အခန်း (၈၉၁-၈၉၂)
Vol. 54 Ch. 891-892
အပိုင်း (၈၉၁)
သခင်ကြီး ပိုင်တင်က ပီကျင်းမြို့ဆီသို့ အတတ်နိုင်ဆုံး အမြန်ဆုံးနှုန်းနှင့် ပြန်လာခဲ့၏။ မြို့စားကြီး ရပ်လ်ဆဲ၏ ဆန္ဒကို ဒီဘိုရာထံသို့ ပြောကြား၏။ တကယ်ပင် ခေါင်းမာပြီး မပြောင်းလဲနိုင်သည့် ဤအဘိုးကြီးကို ဒီဘိုရာက ဒေါသထွက်ခဲ့၏။
သူမအား ရာထူးမှ ဖယ်ရှားလိုသည်လား။ သူမအား ပြည်နှင်ဒဏ် ပေးလိုသည်လား၊ အော်စတင်ရော့ဆိုအား နယ်စားရာထူး ဆက်ခံခိုင်းစေချင်သည်လား။ ဤသည်က တကယ်ကို အိမ်မက်မက်နေခြင်းသာ ဖြစ်ပေမည်။ သူမ ဒီဘိုရာက အသက်သေရမည်ဆိုလျှင်တောင်မှ နယ်စားရာထူးကို လုံးဝ လက်လွတ်ခံမည် မဟုတ်ပေ။
“မူလန်မြို့ကိုသွားပြီး စစ်ပွဲအတွက် ပြင်ဆင်ထားဖို့ အကြောင်းကြားလိုက်။”
နယ်စားကြီး ဒီဘိုရာက ပြော၏။ “အခု ကျွန်မတို့ဆီမှာ အမေဇုန်စစ်သည် ငါးထောင်နဲ့ ကျွန်စစ်သည်ပေါင်း သုံးသောင်းလောက် ရှိတယ်။ မြို့စားကြီး ရပ်လ်ဆဲရဲ့ စစ်တပ်ထက် အများကြီး အားနည်းနေတယ်ဆိုပေမဲ့ ဒီစစ်ပွဲကို လုံးဝ မနိုင်,နိုင်ဘူးလို့ မယုံကြည်ဘူး။”
ပိုင်တင်က ဝမ်းနည်းစွာ ပြောလိုက်သည်။ “ကောင်းပါပြီ။”
ရော့ဆိုမိသားစုဝင်အချင်းချင်း ပြည်တွင်းစစ် ဖြစ်ပွားသည်နှင့် အကျအရှုံး ရှိတော့မည်မှာ သေချာ၏။ မြို့စားကြီး ရပ်လ်ဆဲက ဂုဏ်သိက္ခာကို အလေးထားသူ ဖြစ်သောကြောင့် အဆုံးထိ တိုက်ခိုက်မည့်သူပင်။
“အခု အသူရာလှိုင်းပြည်နယ်က နယ်စားလေးတွေ မြို့စားကြီးရပ်လ်ဆဲကို ကြိုဆိုဖို့ သွားနေကြပြီ။ စစ်ပွဲစတင်ပြီ ဆိုတာနဲ့ ကျုပ်တို့ရင်ဆိုင်ရမဲ့ စစ်တပ်က မြို့စားကြီးရပ်လ်ဆဲရဲ့ စစ်သည်တစ်သိန်းတင် မဟုတ်တော့ဘူး။” ပိုင်တင်က သတိပေး၏။
“အဲဒါဆို ဘာဖြစ်လဲ။”
ဒီဘိုရာက ပြောသည်။ “ရှင် အမေဇုန်စစ်တပ်ရဲ့ စွမ်းအားတွေကို မမြင်ဖူးဘူးလား။”
ပိုင်တင်က ပြော၏။ “ကျုပ်တို့ ပင်လယ်ပြင်ကို ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့ဘူး။ ဒါကြောင့် မြောက်ပိုင်းနဲ့ တောင်ပိုင်း နှစ်ဖက်ညှပ်ပြီး တိုက်ခိုက်မှုကို ခံရနိုင်တယ်။ ကျုပ်တို့ကာကွယ်ရမယ့် မြို့ရိုးရဲ့အရှည်က မီတာ နှစ်သောင်းကျော်တောင် ရှိတယ်။ အမေဇုန်စစ်တပ်က ဘယ်လောက် အားကောင်းကောင်း လူငါးထောင်နဲ့ လူနှစ်သိန်းကို တိုက်ခိုက်ဖို့ဆိုတာ မလွယ်ကူဘူး။ လူပေါင်းသုံးသိန်းလောက် ရှိတယ်ဆိုရင်တောင် ဒီလောက်ရှည်တဲ့ မြို့ရိုးကို ကာကွယ်နိုင်မှာ မဟုတ်ဘူး။”
ဒီဘိုရာက ပြောသည်။ “ရှမ့်လန်ဆီက ဘာသတင်းမှ မရသေးဘူးလား။ ပင်လယ်ပြင်မှာ လှုပ်ရှားမှုတွေ ရှိနေတယ်။ သွေးသောက်ဘာရွန်ရဲ့ ရေတပ်က အရှေ့ဘက်ကို ဦးတည်ပြီး သွားနေတယ်။ အဲဒါ တစ်ခုခု ဖြစ်နေလို့လား။”
ပိုင်တင်က ပြောလိုက်၏။ “မူလန်မြို့ရဲ့ရေတပ်က ယမ်းစိမ်းတွေကို ခိုးထုတ်နေတာ။ သွေးသောက်ဘာရွန်ရဲ့ ရေတပ်က အဲဒါကို သိသွားတာနဲ့ မူလန်မြို့ရဲ့ ရေတပ်ကို ဝိုင်းပြီးချေမှုန်းဖို့ သွားကြတာပဲ။”
ဒီဘိုရာ၏ လှပသော မျက်နှာလေးက နှင်းစက်များကဲ့သို့ပင် အေးစက်သွားခဲ့သည်။ “ရှမ့်လန်... ရှင်သာ အခုထိ ပြန်မလာဘူးဆိုရင်တော့ အရာအားလုံး ပြီးဆုံးသွားလိမ့်မယ်။”
သို့သော်ငြား ထိုအချိန်၌ ရှမ့်လန်၏ ဦးခေါင်းခွံရေတပ်ကြီးက သွေးသောက်ဘာရွန်ရေတပ်ကို ရှာဖွေ တွေ့ရှိခဲ့ပြီး မိုင်ပေါင်းထောင်ချီကာ လိုက်လံတိုက်ခိုက်နေကြဆဲပင်။
.....................
