လျက်ရှိနေသည့် သင်္ဘောပျက်စီးမှုများလည်း ရှိနေပြီး ပင်လယ်ပြင် တစ်ခုလုံးက မီးလောင်ထားသည့် အလားပင်။ မိုင်ရာနှင့်ချီအထိ သွေးများနှင့် မီးလျှံများဖြင့် ဖုံးလွှမ်းနေ၏။

ရှမ့်လန်က မေးမြန်းလိုက်သည်။ “ကျုပ်တို့ဘက်က အကျအရှုံး ဘယ်လောက်ရှိလဲ။”

ဟီလာက ပြောလိုက်၏။ “ငါလည်း မသိဘူး၊ ဒါပေမဲ့ အကျအရှုံးက အရမ်းကို နည်းမှာပေါ့။”

ရှမ့်လန်က ထပ်မံမေးမြန်းလိုက်သည်။ “ဒါဆိုရင် ရန်သူ့ဘက်ကရော အကျအရှုံးကကော။”

ဟီလာက ပြောလိုက်၏။ “ဒါလည်း ငါ မသိဘူး။ ဒါပေမဲ့ အများကြီး ဖြစ်မှာတော့ သေချာတယ်။ အရင်တုန်းကလည်း ဒီလိုပဲ တိုက်ခိုက်ခဲ့တယ်။ ရန်သူ ဒါမှမဟုတ် ရန်သူ့သင်္ဘောတွေကို မမြင်ရတော့တဲ့အထိ ရှေ့ကိုတိုးပြီး သတ်လိုက်ရုံပဲ။”

တော်လိုက်လေခြင်း၊ တကယ့်ကို တော်လိုက်လေခြင်းပင်။

“ဒေါင်... ဒေါင်... ဒေါင်...။”

စူးရှသည့် ခေါင်းလောင်းသံများ ထွက်ပေါ်လာ၏။ သို့သော်ငြား ဤတစ်ကြိမ်မှာတော့ ရန်သူကြောင့် မဟုတ်ချေ။ ကြောင်က ကြွက်ကို ကစားသလို ဦးခေါင်းခွံဂိုဏ်းသားများ၏ နောက်ဆုံး ပျော်ပွဲရွှင်ပွဲ ဖြစ်နေ၏။ ဦးခေါင်းခွံဂိုဏ်းသား တို့၏ ရေတပ်က သွေးသောက်ဘာရွန်၏ ဦးဆောင်သင်္ဘောကြီးကို ဝိုင်းရံထား၏။ စစ်သင်္ဘော ရာပေါင်းများစွာတို့က ထိုသင်္ဘောကို ဝိုင်းရံထားခြင်းပင်။

တိုက်ပွဲက တကယ်ကို လွယ်ကူလွန်းသောကြောင့် ဦးခေါင်းခွံဂိုဏ်းဂိုဏ်းသားများက ရန်သူဦးဆောင်သည့် သင်္ဘောကို မတိုက်ခိုက်ဘဲ ကစားရန် ချန်လှပ်ထားခဲ့ခြင်းပင်။ သင်္ဘောအများအပြားကို မနစ်မြုပ်စေဘဲ သိမ်းပိုက် လိုက်ကြသည်။ စစ်သင်္ဘောကြီးများက တကယ့်ကို အဖိုးတန်သည် မဟုတ်ပါလား။

သွေးသောက်ဘာရွန်၏ ဦးဆောင်သင်္ဘောက တကယ်ကို ကြီးမား၏။ တန်ချိန် ၂၀၀၀၊ ၃၀၀၀ ခန့် ရှိကာ သင်္ဘောသား ရာပေါင်းများစွာ ရှိ၏။ သို့သော်ငြား ထိုသင်္ဘောသားများက ယခုအချိန်မှာတော့ ဘာလုပ်ရမှန်းမသိဘဲ ကြောင်တောင်တောင်ဖြင့် သင်္ဘောပေါ်တွင် ရပ်နေကြသည်။ သူတို့က သောင်းနှင့်ချီသည့် ဦးခေါင်းခွံဂိုဏ်းသား များ၏ ဝိုင်းရံမှုကို ခံထားရသောကြောင့်ပင်။ သူတို့က လုံးဝ မလှုပ်ရှားရဲကြချေ။

ရှမ့်လန်၏ဦးဆောင်သင်္ဘော က သွေးသောက်ဘာရွန်၏ သင်္ဘောအနီးသို့ တဖြည်းဖြည်း ချဉ်းကပ်လာ၏။ သင်္ဘောနှစ်စင်းက မီတာဒါဇင်ချီမျှသာ ကွာဝေးတော့၏။ ငြိမ်သက်နေသည့် အခြေအနေဆီသို့ ရောက်ရှိသွား၏။ ဤလူစု၏ သင်္ဘောထိန်းချုပ်သည့် ပညာက တကယ့်ကို အံ့အားသင့်စရာပင်။

ရှမ့်လန်က ပြုံးကာမေးလိုက်သည်။ “သွေးသောက်ဘာရွန်... နေကောင်းပါရဲ့လား။”

သွေးသောက်ဘာရွန်က အိပ်မက်ဆိုးမှ နိုးမလာတော့သည့်အတိုင်းပင် မလှုပ်မယှက် ရပ်နေဆဲဖြစ်၏။ သူ၏ သောင်းနှင့်ချီသည့် ရေတပ်ကြီးက ဤမျှလွယ်ကူစွာ ပျောက်ကွယ်သွားခဲ့သည်လား။ ဆယ်စုနှစ် တစ်ခုကျော်အထိ ကြိုးပမ်းခဲ့ရသည်များက ဤမျှ လွယ်ကူစွာ ပျောက်ကွယ်သွားခဲ့သည်လား။ ယခုထက် အနည်းငယ်လောက် နှေး၍ မဖြစ်ဘူးလား။

ဤရေတပ်ကို အသုံးချ၍ သူက ရှီလွန်အင်ပါယာအပေါ် အလုပ်အကြွေး ပြုရဦးမည် မဟုတ်ပါလား။ သူက ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လိုသေး၏။ သူ၏ မန်လိုရှော မိသားစုကိုလည်း ဂုဏ်တက်စေချင်သေး၏။ ယခု အားလုံး ပျောက်ကွယ်သွားခဲ့၏။

ရှမ့်လန်က မေးမြန်းလိုက်သည်။ “ခင်ဗျား ထပ်တိုက်ချင်သေးတာလား။”

ထိုစကားကို ကြားချိန်တွင် သွေးသောက်ဘာရွန်မှာ မှင်သက်နေ၏။ ပြီးနောက် သူက အံ့အားသင့်ဖွယ် မေးမြန်း လိုက်၏။ “ဘာပြောချင်တာလဲ။”

ရှမ့်လန်က ထပ်မံမေးမြန်းလိုက်သည်။ “ခင်ဗျား ထပ်တိုက်ချင်နေသေးတာလား။ ကျုပ်တို့ဆက်ပြီး တိုက်ကြမလား။”

ဤစကားကို ကြားချိန်မှာတော့ သွေးသောက်ဘာရွန် သင်္ဘောပေါ်ရှိ ပင်လယ်ဓားပြအားလုံးက ခေါင်းကို ခါယမ်းကြ၏။ သူတို့က လက်ထဲရှိ ဓားများကို လွှတ်ချလိုက်ကြ၏။

ရှမ့်လန်က မေးမြန်းလိုက်သည်။ “ခင်ဗျားတို့ အသက်ရှင်ချင်ကြတာလား။”

ရန်သူပင်လယ်ဓားပြတို့က တဆတ်ဆတ်နှင့် ခေါင်းညိတ်ကြသည်။ အမှန်စင်စစ် သူတို့က အသက်ရှင်လိုကြ၏။

ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျားတို့ ပင်လယ်ထဲကို ခုန်ချပြီး အိမ်ကိုရောက်အောင် ကူးသွားနိုင်မယ်ဆိုရင်တော့ အသက်ရှင်ခွင့်ရမယ်။”

“မင်းအဘွား..။”

ဤနေရာက အနီးဆုံး ကုန်းမြေနှင့် မိုင်ပေါင်းထောင်ချီ ဝေးကွာ၏။ ကူးခတ်ပြန်၍ မည်သို့ ဖြစ်နိုင်မည်နည်း။