နယ်စားကြီးဒီဘိုရာက မြို့စားကြီးရပ်လ်ဆဲ၏ နောက်ဆုံးသတိပေးချက်ကို ငြင်းပယ်လိုက်ပြီးနောက် ရော့ဆိုမိသားစု၏ ပြည်တွင်းစစ် စတင်ကြောင်း တရားဝင် ကြေညာ၏။
မြို့စားကြီးရပ်လ်ဆဲက ဒီဘိုရာနှင့် ဆွေးနွေးမှုမှာ တကယ်ပင် ပျက်ပြားခဲ့ပြီဖြစ်ကြောင်းနှင့် ဒီဘိုရာ၏ အကျင့်ပျက် ခြစားမှုများကို စစ်ရေးအရ ဝင်ရောက်စွက်ဖက်မည်ဖြစ်ကြောင်း လူသိရှင်ကြား ကြေညာခဲ့သည်။
အင်အားသုံးပြီး ဒီဘိုရာကို ရာထူးမှ ဖယ်ရှားမည်ဖြစ်ပြီး အခြားလူမျိုးများကို မောင်းထုတ်မည်။ ဖြောင့်မတ် တည်ကြည်သော လူတစ်ဦးကို နယ်စားကြီးရော့ဆိုအဖြစ်နှင့် တင်မြှောက်မည်။ မြို့စားကြီးရပ်လ်ဆဲ၏ တရားဝင် ဆန္ဒက တကယ်ကို စနစ်တကျရှိပြီး ရှေးရိုးဆန်လွန်းလှ၏။ နောက်ဆုံးမှာတော့ ဤသည်မှာ စစ်ကြေညာခြင်း တစ်ခုသာ ဖြစ်လေ၏။
ချက်ချင်းပဲ အသူရာလှိုင်း ပြည်နယ်တစ်ခုလုံးက ဆူပွက်သွားခဲ့၏။ ရော့ဆိုမိသားစု၏ လက်အောက်ခံ နယ်စား အများအပြားတို့က သူတို့၏ စစ်သည်များကို မြို့စားကြီး ရပ်လ်ဆဲနောက်သို့ လိုက်ပါစေသည်။
ပီကျင်းမြို့သို့ မရောက်ခင်မှာပဲ မြို့စားကြီး ရပ်လ်ဆဲ၏ လက်အောက်ရှိ စစ်သည်အရေအတွက်က တိုးပွားလာခဲ့၏။ နောက်ဆုံး စစ်သည်အင်အား နှစ်သိန်းငါးသောင်းသို့ပင် အံ့အားသင့်ဖွယ် ရောက်ရှိသွား၏။
ဤစစ်သည် နှစ်သိန်းငါးသောင်းတို့က ပီကျင်းမြို့နှင့် မိုင်ပေါင်းတစ်ရာခန့် အကွာ၌ နောက်ဆုံးစုရပ်အဖြစ် စုစည်းလျက် ရှိနေကြပြီး မြို့စားကြီးရပ်လ်ဆဲက ဒီဘိုရာထံသို့ လူလွှတ်ကာ ရာထူးမှ ဆင်းပေးရန်နှင့် ရှမ့်လန်၏ စစ်သည်များကို ပီကျင်းမြို့နှင့်မူလန်မြို့တို့မှ နှင်ထုတ်ပေးရန် ထပ်မံတောင်းဆိုသည်။
ဒီဘိုရာက ထပ်မံ ငြင်းပယ်လိုက်ပြန်၏။ နောက်ဆုံး ဆွေးနွေးမှုက လုံးဝ ပျက်စီးသွား၏။
မြို့စားကြီးရပ်လ်ဆဲက စစ်သည် နှစ်သိန်းငါးသောင်းကို ဦးဆောင်ကာ ပီကျင်းမြို့ဆီသို့ ခမ်းနားကြီးကျယ်စွာ စစ်ချီတက် လာ၏။ ပီကျင်းမြို့တစ်ခုလုံးက ရေလှိုင်းများနှင့် လှုပ်ခတ်လျက် ရှိနေ၏။ ယခင်က ငြိမ်သက်ခဲ့သည့် အတိုက်အခံများကလည်း တိုးတိုးတိတ်တိတ် လှုပ်ရှားလာခဲ့၏။ ပီကျင်းမြို့တစ်ခုလုံး၏ စည်းစနစ်ကျနမှုများက ဗရမ်းဗတာ ဖြစ်သွား၏။ ယခင်က ကျော်ကြားခဲ့သည့် ရွှေမြို့တော်ဟူသည့် ဂုဏ်သတင်းက လုံးဝ ပျောက်ကွယ် သွားခဲ့သည်။
ဤအချိန်မှာတော့ ရှမ့်လန်၏ဦးခေါင်းခွံရေတပ်က မိုင်ပေါင်းထောင်ချီ ဝေးကွာသည့်နေရာ၌ ဘာရွန်နှင့် အဆုံးအဖြတ် တိုက်ပွဲကို တိုက်ခိုက်နေပြီး တစ်ဖက်သတ် တိုက်ပွဲကို ဆင်နွှဲနေခဲ့ခြင်းပင်။
....................
သုံးရက်ကြာပြီးနောက် မြို့စားကြီးရပ်လ်ဆဲ၏ စစ်သည် နှစ်သိန်းငါးသောင်းတို့က မြို့ကို ရောက်ရှိလာခဲ့ပြီး ပီကျင်းမြို့၏ မြောက်ဘက်မြို့ရိုးကို ဝိုင်းရံထား၏။ သူတို့က ပင်လယ်ပြင် တစ်ဝိုက်လုံး၌ အဆုံးမရှိအောင်ပင် များပြား၏။
ဒီဘိုရာက စစ်ပွဲအတွက် ပြင်ဆင်ရန် အမိန့်ပေးထား၏။ အမေဇုန်စစ်သည် လေးထောင်နှင့် ကျွန်စစ်သည် တစ်သောင်းတို့က မြောက်ဘက်မြို့ရိုးကို ကာကွယ်ရမှာဖြစ်ပြီး အမေဇုန်စစ်သည် တစ်ထောင်နှင့် ကျွန်စစ်သည် နှစ်သောင်းတို့က ပင်လယ်ပြင်ဘက်ရှိ တောင်ဘက်မြို့ရိုးကို ကာကွယ်ရမည်။
စစ်ပွဲကြီးက စတင်ပေတော့မည်။
ထိုအချိန်မှာတော့ ဒီဘိုရာက အခြားသော ဧည့်သည်တစ်ဦး၊ ဆိုလိုသည်မှာ လျှို့ဝှက်သည့် ရန်သူတစ်ဦးကို ကြိုဆိုနေရ၏။ သူက မင်းသားဆော်ရွှန်၏ ကိုယ်ရေးကိုယ်တာ အကြံပေး၊ လျှို့ဝှက်ဆန်ပြားသည့် သခင်ကြီး အဒေါ့ဖ်ပင် ဖြစ်၏။ သူက နှင်းကဲ့သို့ ဖြူဖွေးနေသည့် ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး နတ်ဘုရား တစ်ပါးအလား ကြည့်ကောင်း၏။
“အရှင်ဆော်ရွှန်က အရှင့်ရဲ့ကိစ္စပေါ်မှာ ဘာမှမပြောသေးဘူး။ တရားဝင်လည်း သဘောထား မပြသသေးဘူး။ ဒါကြောင့် အခြေအနေက ပြန်လည် ကုစားဖို့ အခြေအနေ ရှိပါသေးတယ်။”
အဒေါ့ဖ်ကအေးအေးဆေးဆေးပင် ဆိုသည်။ “မြို့စားကြီး ရပ်လ်ဆဲက အရမ်းကို အင်အားကြီးတယ်ဆိုပေမဲ့ သူက ဆော်ရွှန်မင်းသားရဲ့ ဆန္ဒကိုတော့ လိုက်နာရပါလိမ့်မယ်။”
ဒီဘိုရာက မေး၏။ “အရှင်အဒေါ့ဖ်... ဘာကို ဆိုလိုတာပါလဲ။ ပွင့်ပွင့်လင်းလင်း ပြောလို့မရဘူးလား။ ဒီအချိန်မှာ တစ်ဖက်လူရဲ့ ရည်ရွယ်ချက်ကို အမှားအယွင်း မဖြစ်စေချင်ဘူး မဟုတ်လား။”
အဒေါ့ဖ်ကဖြေသည်။ “အရှင်ဒီဘိုရာ.. အမေဇုန်စစ်သည် ငါးထောင်က မြို့စားကြီးရပ်လ်ဆဲရဲ့ စစ်သည် နှစ်သိန်းငါးသောင်းကို အနိုင်ရမယ်လို့ ထင်နေတာလား။ မင်းသားဆော်ရွှန်ရဲ့ နောက်ကွယ်က အဆုံးမရှိတဲ့ စစ်တပ်ကြီးကိုရော အနိုင်ရပါ့မလား။ လိုအပ်ရင် ကျုပ်က စစ်သည်ပေါင်း ငါးသိန်း ဒါမှမဟုတ် ဒီထက်မက စုစည်းနိုင်တယ်။ အရှင့်ရဲ့ ပီကျင်းမြို့က ဘယ်လောက်ထိ တောင့်ခံထားနိုင်မှာလဲ။”
ဒီဘိုရာက မျက်မှောင်ကြုတ်သွား၏။
အဒေါ့ဖ်ကဆိုသည်။ “ဒါက မျှော်လင့်ချက်မရှိတဲ့ တိုက်ပွဲတစ်ခုပါပဲ။ ရှမ့်လန်ဆီမှာ တရားဝင် လက်နက်ချလိုက်တဲ့ အချိန်ကစပြီး အရှင်က အနောက်လောကတစ်ခုလုံးရဲ့ ရန်သူ ဖြစ်သွားပါပြီ။ အရှင်က တစ်လောကလုံးရဲ့ ရန်သူပါပဲ။ မင်းသားဆော်ရွှန်က ဘာမှမပြောသေးပေမဲ့ သူ့ရဲ့ဆန္ဒကိုသာ ထုတ်ဖော်လိုက်မယ်ဆိုရင် အရာအားလုံးက နောက်ကျသွားပြီ။ ဒီဘိုရာ... အရှင်က မြေမြှုပ်သင်္ဂြိုဟ်စရာ နေရာတောင် မရှိဘဲ သေဆုံးသွားနိုင်ပါတယ်။”
“အဒေါ့ဖ်... အရှင် တကယ်ပဲ ဘာကို လိုချင်တာလဲ။ ပိုပြီး ရှင်းရှင်းလင်းလင်း ပြောပေးပါ။” ဒီဘိုရာက မေးမြန်း၏။
အဒေါ့ဖ်ကပြောသည်။ “ကျုပ် အမေဇုန်စစ်တပ်တစ်ခုလုံးကို ဖမ်းဆီးချင်တယ်။ မူလန်မြို့မှာရှိတဲ့ လျှို့ဝှက်လက်နက်တွေ အားလုံးကိုလည်း လိုချင်တယ်။”
ဒီဘိုရာက မေး၏။ “ဒါပေမဲ့ အဲဒါတွေ အားလုံးက ကျွန်မနဲ့ ဘာဆိုင်လို့လဲ။”
အဒေါ့ဖ်ကပြောသည်။ “အခု အမေဇုန်စစ်တပ်က အရှင့်ကို အရမ်းယုံကြည်နေကြတယ် မဟုတ်လား။ ဒါကြောင့် သူတို့ရဲ့အစားအစာထဲမှာ အမွှေးအကြိုင် အနည်းငယ်လောက် ထည့်ပေးလိုက်ရုံနဲ့ သူတို့က ငြိမ်ငြိမ်သက်သက် အိပ်မောကျ သွားပါလိမ့်မယ်။ သူတို့က ဒီအချိန်မှာ အရမ်းပင်ပန်းနေကြတယ် မဟုတ်လား။”
ပြီးနောက် အဒေါ့ဖ်ကပုလင်းတစ်လုံးကို ထုတ်ယူလိုက်၏။ “ဒီပုလင်းတစ်ခုတည်းနဲ့တင် ထောင်နဲ့ချီတဲ့ အမေဇုန်စစ်သည်တွေကို နာကျင်မှုမရှိဘဲ ငြိမ်ငြိမ်သက်သက်နဲ့ အိပ်ပျော်သွားစေနိုင်ပါတယ်။”
အဒေါ့ဖ်က ထပ်ကာ ပြောသည်။ “ပြီးတော့ အရှင် ရှမ့်လန်နဲ့ လက်ထပ်ထားတာက အတုအယောင်ဖြစ်ပြီး အစစ် မဖြစ်သေးဘူးလို့ လူသိရှင်ကြား ကြေညာရမယ်။ အတိတ်မှာ အရှင်လုပ်ခဲ့တဲ့ အရာအားလုံးက ဟန်ဆောင်မှု သက်သက်ပဲလို့ ပြောရမယ်။ အရှင်က ရော့ဆိုမိသားစုအတွက် မိမိကိုယ်ကိုယ် စတေးခဲ့တာပေါ့။
ဒါဆိုရင် မြို့စားကြီးရပ်လ်ဆဲက ရော့ဆိုမိသားစုကို ရှင်းလင်းဖို့ ရောက်ရှိလာခဲ့တာ မဟုတ်တော့ဘဲ ရှမ့်လန်နဲ့ အခြားလူမျိုးစစ်သည်တွေကို မောင်းထုတ်ပြီး ပီကျင်းမြို့ကို ပြန်လည်သိမ်းပိုက်ဖို့ အရှင့်ကို လာကူညီတာ ဖြစ်သွားပါလိမ့်မယ်။”
ဒီဘိုရာက ပြုံးလိုက်မိ၏။
အဒေါ့ဖ်က ဆို၏။ “ဒါဆိုရင် အရှင့်ရဲ့ ဂုဏ်သတင်းကို ဆက်ပြီး ထိန်းသိမ်းနိုင်လိမ့်မယ်။ အရှင့်ရဲ့ ရာထူးကိုလည်း သဘာဝကျကျ ထိန်းသိမ်းနိုင်ပါလိမ့်မယ်။ အနောက်လောကတစ်ခုလုံးက အရှင့်ရဲ့ စတေးမှုပေါ်မှာ စိတ်လှုပ်ရှား အားကျပါလိမ့်မယ်။ မိသားစုကို ကာကွယ်ဖို့အတွက် ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ကျားစာကျွေးခဲ့သလို ... အဲဒီလို စိတ်ဓာတ်က ဘယ်လောက်ထိ မြင့်မြတ်လဲ။ ဘယ်လောက်ထိ ကြီးကျယ်လဲ။ ဒါက အရှင့်ရဲ့ တစ်ခုတည်းသော အခွင့်အရေး ဖြစ်သလို နောက်ဆုံး အခွင့်အရေးလည်း ဖြစ်ပါတယ်။”
ဒီဘိုရာက ပြုံးကာ ပြောသည်။ “အဒေါ့ဖ် .. အရှင့်ရဲ့ မျက်စိထဲမှာ ကျွန်မက အဲလောက်ထိ အရှက်မရှိတဲ့ လူတစ်ယောက် ဖြစ်နေပြီလား။”
“မဟုတ်ပါဘူး... မဟုတ်ပါဘူး။”
အဒေါ့ဖ်က ဆို၏။ “အရှင်က တကယ်ကို ဉာဏ်ကောင်းလွန်းသူ တစ်ယောက်ပါ။ အရှင့်ရဲ့ ဉာဏ်ပညာနဲ့ သတ္တိကို ဘယ်တုန်းကမှ သံသယ မဖြစ်ဖူးပါဘူး။”
သူက စကားကို တကယ်ပင် ပြောတတ်၏။ ဤသည်က သရော်နေမှန်း သိသာသော်လည်း ချီးမွမ်းစကားကဲ့သို့ပင်။ သို့သော်ငြား အမှန်တရားက သူပြောသလိုပင် ဖြစ်သည်။
စုန်းအင်ပါယာ အင်အားကြီးစဉ်က ဒီဘိုရာက ပီကျင်းမြို့၌ စုန်းအင်ပါယာ၏ အလံကို လွှင့်ထူစေကာ သစ္စာခံခဲ့သည် မဟုတ်ပါလား။ ပြီးနောက် သူမက တိုးတိုးတိတ်တိတ် စစ်တပ် ဖွဲ့စည်းကာဖြင့် စုန်းအင်ပါယာကို ပြန်လည်တိုက်ခိုက်ခဲ့ပြီး ရှီလွန်အင်ပါယာ၏ သူရဲကောင်းကြီး ဖြစ်ခဲ့၏။ ပြီးနောက် သူမက ရှမ့်လန်ထံတွင် လက်နက်ချခဲ့ပြန်၏။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သူမက ပုတ်သင်ညိုကဲ့သို့ပင် အရောင်အမျိုးမျိုး ပြောင်းလဲခဲ့၏။ သို့သော်ငြား သူမ၏ အခန်းကဏ္ဍကို မပြောင်းလဲစေဘဲ အကျိုးစီးပွားကိုသာ ပထမ ဦးစားပေးသည့် နိုင်ငံရေး သတ္တဝါတစ်ဦး ဖြစ်ခဲ့သည်။
ထိုသို့ဆိုလျှင် ဒီဘိုရာက အဒေါ့ဖ်လက်ထဲရှိ အသက် ကယ်တင်နိုင်မည့် ကောက်ရိုးတစ်မျှင်ကို အဘယ်သို့ လက်လွှတ်နိုင်မည်နည်း။ သူက ဒီဘိုရာ၏ နောက်ဆုံးမျှော်လင့်ချက် ဖြစ်နေသည် မဟုတ်ပါလား။
“အရှင်အဒေါ့ဖ်.. ရှင့်ရဲ့အမြင်ကို ကျွန်မ နားလည်ပါတယ်။”
ဒီဘိုရာက ပြော၏။ “ကျွန်မ နားလည်တာသာ မှန်တယ်ဆိုရင် ရှင်က ကျွန်မကို ရှမ့်လန်အပေါ် နောက်တစ်ကြိမ် သစ္စာဖောက်ခိုင်းတာပဲ။ အမေဇုန်စစ်တပ်ကို အဆိပ်ခတ်ဖို့ ကူညီခိုင်းနေတာပေါ့။