ရှမ့်လန်က မေးမြန်းလိုက်၏။ “ကျုပ် ထပ်ပြောရအုံးမှာလား။ ပင်လယ်ထဲကို ခုန်ချပြီး ကူးခတ်သွားမလား။ ဒါမှမဟုတ် ခင်ဗျားတို့အားလုံးကို သတ်ခိုင်းရမလား။ ၅ ... ၄ ... ၃ ... ၂ ... ၁”

“ဗွမ်း.. ဗွမ်း..။”

ရုတ်တရက်ဆိုသလိုပဲ အသက်ရှင်ကျန်ရစ်သူ ပင်လယ်ဓားပြအားလုံးတို့က ပင်လယ်ထဲသို့ ခုန်ချကြသည်။

“ကူးကြ၊ အိမ်ကို အရောက်ကူးကြ။ မကူးရင် မြားနဲ့ပစ်မယ်။” ဦးခေါင်းခွံစစ်တပ်က သူတို့၏ လေးများကို ပြင်ကာဖြင့် ရေထဲရှိ ပင်လယ်ဓားပြများကို ချိန်ရွယ်ထား၏။

ဤလူအုပ်က အရူးအမူး ကူးခတ်ကြ၏။ အတိတ်ကာလတုန်းက သူတို့က သူတစ်ပါးကို သတ်ဖြတ်သည့် အခါမျိုးတွင် ဤကဲ့သို့ ဝမ်းနည်းစရာကောင်းသည့် မြင်ကွင်းကို မြင်ခဲ့ဖူးပြီ ဖြစ်၏။ ယခု သူတို့အလှည့်သို့ ရောက်ရှိလာခဲ့၏။

.................

သွေးသောက်ဘာရွန်သည် ရှမ့်လန်၏ ရှေ့မှောက်သို့ ရောက်လာ၏။ သူက အကြာကြီး စူးစိုက်ကြည့်နေမိသည်။ ဤသည်က ရှမ့်လန်နှင့်သူ ပထမဦးဆုံး တွေ့စဉ်က အခြေအနေကို သတိရစေ၏။ သူက မြို့စားကြီး တစ်ဦးကဲ့သို့ပင် စနစ်တကျ ရှိခဲ့သည်။

ရှမ့်လန်က ပြောလိုက်၏။ “ဝဋ်ဆိုတာ လည်တတ်တယ်။ သွေးသောက်ဘာရွန်... ခင်ဗျား ကျုပ်ကို ပိတ်ဆို့ခဲ့တုန်းက၊ ကျုပ်သင်္ဘောတွေကို နစ်မြှုပ်စေခဲ့တုန်းက၊ ကျုပ်ရဲ့သင်္ဘောသားတွေကို သတ်ခဲ့တုန်းက ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ် လို့ ထင်ခဲ့ရဲ့လား။”

သွေးသောက်ဘာရွန်က ဂုဏ်သိက္ခာကြီးမားသည့်အလားပင် မလှုပ်မယှက်နှင့် မတ်တပ်ရပ်နေသည်။

ရှမ့်လန်က အေးစက်စက်ဖြင့် ပြော၏။ “သွေးသောက်ဘာရွန်.. ခင်ဗျား ပုလဲနက်နဲ့ တခြားသောသူတွေကို လိုက်လံ တိုက်ခိုက်နေတုန်းက တစ်နေ့မှာ မုဆိုးက သားကောင်ဖြစ်လိမ့်မယ်လို့ တွေးဖူးလား။”

သွေးသောက်ဘာရွန်မှာ ခေါင်းကို မော့ထားဆဲ ဖြစ်သော်လည်း စကားတစ်လုံးမှ မဆိုချေ။

ရှမ့်လန်က အံ့အားသင့်မိ၏။ ဤလူက ဤမျှအထိ ခေါင်းမာနေသည်လား။ ယခုအချိန်အထိ အရှုံးမပေးဘဲ တင်းခံထားမည်လား။

သွေးသောက်ဘာရွန်က ဟန်ဆောင်ကောင်းသူဖြစ်သော်လည်း တကယ်တော့ အကောက်ကျစ်ဆုံးနှင့် အရှက်မရှိဆုံးလူ ဖြစ်၏။ သူခိုးကို အဖေခေါ်နိုင်သည့် သူ၏ အရည်အချင်းကလည်း တကယ့်ကို ထူးကဲသည်။