အဲတာမှ အရှင်က သူတို့အားလုံးကို ရနိုင်မှာ ဖြစ်သလို မူလန်မြို့မှာရှိတဲ့ လျှို့ဝှက်လက်နက်တွေ အားလုံးကို ရရှိနိုင်မှာ မဟုတ်လား။ ပြီးတော့ အရှင်က ရှမ့်လန်ရဲ့အောင်မြင်မှုတွေ အားလုံးကို လက်လွှဲရယူတော့မှာ မဟုတ်လား။ ဒါက မင်းသားဆော်ရွှန်ရဲ့ ဆန္ဒလည်း ဖြစ်နေတာလား။”
အဒေါ့ဖ်က ပြောသည်။ “အရှင် အဲလိုထင်ချင်လည်း ထင်နိုင်ပါတယ်။ အရှင်က ပညာရှိတဲ့ လူတစ်ယောက်ပါ။ ဘာကို ရွေးချယ်ရမလဲဆိုတာ အမြဲတမ်း သိတယ်။ ဒီတစ်ကြိမ်မှာလည်း ခြွင်းချက်ရှိမှာ မဟုတ်ပါဘူး။ တစ်ဖက်က လည်း အရှက်မရှိတဲ့ အရှေ့တိုင်းသား ရှမ့်လန်ဖြစ်ပြီး အခြားတစ်ဖက်ကတော့ အရှင့်ရဲ့ အဖိုးတန်တဲ့ အသက်နဲ့ ရာထူးတစ်ခု ရှိနေတာပါ။”
ဒီဘိုရာက ဘာမှ ပြန်မပြောချေ။
အဒေါ့ဖ်ကဆို၏။ “လောကမှာ လုံးဝ သစ္စာရှိတယ်ဆိုတာ မရှိပါဘူး။ သစ္စာဖောက်ဖို့အတွက် ပေးရတဲ့ အဖိုးအခက မလုံလောက်သေးလို့ပဲ ဆိုတဲ့ စကားပုံတောင် ရှိတယ်။”
မှန်ပေ၏။ ထိုစကားက လုံးဝ အမှန်တရားပင်။ ဒီဘိုရာက အဘယ်သို့သော ရွေးချယ်မှုကို ပြုလုပ်သင့်သနည်း။ အသုံးမကျသည့် ရှမ့်လန်က ဦးခေါင်းခွံဂိုဏ်း စစ်တပ်ကို သိမ်းသွင်းမည်ဟု ပြောခဲ့သော်လည်း ယခုအချိန်ထိ အရိပ်အယောင်မျှ မတွေ့ရသေးချေ။ သူက မင်းသမီးဟယ်လင်၏ မောင်လေးဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း သက်သေပြရန် နည်းလမ်း မရှိသေးချေ။
အပြင်ဘက်တွင်မူ မြို့စားကြီးရပ်လ်ဆဲ၏ စစ်သည်ပေါင်း နှစ်သိန်းငါးသောင်းတို့က မြို့တံခါးဝစီသို့ ရောက်ရှိနေပြီ ဖြစ်ပြီး စစ်ပွဲက မကြာခင် စတင်တော့မည် ဖြစ်၏။ သူမက ဘေးဒုက္ခနှင့် ရင်ဆိုင်နေရ၏။ သူမက ရှမ့်လန်ပေါ် နောက်တစ်ကြိမ် သစ္စာဖောက်သင့်သည်လား။ သို့မဟုတ် အဆုံးစွန်ထိ ယုံကြည်သင့်သည်လား။ သူက တခြားသော အံ့ဖွယ်ရာ တစ်ခုခုကို ထပ်မံ ဖန်တီးနိုင်လိမ့်မည်ဟု သူမ အခိုင်အမာ ယုံကြည်သင့်လား။
သို့သော်ငြား ဤရွေးချယ်မှုက တကယ်ကို အန္တရာယ်များ၏။ နောင်တရရန် သို့မဟုတ် ပြန်လည်ကုစားရန် မရှိကြောင်း ဒီဘိုရာ သိရှိ၏။ သူမက ရှမ့်လန်ကို သစ္စာဖောက်ရန် ရွေးချယ်ခဲ့ပါက ရှမ့်လန် ပြန်လာသည့် အချိန်တွင် အဘယ်သို့ ဖြစ်မည်နည်း။ သို့သော်ငြား သူမက ရှမ့်လန်ကို ဆက်လက်ယုံကြည်ရန် ရွေးချယ်ခဲ့ပြီး ရှမ့်လန် လုံးဝ ပြန်ရောက်လာခြင်း မရှိပါက သို့မဟုတ် ရောက်ရှိလာသည့်အချိန်တွင် နောက်ကျခဲ့ပါက ပီကျင်းမြို့ကလည်း တခြားသူ၏ လက်ထဲသို့ ပါသွားမည် မဟုတ်ပါလား။
ဤသည်က သူမဘဝ၏ အရေးကြီးဆုံး ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဒီဘိုရာ သိရှိ၏။ ဤသည်က သူမ၏ ကံကြမ္မာနှင့် အသက်ရှင်သန်မှုပေါ်တွင် မူတည်နေ၏။ သူမက မျက်လုံးကို မှိတ်၏။ ထိုအချိန်မှာတော့ သူမက ဆင်ခြင်တုံတရားကိုလည်း အသုံးမပြုနိုင်သလို အလွန်အမင်း စဉ်းစားနေခြင်းလည်း မပြုနိုင်တော့ချေ။
ထိုအစား သူမက ခံစားချက်တစ်ခုကိုသာ ရှာဖွေနေရ၏။ သူမက ရှမ့်လန်နှင့်အတူ ရှိခဲ့ဖူးသည့် မြင်ကွင်းများကို ပြန်လည် အမှတ်ရမိ၏။ အမှန်စင်စစ် သူမက သူတို့၏ ချစ်ခြင်းမေတ္တာကို အမှတ်ရနေခြင်း မဟုတ်ဘဲ ဤလူ၏ အကြောင်းကို ပိုမိုနက်ရှိုင်းစွာ နားလည်လိုနေခြင်းသာ ဖြစ်သည်။ ထို့ပြင် ဤကဲ့သို့သော အချိန်မျိုးတွင် ချစ်ခြင်းမေတ္တာ နှင့် သံယောဇဉ်ကို မည်သူက ဂရုစိုက်နေမည်နည်း။
သူမက ရှမ့်လန် ဖန်တီးခဲ့ဖူးသည့် အံ့ဖွယ်ရာတိုင်းကို အထူးပင် ပြန်လည်ကာ အမှတ်ရပြီးနောက် သူမ၏ စိတ်နှလုံးက ပိုမို၍ နက်နက်နဲနဲ ခံစားလာမိ၏။ ပြီးနောက် သူမ၏ လက်က ဝမ်းဗိုက်ဆီသို့ အလိုအလျောက် ရောက်ရှိသွားခဲ့၏။ သို့နောက် သက်ပြင်းချကာ ပြော၏။ “ကျွန်မ ငြင်းတယ်။”
အဒေါ့ဖ်က မှင်သက်သွား၏။ ပြီးနောက် သရော်လိုက်မိသည်။ “ခင်ဗျား ကိုယ်ဝန်ရှိနေတာလား။ ကိုယ်ဝန်ဆောင် မိန်းမတစ်ယောက် က ဦးနှောက်တော့မရှိဘူးဆိုတဲ့ စကားက သိပ်မှန်တာပဲ။”
ပြီးနောက် သူက ချက်ချင်းပဲ မတ်တပ်ရပ်ကာ ပြော၏။ “ဒီဘိုရာ... ခင်ဗျား အသက်ရှင်နိုင်မယ့် နောက်ဆုံးလမ်းကို ငြင်းပယ်လိုက်ပြီ။ ခင်ဗျားက ကောင်းကင်ဘုံရဲ့ တံခါးကို ကိုယ့်ဘာသာ ပိတ်လိုက်တာပဲ။ ခင်ဗျားကို အခု စောင့်ကြိုနေတာကတော့ ငရဲခန်းပါပဲ။ ဒါပေမဲ့ ခင်ဗျားရဲ့ကလေးလေးက ဒီလို ဝမ်းနည်းစရာ ကောင်းတဲ့ မြင်ကွင်းကို မြင်တွေ့သွားမှာကိုတော့ မစိုးရိမ်နဲ့။ ဘာလို့လဲဆိုတော့ သူက ဒီကမ္ဘာပေါ်ကို ရောက်လာဖို့ မဖြစ်နိုင်တော့လို့ပါပဲ။ ရှမ့်လန်လိုပဲ သူကလည်း ဒီလောကကြီးထဲမှာ မွေးဖွားမလာသင့်တဲ့ လူတစ်ယောက်ပဲ။”
ထိုစကားက တကယ်ကို ယုတ်မာသည့် ကျိန်စာတစ်ခုပင်။
“ငရဲခန်းက အရှင့်ကို ဝါးမျိုနေတာကို စောင့်နေလိုက်ပါ ဒီဘိုရာ။” အဒေါ့ဖ်က လှည့်ထွက်သွားသည်။
***
အပိုင်း (၈၉၂)
အဒေါ့ဖ်ထွက်ခွာသွားခဲ့ပြီးနောက် အခြေအနေက အဆိုးရွားဆုံးသို့ ရောက်ရှိသွား၏။
“ဘုန်း... ဒိုင်း... ဒိုင်း...”
ရုတ်တရက် ပီကျင်းမြို့၌ ဆက်တိုက်ဆိုသလို ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး မီးလျှံများက ကောင်းကင်ပေါ်သို့ပင် မြင့်တက်နေ၏။ တစ်စုံတစ်ဦးက မြို့တွင်း၌ ပြဿနာများ ဖန်တီးနေခြင်းဖြစ်ပြီး သူတို့က ဒီဘိုရာကို အနိုင်တိုက်ကာဖြင့် ပီကျင်းမြို့ကို အမြန်ဆုံး သိမ်းပိုက်လိုနေကြသည်။
“ဒိုင်း... ဒိုင်း...”
ဆီပုလင်းများက တစ်လုံးပြီးတစ်လုံး ကွဲ၏။ မြို့တော်တစ်ခုလုံးတွင် မီးလျှံများ ဖုံးလွှမ်းနေပြီး ရေတွက်၍ မရနိုင်သည့် ကျွန်နှင့် အရပ်သားများက ထိတ်လန့်တကြား အော်ဟစ်ရင်း ပြေးကုန်ကြ၏။ ပီကျင်းမြို့တစ်ခုလုံးက ဗရမ်းဗတာ ဖြစ်လို့နေ၏။ ဒီဘိုရာ၏ စစ်သည်အားလုံးတို့က မြို့ရိုးပေါ်တွင် ရှိနေသောကြောင့် ဤအခိုက်အတန့်မျိုး ၌ မြို့တွင်တွင်ဖြစ်ပေါ်နေသည့် အခြေအနေကို ထိန်းသိမ်းရန် အင်အား မရှိကြချေ။
“လာကြစမ်း... ပိုပြီးတော့ ကြမ်းကြမ်းတမ်းတမ်း လုပ်ကြစမ်းပါ။” ဒီဘိုရာက အံကြိတ်ကာ ပြောလိုက်မိ၏။
ဤတောက်ပနေသည့် မီးလျှံများကြား၌ သူမ ဒီဘိုရာက ပြန်လည် နိုးထလာလိမ့်မည်။ သို့မဟုတ် လုံးဝ ပျက်စီးသွားပေလိမ့်မည်။ သူမအတွက် ဤလမ်းနှစ်ခုသာလျှင် ရှိသည်။
ပြီးနောက် သူမက ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ပြီး စစ်မြင်းကို စီးနင်းကာဖြင့် သူရဲကောင်း ထောင်ပေါင်း များစွာတို့၏ ခြံရံမှုနှင့်အတူ မြောက်ဘက်မြို့ရိုးဆီသို့ ချီတက်သွား၏။ အဘယ်ကြောင့်ဆိုသော် ဤအချိန် မြို့ကို လာရောက်တိုက်ခိုက်မိသူမှာ မြို့စားကြီးရပ်လ်ဆဲဖြစ်ပြီး သူတို့၏ အဆင့်အတန်းကလည်း တူညီနေသောကြောင့်ပင်။ သူမ ... ဒီဘိုရာက တိုက်ပွဲအတွင်းတွင် ကိုယ်တိုင် ပါဝင် တိုက်ခိုက်နိုင်ရမည်။
..........
မြောက်ဘက်မြို့ရိုးပေါ်မှာတော့ ဒီဘိုရာ၊ မင်းသမီး ဒိုဟာနှင့် ပိုင်တင်တို့က ဆယ်မိုင်ကျော် ရှည်လျားသည့် မြို့ရိုးကို ကာကွယ်ရန် စစ်သည် တစ်သောင်းငါးထောင်ကို ဦးဆောင်ထား၏။ မြို့ရိုး၏ အောက်တွင် အဆုံးမရှိအောင် များပြားသည့် စစ်သည် နှစ်သိန်းငါးသောင်း ရှိ၏။
အဒေါ့ဖ်က မြို့စားကြီး ရပ်လ်ဆဲ၏ ဘေးနားတွင် ပေါ်လာ၏။ သူက စကားအနည်းငယ်ကို ဆိုသည်။
ရပ်လ်ဆဲက အလိုအလျောက်ပင် မျက်နှာကိုလွှဲကာ မျက်မှောင်ကြုတ်မိ၏။ သူက အဒေါ့ဖ်ကဲ့သို့ လျှို့ဝှက် ဆန်းပြား ဟန်ဆောင်တတ်သည့် လူမျိုးကို အမြင်မကြည်ချေ။ လူ့အဖွဲ့အစည်းအတွင်း၌ မလိုအပ်ဘဲ နိုင်ငံရေး ကစားနေသည့် လူတစ်ဦးက ဘာအဓိပ္ပာယ် ရှိမည်နည်း။
မြို့ရိုးပေါ်ရှိ ဒီဘိုရာကို မော့ကြည့်ပြီး မြို့စားကြီး ရပ်လ်ဆဲက ဤတိုက်ပွဲကို တကယ် မတိုက်ချင်ချေ။ သို့သော်ငြား သူ့၌ အခြားရွေးချယ်စရာ မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် ရော့ဆိုမိသားစု၏ မြို့တော်ကို တခြားသော လူမျိုးဖြစ်သည့် ရှမ့်လန်၏ လက်ထဲသို့ အရောက်မခံနိုင်သောကြောင့်ပင်။
သူတို့ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သောကြောင့် ဆက်လက် ဆွေးနွေးနေစရာ မလိုတော့ချေ။ ထို့ပြင် ဤသည်က ရော့ဆိုမိသားစုအတွင်းရှိ ပြည်တွင်းစစ်ဖြစ်ပြီး ဝေဖန်စရာလည်း မဟုတ်ချေ။ သို့ဖြစ်၍ တိုက်ပွဲမတိုင်ခင် စစ်သည်များကို လှုံ့ဆော်ရန် မလိုအပ်ဟု သူက ထင်မြင်မိ၏။
မြို့စားကြီး ရပ်လ်ဆဲက ရုတ်တရက် သူ၏ဓားရှည်ကြီးကို ဆွဲထုတ်ကာ အော်ဟစ်သည်။ “စစ်သည်တွေ မြို့ကို တိုက်ခိုက်ကြ...”
ဤအမိန့်ပေးသံအောက်မှာတော့ စစ်သည် တစ်သိန်းခန့်က ရေလှိုင်းများကဲ့သို့ပင် ပီကျင်းမြို့ဆီသို့ ပြေးဝင်သွား၏။ စစ်ပွဲကြီးက စတင်ပြီဖြစ်၏။
..............
ပီကျင်းမြို့၏ တောင်ဘက်ပင်လယ်ပြင်၌ ရှမ့်လန်က ဝေးကွာသည့် နေရာမှပင် တိုက်ပွဲဖြစ်ပွားနေသည့် အသံကို ကြားရ၏။ နေရာအနှံ့၌ မီးခိုးများ ထွက်ပေါ်နေသည်ကို မြင်၏။ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားရသောကြောင့် ဦးခေါင်းခွံရေတပ်ကို အရှိန်မြှင့်ရန် အမိန့်ပေးသည်။
“မြန်မြန်... မြန်မြန်"
အခြေအနေ ပိုမို ဆိုးဝါးမလာစေရန် သို့မဟုတ် အဆိုးအနည်းဆုံးသော အခြေအနေမျိုး ဖြစ်ရန် သူက အချိန်မီ တားဆီးရပေလိမ့်မည်။
ထိုအခိုက်အတန့်မှာတော့ မင်းသမီးဟယ်လင်က အရာအားလုံးကို ကြည့်ရှုရင်း မျက်မှောင်ကြုတ်လိုက်မိ၏။ ပြီးနောက် သူမက ပိုမိုမြန်ဆန်စွာ လှုပ်ရှား၏။ ရှမ့်လန်၏ ကိုယ်ကို ဆွဲမကာ ပင်လယ်ထဲသို့ ခုန်ချလိုက်၏။
ရင်သပ်ရှုမောဖွယ်ရာ ကောင်းသည့် မြင်ကွင်းတစ်ခုက ထပ်မံ ဖြစ်ပွားပြန်၏။ မင်းသမီးဟယ်လင်က ရေလှိုင်းများပေါ်တွင် လမ်းလျှောက်နေခြင်းပင်။ ဤသည်က မင်းသမီးကျိရွှမ်နှင့် မင်းသမီးနင်ဟန်တို့သာ တတ်စွမ်းနိုင်သည့် စွမ်းရည် မဟုတ်ပါလား။
မင်းသမီးဟယ်လင်က ရှမ့်လန်ကို သယ်ဆောင်ကာဖြင့် ပင်လယ်ပြင်ပေါ်တွင် ပြေးလွှားနေပြီး ပီကျင်းမြို့၏ စစ်မြေပြင်ဆီသို့ ဦးတည်ကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။
...................