သို့သော်ငြား နောက်တစ်စက္ကန့်မှာပဲ သွေးသောက်ဘာရွန်က ဒူးထောက်ကာဖြင့် ဦးတိုက်၏။

“ကျူပ် မန်လိုက အရှင့်ကို ဂါရဝပြုပါတယ်။ အရှင် သက်တော်ရာကျော် ရှည်ပါစေ။” တစ်ဖက်လူက သူ၏ ဘာသာစကား ကိုပင် ပြောဆိုနေသေးသည်။

ရှမ့်လန်က တကယ်ကို အံ့အားသင့်သွား၏။

ပြီးနောက် သွေးသောက်ဘာရွန်က သေသေချာချာပင် ထပ်မံကာ ပြောလိုက်၏။ “ကျုပ်မန်လိုက ဆယ်စုနှစ်ပေါင်းများစွာ အချိန်တွေ ဖြုန်းတီးခဲ့ပါတယ်။ အခုမှပဲ အရှင်လို ပညာရှိတဲ့ အရှင်သခင်နဲ့ တွေ့ဆုံရတာပါ။ ကောင်းကင်ဘုံက ကျုပ်ကို သနားတော်မူတာပါပဲ။ အခုကစပြီး ကျုပ်က အရှင်ရှမ့်လန်ရဲ့ ခွေးတစ်ကောင်ပါပဲ။ အရှင့်ရဲ့ဆန္ဒက ကျုပ်အတွက် လမ်းညွှန်ချက်ပါပဲ။ အရှင်ပေါ် သစ္စာစောင့်သိမှုက ကြီးမြတ်တဲ့ အကြောင်းအရာ တစ်ခုပါ။”

ထိုသို့ဆိုပြီးနောက် သွေးသောက်ဘာရွန်က နဖူးနှင့်မြေပြင် ထိကပ်ကာ မလှုပ်မယှက် ရှိနေ၏။ ဤလူက တကယ့်ကို အရှက်မရှိချေ။ ဒီဘိုရာ အာဏာရှိစဉ်ကလည်း ဒီဘိုရာ၏ရှေ့၌ ဒူးထောက်ကာ သစ္စာခံခဲ့၏။ ပြီးနောက် အဒေါ့ဖ်ဆီသို့ ရောက်သွားပြန်၏။ ယခု သူ့၏ရှေ့တွင် သစ္စာခံနေလေချေ၏။ သို့သော်ငြား သနားခံခြင်းက ကောင်းမွန်၏။ ယခု တစ်ဖက်လူကို လွယ်လွယ်ကူကူနှင့် သတ်ဖြတ်နိုင်ပြီ မဟုတ်ပါလား။

ရှမ့်လန်က ခေါင်းမာမာဖြင့် မသေခင် အော်ဟစ်ဆဲဆိုနေသည့် ရန်သူမျိုးကို အမုန်းဆုံး ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းက တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်၏။ အောင်ပွဲက မပြည့်စုံသလို ခံစားရ၏။ ရန်သူက ပထမဦးဆုံး သူ၏ရှေ့၌ ဒူးထောက်ကာ ငိုကြွေးအသနားခံရမည်။ ထိုကဲ့သို့သောအခြေအနေမျိုးတွင် သတ်ဖြတ်ရခြင်း က အကောင်းဆုံးဖြစ်သည်။

ရှမ့်လန်က ပြော၏။ “သွေးသောက်ဘာရွန်.. အရှေ့တိုင်းလောကကြီးမှာ ကျုပ်ရဲ့ နာမည်ပြောင်တစ်ခုရှိတာ သိလား။”

သွေးသောက်ဘာရွန်က လျှောက်တင်သည်။ “ကျုပ် အသေးစိတ် ကြားချင်ပါတယ် အရှင်။”

“အင်း... ကျုပ်က စိတ္တဇ ဂွေးဖြတ်သမားပဲ။”

ထိုစကားကိုကြားချိန်မှာတော့ သွေးသောက်ဘာရွန်၏ မျက်နှာအမူအရာက ပြောင်းလဲသွား၏။ သူ၏ တစ်ကိုယ်လုံးလည်း တုန်ယင်သွား၏။ အတန်ကြာပြီးနောက် သူက ပြုံးကာ ပြော၏။ “အရှင်ရှမ့်လန်ရဲ့ မိန်းမစိုးဖြစ်ရတာ ကျုပ်အတွက် ဂုဏ်ယူစရာပါပဲ။”

All Chapters