“သတ်ကြ... သတ်ကြ...”
မြို့စားကြီး ရပ်လ်ဆဲ၏ စစ်သည်တစ်သိန်းက အရူးအမူး တိုက်ခိုက်နေ၏။ သူတို့က မြို့ရိုးနှင့် မီတာ ၅၀၀ ခန့်အကွာသို့ နီးကပ်နေပြီ ဖြစ်၏။
“ဒုန်း... ဒုန်း...”
မြို့ရိုးပေါ်ရှိ မရေတွက်နိုင်သည့် ကျောက်ခဲပစ်စက်များက သူတို့၏ စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်နေ၏။ သူတို့က ယမ်းမှုန့်အိတ်များကို မရေတွက်နိုင်အောင် ပစ်ခတ်နေကြခြင်းပင်။ လောကပျက်လုမတတ် ပေါက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်နေပြီး အလောင်းများစွာက နေရာအနှံ့သို့ လွင့်စင်သည်။
သို့သော်ငြား ဤလူတစ်သိန်းအနက် အများအပြားက ယခင်က ပီကျင်းမြို့၏ အစောင့်တပ်သားများ ဖြစ်ခဲ့ဖူးသောကြောင့် ယမ်းမှုန့်အိတ်များအကြောင်းကို ကောင်းစွာ သိရှိထား၏။ သူတို့က ထိုအရာများ ရောက်ရှိလာသည့်အချိန်တွင် ဝပ်နေနိုင်ကြ၏။
“တိုက်ကြ... တိုက်ကြ...” ရပ်လ်ဆဲ၏ အထူးစစ်သည်များက အလွန်ပင် မြန်ဆန်၏။ လျှပ်စီးလက် သကဲ့သို့ပင် မြို့ရိုးဆီသို့ ပြေးဝင်သည်။
အဒေါ့ဖ်က ရယ်မောကာ ဆို၏။ “ဒီရှမ့်လန်က တကယ်ကို ကံဆိုးစေတဲ့လူပဲ။ သူနဲ့ ထိတွေ့မိတဲ့ လူတိုင်းက ပျက်စီးရတာပဲ။ ဘုရင်မမီဒူဆာ မကြာခင် ပျက်စီးတော့မယ်။ အခု ဒီဘိုရာ အလှည့်ပဲ။ အမေဇုန်စစ်တပ်က ဘယ်လောက် အားကောင်းကောင်း သူတို့က စစ်သည် နှစ်သိန်းငါးသောင်းကို ကာကွယ်နိုင်မှာ မဟုတ်ဘူး။”
ဒီဘိုရာက မိမိဆီသို့ ပြေးဝင်လာသည့် ရန်သူများကို ကြည့်ရှုရင်း အံကို ကြိတ်ထား၏။ ပြီးနောက် ဓားရှည်ကို ဆွဲထုတ်၏။ “ရှမ့်လန်... အသုံးမကျတဲ့ကောင်၊ အခုအချိန်ထိ အရိပ်အယောင်ကို မတွေ့ရသေးဘူး။ ဒီတစ်ကြိမ်မှာတော့ ငါ ရွေးချယ်မှု မှားသွားပြီ ထင်တယ်။ အရှုံးပေးရမှာလား။”
မဟုတ်သေးချေ။ သူမ ဒီဘိုရာက နိုင်ငံရေး သတ္တဝါတစ်ဦး ဖြစ်သော်လည်း ဤကဲ့သို့ အရေးကြီးသည့် အခိုက်အတန့်မျိုးမှာတော့ ရော့ဆိုမိသားစု၏ ဂုဏ်သိက္ခာကို သေချာပေါက် ညှိုးနွမ်းစေလိမ့်မည် မဟုတ်ချေ။
“သတ်ကြစမ်း... သတ်ကြစမ်း...” မင်းသမီး ဒိုဟာက သူမ၏ ထက်မြက်သည့် ဓားကို ဆွဲထုတ်သည်။ အမေဇုန် စစ်သည် လေးထောင်ကလည်း သူတို့၏ လက်နက်များကို အသင့်ပြင်ထား၏။ စစ်သည် နှစ်သိန်းငါးသောင်း နှင့် ရင်ဆိုင်နေရသော်လည်း သူတို့၌ ကြောက်ရွံ့မှုဟူ၍ မရှိချေ။
အသက်ရှင်သန်မှုအတွက် တကယ့် စမ်းသပ်ချက်တစ်ခုနှင့် ရင်ဆိုင်နေရသည်။ အမေဇုန် စစ်တပ်က အကျအရှုံးများစွာ ရှိမှာ ဖြစ်၏။ သို့သော် အမေဇုန်မျိုးနွယ်က ဘယ်တော့မှ ဆုတ်ခွာမည် မဟုတ်သကဲ့သို့ ဘယ်တော့မှလည်း သစ္စာဖောက်လိမ့်မည် မဟုတ်ချေ။ အလွန်ဆုံးရှိပါက သူတို့၏ခန္ဓာကိုယ်ရှိ သွေးများ ထွက်ပြီး သေဆုံးသွားခဲ့ရုံသာလျှင်။
“သတ်ကြ... သတ်ကြတော့...” ခဏအတွင်းမှာပဲ စစ်တပ်နှစ်ခုက ပြင်းထန်စွာ တိုက်ခိုက်၏။ သွေးနံ့များက လေထုထဲ ဖုံးလွှမ်းသွားခဲ့၏။
ထိုအခိုက်အတန့်မှာပဲ ရွှေရောင်အရိပ်တစ်ခုက တောင်ထိပ်ပေါ်တွင် ပေါ်ပေါက်လာခဲ့၏။ အတိအကျ ပြောရမည် ဆိုလျှင် လူနှစ်ဦးပင်။ သူမက လူတစ်ဦးကို ဂျိုင်းကြားညှပ်ကာ သယ်ဆောင်လာခဲ့၏။
မင်းသမီးဟယ်လင်က ရှမ့်လန်ကို အောက်သို့ ချပေး၏။ နေရောင်ခြည်က သူမ၏ ကိုယ်ပေါ်သို့ ကျရောက်နေ သောကြောင့် သူမ၏ ခန္ဓာကိုယ်က သန့်စင်သည့် အလင်းတန်းများ ဖုံးလွှမ်းနေသကဲ့သို့ပင်။
“မြို့စားကြီး ရပ်လ်ဆဲ... ကျွန်မက ရှီလွန်မိသားစုက ဟယ်လင် ဖြစ်တယ်။ ဒီတိုက်ပွဲကို ရပ်တန့်ဖို့ အမိန့်ပေးတယ်။ ဒီဘိုရာ... ကျွန်မက ရှီလွန်မိသားစုရဲ့ ဟယ်လင် ဖြစ်တယ်။ ဒီတိုက်ပွဲကို ရပ်တန့်ဖို့ အမိန့်ပေးတယ်။ ရော့ဆို မိသားစုရဲ့ စစ်သည်တွေအားလုံး၊ ရပ်လ်ဆဲရဲ့ စစ်သည်တွေ အားလုံး... ရှီလွန်မင်းဆက်ရဲ့ တတိယမြောက် အမွေဆက်ခံသူ အနေနဲ့ ဒီတိုက်ပွဲကို ချက်ချင်း ရပ်တန့်ဖို့ ကျွန်မ အမိန့်ပေးတယ်။”
ပြီးနောက် မင်းသမီးဟယ်လင်က သူမ၏ဓားရှည်ကြီးကို ဆွဲထုတ်ပြီး ဘေးတစ်ဘက်ရှိ ကျောက်ဆောင်ကြီးကို ခုတ်ချလိုက်၏။ ခဏအတွင်း ကီလိုဂရမ် တစ်သောင်းကျော် လေးလံသည့် ကျောက်ဆောင်ကြီးက အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲပြီး နေရာအနှံ့သို့ လွင့်စင်သွားသည်။
မင်းသမီးဟယ်လင်က မီတာ တစ်ရာခန့် မြင့်မားသည့် ကျောက်ဆောင်ပေါ်မှာ ခုန်ချ၏။
“ဝုန်း...” သူမ ခုန်ချလိုက်သည့် အခိုက်အတန့်မှာတော့ ခန္ဓာကိုယ်၌ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့၏။ ဤအရာက ရွှေရောင်သွေးမျိုးဆက်တို့၏ တိုက်ပွဲဝင်စွမ်းအင်ပင် ဖြစ်သည်။
ကျယ်လောင်သည့် ပေါက်ကွဲသံနှင့်အတူ သူမက ဘေးကင်းစွာ ဆင်းသက်လာနိုင်သော်လည်း မြေပြင် တစ်ခုလုံးမှာတော့ ကြီးမားသည့် ကျင်းကြီးတစ်ခု ဖြစ်သွားခဲ့၏။ တကယ်ကို အင်အား ကြီးမား၏။ မင်းသမီး ဟယ်လင်က ကျင်းထဲမှ တဖြည်းဖြည်း လမ်းလျှောက်ကာ တက်လာ၏။ မြို့စားကြီးရပ်လ်ဆဲ၏ ရှေ့မှောက်၊ ထောင်ပေါင်းများစွာသော စစ်သည်များနှင့် ရင်ဆိုင်ကာဖြင့် သူမက မေး၏။
“မြို့စားကြီး ရပ်လ်ဆဲ... ကျွန်မက ဟယ်လင်ပဲ။ ရှမ့်လန်က ကျွန်မရဲ့ အဖေတူအမေကွဲ မောင်လေးပဲ။ ကျွန်မတို့ရဲ့ ဖခင်က အရှေ့တိုင်းသား ဧကရာဇ် ဖြစ်တယ်။ ဒါကြောင့် ဒီဘိုရာက အင်ပါယာအတွက် ပီကျင်းမြို့ကို ကျွန်မ မောင်လေးဆီ ပေးအပ်ခဲ့တာ ဘာမှားနေလို့လဲ။ သူက ကျွန်မအပေါ် သစ္စာရှိတာ ဘာမှားနေလို့လဲ။”
ဟယ်လင်၏ အမူအရာက တကယ်ကို ကျော့ရှင်းလှ၏။ လှမ်းလျှောက်လာသည့် ခြေလှမ်းတိုင်းက တကယ်ကို ကျက်သရေ ရှိ၏။ သို့သော်ငြား သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည့် ပြင်းထန်သည့် တိုက်ပွဲဝင် စွမ်းအားများက ဘေးတစ်ဖက်တွင် ရှိနေသည့် စစ်သည်ပေါင်းများစွာတို့ကို လွင့်စင်သွားစေကုန်သည်။
ရွှေရောင် အလင်းတန်းတစ်ခုနှင့်ပင် သူမက များပြားလွန်းသည့် စစ်သည်များကို ဖယ်ရှားကာဖြင့် မြို့စားကြီး ရပ်လ်ဆဲ၏ ရှေ့မှောက်သို့ ရောက်ရှိသွား၏။
“မြို့စားကြီး ရပ်လ်ဆဲ... ရှီလွန်အင်ပါယာရဲ့ တတိယမြောက် အမွေဆက်ခံသူအနေနဲ့ ဒီတိုက်ပွဲကို ချက်ချင်း ရပ်တန့်ဖို့ အမိန့်ပေးတယ်။ ရှင် ကျွန်မအမိန့်ကို နာခံမလား။” ဟယ်လင်က အေးအေးဆေးဆေးပင် မေးမြန်းသည်။
မြို့စားကြီးရပ်လ်ဆဲက သူ၏စစ်မြင်းပေါ်မှဆင်းပြီး မင်းသမီးဟယ်လင်ရှေ့တွင် ဒူးထောက်လိုက်၏။ “ကျုပ် ရပ်လ်ဆဲ... မင်းသမီးကို ဂါရဝပြုပါတယ်။ မင်းသမီးရဲ့ အမိန့်ကို နာခံပြီး ဒီတိုက်ပွဲကို ချက်ချင်းပဲ ရပ်တန့်ပါ့မယ်။”
“တိုက်ခိုက်မှု ရပ်ကြ၊ အခုချက်ချင်း ရပ်ကြစမ်း။” မြို့စားကြီး ရပ်လ်ဆဲက ဟိန်းဟောက်ပီး အမိန့်ပေးလိုက်၏။ သူ၏သိုင်းပညာက တကယ်ကို မြင့်မားလွန်းသောကြောင့် ထိုအသံက စစ်မြေပြင်တစ်ခုလုံးတွင် မိုးကြိုးပစ်လိုက် သကဲ့သို့ပင် ပဲ့တင်ထပ်သွားသည်။
စစ်တပ်နှစ်ခုလုံးက အရှိန်မသတ်နိုင်သေးဘဲ စက္ကန့်အနည်းငယ်မျှ တိုက်ခိုက်နေခဲ့ပြီး အချိန်အတန်ကြာမှသာလျှင် လုံးဝဥဿုံ ငြိမ်သက်သွားခဲ့၏။ စစ်မြေပြင်တစ်ခုလုံးက ရေခဲရိုက်ထားသကဲ့သို့ပင် အေးခဲသွားခဲ့၏။
လူတိုင်းက လှုပ်ရှားမှုမရှိဘဲ ကျောက်ရုပ်ကဲ့သို့ပင် ဖြစ်နေကြပြီး မရေမတွက်နိုင်သည့် မျက်လုံးအစုံက မင်းသမီးဟယ်လင် ထံသို့ စုပြုံရောက်ရှိနေ၏။ ရောက်ရှိနေသည့် စစ်သည်တော်အများစုက မင်းသမီး ဟယ်လင်၏ သတင်းကို ကြားဖူးနားဝရှိသော်လည်း ယခုကဲ့သို့ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရသည်က ပထမဦးဆုံးအကြိမ် ဖြစ်၏။ မင်းသမီးက ဤမျှထိ ရင်သပ်ရှုမောဖွယ်ရာ လှပနေလိမ့်မည်။ ဤမျှထိ အစွမ်းထက်နေလိမ့်မည်ဟု သူတို့က မထင်မှတ်ထားခဲ့ကြပေ။
မြို့စားကြီးရပ်လ်ဆဲက အေးစက်သည့်လေသံဖြင့် အမိန့်ပေးလိုက်သည်။ “မင်းတို့ ဘာရပ်ကြည့်နေကြတာလဲ။ ဒူးထောက်ပြီး မင်းသမီးကို ဂါရဝပြုကြစမ်း။”
ပြီးနောက် သူကိုယ်တိုင် ရှေ့ဆုံးမှနေ၍ ဒူးနှစ်ဖက်လုံး ထောက်ကာ ရိုသေပေး၏။ အနောက်ဘက်လောကတွင် အထူးသဖြင့် တော်ဝင်မျိုးနွယ်တွင် ဒူးနှစ်ဖက်လုံးထောက်၍ အရိုအသေပြုခြင်းဆိုသည်က တကယ်ကို ရှားပါး၏။ များသောအားဖြင့် ဒူးတစ်ဖက်တည်းသာ ထောက်လေ့ရှိ၏။ သို့သော်ငြား မြို့စားကြီး ရပ်လ်ဆဲက သူ၏လေးနက်မှု ကို ပြသနိုင်ရန်အတွက် ဒူးနှစ်ဖက်လုံးကို ထောက်ကာဖြင့် ဦးတိုက်လိုက်ခြင်းပင်။
ပြီးနောက် ကျန်ရှိနေသည့် မှူးမတ်များကလည်း လိုက်လံကာ ဒူးထောက်ကြ၏။ “မင်းသမီးကို ဂါရဝပြုပါတယ်။”
ထိုခဏအတွင်းမှာပင် စစ်သည်တော်အားလုံးတို့က ပြိုင်တူ ဒူးထောက်ပြီး အော်ဟစ်လိုက်ကြသည်။ “မင်းသမီးကို ဂါရဝပြုပါတယ်။”
ရော့ဆိုမိသားစု၏ ပြည်တွင်းစစ်က စတင်ရုံသာရှိသေးသော်လည်း ယခု ပြီးဆုံးသွားခဲ့ပြီဖြစ်၏။ လူပေါင်း သိန်းချီ၍ စနစ်တကျ ဒူးထောက်နေကြ၏။ ရှမ့်လန်နှင့် အဒေါ့ဖ်နှစ်ဦးတည်းကသာ မတ်တပ်ရပ်လျက် ကျန်ရှိနေခဲ့၏။
ဤအချိန်မှာတော့ တောင်ဘက်ပိုင်း၏ မင်းသမီးဟယ်လင် ဩဇာ မည်မျှကြီးမားကြောင်း လူတိုင်း ခံစားမိကြပေလိမ့်မည်။ သူမသာ ပြန်လည်ရောက်ရှိလာသည်ဆိုပါက တောင်ပံဒေသ၏ ငြင်းဆိုဖွယ်ရာ မရှိသည့် ခေါင်းဆောင်တစ်ဦး ဖြစ်လာပေလိမ့်မည်။
...........
မြို့ရိုးပေါ်မှာတော့ ဒီဘိုရာက ရင်ထဲတွင် မည်သည့်စကားလုံးနှင့်မှ ဖော်ပြ၍မရနိုင်ခဲ့သည့် ကြည်နူးမှုများကို ခံစားရ၏။ သူမက နောက်ဆုံးတော့ မိမိ၏အလောင်းအစားတွင် အနိုင်ရရှိခဲ့ပြီဖြစ်၏။
အမှန်စင်စစ် သူမက ယခင်က အမြဲတမ်း အနိုင်ရရှိခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်ကတော့ မိမိ၏အသက်ကိုပါ ရင်း၍ လောင်းကြေး ထပ်ခဲ့ရခြင်းပင်။
သို့သော်ငြား သတင်းကောင်းက တစ်ခုတည်းမဟုတ်ချေ။ တာလွန်က မြို့ရိုးပေါ်သို့ ပြေးလာတတ်လာ၏။ သူက အမောတကော ဖြစ်နေဟန်ဆောင်ပြီး မြို့ရိုးပေါ်သို့ ရောက်ရှိလာခဲ့ခြင်းပင်။ သို့သော်ငြား မြို့ရိုးထိပ်သို့ ရောက်ရှိချိန်မှာတော့ လူတိုင်းက မြေပြင်ပေါ်တွင် ဒူးထောက်နေရသည်ကို တွေ့ရသည်။
သူက အလွန်အမင်း အံ့အားသင့်သွား၏။ သူပါ ရောယောင်ကာ လိုက်လံဒူးထောက်၏။ တခြားသော လူများအားလုံး ဒူးထောက်နေသည့်အချိန်တွင် သူသာ ဒူးမထောက်ဘဲနေပါက ပြဿနာ အကြီးအကျယ် တက်ပေလိမ့်မည်။
‘မင်းသမီးကို ဂါရဝပြုပါတယ် ဟုတ်လား။ ရှီလွန်အင်ပါယာက မင်းသမီးများ ရောက်နေတာလား။’
သူက တွေးတောနေမိ၏။ သူက မြို့ပြင်သို့ မကြည့်ဘဲ မနေနိုင်ဘဲ လှမ်းကြည့်လိုက်၏။ အနှိုင်းမဲ့ လှပလွန်းသည့် မင်းသမီးဟယ်လင်နှင့် တောင်ထိပ်ပေါ်တွင် မတ်တပ်ရပ်နေဆဲဖြစ်သော ရှမ့်လန်ကို မြင်ရ၏။
“ဒါ... ဒါ ဟယ်လင်လား။”
မှန်ပေ၏။ ရှီလွန်အင်ပါယာ၏ တခြားသော မည်သည့်မင်းသမီးက ဤမျှကြီးမားသည့် ဩဇာအာဏာမျိုးကို ပိုင်ဆိုင်နိုင်မည်နည်း။ သူမက တောင်ဘက်ပိုင်း၏ ဧကရီဟယ်လင်၏ တစ်ဦးတည်းသော ဆက်ခံသူ ဖြစ်ပေ၏။ သူမက တောင်ဘက်ပိုင်းမှ တော်ဝင်မျိုးနွယ်များနှင့် ဗီတာမျိုးနွယ်စုတို့၏ အကျိုးစီးပွားကို ကိုယ်စားပြုနိုင်သည့်သူ လည်း ဖြစ်သည်။
မိန်းမစိုးတာလွန်က အတိုင်းမသိ ဝမ်းမြောက်သွားခဲ့မိ၏။ ဒီဘိုရာက နောက်ဆုံး အနိုင်ရရှိခဲ့ပြီဖြစ်၏။ ယခုတစ်ကြိမ်မှာတော့ သူမက အရာအားလုံးကိုရင်းကာ စွန့်စားခဲ့ရပြီးမှ အောင်ပွဲ ရရှိနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခင်က ပေးဆပ်ခဲ့သမျှ အရာအားလုံးက အခု အဆတစ်ရာ သို့မဟုတ် အဆတစ်ထောင်လောက် ပြန်လည် ရရှိပေတော့မည်။ ရော့ဆိုမိသားစုက တစ်ဖန်ပြန်၍ အညွန့်တလူလူနှင့် ထိုးတက်ပေတော့မည်။
“လေးစားရပါတယ် သခင်မကြီး၊ ကျုပ်ဆီမှာ နောက်ထပ် သတင်းကောင်းတစ်ခု ရှိပါသေးတယ်။”
တာလွန်က ပြော၏။ “ဦးခေါင်းခွံဂိုဏ်းရဲ့ သင်္ဘောအုပ်စုတွေ ပြန်ရောက်လာပါပြီ။ သွေးသောက်ဘာရွန် သေဆုံးသွားပြီ ဖြစ်သလို သစ္စာဖောက် ဒေါ့ချ်ရော့ဆိုလည်း သေဆုံးသွားပါပြီ။ ရွံရှာစရာကောင်းတဲ့ သင်္ဘောအုပ်စု တစ်ခုလုံးနီးပါးက ချေမှုန်းခံလိုက်ရပါတယ်။”
ဒီဘိုရာက ပြန်ပြောသည်။ “အဲဒါလား။ တကယ်ကို သတင်းကောင်းပဲ။ ဒါပေမဲ့ အဲဒါကို သိပြီးပြီ။”
သူမက ကြွားဝါနေခြင်း မဟုတ်ချေ။ အမှန်တကယ် သိရှိခြင်းပင်။ အကြောင်းရင်းက ရှမ့်လန်က မနီးမဝေးရှိ တောင်ထိပ်ပေါ်တွင် ရပ်နေသောကြောင့်ပင်။ ရှမ့်လန်က ဦးခေါင်းခွံဂိုဏ်း၏ သင်္ဘောအုပ်စုကို ကယ်တင်ရန် ပျောက်ဆုံးနိုင်ငံတော်ဆီသို့ သွားခဲ့သည်။ ယခု ပြန်လည်ရောက်ရှိလာပြီဆိုလျှင် ဦးခေါင်းခွံဂိုဏ်းသားများ ပြန်လည် ရောက်ရှိလာမည်မှာ မြေကြီးလက်ခပ် မလွဲပင်။
ဤခဏမှာတော့ သူမ၏ရင်ထဲတွင် စိတ်လှုပ်ရှားလျက် ရှိနေပြီး ခန္ဓာကိုယ်ပေါ်ရှိ အမွေးအမျှင်များပင် ထောင်ထနေသလို ခံစားရ၏။
ရှမ့်လန် အမှန်တကယ် အောင်မြင်လိမ့်မည်ဟု သူမ မထင်မှတ်ခဲ့ချေ။ ဦးခေါင်းခွံဂိုဏ်းကို ကယ်တင်နိုင်ရုံသာမက ထိုသူတို့၏ သစ္စာစောင့်သိမှုကိုပါ ရရှိခဲ့၏။ ဤအုပ်စုက အနောက်လောကတစ်ခုလုံး၏ နံပါတ်တစ် ဓားပြတပ်ဖွဲ့ကြီး တစ်ခု မဟုတ်ပါလား။ အဘယ်သို့ ပြုလုပ်ခဲ့ကြောင်း စဉ်းစားကြည့်ရန်ပင် ခက်ခဲသည်။
................